ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ်၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့သည် ၂၀၁၅ ခုနှစ် အလွန်တွင် နိုင်ငံရေး ထုံကူးမည်ဟု သုံးသပ်နိုင်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်ရေးကို အခြေပြုမည့် နိုင်ငံရေး ရှေ့ခရီးကို ဦးဆောင်ရာတွင် မျက်လုံးကျယ်ကျယ်ဖွင့်၊ နားကျယ်ကျယ် စွင့်ထားရမည်။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်သော အင်န်အယ်လ်ဒီ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် လွှတ်တော်တို့သည် ဆင်းရဲမွဲတေမှုနွံထဲ နစ်မြုပ်နေသည့် ပြည်သူလူထု၏ ၀န်ထုပ်ဝန်ပိုးကို အတန်အသင့် ဖြေလျှော့ပေးနိုင်ရေးတွင် ယခုကာလ ဗျူဟာမြောက် ပြင်ဆင်မှုများသည် အလွန်အရေးကြီးသည်ဟု ကောက်ချက်ပြုနိုင်သည်။
မြန်မာပြည်သူလူထု အများစုကြီး၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အလွန်ကာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် မြင်တွေ့လိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာ့နိုင်ငံရေး အချိုးအကွေ့ကြီး တစ်ခုကို သူနိုင်ကိုယ်နိုင် အနေအထားနှင့် ကျော်ဖြတ်နိုင်ရန် အာရုံများနေသော မြန်မာပြည်သူ လူထုကြီးသည် ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်မည်ကိုလည်း စိုးရိမ်ကြောင့်ကြလျက် ရှိသည်။
၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတနေရာနှင့် လွဲချော်သွားခဲ့မည်ဆိုလျှင် ချုံးပွဲချ ငိုမည့်သူများ၊ စိတ်ဓာတ်ကျမည့်သူများ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မည့်သူများ အများအပြား ရှိနေသည်မှာ ငြင်းမရသောအချက် ဖြစ်သည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့မှလွဲ၍ မြန်မာနိုင်ငံ၏ ကျန်မြို့များတွင် နေထိုင်သော လူငယ်များနှင့် လူထုအများစုသည် ဒေါ်အောင်ဆန်းစုကြည်ကို နောက်လာမည့် ဒုတိယငါးနှစ် သက်တမ်းအတွက် သမ္မတ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ချက် မြင့်မြင့်မားမား ထားလျက်ရှိသည်။ သတင်းမီဒီယာများတွင် သုံးသပ်ဖော်ပြချက်များကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သည့်ဘက်ကို ယိမ်းနေသည့်အလျောက် ပြည်သူအများစုကြီးသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်သည်၊ သမ္မတဖြစ်အောင် ၀ိုင်းဝန်းပံ့ပိုးရမည်ဆိုသည့် လမ်းကြောင်းပေါ် ရောက်ရှိလာနေသည်ဟု ကောက်ချက်ပြုနိုင်သည်။
မျက်မှောက်နိုင်ငံရေး အခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အခြားဒီမိုကရက်တစ် ပါတီများ၊ တိုင်းရင်းသား လူမျိုးစု နိုင်ငံရေး ပါတီတို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ဖွဲ့စည်းသော လွှတ်တော်အသီးသီးတွင် ပါဝင်လျက် ရှိနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသော အချက်ကို ဆန်းစစ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်သည် ပဓာနကျသော အနေအထားတွင် ရှိနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မှသာ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသော နိုင်ငံတော်သမ္မတ၏ အရည်အချင်းများနှင့် ကိုက်ညီမည် ဖြစ်သည်။ ၅၉ (စ)ကို ပြင်ဆင်နိုင်ရန် ပထမအဆင့် အနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦး၏ အတည်ပြုချက်ဖြင့် လွှတ်တော်တွင်း ဆွေးနွေးနိုင်ရေး ပြင်ဆင်ရမည်ဖြစ်သည်။ ဒုတိယအဆင့် အနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၆ ရာခိုင်နှုန်းက ပြင်ဆင်မှုကို ထောက်ခံရမည် ဖြစ်သည်။ တတိယအဆင့် အနေဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၅၁ ရာခိုင်နှုန်းက ထောက်ခံရမည် ဖြစ်သည်။
