အဖွဲ့အစည်းတစ်ခု၊ ရုံးတစ်ရုံး၊ ဌာနတစ်ခုအတွင်း လုပ်ငန်းများ အောင်မြင်
ချောမွေ့စေရေး၊ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်နိုင်ရေးအတွက်
မှန်ကန်သော စီမံခန့်ခွဲမှု၊ စနစ်ကျသော ကြီးကြပ်ကွပ်ကဲမှု အလွန်
အရေးကြီးကြောင်း ပညာရှင်တို့ လမ်းညွှန်ခဲ့ကြပါသည်။ အရည်အချင်း ပြည့်ဝသော
ခေါင်းဆောင်ကောင်းတို့ လိုက်နာကျင့်ကြံ အားထုတ် ဆောင်ရွက်ကြပါသည်။
ယနေ့အချိန်အခါဝယ်
အသုံးတွင်ကျယ်လျက် ရှိသော စကားလုံးမှာ ပြုပြင် ပြောင်းလဲရေး ဖြစ်ပါသည်။
ပြုပြင် ပြောင်းလဲဆိုသော စကားကို မြန်မာ အဘိဓာန်တွင် ‘ကောင်းမွန်သော
အခြေအနေသို့ ရောက်အောင် ရှိရင်းတစ်ခုနှင့် အခြားတစ်ခုကို လဲလှယ်
ဆောင်ရွက်သည်’ ဟု အဓိပ္ပာယ် ဖွင့်ထားပါသည်။ စာရေးသူသည် ပညာရေးသမား ဆရာတစ်ဦး
ဖြစ်သောကြောင့် စိတ်ဝင်စား ဆုံးအရာမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု
အကြောင်းအရာများ ဖြစ်ပါသည်။ ပညာရေး ပြုပြင် ပြောင်းလဲရာတွင်
ရှိပြီးဖြစ်သော အကြောင်းအရာများ၊ နည်းဟောင်းများ၊ လူပုဂ္ဂိုလ်များကို
ပြန်လည် ဆန်းစစ်ရပါမည်။ ရေလဲနှင့် အသုံးချရုံမျှဖြင့် ပြုပြင်
ပြောင်းလဲသည်ဟု မခေါ်ဆိုနိုင်ပါ။ပညာရေး ရည်ရွယ်ချက်သည် သစ်ဆန်းရမည်။ သင်ကြား ပို့ချမှုမှာလည်း နည်းသစ်များ ဖြစ်ရမည်။ မိမိနှင့် အကျွမ်းတဝင်ရှိသော မိမိ၏ လမ်းညွှန် ချုပ်ကိုင်မှုကို ခံယူတတ်သော ပညာသည်များကို မိမိ အလိုဆန္ဒအရ ရွေးချယ် ခေါ်ယူဆောင်ရွက်မည့်အစား အတွေ့အကြုံ ရင့်ကျက်သော၊ အရည်အချင်း ပြည့်ဝသော၊ လုပ်ငန်းနှင့် အကျွမ်းတဝင်ရှိသော ပညာရှင်များနှင့် အစားထိုး ဆောင်ရွက်စေရပါမည်။ လူတစ်ဦးချင်းစီ၏ တန်ဖိုးရှိခြင်း၊ လူတိုင်း လူတိုင်း ပါဝင် ဆောင်ရွက်ရမည့် တာဝန်ရှိခြင်း၊ တစ်ဦးချင်းစီ၏ စွမ်းရည်ကို နားလည်လက်ခံပြီး ပါဝင် ဆောင်ရွက်ခွင့်ပြုခြင်း၊ တစ်ဦးချင်းအပေါ် ယုံကြည်မှုနှင့် တစ်ဦးချင်းစီ၏ ကြိုးပမ်းမှုတို့ ဆက်သွယ်နေခြင်းတို့ကို အသိအမှတ် ပြုရပါမည်။
ဘယ်ပုံဘယ်နည်း ပြောင်းလဲရမည်ဟု အတိအကျ မဆိုနိုင်သော်လည်း အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန် ပြောင်းလဲခြင်းကိုမူ အဓိကထား စဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာ့ပညာရေး သမိုင်းတစ်လျှောက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ ပညာရေးမူဝါဒများ၊ ပညာရေး လုပ်ငန်းများ ဖန်တီးလျက် မြန်မာ့ ရေမြေ သဘာဝနှင့် လျော်ညီသော ပညာရေးစနစ်ကို စီစဉ် ဆောင်ရွက်ခဲ့ကြပါသည်။ ကဏ္ဍ တစ်ခုချင်းအလိုက် သေချာစွာ လေ့လာဆန်းစစ်မည် ဆိုပါက ပြီးပြည့်စုံမှု ရှိသည်ဟု မဆိုနိုင်သော်လည်း လမ်းညွှန်ချက်များအတိုင်း သတ်မှတ် လျာထားချက်များနှင့်အညီ ထိရောက်စွာ အကောင်အထည် ဖော်ကြမည် ဆိုပါက ခေတ်နှင့် လျော်ညီစွာ နိုင်ငံတကာကို ရင်ပေါင် တန်းနိုင်ကြောင်း ပညာရေး ပညာရှင်များ လက်ခံထားကြပါသည်။ သို့ရာတွင် ပညာရေးစနစ် လုပ်ငန်း လမ်းညွှန်ချက်များမှာ လက်သုံး ကိရိယာမျှသာ ဖြစ်၍ လက်တွေ့ လုပ်ဆောင်နေသူများမှာ လူများ ဖြစ်ကြပါသည်။ ထိရောက်စွာ အကောင်အထည် ဖော်မှု အားနည်းသောကြောင့် ပညာရေး အဆင့်အတန်း နိမ့်ကျလျက် ရှိကြောင်း ထောက်ပြ ဝေဖန်မှုများ ကြုံတွေ့နေရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့်အတွက် တိုင်းရင်းသား ဘာသာစကား လေ့လာ သင်ယူနိုင်ရေး ပညာရေး စနစ်အတွင်း ထည့်သွင်း စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သော အခြေခံ ပညာရေးစနစ် ဥပဒေသစ်အရ မူလတန်း အဆင့်တွင် သူငယ်တန်းမှ စတုတ္ထတန်း၊ အလယ်တန်းဆင့်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်း၊ အထက်တန်းဆင့်တွင် နဝမတန်းနှင့် ဒသမတန်း ထား၍ ပညာရေး ဖွဲ့စည်းပုံကို သတ်မှတ်ခဲ့ပါသည်။ ယခုအချိန် တိုင်အောင် ကျင့်သုံးဆဲ ဖြစ်ပါသည်။ စာသင်ချိန်နှင့် ပတ်သက်၍ ပြည်နယ်နှင့် ချင်းဝိသေ သတိုင်း (ထိုစဉ်က အသုံးအနှုန်း) ရှိ မူလတန်း ကျောင်းများတွင် မိမိတို့၏ တိုင်းရင်းသား ဘာသာ သင်ကြားနိုင်စေရန် အလို့ငှာ သူငယ်တန်းတွင် တစ်ပတ်လျှင် ငါးကြိမ်၊ ပထမတန်းနှင့် ဒုတိယတန်းတွင် တစ်ပတ်လျှင် ခြောက်ကြိမ်စီ တိုင်းရင်းသားဘာသာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါသည်။ သို့ရာတွင် လက်တွေ့ဆောင်ရွက်မှု မရှိသောကြောင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြခြင်းမှာ ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှု တစ်ရပ်ဟု ဆိုပြီး ရာထူးများကို ပုံအော၍ တိုးမြှင့်ခန့်ထား ပေးခဲ့ပါသည်။ ပညာရေး ဆွေးနွေးပွဲ တစ်ခုတွင် အငြိမ်းစား ပညာရေး အရာရှိကြီးတစ်ဦးက လက်ရှိ တာဝန် ထမ်းဆောင်လျက်ရှိသော ပညာရေး အရာရှိများကို ပညာရေး စာအုပ်များ ဖတ်ဖူးမှုရှိ မရှိ၊ ပညာရေး မြှင့်တင်မှု အစီအစဉ်နှင့် ဆရာများ အခန်းကဏ္ဍ (ပညာရေး လက်စွဲ၊ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ) စာအုပ်ကို ဖတ်ဖူးမှုရှိ မရှိ သိလို၍ လက်ညှိုး ထောင်စေခိုင်းခဲ့သည်။ အများစုမှာ ဖတ်ဖူးသူများ မဟုတ်ကြကြောင်း ဖော်ထုတ်ခဲ့ခြင်းကို ကိုယ်တွေ့ ကြုံခဲ့ရပါ သည်။ “ပြောရမှာတော့ အားနာပါတယ်၊ အရည်အချင်းမရှိဘဲ ရာထူး ရယူခဲ့ကြခြင်း ဖြစ်တယ်” ဟု အဆိုပါ အရာရှိကြီး၏ ထပ်ဆင့် ပြောကြားချက်ကိုလည်း ကြားခဲ့ရပါသည်။ ထို့ကြောင့် ရာထူး၊ တာဝန်နှင့် အညီရပိုင်ခွင့်၊ လုပ်ဆောင်ခွင့်နှင့်အတူ အရည်အချင်း ပြည့်ဝရေးမှာလည်း ပညာရေး ပြုပြင် ပြောင်းလဲမှုအတွက် စီမံခန့်ခွဲမှု လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။
