မြန်မာနိုင်ငံ တံခါးဖွင့်လိုက်ပြီ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို
လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်သည်။ ထို့ကြောင့် ကမ္ဘာတွင် အရွယ်အစားကြီးကြီး
နောက်ဆုံး ကျန်သည့်ဈေးကွက် အဖြစ် ဝင်လာမစဲ တသဲသဲ ရှိကြသည်။
လေ့လာသူ၊
ဆန်းစစ်သူ၊ နေရာဦးသူ၊ အထိုင်ချသူ စသည်ဖြင့် ရင်းနှီး မြှုပ်နှံသူမျိုးစုံ
လာကြသည်။ အချို့က ကြာကြာနေကြမည်။ တစ်သက်လုံး နေချင်နေကြမည်။ အချို့က
ဆူလွယ်နပ်လွယ် အပေါ်ယံ ခပ်စားပြီး ပြန်ချင် ပြန်ကြမည်။ အချို့က
မြန်မာနိုင်ငံတွင် အခြေစိုက်ပစ္စည်း ထုတ်ပြီး အခြားနိုင်ငံ များသို့
ရောင်းချင်သည်။ အချို့က ပြည်တွင်း သန်းခြောက်ဆယ် ဈေးကွက်ကို မက်ပြီး ပစ္စည်း
ရောင်းချင်သောကြောင့် ရောက်လာကြသည်။တံခါးဖွင့်ခြင်းသည် တံခါးကိစ္စ၏ အစသာ ဖြစ်သည်။ နောက်တစ်ဆင့် မှာ ဘယ်လောက်ကျယ်ကျယ် ဖွင့်မလဲ၊ ဘယ်လောက်မြန်မြန် ဖွင့်မလဲ၊ ဘယ် နယ်ပယ်တွေမှာ ဖွင့်မလဲ။ ကျယ်ကျယ်မြန်မြန် နယ်ပယ်ကိစ္စ ဖြစ်သည်။ ထိုကိစ္စသည် အသေးစိတ်လှပြီး မဟာဗျူဟာမြောက်၊ နည်းဗျူဟာမြောက် ကိစ္စဖြစ်သည်။
ယခု မြန်မာနိုင်ငံတွင်း ရောက်နေသော နိုင်ငံတကာ ကုမ္ပဏီကြီးများမှ တာဝန်ရှိသူ အချို့ကို တိုးတိုးတိတ်တိတ် မေးကြည့်လျှင် မြန်မာနိုင်ငံ တွင်းမှ မည်သည့်ကုမ္ပဏီ ကိုမှ သူတို့ မကြောက်ကြောင်း ဖြေကြလိမ့်မည်။ မြန်မာနိုင်ငံမှ ကြီးပေ့ ဆိုသော လုပ်ငန်းရှင်ကြီး များကို တရားဝင် အင်တာဗျူးလျှင် နိုင်ငံခြား လုပ်ငန်းများကို ရင်ဆိုင်သွားရန် အသင့်အနေအထား အပြောများ သော်လည်း တကယ်တမ်းတွင် လန့်နေကြသူက ပိုများသည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် အရင်းအနှီး၊ အတွေ့အကြုံ၊ လူသားအရင်းအမြစ်၊ စုဖွဲ့မှု အစစအရာရာ အားကောင်းသည်။ နိုင်ငံတကာကုမ္ပဏီ ဖြစ်ကတည်း ကိုက ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ဖူးပြီ။ နိုင်ငံကြီး နိုင်ငံငယ် ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ ဝင်ဖူးထွက်ဖူး ဝါရင့်လှပြီ။ သို့ကြောင့် မြန်မာလုပ်ငန်းရှင်တို့ စိုးရိမ်ကြသည် ဆိုလျှင် မထူးဆန်း။
မြန်မာပြည်သား တစ်ယောက်အနေနှင့် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်ချင်သည်။ ကိုယ့်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ ကြီးပွား စေချင်သည်။ အခြားနိုင်ငံများမှ ကုမ္ပဏီကြီး များသည် အမြတ်ငွေများရလျှင် သူ့နိုင်ငံသို့ သူပြန်သယ်သွားကြမည်။ မြန်မာနိုင်ငံမှ လူရာဂဏန်း၊ ထောင်ဂဏန်း လောက်သာ လစာရကြပြီး ကျန်သည်များ သူများအိတ်ထဲ ရောက်သွားလျှင် ထူးမခြားနားသာ။ အထူးသဖြင့် စားရမည့် လုပ်ငန်းနယ်ပယ် များတွင် မြန်မာ နိုင်ငံသား လုပ်ငန်းကြီးများ ကိုသာ တွင်ကျယ် စေချင်သည်။
သို့သော် တစ်ဖက်မှ ကြည့်ပြန်လျှင် မြန်မာနိုင်ငံ ကုမ္ပဏီကြီးများ၏ ဝန်ဆောင်မှုစွမ်းရည်မှာ တိုးချဲ့စရာ များစွာ ရှိနေပါသည်။ သူတို့ဝန်ဆောင်မှု အားနည်းလျှင် သာမန်ပြည်သူလူထု ဘဝ မလွယ်ကူ မချောမွေ့။ တိုးတက်သင့် သလောက် မတိုးတက်။ နိုင်ငံ့စီးပွားရေးလည်း ခရုပက်ကျိ သွားသကဲ့သို့ လေးတိလေးကန်နှင့် အောက်ကျနောက်ကျ ဖြစ်ရမည်။ နိုင်ငံအစိုးရအနေ နှင့် မိမိနိုင်ငံ အကျိုးစီးပွား ရှေ့တန်းတင် စဉ်းစားရသည်မှာ အစိုးရကောင်း တို့၏ ဓမ္မတာ။ နိုင်ငံ အကျိုးရှိစေမည့် နိုင်ငံခြားလုပ်ငန်း တို့ကို ပေးဝင်ရမည်။ အထူးသဖြင့် ကိုယ့်နိုင်ငံက လုပ်ငန်းများ မလုပ်တတ်သည့်၊ မလုပ်နိုင်သည့် လုပ်ငန်းများကို ဦးစားပေး ပေးဝင်ရမည်။ နိုင်ငံသားတို့ အကျိုးနည်းပါးသည့် လုပ်ငန်းများ၊ ထပ်တိုးတန်ဖိုး နည်းသည့် လုပ်ငန်းများကို ပိတ်ပင်ထားရမည်။ နိုင်ငံသားတို့ လုပ်နိုင်စွမ်းအား ရှိသည့် လုပ်ငန်းအမျိုးအစား များတွင် နိုင်ငံခြားသားတို့ အလွယ်တကူ ပေးမဝင်ရ။
ကိုယ့်နိုင်ငံတွင်
“ဒီလိုပစ္စည်းမျိုး ထုတ်တယ်” ဟု ဂုဏ်ယူရလောက်သည့် လုပ်ငန်းမျိုးများကို
ပင့်ဖိတ်ပြီးပင် ခေါ်ယူရဦးမည်။ ကိုယ့်နိုင်ငံတွင် လုပ်နိုင်သော
လုပ်ငန်းမျိုး ဆိုလျှင်လည်း ဖင့်နွှဲလေးဖင့်ကာ ပြိုင်ဘက်မရှိ အဆီယစ်နေသော
လုပ်ငန်းများမှ ပြည်သူလူထုကို အဆင့်နိမ့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များသာ
ပေးမည် ဖြစ်သည့်အတွက် သူတို့ထက် သာသော ပြည်ပလုပ်ငန်းများ ဝင်ရောက်လာလျှင်
သူတို့လည်း ယခုအနေအထားထက် ကြိုးစားရင်း ပိုတိုးတက်လာကြမည်။
တံခါးဖွင့် စီးပွားရေး ဖြစ်သော်လည်း မိမိလုပ်ငန်းတို့ကို ကာကွယ်ရန်
နည်းလမ်းများရှိပါသည်။ သို့သော် ကာကွယ်ခြင်းမှာ နိုင်ငံ့အကျိုးစီးပွား
အတွက်သာ ဖြစ်ရမည်။ မိမိနှင့် လက်သင့်ရာ တစ်ဦးစ နှစ်ဦးစကို ကာကွယ်လိုခြင်း