လက်ရှိပြည်ထောင်စု လွှတ်တော်အတွင်း နိုင်ငံရေး ပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းမှု ပုံစံကိုကြည့်လျှင် ပထမအဆင့် လွှတ်တော်ကိုယ်စားလှယ် ၁၃၃ ဦး၏ ထောက်ခံမှု ရရှိနိုင်ရေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ သို့မဟုတ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မှု မရှိလျှင် မဖြစ်နိုင်သည်ကို တွေ့ရသည်။ အင်န်အယ်လ်ဒီပါတီ၊ အခြားဒီမိုကရက်တစ် ပါတီများနှင့် တိုင်းရင်းသား ပါတီများ၏ ကိုယ်စားလှယ်များအားလုံး ပေါင်းလျှင်ပင်၊ ၁၃၃ ဦး မပြည့်မီသည်မှာ ပကတိ အခြေအနေ ဖြစ်သည်။
ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ရေးအတွက် ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် များသာမက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို ရရှိရန် လိုအပ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတအဖြစ် ခန့်အပ်နိုင်ရန် လိုအပ်သော ဖွဲ့စည်းပုံ ပြင်ဆင်မှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လိုလိုလားလား ပြုလုပ်နိုင်သည်ဟု သုံးသပ်ရန် ခဲယဉ်းဆဲ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းတွင် ၅၉(စ) နှင့် အခြားအဓိက ပုဒ်မများကို မည်ရွေ့မည်မျှ ထည့်သွင်းမည်ဆိုသော အချက်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေပြီး၊ ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပါတီဗဟိုကော်မတီအပေါ် သြဇာသက်ရောက်နိုင်မှုမှာလည်း အကန့်အသတ်များစွာ ရှိနေသည်ဟု မှတ်ချက်ပြုနိုင်သည်။
ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်ရန် နိုင်ငံရေးအရ အဆင်သင့်ဖြစ်၊ မဖြစ်နှင့်လည်း များစွာဆက်စပ်နေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ၏ သဘောထား၊ အကဲဖြတ်ချက်တို့နှင့်လည်း ပတ်သက်နေသည်။ လက်ရှိအခြေအနေတွင် သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်သွားနိုင်မည့်လမ်းကို သဘောထားကြီးကြီး ဖွင့်ပေးနိုင်လောက်သည်အထိ နိုင်ငံရေးအရ ပြင်ဆင်ပြီး ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်မည့် အထောက်အထားများကို မတွေ့ရှိရပေ။
ထို့ကြောင့် ၂၀၁၅ ခုနှစ်အလွန် မြန်မာနိုင်ငံရေး အခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတဖြစ်ရန် အလားအလာ အလွန်နည်းပါးသည်ဟု မှတ်ချက်ပြုနိုင်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလွန့်အလွန်ဆုံး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)၏ အဖွဲ့ဝင် ဖြစ်လာနိုင်ခြေ ရှိသည်ဟုသာ သုံးသပ်နိုင်သည်။
အင်န်အယ်လ်ဒီပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်အလွန် ကာလတွင် သမ္မတနေရာကို ရည်မှန်းချက်ထားရှိသည် ဆိုပါက ယခုအချိန် ကတည်းက စတင်ပြင်ဆင်သင့်သည်ဟု မြင်မိသည်။ အထူးသဖြင့် တိုင်းရင်းသား ပါတီများနှင့် မဟာမိတ် ဆက်ဆံရေးကို တည်ဆောက်နိုင်ရန် အထူးလိုအပ်သည် . . . . . |
