အဝေးသင်တက္ကသိုလ်ပညာရေး သုံးသပ်ချက်
(ဒေါက်တာကျော်သူရ)
အဆင့်မြင့်ပညာရေးနယ်တွင် အဝေးသင်ပညာရေးစနစ်ကို ထည့်သွင်း အကောင်အထည်ဖော်ရာ၌ ဝေဖန်ဆန်းစစ်စရာများ ရှိပါသည်။ ရည်ရွယ်ချက်ကောင်း များဖြင့် ထူထောင်ထားသော်လည်း မျှော်မှန်းသလောက် ခရီးရောက်သလား ဆိုတာကို သုံးသပ်ရန် လိုပါသည်။ အလုပ်လုပ်ရင်း ပညာရှာနိုင်သော အခွင့်အလမ်း ဖွင့်ထားပေးသော်လည်း တက္ကသိုလ်ပညာရေး လောကတွင် မလိုလားအပ်သော အကျိတ်အခဲလေး များကိုလည်း ပေါ်ပေါက်စေသည်။ ပေါ်လွင်အောင် ဆိုရသော် Assignment ခေါ် စာစဉ်လွှာပေးပို့ခြင်းမှ အစ၊ အနီးကပ် သင်ကြားခြင်းအလယ်၊ စာအဖြေ လွှာတွေ စစ်ဆေးခြင်းအဆုံး အပွန်းအရှကလေးများ ရှိနေပါသည်။ ထို့ထက် လူပြောအများဆုံး ပြဿနာတစ်ရပ်မှာ အဝေးသင်တက္ကသိုလ်မှ ရရှိသော ဘွဲ့များ၏ အရည်အသွေး အာမခံချက်ပင်ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းအတွက် အကြောင်းများစွာ ရှိသော်လည်း အတွင်းစည်းမှ မြင်ရသမျှကို တင်ပြချင်ပါသည်။ ပွင့်လင်းလွတ်လပ်မှု ရှိလာချိန်တွင် မိမိအထင်၊ မိမိအမြင်ကိုချပြဖို့ ဝန်းကျင်ကောင်းတွေ ရှိလာ၍ဖြစ်သည်။
အဝေးသင်တက္ကသိုလ်သည် သူ့ချည်းသီးသန့် ရပ်တည်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ နိုင်ငံတစ်ဝန်း ဖြန့်ခွဲထားသော တက္ကသိုလ်များ၏ ရုပ်ပိုင်း ဆိုင်ရာ အထောက်အပံ့နှင့် သင်ကြား၊ စီမံရေးရာဝန်ထမ်း အင်အားစုများအား အသုံးပြုကာ မောင်းနှင် အသက်သွင်းရခြင်းဖြစ်သည်။ အဝေးသင်ပညာရေး ဖြင့် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များကို သင်ကြားပေးသော်လည်း လက်တွေ့ တန်းဆင်းရသော သိပ္ပံဘာသာတွဲကို လေ့လာသော ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ဝိဇ္ဇာတွဲယူသူ၏ အစွန်းထွက် ပမာဏသာ ရှိသည်။ ထို့ကြောင့် အဝေးသင် ဝိဇ္ဇာတက္ကသိုလ် ပညာရေးဟုပင် ခေါ်ရမလို ဖြစ်နေသည်။ ထို့ကြောင့် ဝိဇ္ဇာရွှေခေတ်ဟု အဝေးသင်တက္ကသိုလ် သင်ကြားမှု ပုံစံအား အမည်တပ်သူက တပ်ကြသည်။ သိပ္ပံဘာသာတွဲ ဆရာ၊ ဆရာမများ သည် အခြေခံပညာရေးတွင် ဆင်းကာ ကျူရှင်ပြချိန်တွင် ဝိဇ္ဇာ ဘာသာတွဲမှ တက္ကသိုလ် ဆရာ၊ ဆရာမများသည် အဝေးသင်ပညာရေးတွင် အကြီးအကျယ် ကျူရှင်ပြနိုင်သောကြောင့် ဝိဇ္ဇာရွှေခေတ်ဟု ဆိုခြင်းဖြစ်သည်။ ဝိဇ္ဇာဘာသာတွဲ ဆရာ၊ ဆရာမများထဲမှ ထူးထူးရှယ်ဟု သတ်မှတ်ရမည့် Elite ဆရာအတန်းစားမှာ မြန်မာစာနှင့် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ ဖြစ်ပြီး အခြေခံပညာနှင့် အဆင့်မြင့်ပညာတွင်ပါ ခွချက်လုပ်နိုင်သူများ ဖြစ်သောကြောင့်ပင်။
အဝေးသင်ကျောင်းသား၊ ကျောင်းသူများအား နေ့တက်ကျောင်းသား၊ ကျောင်းသူများထက် ပို၍ရင့်ကျက်ကာ ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် စာကို လေ့လာနိုင်မည်ဟု ယူဆသော်လည်း လက်တွေ့တွင် ထိုယူဆချက်သည် ခိုင်မာအားကောင်းခြင်း မရှိပါ။ အစိုးရအလုပ် သို့မဟုတ် အပြင်အလုပ် လုပ်ရင်းပင် မိမိတို့ယူထားသော ဘာသာရပ်များကို Self-Study လုပ်ရင်း ဘွဲ့ရပညာတတ်များ ဖြစ်သွားဖို့ဆိုတာသည် စံသတ်မှတ်ချက် ဖြစ်သော်လည်း အများစုသော အဝေးသင်ကျောင်းသား၊ ကျောင်းသူများ သည် သင်ခန်းစာများကို ကြိုတင်လေ့လာခြင်း မရှိဘဲ အနီးကပ်သင်ခါနီးမှ ကျူရှင်အားကိုးဖြင့် တစ်ပွဲတိုး အောင်ရန် လုံးပန်းကြတာ များပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တက္ကသိုလ် အသိုင်းအဝိုင်းတွင် ကျူရှင်ဈေးကွက် ကြီးသည် ဟီးထကာ နေတော့သည်။ အဆိုပါကျူရှင်၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဆရာ၊ ဆရာမများအကြား အကြီးအကျယ် စိတ်ဝမ်းကွဲခြင်း၊ ညီညွတ်မှုမရှိခြင်းနှင့် ထက်အောက် အပြန်အလှန်လေးစားမှု လျော့နည်းခြင်း များပင်ဖြစ်သည်။ ကျူရှင်ရသူနှင့် မရသူအကြား ဝင်ငွေကွာဟချက် ကြီးမားလာသည့်အတွက် ရသူက မော်ကြွားသလောက် သိပ်မရသူက မနာလိုစိတ်ပွားကာ အဆင့်မြင့်ပညာရေး ဝန်ထမ်းများဟုပင် ခေါ်ဆိုထိုက် ပါသလားဟု ဆဝါးဆင်ခြင်စရာ စိတ်အခြေခံများ တွေ့နေရပေသည်။
