နိဒါန်း
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးကား ထက်ဝက်ကျိုးလာခဲ့ပါပြီ။ ဒီမိုကရေစီ၏ အရွေ့ မည်ရွေ့မည်မျှ ခရီးပေါက်ခဲ့ပြီကိုလည်း သိမြင်နေ ကြရပါပြီ။ သမိုင်းတွင်ရစ်မည့် အပြောင်းအလဲများ နှင့်အတူ သင်ခန်းစာ များလည်း ကျန်ရစ်ခဲ့ပါပြီ။ နိုင်ငံတော်သမ္မတကြီး ကတိသစ္စာကျိန်ဆိုပြီး ပထမဦးဆုံး ပြောကြားခဲ့သော ရာထူးလက်ခံမိန့်ခွန်းကို ယခုအချိန်တွင် ပြန်လည်သုံးသပ် ကြည့်လျှင် မိမိတို့ မြန်မာနိုင်ငံမည်မျှအထိ ခြေလှမ်းများ လျှောက်လှမ်းခဲ့သည်ကို အကြမ်းဖျင်းအားဖြင့် မှန်းဆကြည့် နိုင်ပေလိမ့်မည်။ ရှေ့လာမည့် လပေါင်း ၃၀ တွင် ဆက်လက်လျှောက်လှမ်းရမည့် ခြေလှမ်းများ သည်လည်း ဆက်လက်ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေး ဥတုပတ်ဝန်းကျင်နှင့် တိုက်ရိုက် ဆက်စပ် နေပါလိမ့်မည်။ မည်သို့ပင်ဆိုစေ ဖြတ်သန်းခဲ့ပြီးသော လပေါင်း ၃၀ နှင့် ဆက်လက်ဖြတ်သန်းရမည့် လပေါင်း ၃၀ တို့၏ သွင်ပြင် လက္ခဏာများ၊ သဘောသဘာဝ များသည်ကား တူညီ နိုင်တော့မည် မဟုတ်ပေ။နိုင်ငံ့အရေးနှင့် နိုင်ငံရေး
နိုင်ငံရေးသမားတို့သည် နောင်လာမည့် ရွေးကောက်ပွဲ ကိုသာကြည့်ပြီး နိုင်ငံပြုခေါင်းဆောင်များမှာ နောက်မျိုးဆက်များကို ကြည့်သည်ဟူသော ဂျိမ်းဖရီးမင်းကလပ်၏ စကားသည် ယနေ့အချိန်အထိ နိုင်ငံရေး နယ်ပယ်တွင် မှန်ကန်နေဆဲ ဖြစ်သည်။ ပထမဦးစွာ ယနေ့နိုင်ငံ့ခေါင်းဆောင်များ၏ လုပ် ဆောင်ချက်မှန်သမျှသည် အနာဂတ်မျိုးဆက်သစ်များ အတွက် သမိုင်းပုံရိပ်များ ဖြစ်လာကြမည်ဖြစ်သလို ယနေ့ဒီမိုကရေစီ၏ အစကောင်းမှုသည် မြန်မာ့ဒီမိုကရေစီ ခရီးရှည်ကြီး အနှောင်းသေချာမှုကို ပုံဖော်ပေးမည် ဖြစ်သည်။ ယခုနောက်ဆုံး ပြည်သူ့လွှတ်တော်တွင် ဖြစ်ပွားခဲ့သော ဆွေးနွေး ငြင်းခုံမှုများသည် ဒီမိုကရေစီအင်္ဂါရပ် ဖြစ်သော Agree to Disagree ကို မြင်တွေ့ရခြင်းဟု မှတ်ယူနိုင်သော်လည်း Conflict of Interest အသွင် မဆောင်စေရန်လည်း နိုင်ငံပြုခေါင်းဆောင်များ၏ အမြော်အမြင်နှင့် သန်း (၆၀)ကို မျက်နှာမူမှု တို့က အဓိကကျနေမည် ဖြစ်သည်။နိုင်ငံရေးသမားတို့ သမိုင်းအဆက်ဆက် ထားရှိအပ်သော နိုင်ငံရေး ပဋိညာဉ်မှာ သန်း ၆၀ သာ ဖြစ်သလို မဏ္ဍိုင်ကြီးများ မျက်နှာမူရာအရပ် သည်လည်း သန်း ၆၀ သာ ဖြစ်ရပါမည်။
နိုင်ငံသားတို့သည် နိုင်ငံတော်၏ ထိန်းကျောင်းတွန်းအားပေးမှုဖြင့် ပန်းတိုင်သို့ ချီတက်ရသည်ဖြစ်ရာ နိုင်ငံတော် နှင့်နိုင်ငံသားတို့သည် တူညီသော ပန်းတိုင်သို့ လျှောက်လှမ်းနေကြခြင်းသာ ဖြစ်သည်။
မဏ္ဍိုင်ကြီးများလည်း ပန်းတိုင်ရောက်စေ၊ နိုင်ငံသားများလည်း ပန်းတိုင်ရောက်စေသော နိုင်ငံရေးသည် နိုင်ငံ့အရေးပင် ဖြစ်သလို နိုင်ငံရေးသမားများရော နိုင်ငံပြုခေါင်းဆောင်များပါ ကျင့်သုံးသင့်သော နိုင်ငံရေးသည်လည်း နိုင်ငံ့အရေးပင် ဖြစ်ရပေမည်။ ပုဂ္ဂိုလ်အရင်းပြု နိုင်ငံရေးနှင့် မဏ္ဍိုင် အခြေပြုနိုင်ငံရေး တို့ကို ကွဲကွဲပြားပြား သိမြင်မှသာ ရေရှည်တည်တံ့သော မဏ္ဍိုင်အခြေပြုနိုင်ငံရေး ခိုင်မာစေမည် ဖြစ်သည်။ ဆိုရလျှင် ယနေ့ မြန်မာ့နွေဦး ၂ နှစ်ခွဲတွင် ထွက်ပေါ်လာခဲ့သော ရလဒ်များသည် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ၏ ပုဂ္ဂိုလ်တစ်ဦးချင်း စိတ်ရင်း စေတနာတို့ကြောင့် ထွက်ပေါ်ခဲ့ခြင်းသာဖြစ်ပြီး အင်စတီကျူးရှင်းဟု ခေါ်ဆိုအပ်သော မဏ္ဍိုင်များ၏ ခိုင်မာအားကောင်းမှုကြောင့် ထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မလွဲမသွေ တွေ့ကြုံရလေ့ရှိသော နိုင်ငံရေး အီနားရှားများ၏ အရှိန်အဟုန်သည် သန်း ၆၀ ၏ မျက်မှောက်ဘဝကို ပြဋ္ဌာန်းနေသည် ဖြစ်၍ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို မိုးလား တိမ်လား ဒွိဟ ပွားနေစရာ မလိုဟု ယူဆမိသည်။
မြန်မာ့နွေဦး ၂ နှစ် ခွဲသော် -
သက်တမ်းအားဖြင့် ၂ နှစ်ခွဲပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နွေဦး သည် သန်း ၆၀ အတွက် မည်မျှ မြင့်မြင့်မားမား ပေဆပ်ခဲ့ပါသနည်း။ ပထမဦးဆုံး ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့သည့် အောင်မြင်မှုမှာ မြန်မာ့ ဂုဏ်သိက္ခာ ဖြစ်ပေလိမ့်မည်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များအကြား အထင်သေး အမြင်သေး မျက်ဝန်းများ၏ အရောင်များ ပြောင်းလဲခဲ့ပြီ ဖြစ်သလို အထီးကျန်၊ လူဆိုး စာရင်းဝင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတကာအလယ်တွင် သတိပြုစောင့်ကြည့်အပ်သော ဒီမိုကရေစီ ပုံရိပ်တစ်ခုအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့ပါပြီ။ အလားတူ ပိတ်ဆို့ဒဏ်ခတ်မှုများ၏ အမှောင်တိုက်မှ ရုန်းထွက်ကာ မှိန်ပျပျအလင်းရောင် တို့ကိုလည်း မြင်တွေ့နိုင်ခဲ့ပါပြီ။
“ငါက
အခြေခံဥပဒေကိုင်ပြီး ကျမ်းကျိန်ထားရတာ။ နိုင်ငံသားတွေရဲ့ သစ္စာကို
ခံထားရတာ။ အခုလို အခြေအနေကောင်းတွေ ဖြစ်နေတာတွေကို အလဟဿ မဖြစ်စေရဘူး…”
တစ်ချိန်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်း များစွာကို
ပြန်လည်တမ်းတခဲ့ကြသော မြန်မာပြည်သူတို့၏ ဇာတိပုည ဂုဏ်မာနများသည်လည်း
အသစ်တစ်ဖန် နိုးထရှင်သန်လာခဲ့ပြီ ဖြစ်သည်။ အာရပ်နွေဦး၏
အနိဋ္ဌာရုံများအကြားတွင် မြန်မာ့နွေဦးမှာ သိက္ခာရှိရှိ တင့်တင့်တယ်တယ်
ထည်ဝါနိုင်ခဲ့သည်။ နောက်ပြန်လှည့်နိုး နောက်ကြောင်း ပြန်နိုးနှင့်
ရင်တထိတ်ထိတ် စောင့်ကြည့်ခဲ့ရသော အရှေ့တောင်အာရှ နိုင်ငံကလေးသည် ဒီကနေ့
ဒီအချိန်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ လျှောက်လှမ်း နိုင်ခဲ့ပြီ
ဖြစ်သည်။သို့သော် မိမိတို့၏ မြန်မာ့နွေဦးသည် ပြစ်မျိုးမှဲ့မထင် သဲလဲစင်သည့် အနေအထားတော့ မဟုတ်ခဲ့ပါလေ။ ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းတွင် ကြုံတွေရလေ့ရှိသော အမျိုးသားရေး နိုးကြားမှုသည် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ကြွယ်ဝစုံလင်သော မြန်မာ့နွေဦးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့ရသည်။ နွေဦး၏ ပုရစ်ဖူးတို့ သွေးအလူးလူး မီးခိုးတလူလူ ဖြစ်စေခဲ့သော အမျိုးသားရေးနိုးကြားမှုသည် နိုင်ငံပြုခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင် များ၏ ဉာဏ်အမြော် အမြင်ဖြင့် မင်ဒဲလားနေ့ရက်ကို ကျော်ဖြတ်ရတော့မည် ဖြစ်သည်။ မာတင်လူသာကင်း မက်ခဲ့သော အိပ်မက်သည် ယနေ့ သမ္မတအိုဘားမား အိမ်ဖြူတော်စိုးစံခြင်းဖြင့် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်သလို ကေသုံးလုံးမရှိသော မြန်မာ့ယဉ်ကျေးမှု ပဒေသာစုံမှု ကြောင့်လည်း ကိုးကွယ်ယုံကြည်မှုတို့ကို စည်းမှသည် တံတိုင်း များအဖြစ်သို့ ရောက်ရှိနိုင်စေမည် မဟုတ်ပေ။ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံသား ဖြစ်တည်မှုတို့၏ အဆက်အစပ်ကို နိုင်ငံသားများကိုယ်တိုင် သိမြင်နားလည် ယုံကြည်ခံယူမှသာ မြန်မာဟူသော အမှတ် သင်္ကေတကို One Nation, One Myanmar အဖြစ် စုစည်းနိုင်မည် ဖြစ်သည်။
မဏ္ဍိုင်အခြေပြုနိုင်ငံရေး
ယနေ့ ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံရေး ခေါင်းဆောင်များကြောင့် ဖြစ်ပေါ်လာခဲ့သော အရွေ့များ ဖြစ်သလို ယနေ့ကြုံတွေ့နေရသည် တိုးတိုက်မှုများသည်လည်း နိုင်ငံရေးခေါင်းဆောင်များ၏ အဇ္ဈတ္တ၊ ဂုဏ်မာန နှင့် အကျိုးစီးပွားတို့ကို အခြေခံနေကြောင်း တွေ့ရှိရသည်။ အီဂျစ်မှ မော်စီ၊ ဗိုလ်ချုပ်ကြီးစီစီ တို့သည် အာရပ်နွေဦး၏ ဒဏ်ရာဒဏ်ချက်များကို ဖော်ပြနေသည်။ ဂုဏ်ယူဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော မြန်မာ့နွေဦးကို မြန်မာ့ဟန်ပန် မြန်မာဆန်ဆန်ဖြင့် ဆက်လက် တောက်ပနေစေလိုသည်။ လူပုဂ္ဂိုလ်များကို ဖယ်ခွာချ၍ အင်စတီကျူးရှင်းကို အခြေခံသော မဏ္ဍိုင်အခြေပြု နိုင်ငံရေးရှု ထောင့်ဖြင့် ခွဲခြားလေ့လာ ကြည့်ပါလျှင် ဖဆပလခေတ်မှသည် မျက်မှောက် ခေတ်အထိ တိုးတိုက်မှုများ၏ ဇာစ်မြစ်များကို တွေ့ မြင်လာပေလိမ့်မည်။ လက်တွေ့ကျ၍ အလုပ်ဖြစ်သော မဟာဗျူဟာသဘော ဟူသည် နိုင်ငံရေးနှင့် တူသောနိုင်ငံရေး၊ တစ်နည်းအားဖြင့် မဏ္ဍိုင်အခြေပြု ပူးပေါင်းဆက်ဆံမှုသာ ဖြစ်သည်။
မဏ္ဍိုင်အခြေပြုနိုင်ငံရေး
ဟူသည် လူပုဂ္ဂိုလ်ကို အခြေခံခြင်း မဟုတ်ဘဲ သင်းပင်းစည်းမျဉ်း မူဘောင်ဟူသော
အင်စတီကျူးရှင်းများ အားကောင်း ခိုင်မာစေရန် ဆောင်ရွက်ပြီး
နိုင်ငံတည်ဆောက်ခြင်းပင် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်
အခြေခံအုတ်မြစ် မဏ္ဍိုင်ကြီးဖြစ်ပြီး ယင်းမဏ္ဍိုင်တွင် ပြဋ္ဌာန်းထားသော
မူဘောင်များနှင့်အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော
မဏ္ဍိုင်ကြီးများကို ဖွဲ့စည်းရခြင်းဖြစ်သည်။ အလားတူ မီဒီယာ၊ ပြည်သူ၊
အရပ်ဘက်လူ့အဖွဲ့အစည်း ဟူသော မဏ္ဍိုင်ကြီးများကိုလည်း အခြေခံဥပဒေပါ
အခွင့်အရေးများနှင့်အညီ သီးခြားထူထောင် ဖွဲ့စည်းရသည်။ ထိုမှထိုမှ
ခွဲဖြာလာခဲ့ကြသော အင်စတီကျူးရှင်းများသည် ဒီမိုကရေစီနှင့်
အသွင်ကူးပြောင်းရေးကို လက်တွေ့ဖော်ဆောင် ပေးနေကြရသလို ရေရှည်
တည်တံ့စေအောင်လည်း တည်ဆောက်ယူကြရသည်။ ဥပဒေ၊ နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းတို့သည် အင်စတီ ကျူးရှင်းတို့ကို
ထိန်းကျောင်းခြင်း ပြုကြရသည်။
မဏ္ဍိုင်ဟု ခေါ်တွင်သော အင်စတီကျူးရှင်းများ အားကောင်းခိုင်မာလာပြီ
ဆိုလျှင် ယင်းမဏ္ဍိုင်များက ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်းဖြင့်
ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်သည်။ နိုင်ငံတော်၊ ပုဂ္ဂလိကကဏ္ဍနှင့်
ဈေးကွက်ယန္တရား သူ့သဘောသူဆောင်ပြီး သူ့အလုပ်သူလုပ်နေခြင်း၊ စစ်သား၊
ကျောင်းသား၊ ဘုရားသား(သံဃာများ) သူ့အလုပ်သူလုပ်နေ ခြင်းသည် အင်စတီကျူးရှင်း
ခိုင်မာအားကောင်းမှုနှင့် အဓိက ဆက်စပ်နေသလို ဖွံ့ဖြိုးရေး အဆောက်အဦ
တို့အပေါ်တွင်လည်း မူတည်နေသည်။ ကိုယ့်အလုပ်ကို မလုပ်ဘဲ ဖြစ်နေခြင်း
(ဥပမာ-ကျောင်းသားများ နိုင်ငံရေး လုပ်ကြရသည့် အတိတ်ကာလ အခြေအနေများ) သည်
နိုင်ငံတည် ဆောက်ရေးကို အဟန့်အတား ဖြစ်စေသလို လွဲမှားနေသောစနစ်ကို
ဖော်ပြနေသည်။ ထိုသို့ မဏ္ဍိုင်အရပ်ရပ် ကိုယ့်အလုပ်ကို လုပ်နိုင်စေရန်အတွက်
လက်ရှိမြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေး ခေါင်းဆောင်များအပေါ် အမှီပြုနေသော
တစ်ဦးချင်းဝါဒ Individualism များကို လျှော့ချ၍ မဏ္ဍိုင် အခြေပြုဝါဒ
Institutuonalism ကို ဖော်ဆောင်နိုင်ရန် လိုအပ်ပြီး မဏ္ဍိုင်
အခြေပြုနိုင်ငံရေး ထွန်းကားစေရေးသည် လတ်တလော လိုအပ်နေသော
နိုင်ငံတည်ဆောက်ရေးပင် ဖြစ်သည်။တစ်ဖန် လက်ရှိမဏ္ဍိုင်ကြီးများ ရင့်ကျက်တည်ငြိမ်ပြီး စေ့စပ်ညှိနှိုင်းမှု အတတ်ပညာ The Art of Engagement ကို ရှေးရှုမှသာ ရင့်ကျက် တည်ငြိမ်သော နိုင်ငံရေးရာသီဥတုကို ဖန်တီးနိုင်မည် ဖြစ်သည်။ ယူစရာ ပြည့်နှက်နေသော သင်ခန်းစာများသည် မိမိအရပ်တွင် ရှိနေရုံသာမက နိုင်ငံတကာနယ်ပယ် တွင်လည်း ရှစ်ခွင်တိုင်း မှုန်ရီမှိုင်းပျနေပြီ ဖြစ်သည်။ လူသားတို့ကြောင့် ဖြစ်ရသော ပြဿနာများ၊ စိန်ခေါ်မှုများကို လူသားတို့ကပင် ဖြေရှင်းနိုင်ရမည် ဖြစ်သည်။ ဤသို့ ဖြေရှင်းရာတွင် လူအခြေပြု စဉ်းစားခြင်းထက် အင်စတီကျူးရှင်းအခြေပြု စဉ်းစားခြင်းက သူနိုင်-ကိုယ်နိုင် ချိန်ခွင်လျှာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ အနိုင်-အရှုံး လောင်းကြေးထပ်ခြင်း မဟုတ်ရသော နိုင်ငံတည်ဆောက်ရေးသည် နိုင်ငံရေးသမား တို့၏ ပေါက်သူ၊ ကွဲသူ ခံစားမှုများကြောင့် စတေးပေးဆပ်ရလျှင် တရားမျှတမည်မဟုတ်ပါ။ သန်း ၆၀ သည် ဆင်းရဲနွမ်းပါးနေဆဲ၊ လယ်သမား များသည် အကြွေးနှင့် ရုန်းကန်နေရဆဲ၊ မြန်မာ့ ကျေးလက်ဒေသများသည် မီးမရှိ၊ ရေမရှိ အတိဒုက္ခ ကြုံတွေ့နေရဆဲ၊ ကလေးငယ်များ ကင်ဆာဖြစ်နှုန်း မြင့်မားလာဆဲ၊ ပြည်သူ့အခွင့်အရေးများ လိုအပ်နေကြဆဲ၊ စားသုံးသူအခွင့် အရေးများ ဆုံးရှုံးနေရဆဲ၊ မြန်မာ့စီးပွားရေး ဦးမော့ရန်ကြိုးစားနေဆဲ၊ မြန်မာ့ နေရာမှန် ပြန်လည်ရယူရန် အလှမ်းကွာနေဆဲ ဖြစ်သည်။ နိုင်ငံရေး ခေါင်းဆောင်တိုင်း၏ နှုတ်ဖျားတွင် တဖွဖွ ထည့်သွင်း ရွတ်ဆိုခြင်းခံနေရသော သန်း ၆၀ သည် မပြောင်းမလဲ ရုန်းကန်နေရဆဲ ဖြစ်သည်။
သန်း ၆၀ ဘက် လှည့်ကြည့်ကြပါ
မဏ္ဍိုင်ကြီးများက အပြိုင်းအရိုင်း အင်အားကြီးမားအောင် တည်ဆောက်နေကြသည်။ သန်း ၆၀ ကား အနှိမ်ခံ မျက်နှာမွဲများ ဖြစ်နေဆဲ ဖြစ်သည်။ နိုင်ငံရေးအီနားရှားကြောင့် ဖြစ်ပေါ်လာရသော နိုင်ငံရေး တိုးတိုက်မှုများသည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ဖြစ်သည်။ ဤသည်ပင် မြန်မာ့နိုင်ငံရေး ဓလေ့ဖြစ်ခဲ့သော်လည်း မတူကွဲပြားမှု များကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သော နိုင်ငံရေး ခန္တီပါရမီတို့နှင့် ပြည့်စုံသော နိုင်ငံရေးယဉ်ကျေးမှုအသစ် တစ်ရပ် အစပြုနိုင်ခဲ့ပြီဟု ဆိုကြပါသော်လည်း သန်း ၆၀ ကား မြေစာပင် ဖြစ်နေဆဲပင်။ နွေဦးကို ခြိမ်းခြောက်နေသော အနောက်တောင်ဘက် အရပ်ဆီမှ ညိုနေသည့်မိုးရိပ်များ ကင်းဝေးစေချင်သလို နွေဦးကို အကျည်းတန်စေမည့် လေပွေလေရိုင်း များနှင့်လည်း ကင်းပြတ်စေလိုသည်။
တစ်ခုသော
နိုင်ငံရေးအကျပ်အတည်း အခိုက်အတန့်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရခြင်း
အတွက် နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သော စကားတစ်ခွန်း ရှိသည်။ ထိုစကား
ဖြစ်ပေါ်ခဲ့ရသော အကြောင်းရင်းနောက်ခံ၊ အကျိုးရလဒ်များကို ကိုယ်တိုင်ကိုယ်ကျ
သိမြင်နားလည်ခဲ့ရခြင်းကြောင့် လည်း Moral Authority ဟူသော အနက်အဓိပ္ပာယ်ကို
သဘောပေါက်လာ ခဲ့ရခြင်း ဖြစ်သည်။ “တို့နိုင်ငံက အခုမှ နိုင်ငံတကာက
လက်ခံလာခါစ၊ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာခါစပဲ ရှိသေးတယ်။
ဒီနိုင်ငံ၊ ဒီပြည်ထောင်စု မပြိုကွဲဖို့၊ တို့ပြည်သူတွေ
ဖွံ့ဖြိုးတိုးတက်ဖို့၊ ဒီမိုကရေစီ နောက်ပြန်မလှည့်ဖို့ ငါ့မှာ အဓိကတာဝန်
ရှိတယ်။ ငါက အခြေခံဥပဒေကိုင်ပြီး ကျမ်းကျိန်ထားရတာ။ နိုင်ငံသားတွေရဲ့
သစ္စာကို ခံထားရတာ။ အခုလို အခြေအနေကောင်းတွေ ဖြစ်နေတာတွေကို အလဟဿ
မဖြစ်စေရဘူး” ဟူသော စကားဖြစ်သည်။ ထိုစကားကို ကြိမ်ဖန်များစွာ ပြန်လည်
ကြားယောင်ခဲ့ရပေသည်။ ယခုဆောင်းပါးရေးသား နေချိန်တွင်လည်း ပြန်လည်
ကြားယောင်မိပေသည်။ နိုင်ငံတော်သမ္မတကြီး၏ ထိုစကားသည် မြန်မာ့နွေဦးအတွက်
နောင်သောအခါ သမိုင်းဝင်စကားတစ်ခွန်း ဖြစ်လာပါလိမ့်မည်။ ထိုအချိန်ရောက်လျှင်
မြန်မာ့နွေဦးနှင့် စကားတစ်ခွန်း အကြောင်းကို အသေးစိတ် ရေးသား
တင်ပြနိုင်ပါလိမ့်မည်။ ထိုအချိန် ရောက်လျှင် မြန်မာ့နွေဦးသည် ပုရစ်ဖူးတွေ
တဝေဝေနှင့် လန်းလန်း ဆန်းဆန်း ပွင့်လန်းနေပါလိမ့်မည်။ ထိုအချိန် ရောက်လျှင်
သန်း ၆၀ မှ အောက်ခြေ ဆယ်သန်းတို့၏ ဘဝများ တောက်ပြောင်နေလိမ့်မည် ဟုလည်း
အမျှော်လင့်ကြီး မျှော်လင့်မိပေသည်။
မှူးဇော်Credit The Voice Weekly