Saturday, August 24, 2013

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအပြောင်းအလဲလော


ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကြေညာချက်အမှတ် ၃/၂၀၁၃ ထုတ်ပြန်ခဲ့သည့် သတင်းကို The Voice Daily သတင်းစာတွင် ဖတ်ရှုလိုက်ရသည်။

သာမန်အားဖြင့် မြန်မာကုမ္ပဏီများ၏ သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့ မှတ်တမ်းတွင် ကုမ္ပဏီ၏ ခွင့်ပြုမတည်ငွေရင်း (Authorized Share Capital) နှင့် ကနဦးမတည်ငွေရင်း (paid up share Capital) ဟု ခွဲခြားသတ်မှတ်ထားရာ ခွင့်ပြုမတည်ငွေရင်း ပမာဏကို စိတ်ကြိုက်သတ်မှတ်ခွင့် ရှိသော် လည်း ကနဦးထည့်သွင်းရမည့် မတည်ငွေရင်းကို ဝန်ဆောင်မှု၊ ခရီးသွားလာရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီများအတွက် ကျပ်သိန်းငါးဆယ်နှင့် ဆောက်လုပ်ရေးနှင့် ထုတ်လုပ်မှု ကုမ္ပဏီများအတွက် ကျပ်သိန်းငါးရာဟု ကုမ္ပဏီမှတ်ပုံတင်ရုံးက ပုံသေသတ်မှတ်ထားပါသည်။ ဈေးကွက်စီးပွားရေး ခေတ်ဦး ၁၉၈၈-၈၉ ဝန်းကျင်ကတည်းက မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်း တည်ထောင်ကြသော မြန်မာကုမ္ပဏီအများစုမှာ အဆိုပါ ကနဦးထည့်ဝင်ငွေရင်းကို ဘဏ်စာရင်း ဖွင့်လှစ်ပြီး အမှန်တကယ် ထည့်သွင်းပြီး ဘဏ်စာရင်းရှင်းတမ်းကို ပြသရန် မလိုအပ်ခဲ့ပါ။ ထို့ကြောင့် ကုမ္ပဏီအများစုမှာ ကုမ္ပဏီ စတင်တည်ထောင်ချိန်တွင် ကုန်ကျစရိတ် အတန်အသင့်ဖြင့် ဖွဲ့စည်းတည်ထောင်နိုင်ပြီး ကုမ္ပဏီ တည်ထောင်ပြီးချိန်မှသာ ဈေးကွက်ရှာဖွေခြင်း၊ လုပ်ငန်းအဆက်အသွယ်များ ရှာဖွေခြင်း အစရှိသည်တို့ကို ဆောင်ရွက်နိုင်ကာ လုပ်ငန်းကို တဖြည်းဖြည်း တိုးတက်အောင် ကြိုးစားဆောင်ရွက်နိုင်ကြပါသည်။ ထို့အတူ သင်းဖွဲ့မှတ်တမ်း သင်းဖွဲ့စည်းမျဉ်းတွင် ဖော်ပြထားသော ကုမ္ပဏီ၏ သတ်မှတ် မတည်ငွေရင်းကိုလည်း လုပ်ငန်း အပေါ်မှ ဝင်ငွေဖြင့် အခွန်ဆောင်ရင်း စုဆောင်းရင်းဖြင့် တဖြည်းဖြည်း ပြည့်မီအောင် လုပ်ကိုင်နိုင်ခဲ့ကြပါသည်။

ထို့အတူ ... ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေကို မြန်မာနိုင်ငံ လက်ခံကျင့်သုံးလျက်ရှိသော စာရင်းကိုင်စနစ်နှင့် ညီညွတ်ကိုက်ညီမှုရှိအောင် တရားဝင်မှုရှိအောင် ဆောင်ရွက်ကြရပါသည်။ ထိုမှတစ်ဆင့် ကုမ္ပဏီ၏ လုပ်ငန်းအခြေအနေ တိုးတက်လာသည့်အချိန်မျိုး၊ ကုမ္ပဏီလုပ်ငန်းပမာဏ အရ ... ခွင့်ပြုမတည်ငွေရင်းကို တိုးမြှင့်ရန် လိုအပ်လာသည့် အချိန်မျိုးတွင်လည်း တည်ဆဲဥပဒေ ဖြစ်သော မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ တိုးမြှင့်ရန် ဆောင်ရွက်နိုင်ကြပါသည်။

ယခုကြေညာချက်အပေါ် သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ မှတ်ချက်စကားအရ မြန်မာကုမ္ပဏီများ၏ သက်တမ်းကို ငါးနှစ်အထိ တိုးမြှင့်ပေးလိုက်သည့်နောက်ပိုင်း အခွန်တိမ်းရှောင်မှုများ မဖြစ်ပေါ်စေရန် အတွက် ယခုလို စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရပြီး သက်ဆိုင်ရာဌာန အနေနှင့် အလုပ်လုပ်ခြင်းလည်းမရှိ လိပ်စာအတိအကျလည်း မရှိသဖြင့် ဆက်သွယ်၍ မရနိုင်သော ကုမ္ပဏီများကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လျက် ရှိကြောင်းကိုလည်း သိရှိရပါသည်။

အဆိုပါဌာနဆိုင်ရာ အကြီးအကဲ၏ မှတ်ချက်နှင့် ပတ်သက်ပြီး များစွာအံ့သြမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီများ အခွန်တိမ်းရှောင်မှုနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသော ဌာနမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာ တာဝန်ရှိသော ဌာနကအခွန်ငွေနှင့် ပတ်သက်၍ သိသာထင်ရှားသော ပတ်သက်မှု မရှိသည့် လုပ်ထုံးလုပ်နည်းတစ်ခုကို သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ကုမ္ပဏီမှတ်ပုံတင်ရုံး၏ လုပ်ထုံးလုပ်နည်းအရ မြန်မာကုမ္ပဏီများအဖို့ စတင် မှတ်ပုံတင် လျှောက်ထားစဉ်ကတည်းက ကုမ္ပဏီရုံးခန်း၏ အမှန်တကယ်လိပ်စာ၊ ပထမ ဒါရိုက်တာများ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ နေရပ်လိပ်စာနှင့်တကွ တင်ပြရခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနသို့ မှတ်တမ်း အချက်အလက်များပေးပို့ပြီး မှန်ကန်ခြင်းရှိ မရှိ စိစစ်ပြီးမှ မှတ်ပုံတင် ထုတ်ပေးလျက် ရှိပါသည်။ ထို့အတူ ကုမ္ပဏီ သက်တမ်းတိုးမြှင့်ရန် လျှောက်ထားသော ကုမ္ပဏီများအတွက်လည်း သက်ဆိုင်ရာ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ အခွန်ဆိုင်ရာ ထောက်ခံချက်များ တင်ပြနိုင်မှ သက်တမ်းတိုးမြှင့်ပေးလျက် ရှိပါသည်။

သို့ဖြစ်ပါသောကြောင့် ကုမ္ပဏီများ အခွန်တိမ်းရှောင်မှုမှာ ကုမ္ပဏီမှတ်ပုံတင်ရုံး၏ အားနည်းချက် ပြဿနာဟု ရှုမြင်နိုင်စရာမရှိပါ၊ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီထံမှ ထိုက်သင့်သော အခွန်ဘဏ္ဍာငွေ ရရှိအောင် ကောက်ခံရမည့်တာဝန်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်မည်ဟု ယူဆပါသည်။ ကုမ္ပဏီ မှတ်ပုံတင်ရုံးအနေနှင့် ဌာနအချင်းချင်း ချိတ်ဆက်ပြီး အခါအားလျော်စွာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လုံလောက်သည်ဟု ထင်ပါသည်။ နိုင်ငံအတွက် အခွန်ဘဏ္ဍာငွေ ရှာဖွေရာတွင် အခွန်ထမ်းထံမှ အခွန်ငွေကို အရအမိ ကောက်ခံနိုင်ရေးမှာ အခွန်ဆိုင်ရာ မူဝါဒများနှင့်သာ တိုက်ရိုက်အချိုးကျမည်ဟု မှတ်ယူပါသည်။ ဖြစ်သင့်ဖြစ်ထိုက်သော အခွန်နှုန်းထား၊ တရားမျှတသော အခွန်ကောက်ခံမှုစနစ်၊ အဂတိတရား ကင်းရှင်းသော ပြည်သူ့ဝန်ထမ်းများနှင့် တာဝန်သိ ပြည်သူများ ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ရှုပ်ထွေးမှု ကင်းရှင်းသော လုပ်ထုံးလုပ်နည်းများဖြင့် ပွင့်လင်းမြင်သာစွာ ကောက်ခံပါက တိုင်းပြည်အတွက် လိုအပ်သော အခွန်ဘဏ္ဍာငွေကို အလေအလွင့် နည်းပါးစွာဖြင့် ကောက်ခံရရှိနိုင်မည်ဟု ယုံကြည်ထားပါသည်။