သက်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များက မျှမျှတတ ထိန်းကျောင်း ပေးပါက ကျူရှင်ကိစ္စအတွက် အက်ကြောင်းသံများ ဌာနအတွင်း၌ သိပ်မထွက်သော်လည်း ဌာနမှူးကိုယ်တိုင်က ကျူရှင်ဈေးကွက်ကို စီးပွားဖြစ် လုပ်ကိုင်ပါက အကွဲအပြဲ အတိုင်အတောကိစ္စများသည် ဖုံးမနိုင်ဖိမရ ဖြစ်တတ်ပါသည်။ ကျူရှင်ကို စီးပွားဖြစ်လုပ်ငန်းသဖွယ် လုပ်ကြသည့်အတွက် ရာထူးပိုကြီးသူက မိမိရာထူးအား ရောင်းစားပြီး ဈေးကွက်ဝေစုကို စိုးမိုးသကဲ့သို့ ရာထူးငယ်သူ များကလည်း အုပ်စုဖွဲ့ (Grouping) လှုပ်ရှားကြရာ တကယ့်စီးပွားရေး အုပ်စုကွဲများကဲ့သို့ ပြိုင်ဆိုင်မှုသည် ပြင်းထန် လှပေသည်။ ကျူရှင်ဈေးကွက်တွင် ဆရာ၊ ဆရာမများအတွက် ဘာသာရပ် ကျွမ်းကျင်မှုထက် လူမှုဆက်ဆံရေးသည် ပို၍ပင် အဓိက ကျလာသည်။ စီးပွားဖက် ဆရာ၊ ဆရာမများနှင့် ပလဲနံပ သင့်ဖို့အတွက် တပည့်အပေးအယူ များလည်း ရှိလာသည်။ Founder ခေါ် ကျောင်းသား၊ ကျောင်းသူများ စုစည်းပေးသူသည် ကျူရှင်စီးပွားရေး အုပ်စုတွင် သြဇာကြီးမားသူများ ဖြစ်လာသည်။ တစ်ပွဲတိုး သင်ကြားမှုဖြစ်သည့်အတွက် ကျူရှင် Notes များ သည် ပြဋ္ဌာန်းစာများမှ အမြီးနုတ်၊ ခေါင်းနုတ်ဖြင့် ပီဘိ Power - Points များ ဖြစ်ကုန်တော့သည်။ အတိုဆုံးဖြတ်တောက် သင်ပေးနိုင်သော ဆရာ၊ ဆရာမသည် ကျောင်းသား၊ ကျောင်းသူများအတွက် အာဂဆရာများ ဖြစ်လာ သည်။ ရယ်စရာနှင့် ပေါ်ပင် အကြောင်းအရာများ ပြောတတ်ဖို့သည် ကျူရှင် ဆရာ၊ ဆရာမဖြစ်ဖို့ မရှိမဖြစ် အရည်အချင်းများ ဖြစ်လာသည်။ အချို့ကျူရှင်ဆရာများသည် ကျူရှင်မပြပါက ဟာသမင်းသားပင် လုပ်၍ရပါသည်။ ရာထူး အခံရှိသူများက လုပ်ပိုင်ခွင့်ဖြင့် ဆွယ်ကာ သင်တဲ့အပုဒ် ပါမလာလည်း ချသာရေးဟု ညွှန်ကြားသလို၊ မနေ့တစ်နေ့ကမှ ဆရာဖြစ်လာသူတွေ ကလည်း ဈေးကွက်ဝေစုကို တတ်နိုင်သမျှ များများ ရချင်ကြသည်။ တစ်ပြည်လုံး အတိုင်းအတာဖြင့် အောင်မှတ်များကို စလုတ်တိုက်ညှိချိန်တွင် ကျောင်းသား၊ ကျောင်းသူ များသည် ခေတ်ပျက်ဘွဲ့ရများ အဖြစ် အသုတ်လိုက် ဘွဲ့ရကုန်တော့သည်။ ထိုဘွဲ့ရများ လုပ်ငန်းခွင်ဝင်တော့ အဝေးသင်ဘွဲ့ကို မခန့်ချင်သလိုလို ဖြစ်လာခြင်းသည် အရည်အသွေး အာမခံချက်ကြောင့်ဖြစ်သည်။