ရာထူးတိုးမြှင့် ခန့်ထားရာတွင် ပညာရေး ပြုပြင် ပြောင်းလဲမှုအရဟု ဆိုပြီး အရည်အချင်းစစ် စာမေးပွဲ ကျင်းပလျက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ပါသည်။ ရာထူးသက် မှတ်တမ်း စာမေးပွဲ ရမှတ်များကိုသာ အဓိကထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ သတ်မှတ်ထားသော အရည်အချင်း အကဲဖြတ် ရမှတ်များကိုမူ ထည့်သွင်း စဉ်းစားဆောင်ရွက်မှု မပြုခဲ့ပါ။ သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူ အသီးသီးထံတွင် ခိုင်လုံသော ဆောင်ရွက်မှု မှတ်တမ်းများ မထားနိုင်သောကြောင့် ဖြစ်ကြောင်းကို တာဝန်ယူ ဆောင်ရွက်ခဲ့သော ပညာရေး အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိခဲ့ရပါသည်။ သင်ကြားရေး ကျွမ်းကျင်သူ ဆရာ၊ ဆရာမ များကို ရုံးလုပ်ငန်း တာဝန်များ ဆောင်ရွက်စေပြီး ပညာသင်ကြားမှု အတွေ့အကြုံ နုနယ်သူများကို သင်ကြားမှု နည်းစနစ်များ ဆွေးနွေးစေခြင်း၊ ကျောင်းများ စစ်ဆေးခြင်းအတွက် ရာထူးအရ တာဝန်ပေး ဆောင်ရွက် စေခြင်းမှာလည်း ပညာရေး စီမံခန့်ခွဲမှု မှန်ကန်ရေးအတွက် ဆင်ခြင် သတိပြုရမည့်၊ ရှောင်ကြဉ်ရမည့် အချက်တစ်ရပ် ဖြစ်ပါသည်။
သင်ကြား သင်ယူမှု ထိရောက် ကောင်းမွန်စေရေးအတွက် လိုအပ်ချက် ဖြစ်သော ဆရာ ကျောင်းသား အချိုးညီမျှစေရန် ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက မူလတန်းပြ ဆွဲခန့်ဆရာများ ခန့်ထားခဲ့ပါသည်။ တောနယ် တစ်ခုရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသား ၈၀ ခန့် ရှိပြီး အဆိုပါ ဆွဲခန့် ဆရာမတစ်ဦးသာ ရှိပါသည်။ အလားတူပင် ကျောင်းသား ၉၀ ခန့် ရှိသော မြို့မကျ တောမကျ ကျောင်း တစ်ကျောင်းတွင်မူ ဆွဲခန့် ဆရာမ နှစ်ဦး အပါအဝင် ဆရာ၊ ဆရာမ လေးဦး ရှိပါသည်။ ဆွဲခန့် ဆရာမ နှစ်ဦးအနက် တစ်ဦးက သူငယ်တန်း၊ တစ်ဦးက ပထမတန်း သင်နေကြရပါသည်။ ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆရာကျောင်းသား အချိုးမှာ ၁း၂၇ ဖြစ်သည်ဟု သိရပါသည်။ အခြေခံပညာ ခိုင်ခံ့ ကောင်းမွန်စေရေးအတွက် အလွန်အရေးကြီးဆုံး ဖြစ်သော သူငယ်တန်းကို အတွေ့အကြုံ နုနယ်သော၊ သင်ပြမှု နည်းပညာ ကျွမ်းကျင်မှု မရှိသေးသူများကို တာဝန်ပေး သင်ကြားစေခြင်းသည် များစွာ ရင်နာဖွယ် ဖြစ်ပါသည်။ မြို့နယ် တာဝန်ရှိသူများ အနေနှင့်လည်း သင်တန်း အမျိုးမျိုး၊ အစည်းအဝေး အကြိမ်ကြိမ် သွားနေရသဖြင့် ပင်မလုပ်ငန်းဖြစ်သော ပညာရေး လုပ်ငန်း ကြီးကြပ်ကွပ်ကဲမှုအတွက် စနစ်တကျ မဆောင်ရွက်နိုင် ဖြစ်နေရပါသည်။ ဖြစ်ရပ် အခြေအနေ မှန်များအနက်မှ တစ်ခုမျှသာ ဖြစ်ပါသည်။
ပညာရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်း အစီအစဉ်များ ချမှတ်နိုင်ရန် အဖွဲ့အလိုက် အစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပလျက် ရှိပါသည်။ အဆိုပါ အစည်းအဝေးများတွင် အငြိမ်းစား ပညာရေး အရာရှိကြီးများက ဦးဆောင် ဆွေးနွေးကြပါသည်။ ပါဝင် ဆွေးနွေးသူများမှာ ၎င်းတို့နှင့် ရင်းနှီး ကျွမ်းဝင်သော အငြိမ်းစား ပညာရေး အရာရှိများ၊ ပညာရေးဌာနအတွင်း တာဝန် ထမ်းဆောင်ဆဲ ရာထူးအဆင့်အလိုက် သတ်မှတ် ခေါ်ယူထားသူများ ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါဟု ဆိုသော်လည်း အကြောင်းအရာ တစ်ခုကို အကန့်အသတ် တစ်ခုအတွင်း ဆွေးနွေးစေရန် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အမည်ကို ရာထူးအလိုက် ခေါ်၍ ဆွေးနွေးစေပါသည်။ အချို့သော အခြားသော ဆရာများ၏ ဆွေးနွေးမှုကိုမူ အချိန်ကို ငဲ့ညှာသောအားဖြင့်ဟု ဆို၍ ကန့်သတ် ဆွေးနွေးစေပါသည်။ အစဉ်အလာအရ ပညာရေးဌာနတွင် အဆင့်မြင့် တာဝန်ယူခဲ့ပြီး လုပ်ငန်းထိရောက် အောင်မြင်စေရန် ဆောင်ရွက်မှု မပြုသူများက ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ဦးဆောင် ဆွေးနွေးနေခြင်းမှာ မြန်မာ့ပညာရေး ရင်လေးစရာ ဖြစ်ပါသည်။ လက်ရှိ ပညာရေး ဌာနအတွင်း အဆင့်မြင့် တာဝန်ယူနေသူ များကလည်း အရည်အသွေး ပြည့်ဝပြီး လောင်းရိပ် ကင်းကင်း ဆောင်ရွက်နိုင်ရေး လိုအပ်သကဲ့သို့ အရည်အချင်း ပြည့်မီသူများကို စိစစ်ရွေးချယ် တာဝန်ပေးရန် လိုအပ်ပါသည်။ ပြင်ပ ပညာရေး ပညာရှင်များ၏ အကြံဉာဏ်ကိုလည်း ရယူဆွေးနွေး အမြင်ချင်း ဖလှယ်သင့်ပါသည်။
‘သန်း ၆၀ သော ပြည်သူများတွင် အစိုးရ ဝန်ထမ်းမှာ တစ်သန်းခန့် ရှိပါသည်။ ၎င်းတို့အနက် ပြုပြင်ပြောင်းလဲ လိုသူများမှာ ၁၀၀၀ လောက်သာ ရှိပြီး ကျန်သော သူများမှာ တရွတ်တိုက် လိုက်နေဆဲ ဖြစ်သည်’ ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦး ပြောခဲ့သည်ဟု သိရပါသည်။ ဖြစ်ရပ် အခြေအနေကို သိလျှင် နည်းလမ်းရှာ ဖြေရှင်းရန်သာ လိုအပ်ပါသည်။ တရွတ်တိုက်လိုက် နေသူများကို စည်းရုံး၍ ပညာပေးပြီး မလိုက်နိုင်ပါက လက်တွဲ ဖြုတ်ရန်သာ ဖြစ်ပါသည်။ ဟန်ပြ လုပ်ဆောင်လိုသော သဘော၊ နေမြဲဆက်နေလိုသော သဘော၊ လုပ်ငန်း ကျွမ်းကျင်အောင် လေ့လာအားထုတ် ကြိုးစားလိုမှု ကင်းမဲ့သော သဘော၊ ဆရာမွေး တပည့်မွေးလိုသော သဘောများ အရိုးစွဲနေခြင်းများ ပညာရေးဌာန တာဝန်ရှိသူ အသီးသီးထံ လွှမ်းမိုးနေမည် ဆိုပါလျှင် မြက်ခင်းစိမ်းစိမ်း လွှမ်းထားသည့် ရွှံ့နွံ ထူထပ်သော အိခုံ (နွံ) ထဲသို့ ရောက်နေသူကဲ့သို့ လှုပ်လေမြုပ်လေ ပညာရေး ဖြစ်သွား နိုင်သောကြောင့် အတ္တစွဲ ကင်းကင်းဖြင့် စဉ်းစား ရှောင်ကြဉ် ပြုပြင်သင့်ပြီ ဖြစ်ပါသည်။
မြန်မာ့ ပညာရေး ပြုပြင် ပြောင်းလဲမှုကို လှုပ်ရှားမှုသာ ရှိပြီး အသံမမြည်သော၊ အသံမထွက်သော ပတ်ခြောက် တီးဝိုင်းမျိုး မဖြစ်စေလိုပါ။ ငြိမ့်ညောင်း သာယာသံတို့ဖြင့် ပြွမ်းသော တေးသံစုံ တူရိယာတီးဝိုင်း ဖြစ်စေလိုသည်မှာ ပညာရေးသမား ဆရာ ဆရာမများ၏ မွန်မြတ်သော ဆန္ဒအမှန်သာလျှင် ဖြစ်ပါသည်။
Credit To The Voice Weekly
Post a Comment