ကျွန်တော်ကတော့ ယုံကြည်သလိုပဲ ရေးတတ်ပါတယ်။ ကျွန်တော့် စာလုံးတွေထဲမယ် ကျွန်တော့်ရဲ့အသိဉာဏ်က လက်လှမ်းမီ သလောက် ကျွန်တော့်ခံစားမှုတွေ၊ မျှော်လင့်မှုတွေ၊ စိတ်စေတနာတွေ၊ ဇောတွေ၊ ရင်ခုန်သံတွေ၊ မွတ်သိပ်မှုတွေ ရောပြွမ်း ပါကောင်းပါလိမ့်မယ်။ သေချာတာ ကတော့ အားလုံးဟာ ရိုးသားစွာနဲ့ ကျွန်တော် ယုံကြည်တဲ့အတိုင်း ဖြစ်တယ် ဆိုတာပါပဲ။
ကျွန်တော်ကတော့ မြန်မာစာကို ကျွန်တော်တို့လူမျိုးရဲ့စာပေ ဖြစ်တာနဲ့တင် ချစ်ဖို့ လုံလောက်ခဲ့ပါတယ်။ အခြားသူတွေကိုလည်း ချစ်စေချင်ပါတယ်။
“စာစီစာကုံးဆိုတာ အပိုအလုပ်တွေပါ”လို့ပြောတဲ့သူတွေကို တွေ့ရတိုင်း စိတ်မကောင်းပါ။ ကျွန်တော်တို့လူမျိုးရဲ့ ကိုယ်ပိုင်ဘာသာစကားကို သုံးပြီး ကျွန်တော် တို့လူမျိုးတွေ နားလည်ခံစားနိုင်အောင် စာတစ်ပုဒ် ကောင်းကောင်းရေးတတ်ဖို့ အတွက် စာစီစာကုံးတွေကစပြီး ပျိုးထောင်ရတာပါပဲ။ လူနားလည်အောင် ရေးတတ်တာနဲ့ လူနားစွဲအောင် ရေးတတ်တာ မတူပါဘူး။ လူတိုင်းအတွက် တစ်ချိန်မှာ စာရေးတတ်ဖို့ လိုအပ်ချင် လိုအပ်လာမှာပဲ မဟုတ်လားဗျာ။ မချစ်ရင်တောင် လွှင့်ပစ်စရာလို့ သဘောထားတာ ကတော့ မသင့်ပါဘူး။
ကြုံရာသတ်ပုံနဲ့ ရေးနေတဲ့ Online ပေါ်ကစာတွေ၊ သတ်ပုံအမှားကို တမင်တကာရော မသိလို့ရော ဖက်ရှင်တစ်ခုလို သဘောထား သုံးစွဲနေကြ တာတွေ ပိုပို တွေ့လာရတဲ့အခါလည်း စိတ်မကောင်းပါ။ ပိုတာဝန်ရှိတယ်လို့ ခံစားရတဲ့ ပုံနှိပ်စာစောင် (Press Media) တွေကပါ အခြေခံ အမှားတွေကို ပုံမှန်ဆိုသလို ကျူးလွန်နေတာကို တွေ့ရတဲ့အခါ မှာတော့ ရင်လေးရပါတယ်။
စကားပြော အရေးအသားမှာ “တယ်၊ မယ်” စာလို အရေးအသားမှာ “သည်၊ မည်” စသည်ဖြင့် ပုံမှန်အခြေခံစည်းမျဉ်း လောက်ကိုတောင် မှန်အောင်မရေးနိုင်တဲ့ စာတွေကို တစ်စုံတစ်ရာ မတည်းဖြတ်ဘဲ နေ့စဉ်ရက်ဆက် ပုံမှန်ဖော်ပြကြတာမျိုး အမြဲတွေ့လာရပါတယ်။ သတ်ပုံအမှားများကို အစဉ်တစိုက် သုံးစွဲလာခြင်းအားဖြင့် အမှန်အဖြစ် သွတ်သွင်းပေးရာ ရောက်နေကြပါတယ်။ “လဲ” နှင့် “လည်း” အသုံးလောက် ကိုတောင် ဂရုတစိုက် တည်းဖြတ်မှု မရှိကြတော့ပါ။ ကျွန်တော်တို့ စာပေကို လေးစားမြတ်နိုးသော ပမာဏအလျောက် သတ်ပုံနဲ့ သဒ္ဒါစာပြင်ဆရာ တစ်ဦးလောက်အတွက် လစာ အကုန်ခံပေးကြပါလို့သာ ပြောချင်ပါတယ်။ ပြောနိုင်ပါတယ်။
“စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့…”
အင်္ဂလိပ်လို အသံထွက်မှားမိရင်၊ အပြောမှား အရေးမှားမိရင်တော့
ကျွန်တော်တို့ ကောင်းကောင်း ရှက်တတ်ကြပါတယ်။ မြန်မာလူမျိုးများက မြန်မာစာ
အသုံးအနှုန်း၊ အထားအသို မှားနေတာကိုတော့ ဂုဏ်ယူစရာ တစ်ခုလိုတောင်
ဖြစ်နေကြမလား လို့ဗျာ။ ထောက်ပြသူကိုတောင် “ဘုန်းကြီး ကျောင်းသားလား၊
တောကတက်လာတာလား” ဆိုတာမျိုး အထိကတော့ မဖြစ်သင့်တာမဟုတ်လား ခင်ဗျာ။
ကျွန်တော်တို့တွေ မှားနေကြပြီ ထင်ပါတယ်။
ပြင်သစ်လူမျိုး တစ်ဦးက
အင်္ဂလိပ်လို မပြောတတ်တဲ့ အတွက်၊ အမှားပြောမိတဲ့အတွက် ရှက်တာမျိုး
မတွေ့ဖူးပါ။ နပိုလီယံနဲ့ ဗော်လ်တဲယား အကြောင်း လုံးစေ့ပတ်စေ့ မပြောနိုင်တာ၊
ပြင်သစ်စကားနဲ့ စာကို ကျွမ်းကျွမ်းကျင်ကျင် ရှင်းမပြနိုင်တာကိုသာ
ရှက်တတ်ကြပါတယ်။ ကျွန်တော်တို့ ကရော ဘာကိုရှက်ကြမှာလဲ ခင်ဗျာ။
အင်္ဂလိပ်စာတွေ ထည့်ရေးမှ၊ အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြောမှ
လူအထင်ကြီးတယ်ဆိုတာ အတိုင်းအတာတစ်ခု အထိတော့လည်း မှန်တယ်ဗျာ။ ဒါဟာ
မရင့်ကျက်တဲ့၊ ဉာဏ်ပညာနိမ့်ကျတဲ့၊ စိတ်သဘောထား ဆိုင်ရာ သိမ်ငယ်စိတ်
(Inferioirity Complex) ဝင်နေတဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ပြယုဂ်ပါပဲ။ကောင်းပါပြီ။ စာရေးသူက ဘယ်ကိုသွားမှာလဲ၊ သူ့အသိုင်း အဝိုင်းကို ဘယ်ကို ဆက်သွားစေချင်တာပါလဲဗျာ။ စာရေးသူတိုင်း ကိုယ်စီ မိမိကိုယ်ကိုယ် ပြန်မေးကြရမယ့် မေးခွန်း ထင်ပါတယ်။ ကျွန်တော်တို့ စာရေးနေတာက ကျွန်တော်တို့ အသိုင်းအဝိုင်းကို အဲဒီလို လမ်းကြောင်းအမှားထဲ ဆက်တွန်းပို့ရုံပဲလား။
