သောမတ်ကာရိုးသား၏ “အဆင့်လိုက်ပြောင်းလဲမှု ထင်မြင်ချက်လွဲမှားခြင်း” (Sequencing Fallacy) ဆောင်းပါးကို ကျွန်တော် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံပါသည်။ လစ်ဘရယ်အော်တိုကရက် များကို အားပေးထောက်ခံသည့် အမေရိကန်နှင့် အနောက်တိုင်းအစိုးရများ၏ အားထုတ်မှုများအပေါ် ကာရိုးသား သံသယရှိနေမှု ကိုလည်း ကျွန်တော်လက်ခံသည်။ လက်ရှိကာလများတွင် ထွန်းကားလာသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အယူအဆများမှာ ယူဆချက်အသစ်များ မဟုတ်ပေ။ စည်းစနစ်ကျနမှု အစီအစဉ်ကို အရင်ဦးစွာ ပြုလုပ်၊ ထို့နောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၊ ယင်းနောက် ဒီမိုကရေစီကို တည်ဆောက်ဟူသော ယူဆချက်ကို ၁၉၆၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဆင်မြူရယ် ပေါဟန်တင်တန်၏ “ပြောင်းလဲနေသော လူ့အဖွဲ့အစည်းများ အတွင်းရှိ နိုင်ငံရေးအစီအစဉ်” ဆိုသည့် စာအုပ်တွင် စနစ်တကျ ဖော်ပြထားသည်။ ဖာရိဇာကာရီးယား၏ “လွတ်လပ်မှုအနာဂတ်” ဟူသည့် စာအုပ်နှင့် အီရတ်အရေးအပြီး ပေါ်ပေါက်လာသော ရီရယ်လစ်သမားများ၏ တောင်းဆိုချက်များ ဖြစ်သော အရှေ့အလယ်ပိုင်း ဒေသတွင်း အဆင့်လိုက် အကူးအပြောင်း ပြုလုပ်ရေး အယူအဆများမှာ ယင်းအခြေခံ ငြင်းချက်၏ အခက်အလက်များပင် ဖြစ်သည်။
အပြောင်းအလဲ လုပ်ဆောင်နေသော နိုင်ငံ၏ အကန့်အသတ် အထိန်းချုပ် များနှင့် စွမ်းဆောင်ရည်များက ယင်းယူဆချက်ကို အလုပ်ဖြစ်စေသော မဟာဗျူဟာအဖြစ် ပြောင်းလဲပေးမည် ဆိုပါက အဆင့်လိုက် ပြောင်းလဲရေး နိယာမများမှာ မှားယွင်းလိမ့်မည် မဟုတ်ပေ။ ပြဿနာမှာ ကာရိုးသား ထောက်ပြထားသကဲ့သို့ပင် ဖွံ့ဖြိုးတိုးတက်ရေးကို အလိုရှိသော အော်တိုကရက်များ ရှာဖွေတွေ့နိုင်ခြေ အလွန် နည်းပါးနေခြင်း ဖြစ်သည်။ ထို့အပြင် ပြုပြင်ပြောင်းလဲမှု အချိန်အဆများကို မိမိတို့ ဆုံးဖြတ်ပေးနိုင်သည်ဟု ပြင်ပအင်အားကြီး နိုင်ငံများက ထင်မြင်ခဲ့ကြသည်။ ယင်းသို့ဖြင့် မိမိတို့၏ လွှမ်းမိုးမှုများကို အလွန်အကျွံ ခန့်မှန်းတွက်ဆခဲ့ကြောင်း မှန်ကန်စွာ ထောက်ပြထားသည်။
အဆင့်လိုက် ပြောင်းလဲမှုဖြစ်စဉ် အားလုံးနီးပါးမှာ အရှေ့အာရှဒေသတွင် ဖြစ်ပွားခဲ့ကြောင်း ကျွန်တော် ရှင်းရှင်းလင်းလင်း ထပ်မံဖော်ပြလိုသည်။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ထိုင်း (၂၀၀၆ စက်တင်ဘာ စစ်တပ်အာဏာသိမ်းမှု မတိုင်ခင်) နိုင်ငံများ၌ ဒီမိုကရက်တစ် အကူးအပြောင်းများ ပြုလုပ်ခဲ့သည်။ စင်ကာပူနှင့် တရုတ်နိုင်ငံတို့ရှိ အာဏာရှင် အစိုးရများကလည်း အထင်ကြီးဖွယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ တည်ဆောက်ခဲ့သည်။ ယင်းဖြစ်ရပ်အားလုံးမှာ အရှေ့အာရှ ဒေသတွင်း စုဝေးဖြစ်ပေါ်နေခြင်းမှာ တိုက်ဆိုင်မှုတစ်ရပ် မဟုတ်ပေ။ အဆိုပါဒေသတွင်းရှိ နိုင်ငံများတွင် သန်စွမ်းသော နိုင်ငံတော်နှင့် အရည်အချင်းအပေါ် အခြေပြုထားသော ဗျူရိုကရေစီ စနစ်တို့မှာ ခေတ်မီ ပြုပြင်ပြောင်းလဲရေးများ မပြုလုပ်ခင် အချိန်ကတည်းက ရိုးရာတစ်ရပ် အနေနှင့် အရှည်အကြာ တည်ရှိခဲ့သည်။ ကွန်ဖြူးရှပ်ဝါဒ ဆိုသည်မှာလည်း နိုင်ငံတော်ဆိုင်ရာ နည်းဗျုဟာတစ်ရပ်ဖြစ်ပြီး ဗျူရိုကရက်တစ် အာဏာပိုင်များအတွက် စည်းမျဉ်းစည်းကမ်းများနှင့် အရာရှိ ရွေးချယ်ခန့်အပ်မှု ပုံစံများကို ရှင်းလင်းစွာဖော်ပြထားသည်။ ယင်းသည်မှာပင် အရှေ့အာရှဒေသများရှိ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်ဟု ခေါ်ဝေါ်နေကြသော နိုင်ငံများအတွက် ယဉ်ကျေးမှုပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးခဲ့သည်။
ထို့ကြောင့်ပင် စနစ်တကျ လေ့ကျင့်ပေးထားသော ပညာရှင်များကို လေးစားသည့် အလေ့အထများ လက်တင်အမေရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများ တွင် မတွေ့ရခြင်းပင် ဖြစ်သည်။ ထိုအခါ ကမ္ဘာ၏ အခြားသောအရပ်များတွင် လီကွမ်ယုများ၊ တောင်ကိုရီးယား စီမံကိန်းဝန်ကြီးများ မတွေ့ရှိရခြင်းမှာ အံ့သြစရာ မလိုတော့ပေ။
နိုင်ငံတည်ဆောက်ရေးနှင့် ဒီမိုကရေစီရေး အကြားသာမက နိုင်ငံတည်ဆောက်ရေးနှင့် လစ်ဘရယ်စနစ်အကြား တွင်လည်း ဆန့်ကျင်ဘက်လားရာများ ပေါ်ပေါက်နိုင်သည်ဟု ကာရိုးသား၏ ဖော်ပြချက်ကို ကျွန်တော် ထပ်မံဖြည့်စွက် ပြုပြင်လိုပါသည်။ ပဋိပက္ခလွန် အခြေအနေများ တွင် ဒီမိုကရက်တစ် ရွေးကောက်ပွဲများကို ဆိုင်းငံ့ထားရန်နှင့် နိုင်ငံကို ယာယီ အာဏာပိုင်များ၏ အုပ်ချုပ်မှု အောက်တွင် ထားရှိရန်လိုနိုင်သည်ဟု ကာရိုးသားက ခွင့်ပြုထားသည်။
သို့သော်လည်း နိုင်ငံတည်ဆောက်ရေးမှာ လစ်ဘရယ် ဥပဒေစိုးမိုးမှု သို့မဟုတ် ဒီမိုကရေစီနှင့် လိုက်လျောညီထွေ ရှိသည်ဟု ဆုပ်ကိုင်ထားသည်။ နိုင်ငံတည်ဆောက်ရေးမှာ ယင်းနှစ်ခုစလုံးနှင့် ခြားနားသော ရည်ရွယ်ချက်များရှိသည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ထို့အပြင် တည်တံ့သော နိုင်ငံများကို တစ်ခါတစ်ရံ အကြမ်းဖက်နည်းဖြင့်သာ တည်ဆောက်ရမည်။