ကျူရှင်သည် ဆရာ၊ ဆရာမများအတွက် အပိုဆောင်း ဝင်ငွေရကာ လူနေမှုဘဝ ပိုမိုအဆင်ချောစေဖို့ဟု မူလက သဘောသွားသော်လည်း နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာသည်။ အချို့ဆရာများနှင့် Founder များသည် အဝေးသင်ဝန်ထမ်းများနှင့် ပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ၏ လိပ်စာများအရောက် ကြော်ငြာကမ်းခြင်း၊ After Sale Service ဟု ခေါ်ရမလားမသိ ...။ အမှတ်များကြည့်ပေးခြင်း၊ အောင်မှတ်ရအောင် ဖြည့်ပေးခြင်းအပြင် အောင်စာရင်း ကိုပင် အသိပေး အကြောင်းကြားခြင်းကြောင့် ဝန်ဆောင်မှုစီးပွားရေး အဆင့်သို့ပင် တက်လှမ်း နိုင်တော့သည်။ ထိုသို့ ဝန်ဆောင်မှုကောင်းသော ကျူရှင်များသည် အောင်ပွဲခံကာ ရေပန်း စားတော့သည်။ မြိုးမြိုးမြက်မြက် ရဖူးသော ကျူရှင်ဆရာ၊ ဆရာမများသည် ဤလုပ်ငန်း အဆင်ချော၊ သက်တမ်းရှည်ဖို့အတွက် ဌာနအတွင်း အထက်ဖား၊ အောက်ဖိ Policy ကို အသက်သွင်းကြသည်။ ကျူရှင်ဖြင့် တိုက်ဆောက်၊ ကားစီးပင် လုပ်နိုင်သော ဆရာ၊ ဆရာများရှိလာသောကြောင့် အောင်မြင်သူ နှင့် မအောင်မြင်သူအကြား ကွာဟချက်သည် ကြီးမားလာပါသည်။ ဌာနမှူး လည်းဖြစ်၊ ကျူရှင်နှင့်လည်း မကင်း၊ မေဂျာကလည်း ကြီးဆိုပါက တစ်နှစ်၊ တစ်နှစ် စာရင်းချုပ်လိုက်ပါက မျက်လုံးပြူးစရာ ကိန်းဂဏန်းများ ရှိတတ်၍ သာမန်စီးပွားရေး လုပ်ငန်းရှင်လောက်ကတော့ ရယ်တာပေါ့ဟုပင် ဆိုရမည်။ ကျူရှင်ဟူသော မိုးခါးရေကို သောက်ရင်း စံကိုက်သင်ကြားရေး၊ သုတေသနပြုရေး ဆိုတာတွေနဲ့ တက္ကသိုလ်ဆရာ၊ ဆရာမအချို့ အလှမ်းဝေးလာသည်။ တက္ကသိုလ်ဆရာ၊ ဆရာမတစ်ဦး၏ အောင်မြင်မှု အတိုင်းအတာကို ရေးသောကျမ်း၊ ထုတ်ဝေသော စာအုပ်ဖြင့်မတိုင်းဘဲ ကျူရှင်ဘယ်ရွေ့ဘယ်မျှ ပြနိုင်သလဲ ဆိုတာနှင့် တိုင်းတာလာကြသည်။ ကျူရှင်ဆရာ၊ ဆရာမအချို့သည် တပည့်များ မိမိတို့ကို မည်ရွေ့မည်မျှ သိတတ်ကြောင်း၊ မည်သို့သော ပစ္စည်း များဖြင့် လာရောက်ဂါရဝပြုကြောင်းကို ဂုဏ်ဖော်ကာ ပြောကြားရင်း ကြည်နူးရွှင်ပျ ကျူရှင်ဆရာဘဝကို အခါအခွင့်ရပါက ကြွားကြသည်။ ပိုးပုဆိုးက ဘယ်နှထည်၊ ရိုးရိုးပုဆိုးကို ဆိုင်မှာပင် ပြန်သွင်းရကြောင်း၊ တော်ရုံ ပုစွန်ခြောက်လောက်တော့ အိမ်ကခွေးကို အပျင်းပြေစားဖို့ ကျွေးသတဲ့၊ ဒီနားကပ်က ဘယ်လောက်တန်တာ၊ iPhone တို့၊ iPad တို့ကို ကလေးသုံးယောက်လုံးကို ဝယ်ပေးထားပြီးပြီ ဆိုတဲ့ အမြင့်လုံးတွေ ကြားရတိုင်း ကျူရှင်တွင် မအောင်မြင်တဲ့မိမိ မုဒိတာမပွားနိုင်တော့ပေ။ ဆရာ၊ ဆရာမငယ်များ ကလည်း ကျူရှင်တွေ အောင်မြင်သူ ဆရာကြီး၊ ဆရာမကြီး များကို ပိုမိုနည်းနာခံ ရိုကျိုးကြပေသည်။ ဆရာတပည့် ဆက်ဆံရေးသည် အသိပညာဖလှယ်ခြင်း မဟုတ်တော့ဘဲ ဝန်ဆောင်မှုတစ်ခုကို အရောင်း အဝယ်ပြုသည့် ပုံစံမျိုး တွေ့ရခြင်းသည် အဝေးသင်တက္ကသိုလ် ပညာရေး၏ လက်ရှိအခြေအနေပင်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများဘက်ကလည်း ငါတို့ငွေကြေးပေးပြီး ဝန်ဆောင်မှု ဝယ်တာပဲဆိုပြီး မလေးမခန့်ရှိလာသည်။ သိက္ခာကို ရိက္ခာအတွက် ရောင်းစားမှုတွင် ဆရာတပည့်ဆိုတာ လမ်းတွေ့ရင်ပင် နှုတ်ဆက်ချင်မှ ဆက်တာမို့ အဝေးသင်ကျူရှင် ဆရာများသည် တစ်ခါသုံး ဆရာများအဖြစ်သို့ ရောက်သွားပေသည်။ ဒီကြားထဲ ဒေသစွဲ၊ လူမျိုးစွဲက လည်း အခိုင်အမာ အမြစ်တွယ်နေသည့် ဒေသခံဆရာနှင့် ရန်ကုန်၊ မန္တလေး ဆရာ၊ ဆရာမများအကြား ကျူရှင်တိုက်ပွဲသည် တွေ့မရှောင်နှင့် ကြာကြာဝါး တို့ ဗိုလ်လုကြသလိုပင်။ အဝေးသင်ဌာနခွဲ များရှိ ဝန်ထမ်းများ၏ မောက်မာမှု၊ ခွင်ဖန်မှုတွေကလည်း မှတ်သားလောက်ပါသည်။ အချို့ဝန်ထမ်းများ Assignment ကူးတင်ပေးသော ဝန်ဆောင်ခသည် သာမန်ကျူရှင်ဆရာ တစ်ဦးထက်ပင် ပိုတာမျိုးလည်း သိုးသိုးသဲ့သဲ့ ကြားမိပါသည်။ ကိုယ်တိုင် ကြုံရတာကတော့ Assignment များ ဌာနအလိုက် သွားထုတ်ချိန်တွင် ဝန်ထမ်းစာရေး၊ စာရေးမတွေက ခုံပေါ်မှာထိုင်၊ အရာထမ်း ဆရာ၊ ဆရာမ တွေက ကြမ်းပြင်ပေါ်တွင် Assignment ရေတွက်လက်ခံရသည့် အနေအထားအချို့ ရှိပါသည်။ Assignment အထုပ်တွေကို တစ်ခါတစ်ရံ သယ်မရတော့ ငယ်စဉ်အခါ ပညာကောင်းစွာ မရှာလို့ ဒီလိုအလေးအပင်မ ရတာပါလားဟု နောင်တရမိသည်။
အဝေးသင်ကျောင်းသား၊ ကျောင်းသူများကို အနီးကပ်သင်ခြင်း၊ ဝေစုအနည်းငယ်ကို ကျူရှင်သင်ရင်း၊ စာစစ်ခြင်းများ လက်တွေ့ ဆောင်ရွက် ရာတွင် အမည်ခံဘုရားစူး တပည့်များ၏ သင်ကြားပေးသော အကြောင်း အရာများကို လက်ခံနားလည်နိုင်စွမ်း၊ သတ်မှတ်ပြင်ဆင်ပေးသော အပုဒ် ကိုပင် ကျက်နိုင်စွမ်း၊ အလေးထားဖြေဆိုမှု