ကျွန်တော်တို့ရဲ့ ဘိုးဘေးများက မော်တော်ကား၊ ရဟတ်ယာဉ်တို့၊ ရုပ်မြင်သံကြားတို့ကို တီထွင်သုံးစွဲခဲ့ကြတာ ဘယ်တော့မှ မမေ့ကောင်းပါ။
အင်္ဂလိပ်လိုပြောလိုက်မှ နားထဲ ရှင်းသွားတာမျိုးကလည်း တချို့သော အသိုင်းအဝိုင်းများမှာ အမှန်တကယ် ကြုံနေကျပါပဲ။ လျင်လျင်မြန်မြန် ကျယ်ပြန့်ဆန့်ကားလာတဲ့ နည်းပညာထဲမှာ ဘာသာပြန် စကားလုံး အလှဆင်နေဖို့ အချိန် မရှိတော့တာလည်း အမှန်ပါပဲ။ အထူးသဖြင့် ကန့်သတ်သုံးစွဲစရာ ပညာရပ်ဆိုင်ရာ စကားများမှာ သိသာလွန်းပါတယ်။ အရောင်တူသူချင်း ကြားထဲမှာ စကားတစ်လုံးနဲ့ ပြီးနိုင်ပေမယ့် အဆင်ကွဲတွေနားလည်ဖို့ မြန်မာစာ နှစ်ကြောင်း သုံးကြောင်းနဲ့ ပြန်ရှင်းရတတ် ပါသေးတယ်။
စိတ်စေတနာက အဓိကလို့ မှတ်ယူပါရစေ။ စာရေးသူရဲ့စိတ်စေတနာနဲ့ အဇ္ဈတ္တကို စာရေးသူက အသိဆုံးပါပဲဗျာ။ ကြာတော့လည်း ဒီပုတ်သင် ဘာအရောင်ဆိုတာ တဖြည်းဖြည်း သိကြရတာပဲ မဟုတ်ပါလား။
တချို့အတွက်တော့ စာတွေက ထမင်းအိုး၊ ဟင်းအိုးအဖြစ် ရှိနေဆဲပါပဲ။ ငွေနဲ့ အစက်ခံရတဲ့အခါ မတ်မတ်ရပ်ဖို့ သိပ်ခက်ပါတယ်။ မရေးချင် သော်လည်း တစ်ဝမ်းတစ်ခါး၊ နှစ်ဝမ်းနှစ်ခါး တွေအတွက် ရေးရတဲ့စာတွေဟာ အရောင် မှိန်လာတတ်ပါတယ်။ အရောင်လွင့်သွားရင်တော့ မကောင်းတော့ ပါဘူး။ လွင့်သွားတဲ့ အရောင်ပေါ်ကို ထမင်းကျွေးပြီး ဆိုးပေးမယ့် ဆေးတွေက ဝိုင်းနေတတ်တာမျိုး မဟုတ်ပါလား။
ဒီတိုက်ရဲ့အာဘော်က
ဒီလိုပဲ၊ ဒီလိုရေးမှ ပါမှာပဲ .. ဆိုတာတွေကလည်း လျစ်လျူရှုလို့ မရကောင်းပါ။
စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့
သိပ်မမျှော်လင့်ကောင်းတော့ ပါဘူး။ အကောင်းဆုံး ကတော့ မိမိယုံကြည်တဲ့
အာဘော်မှာပဲ အစမှအဆုံးတိုင် မြဲမြဲရပ်နေကြဖို့ပါ။ အူမတောင့်ဖို့ဆိုတာ
နေရာတိုင်းမှာ အရေးပါမြဲပဲ မဟုတ်လား။
အရင်ကတော့ စာပေသည် ဘယ်သူ့အတွက်ဆိုတာ ငြင်းခုံခဲ့ကြတာပါ။ ရည်ရွယ်ခဲ့ကြတဲ့