နိုင်ငံတည်ဆောက်ရေးကို ခပ်ရှင်းရှင်း အဓိပ္ပာယ် ဖွင့်ဆိုရလျှင် သတ်မှတ်ထားသော နယ်နိမိတ်အတွင်း တရားဝင် အကြမ်းဖက်မှုကို လက်ဝါးကြီးအုပ်ခြင်းဟု ဖွင့်ဆိုနိုင်သည်။ ထို့ကြောင့်ပင် အတင်းအကျပ် ဖိအားပေးမှုကို စုစည်းချုပ်ကိုင်ထားရေးမှာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်၏ ဗဟို အချက်အချာပင် ဖြစ်သည်။ လက်တွေ့အားဖြင့် ဆိုရလျှင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို ဗဟိုနိုင်ငံရေးရာ အာဏာပိုင် တစ်ရပ်အောက် ထားရှိခြင်းဖြစ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းက အခြားသော နိုင်ငံတော် အင်စတီကျုးရှင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်စေသည်။ အစ ပထမဦးစွာ အခွန်ကောက်ယူရေး (အနိမ့်ဆုံးအားဖြင့် တစ်စိတ်တစ်ပိုင်း အတင်းအကျပ်ပြုလုပ်ရန် အစဉ်အမြဲလိုသည်) မှသည် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို ပံ့ပိုးပေးသည့် အေဂျင်စီများ ပေါ်ထွန်းရေးတို့ ပါဝင်သည်။ သို့သော်လည်း လစ်ဘရယ်ဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့မှာ ဗဟိုနိုင်ငံတော် အာဏာပိုင်တို့၏ အတင်းအကျပ် ဖိအားပေးနိုင်မှုကို ကန့်သတ်ခြင်းဖြစ်သည်။ ဦးစွာပထမ ယင်းအာဏာတို့ကို ပွင့်လင်းမြင်သာမှုရှိ၍ အများစု အုပ်ချုပ်မှု အောက်သို့ ထားရှိလိုက်ခြင်းဖြစ်သည်။ ဒုတိယမြောက် အနေနှင့် အာဏာကျင့်သုံးမှုကို အများစု စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။
နိုင်ငံတော်အာဏာပိုင် များကို ဒီမိုကရက်တစ် မဲဆန္ဒများဖြင့် ရွေးချယ်ခြင်း ဖြင့်သာ နိုင်ငံတော်များ၏ အကြမ်းဖက်မှုကို တရားဝင် လက်ဝါးကြီးအုပ်နိုင်ခွင့်ကို တရားဝင် တည်ဆောက်နိုင်မည်။ သို့သော်လည်း ဒီမိုကရက်တစ်သီအိုရီ များက လူမှုရေးအုပ်စုများ ပါဝင် ဖွဲ့စည်းထားသည့် နိုင်ငံများ၏ နယ်နိမိတ်များ မည်သည့် နေရာတွင် ရေးဆွဲရမည်ကို ကျွန်ုပ်တို့ကို ပြောပြထားခြင်းမရှိပေ။
အမျိုးသားနိုင်ငံ နယ်နိမိတ်အတွင်း မည်သူတို့ ဦးစွာပါဝင်နေမည်နည်း။ နိုင်ငံ တည်ဆောက်ရေး ဖြစ်စဉ်၏ ရေရှည်တည်တံ့နိုင်မှုမှာ ယင်းအကြောင်းခြင်းရာကို မှန်ကန်စွာ ကိုင်တွယ်နိုင်မှု အပေါ် အဓိက တည်မှီနေသည်။ နယ်နိမိတ်များကို ခွဲထုတ်မလား၊ စုစည်းမလား သို့မဟုတ် သတ်မှတ်ထားသော နယ်နိမိတ်တွင်း နေထိုင်သည့် လူဦးရေ၏ အမှတ်လက္ခဏာများကို ပြောင်းလဲမလား စသည့်အချက်များဖြင့် စဉ်းစားရမည်။ နယ်နိမိတ်တစ်ခု အတွင်းရှိ လူအဖွဲ့အစည်း၏ လူမျိုးရေး၊ ဘာသာရေးနှင့် အခြားသော ဖွဲ့စည်းမှု အမှတ်လက္ခဏာ တူညီသောအခါ အကြမ်းဖက်မှုအား တရားဝင် ကျင့်သုံးမှုမှာ ပိုမိုလွယ်ကူသည်။
လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများ သို့မဟုတ် လူမျိုးစုများကို နိုင်ငံတော်တစ်ခု အဖြစ် စုစည်းရန်မှာ အမြဲတမ်းခက်ခဲလေ့ ရှိသည်။ အချို့သော အခြေအနေများ ဥပမာအားဖြင့် ဘယ်ဂျီယံ၊ ဆွစ်ဇာလန် နှင့် အိန္ဒိယနိုင်ငံ တို့ကဲ့သို့သော ဖြစ်ရပ်များတွင် အဆိုပါ ကွဲပြားခြားနားချက်များကို အင်စတီကျူးရှင်းများဖြင့် ထိန်းညှိ နေရာချထားနိုင်သည်။ သို့သော်လည်း လူအုပ်စုအမျိုးမျိုးအား စုစည်းခြင်း၊ ချန်လှပ်ခြင်း၊ သို့မဟုတ် အင်အားသုံး ပြောင်းလဲခြင်း၊ လက်ရှိကာလ များတွင် လူမျိုးရေး ရှင်းလင်းမှုဟု ထင်ရှားနေသော ဖြစ်ရပ်ဖြင့် လူဦးရေ ပါဝင်ဖွဲ့စည်းမှုကို ရောနှောပြောင်းလဲခြင်းစသည့် လုပ်ဆောင်ချက်များဖြင့် နိုင်ငံနယ်နိမိတ်များ ပြုပြင် ပြင်ဆင်ခြင်းမှာ ပိုမိုတွေ့ရများသည်။ ယင်းကဲ့သို့သော နယ်နိမိတ်ပြောင်းလဲမှုများ၊ လူဦးရေ လဲလှယ်မှုများ အောင်မြင်ရန် အကြမ်းဖက်မှု လိုအပ်သည်ဆိုသည့် ကိစ္စမှာ ပြောစရာမလိုသည့် အရာဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်များကို လစ်ဘရယ်ဥပဒေ စိုးမိုးမှုနှင့် ဒီမိုကရက်တစ် အများ သဘောတူညီချက် များဖြင့် အချုပ်အနှောင်ခံရသည် ဆိုသည်မှာလည်း လွန်စွာရှားပါးသည်။
အနောက်နိုင်ငံများ၏ နိုင်ငံတည် ဆောက်ရေးဖြစ်စဉ် များတွင်လည်း အလွန်အကျွံ အကြမ်းဖက်မှု အသုံးပြုခဲ့ရသည် ဆိုသည့် အချက်ကို အနောက်နိုင်ငံသား များက လွယ်လွယ်ကူကူ မေ့ပျောက်နေ ကြသည်။ အမှောင်ခေတ် ပြီးဆုံးခါနီးကာလတွင် ဥရောပတိုက်၌ အချုပ်အခြာ အာဏာပိုင် ဆိုင်ရာဒေသ ပေါင်း ၃၀၀ ကျော်ရှိရာမှ ပထမကမ္ဘာစစ် မစတင်မီ အချိန်တွင် အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံပေါင်း ၃၀ ခန့်သာ ရှိတော့သည်။ ယင်းကာလများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည့် ရာစုနှစ်များစွာ ပါဝင်နေသည်။
ချားတိုင်လီ၏ နာမည်ကျော် ဖော်ထုတ်ချက်အရ ဆိုလျှင် "စစ်ပွဲများက နိုင်ငံများကို မွေးဖွားပြီး နိုင်ငံများက စစ်ပွဲများကို မွေးဖွားသည်" ဟု ဆိုထားသည်။ နယ်နိမိတ်များ ပြန်လည်ရေးဆွဲခြင်းနှင့် လူဦးရေ အပြောင်းအလဲ ပြုလုပ်ခြင်းမှာ ၂၀ ရာစုကာလ၌ပင် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ဂရိလူမျိုးများ၊ တာ့လူမျိုးများ၊ ဂျူးလူမျိုးများ၊ ယူကရိန်းလူမျိုးများ၊ ပိုးလူမျိုးများ၊ ဂျာမန်လူမျိုးများ၊ လစ်သူရေးနီးယန်း လူမျိုးများနှင့် ရုရှား လူမျိုးများမှာ တရားစီရင်ရေး အာဏာသက်ရောက်ရာ ဒေသတစ်ခုမှ အခြားတစ်ခုသို့ အတင်းအကျပ် ရွှေ့ပြောင်းခဲ့ရသည်။
ဥရောပတိုက်၏ လက်ရှိနိုင်ငံတော်စနစ် တည်ငြိမ်မှုမှာ ယင်း အကြမ်းဖက်ပြောင်းလဲမှု ရလဒ်ကြောင့် ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်မှာ ၁၉၉၀ ပြည့်လွန်နှစ် များအထိ ဆက်လက်ဖြစ်ပွား ခဲ့သည်။ ဘော့စနီးယား ပြည်တွင်းစစ်ကို လူမျိုးစုစုံလင်မှု အပေါ် အခြေပြုထားသော ဗန့်- အိုဝင် အစီအစဉ်ဖြင့် အဆုံးအစွန်ထိ ရပ်ဆိုင်းနိုင်မည်မဟုတ်ပေ။ ဘော့စနီးယား နိုင်ငံတွင်းရှိ နယ်မြေများကို လူမျိုးစုရေးရာအရ တစ်မျိုးတစ်စားတည်းဖြစ်အောင် ခွဲခြားပေးမည့် လူမျိုးရေး ရှင်းလင်းမှုပုံစံ ပြုလုပ်ပေးသော ဒေတန် သဘောတူညီချက်ဖြင့် ရပ်ဆိုင်းခြင်းဖြစ်သည်။
အမေရိကန်တို့ ကိုယ်တိုင်လည်း ကြမ်းတမ်းလွန်းသော ယင်းအမှန်တရားမှ လွတ်မြောက်ခဲ့ခြင်းမရှိပေ။ တောင်နှင့် မြောက်ကြား ကျွန်စနစ်အငြင်းပွားမှုကို လစ်ဘရယ် ဒီမိုကရက်တစ် အခြေခံဥပဒေ စနစ်ဖြင့် ဖြေရှင်းရန် လုံလောက်မှုမရှိပေ။ ယင်းပြဿနာ အပါအဝင် နိုင်ငံ၏ နယ်နိမိတ်အရေး ကိုပါ ပြည်တွင်းစစ်ဖြင့် အဖြေရှာခဲ့ရခြင်း ဖြစ်သည်။ ရလဒ်အားဖြင့် လူဦးရေ သန်း ၃၀ ရှိသည့် အနက် ၆၀၀,၀၀၀ ကျော် ပြည်တွင်းစစ်တွင်း သေဆုံးခဲ့ရသည်။ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံကြား နိုင်ငံတစ်ခု သို့မဟုတ် နှစ်ခု ( အမေရိကန်တောင်-မြောက် နှစ်နိုင်ငံ) ရှိသင့်သည် မရှိသင့်သည် ကို ပြည်တွင်းစစ်ဖြင့် ဖြေရှင်းခဲ့သလို ကယ်လီဖိုးနီးယား၊ တက္ကဆက်စ်နှင့် အနောက် တောင်ပြည်နယ်များကို အမေရိကန် ပြည်ထောင်စု၌ သွတ်သွင်းဖွဲ့စည်းရေးကို မက္ကဆီကန်-အမေရိကန် စစ်ပွဲဖြင့် အကြမ်းနည်းသုံး ဖြေရှင်းခဲ့သည်။
နိုင်ငံတည်ဆောက်ရေး ဆိုသည်မှာ ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ရေး အတွက် အစိုးရအဖွဲ့၏ အချို့သော စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကျဉ်းမြောင်းစွာ အဓိပ္ပာယ် ဖွင့်ဆိုပြီး နယ်နိမိတ်ရေးရာ မေးခွန်းများကို ဖြေရှင်းပြီးဖြစ်သည်ဟု ယူဆပါက ကာရိုးသား၏ အဆို မှန်ကန်မည်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးနှင့် လစ်ဘရယ်လစ်ဇင်၊ ဒီမိုကရေစီစနစ်တို့ သဟဇာတ ရှိမည်ဖြစ်သည်။
အမှန်ဆိုရလျှင် နိုင်ငံတော်များ အခြေပြုထားသော အကြမ်းဖက်မှုအာဏာ တရားဝင်ကျင့်သုံးမှု ကို ဒီမိုကရေစီစနစ်က ကူညီတည်ထောင်ပေးပါသည်။ သို့သော်လည်း နိုင်ငံတော်များ၏ ရေရှည်တည်တံ့မှုနှင့် ပေါင်းစည်းခိုင်မာမှုတို့မှာ တစ်ခါတစ်ရံ နယ်နိမိတ် သို့မဟုတ် လူဦးရေပြောင်းလဲမှု အပေါ် မှီခိုနေပြီး ယင်းမှာလည်း အကြမ်းနည်းအသုံးပြုခြင်း ဖြင့်သာ လက်တွေ့နယ်ပယ် တွင်းသို့ ရောက်ရှိနိုင်သည်။ အချို့သော ကာလများတွင် လက်နက်ကိုင် တပ်ဖွဲ့များကို အင်အားသုံး လက်နက် ဖြုတ်သိမ်းခြင်း၊ နိုင်ငံတော်အာဏာကို ဒေသတစ်ခုအတွင်း တည်ထောင်ခြင်း (ကိုလံဘီယာ ကဲ့သို့သော နိုင်ငံမျိုးတွင် နိုင်ငံတော်၏ အမိန့်တော်ကို လက်နက်ကိုင် ပြောက်ကျားများ ထိန်းချုပ် ထားသည့် နယ်မြေအထိ ရောက်အောင်လုပ်ဆောင်ခြင်း) တို့ ပါဝင်သည်။ အခြားသော ဖြစ်ရပ်မျိုးတွင် နိုင်ငံရေရှည်တည်တံ့ရေး အတွက် ပုန်ကန်နေသော ပြည်နယ်များကို ဗဟိုအစိုးရအဖွဲ့က ဖိနှိပ်နိုင်ခြင်း မရှိသည့်အခါ ခွဲထွက်ခွင့်ပြုခြင်းတို့ ပါဝင်သည်။
နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်ကို လစ်ဘရယ်နှင့် ဒီမိုကရက်တစ် ဥပဒေများ အောက်တွင် ပြီးမြောက်နိုင်မည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး ဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီ မြှင့်တင်ရေးကို နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်ထက်အရင် ခွင့်ပြုလိုက်ပါက ပဋိပက္ခ များကို ခဏတာ အေးခဲထားနိုင်မည် ဖြစ်ပြီး အဆုံးတွင် ပြန်လည်ပေါ်ထွက်လာမည် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး အောင်မြင်မှုများကို ထပ်မံ ခြိမ်းခြောက်ဦးမည် ဖြစ်သည်။ ကျွန်ုပ် အနေနှင့် ဘော့စနီးယားနိုင်ငံ ဖြစ်ရပ်ကို ရည်ညွန်းဖော်ပြခဲ့ပြီး ဖြစ်သည်။ လူမျိုးရေးရာ ရှင်းလင်းမှု ဖြစ်စဉ်က လူဦးရေ ရွှေ့ပြောင်းမှုများအပေါ် သက်ရောက်ပြီး လူမျိုးရေးအရ ပိုမို တစ်မျိုးတစ်စားတည်း ကျသည့် နယ်မြေများ ပေါ်ပေါက်လာပြီးမှ ဒေတန် သဘောတူညီချက်အရ တည်ငြိမ်မှုများ ပေါ်ပေါက်လာသည်။
ဆူဒန်ဖြစ်စဉ် တွင်လည်း ဒီမိုကရက်တစ် နည်းလမ်းအတိုင်း ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေး တောင်းဆိုချက်မှာ ပဋိပက္ခများကို ပိုမိုရှည်ကြာစေခဲ့သည်။ ဆူဒန်ဆိုသည်မှာ ကိုလိုနီရေးရာ ဖန်တီးမှုတစ်ရပ် ဖြစ်ပြီး လက်ရှိ နယ်နိမိတ်သတ်မှတ်ချက် များမှာ အဓိပ္ပာယ်မရှိပေ။ ခါတွန်မြို့တော်၊ အနီးရှိ အာရပ်လူမျိုးများနှင့် မြို့တော်ရှိ လူမျိုးစုများထက် အိမ်နီးချင်းနိုင်ငံများရှိ လူနည်းစုများနှင့် ပိုမိုနီးစပ်သော