အပိုင်းများတွင် စိုးရိမ်ရေမှတ်ကို တွေ့နေရတော့ မိမိတို့၏ နောင်ရေးကို စိုးရိမ်မိပါသည်။ သူတို့က အတက်၊ ကိုယ်တွေက အကျတွင် တက်လူတွေ အရည်မှည့်ရင်ဖြင့် ငိုရချေသေး ဖြစ်တော့မည်။ နေ့တက်ကျောင်းသားတွေ Semester နှစ်ခု၊ ရှစ်လစာ သင်ရသော စာများကို Self-Study မရှိဘဲ အနီးကပ် ၁၀ ရက်ဖြင့် ပြတ်အောင်ဖြတ်ရသော ကျောင်းသား၊ ကျောင်းသူတို့၏ အခြေအနေတွင် ဘွဲ့ရပညာတတ် တစ်ဦး၏ ရင့်ကျက်တည်ငြိမ်မှုကို ရှာဖွေရသည့် ပုစ္ဆာသည် အတော်ခက်ခဲပါသည်။ နိုင်ငံတကာလို Online ပညာရေးမျိုး အဝေးသင် တက္ကသိုလ်တွင် အကောင်အထည် မဖော်နိုင်ပါက အဝေးသင်တက္ကသိုလ် တက်ခွင့် ကျောင်းသားအရေအတွက်ကို စိစစ်လက်ခံဖို့ လိုမည်ထင်ပါသည်။ နံရံတွင် ချိတ်ဖို့ ဘွဲ့ဓာတ်ပုံတစ်ပုံ အတွက် ပညာရှာသောခေတ်သည် ကုန်သင့်ပြီဟု ထင်ပါသည်။ ဘွဲ့လက်မှတ်တစ်ခု အတွင်း၌ အမှန်တကယ် သိမြင်သဘောပေါက်မှု ဂုဏ်ရည်ကိန်းအောင်းနေဖို့ လိုပါသည်။ နိုင်ငံတကာလိုပင် အကြောင်းအရာ တစ်ခုကို ခြုံငုံသိမြင်မှသာ ဘွဲ့ယူသင့်ပြီး လုပ်စားကိုင်စားအတွက် အောင်လက်မှတ်တစ်ခုခု ကိုင်ကာ စီးပွားရှာနိုင်မည့် စီးပွားရေး အခင်းအကျင်း လိုပါသည်။ ငွေကြေးနှင့် အချိန်ပေးနိုင်မှသာ ဘွဲ့ယူပါဟု တိုက်တွန်းရတော့မည် ဖြစ်သည်။ မိမိသည်လည်း အဝေးသင် တက္ကသိုလ်ထွက်ဖြစ်ရာ အဝေးသင်တက္ကသိုလ် ပညာရေးကို အပြုသဘော သုံးသပ်ချက် မပြုနိုင်သေး၍ စိတ်မကောင်းပါ။ သို့ရာတွင် အချို့ပြဿနာ များသည် အစိမ်းချုပ် ချုပ်ရမည့် အနေအထားအချို့ ရှိပါသည်။ မြန်မြန်ကောင်းဖို့ ဖြစ်သည်။
ယနေ့ကာလတွင် နိုင်ငံတကာနှင့် သူစိမ်းပြင်ပြင်ရှိသော အစွန်းရောက် အမျိုးသားရေးရှေ့တန်းတင် နိုင်ငံအချို့မှလွဲ၍ ပညာရေးသာ ပထမ၊ ပညာရေးသာ ဒုတိယ၊ ပညာရေးသာ တတိယဟု တစာစာအော်နေချိန်တွင် အဝေးသင်တက္ကသိုလ် ပညာရေး၏ လက်ရှိအခင်းအကျင်းသည် ပညာရနံ့ ကင်းနေသည် ဟု သုံးသပ်ချင်ပါသည်။ နိုင်ငံတကာရှိ အဝေးသင်ပညာရေး စနစ်မျိုးရအောင် ဖိဖိစီးစီး မဆောင်ရွက်နိုင် သေးသရွေ့ အဝေးသင် တက္ကသိုလ်ထွက် ဘွဲ့ရများ၏ အရည်အသွေး အာမခံချက်သည် မယုံမရဲ ရှိနေမည်သာ။
Credit To The Voice Weekly
Post a Comment