ဘယ်သူဘယ်ဝါ တချို့က မရှိတော့သော်လည်း စာပေကတော့ ရှိနေဆဲပါပဲ။
ကျွန်တော်ကတော့ ဘယ်သူအတွက် ဘယ်ဝါအတွက်လို့ ဝင်ပြောရလောက်အောင် မတတ်ပါ။
တစ်ယောက်ယောက် အတွက်တော့ အမြဲ ပါနိုင်ကောင်းပါတယ်။ အနည်းဆုံး
ကျွန်တော့်ကိုယ်ကျွန်တော်အတွက် ဖြစ်နိုင်ပါတယ်။ ရေးကောင်းတဲ့ စာတစ်ပုဒ်ဟာ
ဘယ်သူ့အတွက်ဆိုတာထက် ဘာအတွက်ဆိုတာက ပိုအရေးကြီးမလားလို့ ထင်မိပါရဲ့ဗျာ။ရည်ရွယ်ချက်တစ်ခုအတွက် ရေးတဲ့စာ၊ ငွေအတွက် ရေးတဲ့စာ၊ လူအထင်ကြီးခံရဖို့ ရေးတဲ့စာ၊ သိက္ခာအတွက် ရေးတဲ့စာ၊ ထမင်းအတွက် ရေးတဲ့စာ၊ သားရေးသမီးရေးအတွက် ရေးတဲ့စာ၊ တစ်စုံတစ်ယောက်အတွက် ရေးတဲ့စာ၊ အနာဂတ်အတွက် ရေးတဲ့စာ၊ ဘဝအာမခံချက် အတွက် ရေးတဲ့စာ … ဘာစာပဲဖြစ်ဖြစ် ပေါက်လွှတ်ပဲစားမဟုတ်တဲ့ စာမှန်သမျှမှာ အရောင် ကိုယ်စီ ရှိကြပါတယ်။ အဆင့်ပေါ်မူတည်ပြီး တောက်ပမှုတွေ ကွဲပြားသွားကြ ပါတယ်။
အရောင်တွေကွဲပြားပေမယ့် အဆင့်မြင့်တဲ့စာတွေများတဲ့ လောကကြီးဟာ လင်းလက်မှုအား ပိုကောင်းတာပေါ့ဗျာ။ အရောင်အသွေးစုံနဲ့ ရွှန်းလက်တောက်ပနေတဲ့ စာပေလောကကြီးပေါ့။
စာတွေအရောင်လှဖို့၊ အရောင်ထွက်ဖို့ဆိုတာ အကြောင်းအချက် (Factors) များစွာအပေါ် အခြေခံနိုင်ပါတယ်။ တချို့အချက်တွေက ကျွန်တော်တို့ရဲ့ လက်တစ်ကမ်း အတွင်းကပါ။ နည်းနည်းအားစိုက်ပြီး လက်လှမ်း ပြုပြင်ပေးနိုင်တာနဲ့ အရောင် ပိုလှလာနိုင်ကြပါတယ်။ ပါဝင် ပတ်သက်သူအားလုံးက လက်လှမ်းလိုစိတ် ရှိကြဖို့ပဲလိုပါတယ်။
ကျွန်တော့်စာတွေကတော့ အရောင်နဲ့ တောက်ပမှုတွေအကြောင်း မဆိုနိုင်ပေမယ့် ဖတ်ကောင်းတဲ့စာတွေတော့ အမြဲဖြစ်ပါလိမ့်မယ်။ စာလုံးတွေထဲမယ် ကျွန်တော့် အသိဉာဏ်က လက်လှမ်းမီသလောက် စိတ်ခံစားမှုနဲ့ ရည်ရွယ်ချက်တွေ၊ ရင်ခုန်သံတွေ ပါကောင်း ပါနေပါလိမ့်မယ်။ သေချာတာ တစ်ခုက ဘယ်ဘက်ရင်ဘတ်က ခံစားတာကို ညာဘက်လက်က ယုံကြည်လို့ ရေးတဲ့စာတွေ ဖြစ်တယ်ဆိုတာပါပဲ။
(ယက္ခ) ရဲကြီး