ဆူဒန် တောင်ပိုင်း၊ အနောက်ပိုင်းရှိ လူမည်းများ စုပေါင်းပြီး နိုင်ငံတည်ထောင်ထားခြင်း ဖြစ်သည်။ အဆိုပါဒေသများအတွင်း အချုပ်အခြာအာဏာ သက်ရောက်နိုင်ရေး ခါတွန်၏ ကြိုးပမ်းချက်ကြောင့် နှစ်ပေါင်း ၃၀ ကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ဒါဖာ ဒေသဟု နာမည်ကြီးသော ဆူဒန်အနောက်ပိုင်း ဒေသတွင် လူမျိုးတုံး သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည်။ ဆူဒန်ပဋိပက္ခ များကို နယ်နိမိတ်ပြောင်းလဲမှု အပေါ် အခြေခံထားသည့် ကာလရှည်ကြာ အချိန်ယူရသော နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရပ်များဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်ခြင်းမရှိပေ။ ယင်းအစား လက်ရှိ ဆူဒန်အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွင်း ဖြေရှင်းနိုင်သည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်း အဖြစ် ရှုမြင်နေသည်။ ယင်းသို့ ရှုမြင်ပြီး လက်ရှိအခြေအနေများကို အေးခဲထားလိုပါက ပဋိပက္ခများကို ခဏတာ ရပ်ဆိုင်းထားနိုင်မည် ဖြစ်ပြီး အခြေခံကျသော နိုင်ငံရေးရာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ (လက်ရှိကာလတွင် တောင်-မြောက်ဆူဒန် နှစ်နိုင်ငံ သီးခြား ရပ်တည်နေကြပြီ)
ဥရောပတိုက်၌ နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်၊ လစ်ဘရယ်ဥပဒေစိုးမိုးရေး တည်ဆောက်မှု၊ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်များမှာ တစ်ခုနှင့်တစ်ခု ဆယ်စုနှစ် သာမက ရာစုနှစ်နှင့်ချီ ကြာမြင့်သည့် သိသာစွာ ကွဲပြားခြားနားသော အဆင့်သုံးရပ်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၅၀၀ အတွင်း ဥရောပတိုက်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အများစုမှာ ဂျက် ရှနိုက်ဒါ ငြင်းချက်ထုတ်သကဲ့သို့ ဒီမိုကရေစီရေး ပြန့်ပွားမှုနှင့် ဆက်စပ်မှု မရှိဘဲ နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်နှင့် ပတ်သက်နေခြင်းဖြစ်သည်။
၁၈၆၃ ခုနှစ်၌ အင်အားကြီး နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခု ရှိနေပြီး ဂတ်တီဘတ်စစ်ပွဲအပြီး မြောက်နှင့်တောင်တို့ စစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုသင့်ကြောင်း အတင်းအကျပ် တောင်းဆိုပါက အမေရိကန် ပြည်ထောင်စုသမိုင်း မည်ကဲ့သို့ဖြစ်သွားမည်ကို အမေရိကန်တို့ကိုယ်တိုင် စဉ်းစား သင့်သည်။ ပြည်တွင်းရွှေ့ပြောင်း နေထိုင်ရသူများ အတွက် နိုင်ငံတကာက အထောက်အပံ့များ ပေးအပ်ခဲ့ပြီး အပြာရောင်နှင့် မီးခိုးရောင် လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ဖျက်သိမ်းရေး လုပ်ဆောင်လိုက်ပါက အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားစေခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်သော ကျွန်စနစ်ကို မပျက်မစီး တည်ရှိနေစေလိမ့်မည်။ မြောက်နှင့်တောင် ပဋိပက္ခ အနာဂတ်ကာလတွင် ထပ်မံ ပေါ်ပေါက်လာနိုင်သလို ဥရောပတိုက်ကို ၂၀ ရာစုတွင်း ဝင်ရောက်ကယ်ဆယ်မည့်သူ မရှိ ဖြစ်လိမ့်မည်။ (ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် ဝင်ရောက်ကူညီမှု)
အကြမ်းဖက်သမိုင်းကို ဥရောပတိုက် ကြုံတွေ့ရှိခဲ့ရခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက နယ်နိမိတ်များနှင့် လူဦးရေများ အတင်းအကျပ် ပြောင်းလဲမှုကို တားဆီးပိတ်ပင်လိုက်ပြီး ယင်းကဲ့သို့ သတ်မှတ်ချက်တစ်ရပ်ထားရှိခြင်းမှာ လွန်စွာ ကျိုးကြောင်းဆီလျော်ပါသည်။ ထို့အပြင် ပဋိပက္ခများမှာ ပါဝင်ပတ်သက်သူများကို ဘေးအန္တရာယ် ဖြစ်စေပြီး ရေရှည်တည်ငြိမ်ရေးနှင့် ခိုင်မာသောနိုင်ငံများကို ပေါ်ထွက်လာရေးကို ဦးတည်ခေါ်ဆောင်ခြင်း မရှိဘဲ ပြောင်းပြန်အကျိုးသက်ရောက်မှု များသာ ဖြစ်စေကြောင်း သမိုင်းဖြစ်ရပ် အမြောက်အများက သက်သေပြပြီးဖြစ်သည်။ သို့သော်လည်း ယင်းသတ်မှတ်ချက်ကို တရားသေနှင့် ပြောင်းလွယ်ပြင်လွယ်မှုမရှိ ကျင့်သုံးခြင်းမှာ နိုင်ငံတည်ဆောက်ရေးနှင့် ဥပဒေစိုးမိုးရေး သို့မဟုတ် ဒီမိုကရေစီရေးကြား အဆက်အစပ်မရှိဟု ယူဆသလို ဖြစ်နေသည်။ ယနေ့ခေတ် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်လျှင် အဆက်အစပ်မရှိ ဟူသော ယူဆချက်တွင် ပိတ်မိနေသည်။ အလုံးစုံခြုံငုံ ပြောရလျှင် ယင်းကဲ့သို့ယူဆသည် မှာလည်း မှားယွင်းသည်မဟုတ်ပါ။ သို့သော်လည်း အမေရိကန်ပြည်တွင်းစစ်က ညွှန်ပြသကဲ့သို့ပင် ယင်းကဲ့သို့ယူဆသည်မှာ အကောင်းဆုံး ရလဒ်များ အစဉ်အမြဲ ထွက်ပေါ်မည် မဟုတ်ပေ။ ထို့ကြောင့် ယင်းမေးခွန်းနှင့် ပတ်သက်လျှင် ပြောင်းလွယ် ပြင်လွယ်ရှိခြင်းက အစဉ်အမြဲ လိုအပ်နေသည်။
----------------------------------
ဖော်ပြပါ အကြောင်းအရာများမှာ Debate on Democratization စာအုပ်တွင် ဖော်ပြထားသော Fiancis Fukuyama ၏ Liberalism Vs State Building ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
(အောင်ငြိမ်းချမ်း)
Credit To The Voice Weekly