မဖြစ်ရ။ တစ်ခါတစ်ရံတွင် နယ်ပယ်ကို ကာကွယ်သယောင်ယောင်၊ အမျိုးသား
အကျိုးစီးပွားကို ကာကွယ်သယောင်ယောင်နှင့် အလွန်းသင့်ရာ တို့ကို
ကာကွယ်နေခြင်းလည်း ဖြစ်တတ်သည်။
ဆက်သွယ်ရေး နယ်ပယ်၏ တံခါး
အနေအထားကို လေ့လာကြည့်ရအောင်။ ထိုနယ်ပယ်သည် အစတွင် အရင်းစိုက်ရ သော်လည်း
နောက်ပိုင်းတွင် ပုံမှန် သဲ့ယူနိုင်သည့် အကျိုးအမြတ်ကြီး နယ်ပယ်ဖြစ်သည်။
နိုင်ငံတော်လုံခြုံရေး အရလည်း ထည့်တွက်ရမည့် နယ်ပယ် ဖြစ်သည်။ မြန်မာတို့
လုပ်နိုင်လျှင် အလွန်ကောင်းသည်၊ သို့သော် အရည်အသွေးနှင့် မည်မျှမြန်မြန်
ဝန်ဆောင်မှု ပေးနိုင်မည်နည်း ဆိုသည့် မေးခွန်းများလည်း ရှိသည်။
ငွေစိုက်နိုင်ခြေ၊ နည်းပညာ၊ အချိန်စသည့် အခြားအရာ များကို
ထည့်စဉ်းစားလိုက်ရာ နိုင်ငံခြား ကုမ္ပဏီတို့ လုပ်ကိုင်ခွင့် ရသွားသည်။
နောက်ထပ်လေ့လာနိုင်သည့် နယ်ပယ်မှာ ဘဏ်များဖြစ်သည်။ ဘဏ်များသည် ငွေလွှဲရာ၊
ငွေစုရာ သာမန်ဘဏ်များ အဖြစ်သာ တည်ရှိနေသည်။ စီးပွားရေး လုပ်ငန်းများ
စတင်ထူထောင်ရန်၊ တိုးချဲ့ရန် လိုအပ်သော ငွေအရင်းအနှီးကို ထိထိရောက်ရောက်
ထုတ်ပေးနိုင်ခြင်း မရှိသေးပါ။ စီးပွားရေး လုပ်လိုလျှင် ဘိုးစဉ်ဘောင်ဆက်
ငွေရှိမှသာ လုပ်နိုင်မည့်သဘော ဖြစ်နေသည်။ သူဌေး မိသားစုမှ မွေးဖွားလာတိုင်း
စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာသည်မဟုတ်။ ဆင်းရဲသူ
သို့မဟုတ် သာမန်လူ ထဲမှလည်း စွန့်စား လုပ်ကိုင်ရင်းဖြင့်
စီးပွားရေးလုပ်ငန်းကြီး ထူထောင်နိုင်သူများ ကမ္ဘာတွင်လည်း နာမည်ကျော်
ထဲတွင်ပင် များစွာရှိပါသည်။ယခု မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်လိုသူများအတွက် ဘဏ်မှ အရင်းအနှီးရရန် ခက်ခဲလှသည်။ စီးပွားရေး ထူထောင်ရန် ခက်လျှင် ထိုအလုပ်များမှ ရမည့်ဝင်ငွေ၊ ခန့်အပ်မည့် လုပ်သားတို့ မရှိနိုင်တော့။ အခြားနိုင်ငံများသို့ ကုန်စည်များ ပို့ဆောင်နိုင်မည် မဟုတ်၊ ပြည်တွင်းသို့ ဝင်လာသော နိုင်ငံခြား ထုတ်ကုန်များ၊ နိုင်ငံခြားကုမ္ပဏီ များနှင့်လည်း ယှဉ်နိုင်မည် မဟုတ်ပေ။ အခြားနိုင်ငံများမှ လာရောက် ပြိုင်ဆိုင်သော ကုမ္ပဏီများသည် အတိုးနှုန်း သက်သက်သာသာဖြင့် ဘဏ်ချေးငွေရယူပြီး လုပ်ကိုင်ကြသည်။ မြန်မာကုမ္ပဏီ တို့မှာ ၁၃ ကျပ် အတိုးနှုန်း ရလျှင်ပင် ကံကောင်းဟု သဘောထား နေကြရသည့်အတွက် တာထွက် ကတည်းက နောက်ကျနေသည်။