စကားမစပ် အကြံပြုလိုသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်နိုင်ခြေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အလားအလာ ပါတီဝင်များ ခံယူရမည့် နိုင်ငံရေး ရပ်တည်ချက်တို့နှင့် ပတ်သက်၍ အောက်ခြေပါတီဝင်ထုအား စနစ်တကျ ချပြဆွေးနွေးသင့်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ ရွေးချယ်ခံနိုင်ခွင့် မရှိလျှင် ပါတီအနေဖြင့် မည်သည့်လမ်းကြောင်း မည်သည့်ပုံစံဖြင့် ရှေ့ဆက်မည်ကို စနစ်တကျ ရှင်းလင်းဆွေးနွေးသင့်သည်။
၂၀၁၅ ခုနှစ်အလွန် သမ္မတဇာတ်လမ်းနှင့် ပတ်သက်လျှင် ၃၃၃ ကို ဦးစွာအသိပေးလိုသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၄၉၈) နေရာအနက် လွှတ်တော်ကိုယ်စားလှယ် (၃၃၃) နေရာသည် သမ္မတကို အတည်ပြုရန် လိုအပ်သော ကိုယ်စားလှယ် အရေအတွက် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် (၃၃၃) နေရာ၌ အနိုင်ရရှိပါက ပြေးကြည့်စရာမလို အင်န်အယ်လ်ဒီပါတီမှ ရွေးချယ်သူသည် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့ ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နိုင်ရန် လိုအပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုအား မပြုလုပ်နိုင်လျှင်ပင် အန်အယ်လ်ဒီပါတီမှ ခေါင်းဆောင်နှစ်ဦးသည် သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။
နောက်ထပ် စိတ်ဝင်စားဖွယ် ဂဏန်းတစ်ခုမှာ ၁၃၀ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၁၃၀) နေရာတွင် အနိုင်ရရှိရေးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နောက်ဆုံးခံစစ်ကြောင်းပင် ဖြစ်သည်။ ကိုယ်စားလှယ် (၁၃၀) နေရာသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ၂၆ ရာခိုင်နှုန်း အနိုင်ရရှိပါက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပူးပေါင်းလျက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒုတိယသမ္မတ တစ်ဦးအား သမ္မတဖြစ်လာမည့် အရေးကို ဟန့်တားနိုင်မည် ဖြစ်သည်။
တိုင်းရင်းသား လူမျိုးစု နိုင်ငံရေး ပါတီများနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် ကာလတွင် ပိုမိုအရေးပါလာဖွယ် ရှိနေသည်။ ပြည်ခိုင်ဖြိုး ပါတီသည် တပ်မတော်ကိုယ်စားလှယ်နှင့် တိုင်းရင်းသား မဟာမိတ် ကိုယ်စားလှယ် နေရာများကို စုပေါင်းပြီး တပ်မတော်မှ ရွေးချယ်သည့် ဒုတိယသမ္မတကို သမ္မတအဖြစ် အရွေးခံရနိုင်ရန် ဆောင်ရွက်ခြင်းဖြင့် အင်န်အယ်လ်ဒီပါတီ၏ သမ္မတအိပ်မက်ကို အနိုင်ယူသွားနိုင်ခြေ ရှိနေသည်ဟုလည်း သုံးသပ်နိုင်သည်။ အင်န်အယ်လ်ဒီပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်အလွန် ကာလတွင် သမ္မတနေရာကို ရည်မှန်းချက်ထားရှိသည် ဆိုပါက ယခုအချိန် ကတည်းက စတင်ပြင်ဆင်သင့်သည်ဟု မြင်မိသည်။ အထူးသဖြင့် တိုင်းရင်းသား ပါတီများနှင့် မဟာမိတ် ဆက်ဆံရေးကို တည်ဆောက်နိုင်ရန် အထူးလိုအပ်သည်။ အင်န်အယ်လ်ဒီပါတီမှ အဆိုပြုသူတစ်ဦး သမ္မတဖြစ်လာရေးတွင် တပ်မတော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုထက်၊ တိုင်းရင်းသားလူမျိုးစု ပါတီများ၏ ထောက်ခံမှုက ပိုမိုလက်တွေ့ကျပြီး ထိရောက်နိုင်သည်ဟု သုံးသပ်နိုင်သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမူဝါဒ၊ လမ်းစဉ်၊ ဗျူဟာနှင့် လုပ်ငန်းစဉ်များကို ယခုကတည်းက ရေးဆွဲချမှတ်ထားရန် လိုအပ်သည်။ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးကို လက်တွေ့ကျကျ သယ်ပိုးနိုင်မည့် လွတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးနှင့် ပတ်သက်သော မူဝါဒ၊ သတ်မှတ်ချက်များကို ကြိုတင်ချမှတ်ထားပြီး၊ ယခုကတည်းက ရွေးချယ်လေ့ကျင့် ပျိုးထောင်ထားရန် လိုအပ်သည်ဟု အကြံပြုလိုပါသည်။