အစိုးရသစ် လက်ထက်တွင် မြန်မာကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ခြင်း သက်တမ်းတိုးမြှင့်ခြင်းတို့နှင့် ပတ်သက်၍ မြင်သာထင်သာသော တိုးတက်ပြောင်းလဲမှုများ ဖြေလျှော့ပေးမှုများကို မြင်တွေ့ခဲ့ရပါသည်။ ကုမ္ပဏီများ၏ သက်တမ်းကို တိုးမြှင့်သတ်မှတ်ပေးခြင်း၊ လုပ်ငန်းရည်ရွယ်ချက် ကန့်သတ်မှုများကို ဖြေလျှော့ပေးခြင်းမှ အစပြု၍ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် အွန်လိုင်းဝန်ဆောင်မှုပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် One Stop Service ရုံးဖွင့်လှစ်၍ ဝန်ဆောင်မှုပေးခြင်းတို့အထိ ဖြစ်ပေါ်တိုးတက်မှုများကို အားရစဖွယ် မြင်တွေ့ရပါသည်။

သို့သော် ယခုနောက်ဆုံး ကြေညာလိုက်သည့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဆိုလျှင် အရင်းအနှီး နည်းပါးသော အငယ်စားနှင့် အလတ်စား မြန်မာလုပ်ငန်းရှင်များ အနေနှင့် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ရန် ပိုမိုခက်ခဲသွားနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီ တည်ထောင်ပြီး လုပ်ငန်းတစ်ခု စတင်ထူထောင်ရန် တာစူနေသူများအဖို့ ခွဲဝေနေရာချထားရမည့် ကုန်ကျစရိတ်မှာ များပြားလှသည်ဖြစ်ရာ ထိုကုန်ကျစရိတ်များအနက် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်းအတွက် ငွေသား သိန်းငါးရာခန့်ကို ဘဏ်အတွင်းသို့ ထည့်သွင်းရမည့် လုပ်ငန်းမှာလည်း အခက်အခဲတစ်ခု ဖြစ်လာနိုင်ပေသည်။ ထို့ပြင်ဤမျှသော ငွေကြေးပမာဏအတွက် ခွဲဝေနေရာချထားရန် အခက် အခဲရှိသော လုပ်ငန်းငယ်များအဖို့ ဘဏ်သို့မဟုတ် အခြားငွေရှင်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းကာ ခေတ္တခဏ ငွေချေးငှားပြီး ဘဏ်ရှင်းတမ်းပြသော လုပ်ငန်းများ ထွန်းကားလာနိုင်ဖွယ် ရှိပါသည်။ အချုပ်ဆိုရလျှင် လုပ်ထုံးလုပ်နည်း အဆင့်တစ်ဆင့် ပိုမိုလာခြင်းသာ အဖတ်တင်ပြီး အရင်းအနှီး နည်းပါးသော လုပ်ငန်းရှင်များအတွက် အခက်အခဲ အဟန့်အတားဟုသာ ရှုမြင်မိပါသည်။

ဒေသတွင်းနိုင်ငံများကို မျှော်ကြည့်လျှင် စင်ကာပူနိုင်ငံတွင် စင်ကာပူနိုင်ငံသား လုပ်ငန်းရှင်တစ်ဦးအဖို့ ကနဦး မတည်ငွေရင်း စင်ကာပူတစ်ဒေါ်လာ ထည့်သွင်းရုံမျှဖြင့် ကုမ္ပဏီမှတ်ပုံတင်ကြေး စင်ကာပူဒေါ်လာသုံးရာ ပေးသွင်းကာ ကုမ္ပဏီ တည်ထောင်နိုင်ပါသည်။ ထိုင်းနိုင်ငံတွင်မူ ထိုင်းနိုင်ငံသား သုံးဦးရှိပါက ကနဦးမတည်ငွေရင်း ၁၅ ဘတ် ထည့်သွင်းရုံမျှဖြင့် ကုမ္ပဏီမှတ်ပုံတင် ကြေး ဘတ် ၇၀၀၀ ပေးသွင်းပြီး ကုမ္ပဏီ တည်ထောင်နိုင်ပါသည်။ ယင်းကဲ့သို့ ဒေသတွင်းနိုင်ငံများတွင် မိမိနိုင်ငံသားများကို လွယ်လင့်တကူ ကုမ္ပဏီထူထောင်နိုင်ရန် လုပ်ထုံးလုပ်နည်းနှင့် ဥပဒေများ အပြိုင်အဆိုင် ဖြေလျှော့ထားသည်ကို လှမ်းမျှော်ကြည့်ပြီး အတုယူသင့်ပါသည်။ ပြိုင်ဆိုင်မှု ကြီးမားပြင်းထန်သော နိုင်ငံတကာ ဈေးကွက်တွင် တိုးဝင်ရန် သို့တည်းမဟုတ် တိုးဝင်လာသော နိုင်ငံတကာဈေးကွက်ကို ရင်ဆိုင်အန်တုရန် အချိန်အခါကို ရောက်ရှိ နေသော မြန်မာနိုင်ငံအနေနှင့် မိမိ၏ ပြည်တွင်းလုပ်ငန်းရှင်များ အထူးသဖြင့် အလတ်စားနှင့် အငယ်စား လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေးကို အထူးတလည်အားစိုက်ပြီး ကျားကန်ပေးသင့်သည့် အချိန်အခါ ဖြစ်ပါသည်။ ယင်းသို့သော အချိန်အခါမျိုးတွင် ယခုကဲ့သို့ လုပ်ငန်းရှင်ငယ်များကို ပိုမိုခက်ခဲစေသည့် လုပ်ထုံးလုပ်နည်းအသစ်များ ပြဋ္ဌာန်းနေသည့်အပေါ် မည်သို့ နားလည်ရမည် မသိနိုင်ပါ။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားမှာ ရေရှည်ကို အမြော်အမြင်ကြီးစွာ လှမ်းမျှော်ကြည့်ပြီး ကောင်းမွန်စွာ စီမံခန့်ခွဲမည်ဆိုပါက ... အသီးအပွင့်များစွာ ဖြစ်ထွန်းလာနိုင်သော အခြေအနေကောင်း တစ်ရပ်ကို ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဤကဲ့သို့သော အချိန်အခါကောင်းတွင် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော အင်စတီကျူးရှင်းများသည် မူဝါဒကောင်းများ ချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု များအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနေသည်ကို သတိပြုမိပါသည်။ ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှု မူဝါဒများ ချမှတ်ရာတွင် မိမိနိုင်ငံသားများ၏ အကျိုးစီးပွားကိုလည်း သတိကြီးကြီးထားပြီး အကာအကွယ် ပေးသင့်ပါသည်။ မိမိနိုင်ငံသားများဟု ဆိုရာတွင် ငွေကြေးပမာဏများစွာကို ရင်းနှီးပြီး လုပ်ကိုင်ဆောင်ရွက်နေသော လက်တစ်ဆုပ်စာ လုပ်ငန်းရှင်ကြီးများဆိုသည်ထက် လူများစုဖြစ်သော အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အထူးတလည် ထည့်သွင်းတွက်ချက် သင့်ပါသည်။

ဈေးကွက်စီးပွားရေး ခေတ်ဦး မကြာသေးမီကာလများအတွင်းက လွဲမှားသည့် မူဝါဒများနှင့် နိုင်ငံရေး အခြေအနေများကြောင့် အတွင်းအပြင် အပြန်အလှန် ပိတ်ဆို့ဟန့်တားမှုများဖြင့် တိုင်းပြည် နစ်နာခဲ့ရသည်။ စီမံခန့်ခွဲမှု အလွဲအချော်များဖြင့် လူများစု၏ အကျိုးစီးပွားကို လျစ်လျူရှုထားခဲ့သည့် အတိတ်ဆိုးမှာ မဝေးကွာလှသေးပါ။ နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါလှသည့် သမိုင်းမော်ကွန်း ရေးထိုးလျက်ရှိသော ယခုအချိန်ကဲ့သို့ ကာလမျိုးတွင် စီမံခန့်ခွဲမှု အလွဲအချော်များ၊ ကိုယ်ကျိုးစီးပွားနှင့် မကင်းသော မူဝါဒများ၊ အမှားအယွင်းကို အမှားမှန်းသိလျက်နှင့် ခေါင်းရှောင်နေသော လုပ်ရပ်များကို တွေ့မြင်နေရပါသေးသည်။ ထိုဖြစ်ရပ်များ လုပ်ရပ်များသည် များစွာ ဝမ်းနည်းစိတ်ပျက်ဖွယ် ကောင်းသလို လက်ရှိအစိုးရ ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရုပ်ဆိုး အကျည်းတန်စေပါသည်။ ထို့အတူ ယခုနောက်ဆုံး ထုတ်ပြန်လိုက်သော ကြေညာချက်မှာ ၂၀၁၁ အစိုးရသစ် ဖွဲ့စည်းချိန်ကစတင်၍ တဖြည်းဖြည်း ဖြေလျှော့ပေးလျက်ရှိသော ရင်းနှီးမြှုပ်နှံမှု မူဝါဒများအနက် မေးခွန်းထုတ်ဖွယ် ဖြစ်လာနေသော လုပ်ထုံးလုပ်နည်း တစ်ခုအဖြစ်သာ ရှုမြင်မိကြောင်း ပြောလိုပါသည်။ ထို့အတူ အကောင်းဘက်သို့ သွားနေရာမှ နောက်ပြန်လှည့်သော မူဝါဒ အပြောင်းအလဲလောဟု မေးခွန်းထုတ်ချင်မိပါသည်။

(ဗဟိန်းဆွေ)

Credit To The Voice Weekly

Related Articles: