ဒေါင်းယောင်ဆောင်တာက ကျီးတစ်ကောင်တည်းမဟုတ်တော့ဘူး မောင်သာချို
(တစ်)
ကျွန်တော်တို့ခပ်ငယ်ငယ်အရွယ်တုန်းက
အခြေခံပညာမူလတန်းသင်ရိုး မြန်မာစာဖတ်စာစာအုပ်ထဲတွင်
“ဒေါင်းယောင်ဆောင်သောကျီး” ဟူသည့် စာတစ်ပုဒ် ပါဝင်ပါသည်။
စာသင်သားကလေးငယ်တို့အကြိုက် ပုံပြင်ကလေးတစ်ပုဒ်ဖြစ်ရုံသာမက
ကျောင်းပရိဝုဏ်အပြင်ဘက်က လူတွေဖတ်လည်း တပြုံးပြုံးနှင့်
သဘောကျသွားကြရသည့်ပုံပြင်ကလေးပဲဖြစ်ပါသည်။ အကျဉ်းမျှ ပြန်လည်ဖော်ပြပါရစေ။
တစ်ခါက တောအုပ်တစ်ခုတွင် ကျီးကန်းတစ်ကောင်ရှိသည်ဟူသတတ်။ တစ်နေ့ ထိုကျီးကန်းသည် ဒေါင်းတို့၏မလှမ်းမကမ်းသို့ရောက်ရှိ၍သွားလေရာ အရောင်အသွေးစုံလင်လှသည့် ဒေါင်းတို့၏အတောင်အ
လက်များကိုကြည့်ကာ သဘောအကျကြီးကျသွားရုံမျှသာမက ငါ့ ၌ထိုသို့သော
အတောင်အလက်များ ရှိကောင်းလေစွဟုပင် တောင့်တမိသည်ဟူ၏။ ကျီးကားထိုမျှနှင့်
မကသေးဘဲ မိမိကိုယ်မိမိပြန်လည်၍ သုံးသပ်ကြည့်ရှုကာ မိမိတို့ကျီးကန်းများသည်
အမွေးအတောင်များ နက်မှောင်လေစွ၊အရုပ်ဆိုးပေစွ၊ အဆင်အသွေးညံ့ဖျင်းပေစွစသည်
စသည်ဖြင့်လည်း မိမိ၏ကျီးဖြစ်ခြင်းကို စက်ဆုပ်ရွံရှာမိသည်ဟူသတတ်။
သို့ဖြင့် တစ်နေ့သော် ဒေါင်းတို့မရှိသည့်အခိုက် ထိုဒေါင်းတို့ကျက်စားရာ အနီးအနားသို့ရောက်ရှိသွားပြီးသည့်သကာလ ဒေါင်းတို့ကိုယ်မှ ကျွတ်ကျ၍ နေခဲ့သောဒေါင်းတောင်ကလေးများကြားသို့ ထိုးစိုက်၍ဒေါင်းအသွင်ဆောင်ကာနေလေရာ
ဒေါင်းတို့ရောက်ရှိ၍လာသော် ဒေါင်းဟုပင် ထင်မှတ်လျက် အဆွေသည်လှပပေစွ၊
ခံ့ညားပေစွစသည်ဖြင့် ပြောဆိုချီးမွမ်းလျက်နေသည်ကို
ဒေါင်းယောင်ဆောင်ထားသောကျီးက သဘောတွေ့၍ နေသည်ဟူသတတ်။ သို့ဖြင့် ဒေါင်းများက
အတောင်ပံကိုဖြန့်၍ ကကြလေသောအခါ ကျီးကလည်းကအံ့ဟု အတောင်ပံများကို
ဖြန့်လိုက်လေရာ ဒေါင်းတောင်များအကုန်ကျွတ်ကျကုန်ပြီး ကျီးဖြစ်မှန်းအဖြစ်မှန်ပေါ်ပေါက်သွားရာက
ထိုကျီးကို ဒေါင်းတို့ကထိုးဆိတ်လွှတ် လိုက်လေသည်။ ကျီးလည်း
မိမိတို့ကျီးများရှိရာသို့ ပြန်ရောက်လာလေရာ ကျီးအပေါင်းတို့ကလည်း အမျိုးကို
သစ္စာဖောက်သောကျီးဟု စွပ်စွဲပြီး ၀ိုင်းဝန်းထိုးဆိတ်ကြပြန်သဖြင့် ဝေးရာသို့ ပြေးခွာ၍သွားခဲ့ရကြောင်း ပုံပြင်ကလေးပဲဖြစ်ပါသည်။
ကျီးကကျီးဖြစ်ရခြင်းကို လက်မခံလိုသော တစ်နည်းအားဖြင့် ကျီး၏ ဥပဓိရုပ်
(identity) ကို အလိုမရှိသော အတွေးမှား အမြင်မှားကို သင်ခန်းစာပေးထားသည့်
ပုံပြင်ကလေးဟု သိသာထင်ရှားလှပါသည်။