၂၀၁၅ ခုနှစ် အလွန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသော အချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ်နေသည်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်မှုသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ဖြစ်ရေးအတွက် အဆင်သင့် မဖြစ်သော အနေအထား အတွက်လည်း အင်န်အယ်လ်ဒီပါတီ အနေဖြင့် ကြိုတင်ပြင်ဆင် ထားသင့်သည်ဟု အကြံပြုလိုသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် သမ္မတလောင်း၊ ဒုတိယသမ္မတလောင်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် တာဝန်ယူမည့်သူများကို ယခုအချိန်ကတည်းက ကြိုတင်သတ်မှတ် လျာထားကာ၊ လိုအပ်သော လေ့ကျင့်မှုများကို ပံ့ပိုးပေးသင့်သည်ဟု ယူဆမိသည်။ သို့မှသာ ၂၀၁၅ ခုနှစ် အလွန်တွင် စနစ်ကျ၊ အားကောင်းသော ဒီမိုကရက်တစ် အစိုးရအဖွဲ့နှင့် အားကောင်းမောင်းသန်သော လွှတ်တော်တို့ကို ဖွဲ့စည်းနိုင်မည် ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ်အလွန် အခင်းအကျင်းသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် မဟာဗျူဟာမြောက် အရေးပါလာမည်မှာ မုချဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၊ အစိုးရအဖွဲ့၊ လွှတ်တော်များကို မည်သို့မည်ပုံ ဖွဲ့စည်းမည်နှင့် ပတ်သက်၍ သီးခြားစဉ်းစားချက် ရှိပြီးဖြစ်လိမ့်မည်ဟု မျှော်လင့်မိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဗျူဟာ၊ စီမံချက်နှင့် လုပ်ငန်းစဉ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ချပြဆွေးနွေးကာ သဘောထား မှတ်ချက်များ ရယူပြီး ပါတီ၏ ရွေးကောက်ပွဲ၊ အစိုးရနှင့် လွှတ်တော်ဆိုင်ရာ စီမံချက်၊ လုပ်ငန်းစဉ်များအဖြစ် စနစ်တကျ ထုတ်ပြန်လျက် ပါတီအောက်ခြေအထိ ချပြဆွေးနွေး အသိပေးနိုင်မည်ဆိုလျှင် ပါတီတည်ဆောက်ရေးကို အထောက်အကူ ပြုနိုင်မည့်အပြင် အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်မည့် အခွင့်အလမ်း မရခဲ့လျှင်ပင် ပါတီ၏ စီမံချက်နှင့်အညီ ပါတီမှ ရွေးချယ်သူတစ်ဦး သမ္မတဖြစ်လာရေးကို ၀ိုင်းဝန်းကြရေး ဆော်သြပြီး ဖြစ်သဖြင့် ပါတီအောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်တွင် စိတ်ဓာတ်ကျဆင်းမှု အားယုတ်မှုများ ဖြစ်လာနိုင်ခြေကိုလည်း ဖြေလျှော့ပြီးဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်အလွန် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ယန္တရားအတွက် လိုအပ်မည့် အရင်းအမြစ်များကို ယခုကတည်းက ကြိုပြင်တည်ဆောက်ထားခြင်း မရှိလျှင် အရင်းအမြစ် အားကောင်းသော အခြားအဖွဲ့အစည်းများကို လိုသည်ထက်ပို၍ အားကိုးအားထား ပြုလာရနိုင်ဖွယ် ရှိနေသည်။ ဒေါ်စုမဟုတ်သော သမ္မတနှင့် ဒေါ်စုဦးဆောင်မည့် လွှတ်တော်တို့ အဓိကကျလာမည့် ၂၀၁၅ ခုနှစ်အလွန် ဒီမိုကရက်တစ် ခရီးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် ယခုကတည်းက ပါတီတည်ဆောက်ရေးကို စနစ်တကျ ပုံဖော်နိုင်ခြင်း မရှိလျှင် မြန်မာ့အနာဂတ်သည်ေ၀၀ါးထွေပြားလျက် ပြည်သူလူထုကြီးသည် ဆင်းရဲတွင်းထဲတွင် နစ်လျက်မြုပ်လျက် ရှိနေဦးမည့် အရေးကို မျှော်တွေးစိုးရိမ်မိပါကြောင်း မီးမောင်းထိုးပြ လိုက်ရပါသည်။
Credit To First-11