ထိုထိုသော အကြောင်းများကြောင့် ဘဏ်ကဏ္ဍတွင် နိုင်ငံခြားဘဏ် များကို ဖွင့်ပေးမည်လော၊ မည်သည့်အခါတွင် ဝင်ခွင့်ပေးမည်လဲ ဟူသော မေးခွန်းပေါ်လာသည်။ မြန်မာနိုင်ငံတွင်းသို့ ဝင်ရန် တံခါးခေါက်နေသော ဘဏ်များစွာရှိသည်။ အိမ်နီးချင်းနိုင်ငံ ဘဏ်များ ရှိသလို နိုင်ငံတကာ ဘဏ်ကြီးများလည်း ရှိသည်။ အများအပြားသည် ရုံးခွဲ ဖွင့်ထားကြပြီး ဝင်ခွင့်ပေးသည်နှင့် ဝင်နိုင်ရန် အခြေအနေကို အနီးကပ် စောင့်ကြည့် ပြင်ဆင်နေသည်။
တစ်ဖက်တွင် ဘဏ်ဆိုသည်မှာ
အောင်မြင်သွားလျှင် တကယ့်နှစ်ရှည် သီးပင်ဖြစ်ပြီး ပုံမှန် နေ့စဉ်အမြတ်
သိမ်းကျုံးယူရုံ ဖြစ်သည့်အတွက် နိုင်ငံခြားသား တို့ကို ပေးစားရမည်မှာ
နှမြောစရာ ကောင်းလှသည်။ ဘဏ်တို့ မဆင်မခြင် လုပ်ရပ်ကြောင့် ကမ္ဘာအနှံ့တွင်
ငွေကြေး အကျပ်အတည်း ဆိုက်ကြရသည်မှာ ရုန်းမထွက်နိုင်ကြသေးသည့် အချိန်တွင်
ပြည်ပဘဏ်များ လက်သို့ မြန်မာ့ ငွေကြေး စီးကြောင်း ပုံအပ်ရမည်မှာ
ကျောချမ်းစရာပင်။ နိုင်ငံတော်လုံခြုံရေး ကိစ္စပင် ဖြစ်သည်။
ယခုလောလောဆယ်တွင် ကျင့်သုံးနေပုံရသည့် မူဝါဒမှာ မြန်မာဘဏ်တို့ လုပ်နိုင်
ကိုင်နိုင်လာအောင် နှစ်အနည်းငယ် စောင့်ပြီး သူတို့ လောက်လောက်လားလား
ဖြစ်လာမှ ပြည်ပဘဏ်တို့ကို ဝင်ခွင့်ပေးမည့် ပုံပင်။ မြန်မာနိုင်ငံသို့
ဝင်ရန် စိုင်းပြင်းနေသည့် ပြည်ပမှ ဧရာမဘဏ်ကြီး တစ်ခုမှ ထိပ်တန်းပုဂ္ဂိုလ်
တစ်ဦးနှင့် စကားပြောသည့်အခါ ထိုသူက “အင်း၊ နောက် တစ်နှစ် ၂ နှစ်လောက်မှ
ဝင်ရမယ်နဲ့ တူတယ်” ဟု စိတ်အလွန်ပျက်နေပုံနှင့် ပြောပြဖူးသည်။သို့သော် မြန်မာဘဏ်တို့၏ ကြီးထွားနှုန်း ကလည်း ရှိသည်။ မြန်မာဘဏ်တို့ အတက်နှေးပါက စောင့်ရင်းစောင့်ရင်း မြန်မာ့စီးပွားရေး လုပ်ငန်းတို့ တာထွက်နောက်ကျမည်ကို စိုးရိမ် ရပြန်သည်။ အမျိုးမျိုးအဖုံဖုံ စဉ်းစား သုံးသပ်ပြီးမှ အဖြေကောင်းတစ်ခု ထွက်လာလိမ့်မည်။
ဘဏ်များနှင့် ဆက်သွယ်ရေးတို့သည် စာရေးသူစိတ်ထဲတွင် လတ်တလော ရှိနေသည့် ကဏ္ဍများ ဖြစ်သောကြောင့် ဥပမာ ပေးလိုက်ခြင်း ဖြစ်ပါသည်။ တံခါးအကျဉ်းအကျယ်၊ တံခါးဖွင့်ရမည့် နေရာ၊ မည်မျှမြန်မြန် ဖွင့်မည်တို့ကို ဆုံးဖြတ်ရန် နယ်ပယ်များစွာ ကျန်ရှိနေပါသည်။ တံခါးကိစ္စတွင် ဆုံးဖြတ်ချက် မှန်မှသာ မြန်မာ့ရှေ့ရေး ကောင်းမည်ဖြစ်သည်။
Credit to The Voice Weekly
Post a Comment