ဖတ်မိသူတိုင်းက သူတစ်ပါးအမွေးအတောင် အရောင်အဆင်းအားအားကျသူကျီးကို နှာခေါင်းရှုံ့ကြလို့။ စက်ဆုပ်ကြလို့။ ရွံရှာကြလို့။
(နှစ်)
တကယ်လို့များ ဒေါင်းကို အားကျနေသည်က ကျီးတစ်ကောင်တည်းကမဟုတ်ဘဲ
ကျီးအားလုံးက အားကျနေခဲ့သည်ရှိသော်၊ ဒေါင်းတောင်တွေကို ရသရွေ့ကောက်ယူကာ
ကျီးတိုင်းကျီးတိုင်းက သူတို့၏ အတောင်တွေကြားမှာ ကိုယ်စီကိုယ်စီ
ထိုးစိုက်လျက် ဒေါင်းယောင်ဆောင်နေခဲ့ကြပြီဆိုသော်...။
ပုံပြင်ကို ဘယ်လိုရေးရပါ့။ ပုံပြင်ကို ဘယ်လိုအဆုံးသတ်ရပါ့။
(သုံး)
အခု မြန်မာအမျိုးသား၊ အမျိုးသမီးတို့ ဆံပင်ကို ဆေးဆိုးကြသောကိစ္စမှာ စကားထဲထည့်ပြောစရာမလိုလောက်အောင်ကို ရိုးစင်း၍သွားပါပြီ။
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဟု ဆိုရလောက်အောင်ကိုပင်လျှင်
ဆံပင်ကိုဆေးဆိုးကြသည့် ခေတ်ကြီး ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်၏ ဟိုဘက်
ဆယ်နှစ်သည်ဘက် ဆယ်နှစ်အနှစ်နှစ်ဆယ်အစိတ်ဝန်းကျင်အတွင်း
မြန်မာနိုင်ငံတော်တစ်ဝန်းလုံး၌ ဆံပင်ဆေးမဆိုးထားသော ဒေသဟူ၍
မရှိသလောက်ဖြစ်သွားခဲ့ပါပြီ။ ခေါင်းရွက်ဗျက်ထိုးဈေးသည်ကအစ
တက္ကသိုလ်ပါမောက္ခအဆုံး အားလုံးဆံပင်ဆိုးကြပါသည်။ ရည်းစားစာရေးတတ်စ အရွယ်ကအစ
ကျီးစောင့်ကြက်နှင့်အဆုံး အားလုံး ဆံပင်ဆိုးကြပါသည်။
ဆံပင်ဖြူလာသဖြင့် ဇရာကို မသိကျိုးကျွန်ပြုကာ ဆံပင်ကို အနက်ဆိုးသည်က
ပြဿနာမရှိပါ။ သို့သော် အများစုက ရွှေရောင်၊ ငွေရောင်၊ နီညိုရောင်၊
အပြာရောင်၊ အစိမ်းရောင် စသည်စသည်ဖြင့် ပြင်ပကမ္ဘာသို့ လှမ်းမျှော်ကြည့်ကာ
သူတို့အသွေးနှင့် သူတို့အမွေးကို အားကျလျက် ကြည့်ကောင်းလိုက်တာဟူသောစိတ်ဖြင့် လိုက်ဆိုးကြခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ တကယ်ကြည့်ကောင်းကြပါစ။
(လေး)
အအေးပိုင်းနိုင်ငံများတွင် နေထိုင်သူများအဖို့
မျက်လုံးအရောင်များကပြာပါသည်။ အသားအရေက ဖြူဆွတ်ပါသည်။ အမွေးအမှင်က
ရွှေရောင်ငွေရောင်သမ်းပါသည်။ ဆံပင်မွေးသာမက မျက်ခုံးမွေး၊ မျက်တောင်မွေး၊
နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ လက်မွေး၊ ခြေမွေး၊ ချိုင်းမွေးအကုန် ရွှေရောင်၊
အကုန်ငွေရောင်။
ဒါကို အားကျသူ အမိမြန်မာနိုင်ငံသူ
နိုင်ငံသားတို့က နှာခေါင်း ပွပွ၊ မျက်နှာဝိုင်းဝိုင်း၊ နှုတ်ခမ်းထူထူ၊
အသားညိုညို၊ မျက်လုံးမည်းမည်းပါ။ မျက်ခုံးမျက်တောင် အမည်း၊
လက်မွေးခြေမွေးအမည်း၊ နှုတ်ခမ်းမွေးချိုင်းမွေးအမည်း။ဒါကိုဆံပင်တစ်ခုတည်းကွက်ကာ ရွှေရောင်ငွေရောင် ဆိုးထားရုံမျှနှင့် သူတို့လို ကြည့်ကောင်းသွားလေရောတဲ့လား။
နန်းတော်ရှေ့ဆရာတင်ကသူ၏နာမည်ကျော်
“ရွှေမင်းဂံ” သီချင်းထဲတွင် မင်းဂံဘုတ်ရွာသူတို့လှကြောင်း ဖွဲ့ရာ၌
“ပိတုန်းရောင်ကေသာ၊ ဖြန့်လိုက်ရင်..တစ်ကိုယ်လုံး.. ဝေေ၀ဆာဆာလွင်လွင်”
စသည်ဖြင့် ဆံပင်၏ နက်မှောင်ပုံကို အသားပေး၍ ဖွဲ့ခဲ့ဖူးပါသည်။
မိန်းမတို့၏ ကောင်းခြင်းငါးသွယ်တွင်ကား အဆင်း၏ကောင်းခြင်း၊
အရိုး၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ ဆံပင်၏
ကောင်းခြင်းဟူ၍ ဆံပင်သန်ခြင်းနှင့် မည်းနက်ခြင်းကိုပါ
ကောင်းခြင်းတစ်ရပ်အဖြစ် ထည့်သွင်းသတ်မှတ်ထားခဲ့ကြပါသည်။
မိန်းမတို့၏ ဂုဏ်အထပ်ထပ်ကို ဖွင့်ဆိုသည့် ကောင်းခြောက်ဆယ့်လေးရပ်၌မူ
ဆံပင်၏ကောင်းခြင်းကို ကုဋိလကေသာ အဖျားကော့သော ဆံပင်တဲ့၊ ဒီဃမုဒ္ဓဇကေသာ
ရှည်လျားသော ဆံပင်တဲ့၊ သုခုမကေသာ သိမ်မွေ့သော ဆံပင်တဲ့။ အင်း...ဒါတွေ
ထားလိုက်ပါတော့။
ကျွန်တော် အခုပြောလိုသည်က
အရောင်စုံဆံပင်များနှင့် ကျွန်တော်တို့၏ အသွေးအမွေးလိုက်၏၊ မလိုက်၏ပါ။
ကဲ... လိုက် သည်ပဲထားလိုက်ပါဦး လူသည် မိမိ၏ ဥပဓိရုပ်(identity) ကို
ငြင်းပယ်သင့်၊ မငြင်းပယ်သင့်ပါ။
(ငါး)
တစ်ခါက
တက္ကသိုလ်ကောလိပ်၊ ကျောင်းပရိဝုဏ်များအတွင်းသို့ ဆေးဆိုးထားသည့်
ဆံပင်များဖြင့် ၀င်ရောက်ခွင့်မပြုကြောင်း စည်းကမ်းထုတ်ပြန်ထားသည်ကို
တွေ့ခဲ့ဖူးပါသည်။ တစ်ခါ ဆရာမကျတော့ ဘာလို့ဆိုးထားသေးလဲဟု
ကျောင်းသူတစ်ယောက်က နှုတ်တုံ့ပြန်ခဲ့သည်ကိုလည်း ကြားခဲ့ဖူးပါသည်။
လူသည် အတွေးအခေါ် အင်အားချည့်နဲ့လာသောအခါ ကိုယ့်ဥပဓိရုပ် (identity) ကို
အများက အသိအမှတ်ပြုလာအောင် မကြိုးစားဘဲ ကိုယ့်ဥပဓိရုပ် (identity) ကို
ကိုယ်ဖျောက်ဖျက်ကာ သူများဥပဓိရုပ် (identity) နှင့် လူသူလေးပါး
ခံ့ညားလာအောင်လုပ်ဖို့ ကြိုးစားမိတတ်ကြစမြဲဖြစ်ပါသည်။
ကျီးတစ်ကောင်ဒေါင်းယောင်ဆောင်တော့
ထိုကျီးကို ဒေါင်းကလည်း လက်မခံ၊ ကျီးကလည်းလက်မခံ။ အခု ကျီးအားလုံးက
ဒေါင်းယောင်ဆောင်ဖို့ ကြိုးစားကြပြီဖြစ်ပါသည်။ လူငယ်၊ လူကြီး၊ လူထီး၊ လူမ၊
မြို့ပြ၊ ကျေးလက် ဆေးဆိုးထားသော ဆံပင်တွေနဲ့။ မြန်မာက မြန်မာဖြစ်ခြင်းကို
သေးနုပ်သိမ်ငယ်စိတ်ပျက်ဖွယ်ဟု စိတ်ဓာတ်မျိုးဝင်ရောက်လာသည်ထက်
ကြေကွဲစရာကောင်းတာ မရှိပါလေတော့...။ ။
credit-7daynews
Related Articles: