စိန့်ပီတာစ်ဘတ်ရှိ အမှတ် ၂၈ နာဗစကီ ပရော့စ်ပက်လမ်းတွင် ဆင်းဂါးတိုက်ကြီးက ထီးထီးမားမား ရပ်တည်လျက် ရှိသည်။ အထပ် ခြောက်ထပ်ရှိ ယင်းတိုက်ကြီးကို ၂၀ ရာစု လူချမ်းသာများက ကြေး များ၊ ဖန်သားများဖြင့် အလှဆင်ခဲ့ကြပြီး ဂရီဘိုရီဒေါ့ဗ် တူးမြောင်းဘေးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ကြီးကို ၁၉၀၄ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ရုရှားနိုင်ငံတွင် ဆင်းဂါး အပ်ချုပ်စက်များကို ရောင်းချသည့် တိုက်အဖြစ် လူသိများသည်။ ၁၉၁၇ ခုနှစ်တွင် ဗော်ရှီဗစ်များက ထိုအဆောက်အအုံကြီး ကို နိုင်ငံပိုင်အဖြစ် သိမ်းပိုက်လိုက်ပြီး နိုင်ငံတော် ပုံနှိပ် ထုတ်ဝေရေးတိုက်ထုတ် စာအုပ်များ ရောင်းချသည့် စာအုပ်တိုက်အဖြစ် ပြောင်းလဲလိုက်သည်။ ယနေ့တိုင် စာအုပ်တိုက် အဖြစ် ရှိနေဆဲ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင် ဆင်းဂါးတိုက်ကြီး၏ ငါးလွှာနှင့် ခြောက်လွှာကို ဗီကွန်တက် (Vkontakte.ru) သို့ ငှားလိုက်သည်။ ထို ကုမ္ပဏီသည် ရုရှားနိုင်ငံ ဆိုရှယ် ကွန်ရက်တွင် အထင်ရှားဆုံး ကုမ္ပဏီကြီး တစ်ခု ဖြစ်လာသည်။ ဗီကွန်တက် (Vkontakte) ဆိုသည်မှာ အဆက်အသွယ်ဟု အဓိပ္ပာယ်ရသည်။ သူ့လူမှုရေး ကွန်ရက်သည် Facebook ကဲ့သို့ ဖြစ်ပြီး ရုရှားနိုင်ငံတွင် လူသုံး အများဆုံး ဖြစ်သည်။ လက်ရှိ သန်း ၂၁၀ ခန့် သုံးစွဲနေကြပြီး ရုရှားနိုင်ငံတွင် တတိယ အကြီးဆုံး ဆိုရှယ်ကွန်ရက် Website ကြီး တစ်ခု ဖြစ်နေသည်။
ဆင်းဂါးတိုက်ကြီး အပေါ်ဆုံး နှစ်လွှာတွင် ဖွင့်ထားသည့် ရုံးခန်းများအတွင်း ဒါဇင်ပေါင်းများစွာသော ပရိုဂရမ်မာများ လှုပ်ရှားနေကြသည်။ နေရာအနှံ့ အရောင်အသွေးစုံသည့် ထိုင်စရာ ဆိုဖာခုံများကို လည်း အထပ်တိုင်းတွင် တွေ့ရသည်။ နေရာတိုင်းတွင် ဆိုဒါနှင့် ချောကလက်များကို စိတ်ကြိုက် ယူငင် စားသောက်နိုင်ရန် စီစဉ်ပေးထားသည်။ များသောအားဖြင့် ထိုတိုက်ကြီးတွင် လူငယ် ပရိုဂရမ်မာ များသည် နေ့ခင်းလောက်ကျမှသာ စုံလင်စွာ ရောက်လာတတ်သည်။
ဤတိုက်ကြီးတွင် ကုမ္ပဏီ တစ်ခုကို ထူထောင်ပြီး တာဝန်ယူနေသူ၏ အသက်မှာ ၂၅ နှစ်ခန့်သာ ရှိသေးသည်။ Matrix ရုပ်ရှင်များကို ကြိုက်တတ်ပြီး ဆံပင် အနက်ရောင်၊ မေးရိုး ချွန်ချွန်၊ အနက်ရောင် ဝတ်စုံများကို နှစ်သက်သည်။ သူ့အသွင်က နာမည်ကျော် ရုပ်ရှင်မင်းသား ကီနူးရိဗ်လိုပုံ ဖြစ်သည်။ သူ့ကို အနောက်တိုင်း မီဒီယာများက ရုရှား မာ့ခ်ဇူကာဘတ်ဟု တင်စား ခေါ်ဝေါ်ကြသည်။ ဒူးရော့သည် နှစ်လိုဖွယ် ကောင်းသော်လည်း စိတ်အပြောင်းအလဲ အလွန်မြန်သူ ဖြစ်ကြောင်း မှတ်ချက်ပြုထားကြသည်။
ဒူရော့ကို ယခုနှစ် ဧပြီလအထိ လူ သိပ်မသိကြပေ။ သူမောင်းလာသည့် အဖြူရောင် မာစီဒီးကားက ယာဉ်ထိန်းရဲ၏ ခြေထောက်ကို တက်ကြိတ်လိုက်ပြီးနောက် သူ့ကို အမှုဖွင့်ကာ လိုက်ဖမ်းစဉ် နိုင်ငံက ထွက်ပြေးသွားခဲ့သည်။ ကောလာဟလများက သူ့ကို အီတလီ ရောက်သွားပြီဟု လည်းကောင်း၊ ဆွစ်ဇာလန်သို့ ထွက်သွားပြီဟု လည်းကောင်း ပြောကြသည်။ သို့သော် သူထွက်ပြေးရန် အဖြစ်နိုင်ဆုံး မှာ အမေရိကန် ပြည်ထောင်စုသာ ဖြစ်သည်။ သူနိုင်ငံအတွင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ရုံးခန်း အတွင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သူထူထောင်ခဲ့သည့် ဆိုရှယ် ကွန်ရက်ကတော့ ဆက်လက် လည်ပတ်ကာ တန်ဖိုးတွေ တက်လျက် ရှိနေသည်။
ယခုနှစ်တွင် ဒူရော့၏ ကုမ္ပဏီနှင့် ပတ်သက်ပြီး အသံတွေ ထွက်လာသည်။ သူပျောက်နေသည့် ကာလ တွင် သူနှင့်အတူ ဗီကွန်တက်ကို ထူထောင်ခဲ့သည့် သူငယ်ချင်း နှစ်ယောက်က သူ့ရှယ်ယာများကို ရောင်းချလိုက်ပြီ ဆိုသည့် သတင်းတွေ ထွက်လာသည်။ သူ့ရှယ်ယာတွေကလည်း မနည်း။ ကုမ္ပဏီ၏ ၄၈ ရာခိုင်နှုန်းခန့် ရှိသည်။ ထို့ပြင် ထိုရှယ်ယာများကို သမ္မတ ပူတင်ကပဲ ဝယ်သွားသယောင်ယောင်၊ နိုင်ငံတော်ကပဲ သိမ်းပိုက်သွားသလိုလို ကောလာဟလတွေကိုလည်း ကြားနေရသည်။
မည်သို့ဆိုစေ အင်တာနက်ကို အစိုးရအနေနှင့် စိတ်ဝင်စားသည် ဆိုခြင်းက မငြင်းနိုင်ပေ။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ခြင်းနှင့် ပတ်သက်ပြီး အစိုးရသည် တုန်လှုပ် ချောက်ချားသွားခဲ့သည်။ ပူတင်ကိုယ်တိုင် အွန်လိုင်း၏ အရေးပါမှုကို စောင့်ကြည့်သည်အထိ ဖြစ်ခဲ့ရ သည်။ ရုရှားလွှတ်တော် ဒူးမားတွင်လည်း ကရင်မလင်ကို ထောက်ခံသည့် ယူနိုက်တက် ရုရှားပါတီက အင်တာနက်ကို တင်းကျပ်စွာ ချုပ်ကိုင်ထားရန်၊ အချို့သော Website များကို ပိတ်ဆို့ထားရန် ဥပဒေကို ခွင့်ပြုခဲ့သည်။
ယနေ့အထိ ရုရှားအစိုးရ အနေနှင့် ဗီကွန်တက်နှင့် အခြား ဆိုရှယ် မီဒီယာများအပေါ် မည်သို့ ချုပ်ကိုင် ထိန်းသိမ်းထားသည် ဆိုခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်။ တစ်နွေလုံး ဒူရော့ကလည်း ပျောက်နေသည်။ ဆင်းဂါးတိုက်ကြီး အပေါ်ထပ်တွင် ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ လိုဘုရှ်ကင်၏ လေသံများကလည်း စိုးရိမ် ပူပန်ပုံမရ။ သူက “ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေနဲ့ အမြတ်တွေကို ထိန်းချုပ်ဖို့ မလိုပါဘူး။ သူတို့ ပါဗယ်ကိုပဲ ထိန်းချုပ်ရမှာ။ သူ့ကို ဖမ်းဖို့ဆိုတာလည်း သိပ်မလွယ်ဘူး” ဟု သူက ဆိုသည်။
ဒူရော့သည် စိန့်ပီတာစ်ဘတ်တွင် ကြီးပြင်းလာသူ ဖြစ်သည်။ သူ့ဖခင်က ဗာလာရီဖြစ်ပြီး တူရင်းနှင့် အီတလီတို့တွင် ဂန္ထဝင် စာပေများကို သင်ကြားရာ၌ နာမည်ကျော်သူ တစ်ဦး ဖြစ်သည်။ ဒူရော့ ငယ်စဉ်က ထိုနိုင်ငံများတွင် ဖခင်နှင့် ခေတ္တ လိုက်နေဖူးသည်။ သူ့အစ်ကို နစ်ခိုလိုင်သည် နိုင်ငံတကာ သင်္ချာနှင့် ပရိုဂရမ်းမင်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သူ ဖြစ်သည်။
ဒူရော့သည် စိန့်ပီတာစ်ဘတ် အစိုးရ တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ကျောင်းတက်နေစဉ်ကတည်းက ဆိုရှယ် ကွန်ရက်ကို စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူက ကျောင်းသားများနှင့် ဆရာများအတွက် ရင်ဖွင့်စရာ အင်တာနက် စင်မြင့် တစ်နေရာအဖြစ် လမ်းဖွင့် ပေးခဲ့သည်။
၂၀၀၆ ခုနှစ်ရောက်မှ သူနှင့် ကျောင်းနေဘက်ဖြစ်သည့် ယာချက်စ်လက်မီရီ လက်ရှ်ဗီလီဆိုသူက ရုရှား ဆိုရှယ် မီဒီယာအဖြစ် ပြောင်းလဲ ထူထောင်ရန် အကြံပြုခဲ့သည်။ ဗီလီသည် တပ်ဖ် တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ဖြစ်သည်။ သူတို့ အသိုင်းအဝိုင်းထဲသို့ လက်ဗ်လီဗိဆိုသူလည်း ရောက်လာ သည်။ သူလည်း မက်ဂီးလ် တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ဖြစ်သည်။ သူတို့အားလုံး ဒူရော့၏ အစ်ကို နစ်ခိုလိုင်နှင့် လာရောက် ပူးပေါင်းကြသည်။ နစ်ခိုလိုင်ကလည်း ထိုအချိန်တွင် သင်္ချာ ဒေါက်တာဘွဲ့အတွက် တက်နေသည်။ သူတို့ အားလုံးကို အရင်းအနှီး အများဆုံး ထုတ်ပေးသူမှာ မီရီလက်ရှ်ဗီလီ၏ ဖခင် ဖြစ်သည်။ သူ့ဖခင်သည် စိန့်ပီတာစ်ဘတ်တွင် ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သည်။
သူတို့ သူငယ်ချင်းတွေ အားလုံး ဗီကွန်တက်ကို ပူးပေါင်း ထူထောင်နေချိန်တွင် ရုရှား အစိုးရကလည်း Facebook နှင့် အမေရိကန်ပြည်ထောင်စု ကောလိပ်များက လာသည့် အီးမေးလ်များအား ပိတ်ပင် နေချိန် ဖြစ်သည်။ သူတို့က ဗီဒီယို၊ ရုပ်ရှင်နှင့် တီဗီ အစီအစဉ်များကိုပါ ကြည့်နိုင်ရန် စီစဉ် ပေးလိုက် သောကြောင့် ရုရှား ဗီကွန်တက် လိုင်းသည် ထင်ရှားလာသည်။ တစ်လလျှင် အနည်းဆုံး ရှစ်နာရီ ပျမ်းမျှ ကြည့်သူတွေ တက်လာသလို၊ မူပိုင်ခွင့် ချိုးဖောက်မှုအတွက်ပါ ပြဿနာပေါင်း များစွာနှင့် ရင်ဆိုင်လာခဲ့ရသည်။ လစဉ် ဗီကွန်တက်ကို ဝင်ရောက်သူပေါင်း ၄၆ သန်းအထိ ရှိလာပြီး ရုရှားတွင် Facebook ကို ဝင်ရောက် ကြည့်သူပေါင်းမှာ ၁၁ ဒသမ ၇ သန်းသာရှိခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
ဗီကွန်တက် အောင်မြင်လာလေ ဒူရော့ကို ရုရှားကလည်း သတိထားမိလေ ဖြစ်သည်။ သို့သော် ဒူရော့သည် လူမြင်ကွင်းသို့လည်း မထွက်၊ လူတွေနှင့်လည်း စကားမပြော။ အင်တာဗျူးကိုပင် လက်ခံသူ မဟုတ်သည့်အပြင် မီဒီယာကိုပါ ဝေးဝေးရှောင်သူ ဖြစ်သည်။ သို့သော် ကိုနိုနော့ဗ် ဆိုသူကိုမူ စာအုပ်ရေးရန်အတွက် အင်တာဗျူးရန် ခွင့်ပြုလိုက်သည်။ ထိုစာအုပ် ထွက်လာသောအခါ ရုရှားရုပ်ရှင် ကုမ္ပဏီများက သူ့အကြောင်း ရုပ်ရှင် ရိုက်ရန်အတွက် စာအုပ်ကို ဝယ်ရန် ကမ်းလှမ်းလာ ကြသည်။ နောက်ဆုံး ရုရှား AR ရုပ်ရှင် ကုမ္ပဏီက ရိုက်ကူးခွင့် ရသွားသည်။
ဒူရော့၏ စရိုက်က ထူးခြားသည်ဟု ဆိုရမည်။ ရန်လိုတတ်သလို ပျော့ပျောင်းချင်လည်း ပျော့ပျောင်းနေ တတ်သည်။ ပြီးခဲ့သည့် မေလက ဆင်းဂါးတိုက်အပေါ် ပြတင်းပေါက်မှ ရုရှားရူဘယ် အကြွေ ငါးထောင် (ဒေါ်လာ ၁၅၀ ခန့်) ကို ကြဲချပေးခဲ့သည်။ ထိုစဉ်က ပွဲတော်တစ်ခု ကျင်းပနေသည့် ကာလလည်း ဖြစ်သည်။
ရုရှား မီဒီယာများ ရေးသားချက်အရ ဒူရော့ ချမ်းသာ ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်း ၂၀၀ ခန့် ရှိမည်ဟု ဆိုသည်။ သို့သော် သူ မည်မျှ ချမ်းသာကြောင်း အတည်ပြုနိုင်ခြင်း မရှိပေ။
အစောပိုင်းတွင် ရုရှား အစိုးရသည် ဒူရော့နှင့်သူပိုင် ကုမ္ပဏီကို ခြွင်းချက်ထားကာ လွတ်လပ်ခွင့် ပေးခဲ့သည်။ ရုရှားသမ္မတ ပူတင်ကလည်း ၂၀၀၀ ပြည့်နှစ်ခန့်က အာဏာကို ရရှိရန် ကြိုးပမ်းနေချိန် ဖြစ်သဖြင့် သူတို့ အာရုံစူးစိုက်သည့် နေရာမှာ ရုပ်သံလွှင့် မီဒီယာများသာ ဖြစ်ပြီး၊ ရုပ်သံ မီဒီယာ များကိုသာ နိုင်ငံတော်ပိုင်အဖြစ် ချုပ်ကိုင်ရန် အားထုတ်ခဲ့သည်။ သို့ဖြစ်ရာ ဒူရော့၏ အွန်လိုင်းကို လျစ်လျူရှုထားခဲ့သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပါလီမန် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရုရှား မြို့ပြ လူလတ်တန်းစား များက မကျေမနပ် ဖြစ်ကာ ဆန္ဒပြကြသည်။ ရုရှားသမ္မတ ပူတင်လက်ထက်တွင် မထင်မှတ်ထားသော လူထု အုံကြွမှုကြီး တစ်ခု ဖြစ်သည်။ စုံစမ်းရေး ကော်မတီက ဤသို့ လူထု အုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ရခြင်း မှာ အွန်လိုင်းပေါ်ရှိ ဘလော့ဂ်များ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့နှင့် ပတ်သက်ပြီး ဝေဖန်ချက် များကြောင့် ဖြစ်ကြောင်း နိုင်ငံတော်ပိုင် သတင်း ဌာနများကလည်း ‘နိုင်ငံတော်အပေါ် ပြည်သူများ ယုံကြည်မှုအား စစ်ပွဲတစ်ရပ် အနေနှင့် ကြေညာကာ သတင်း အချက်အလက် တိုက်ပွဲကို ဆင်နွှဲလိုက်ခြင်း ဖြစ်ကြောင်း’ ဝေဖန် ရေးသားခဲ့သည်။
ပြည်သူများ ဆန္ဒပြနေချိန်တွင် စိန့်ပီတာစ်ဘတ် အစိုးရအဖွဲ့ FSB နှင့် ရုရှား အင်တာနက် လုံခြုံရေး အေဂျင်စီတို့ကို ဒူရော့ထံ စာပို့ပြီး ဗီကွန်တက်ပေါ်မှ အစိုးရကို ထိုးစစ်ဆင်နေသည့် အဖွဲ့ ၇ ဖွဲ့နှင့် ဆန့်ကျင် တိုက်ခိုက်နေသော စာများကို ဖျက်ပေးရန် တောင်းဆိုခဲ့သည်။
FSB အဖွဲ့၏ တောင်းဆိုချက်ကို ဒူရော့က Twitter ပေါ်သို့ အားကစားအင်္ကျီ ဝတ်ထားသည့် ခွေးတစ်ကောင်ကို လျှာထုတ်ထားသည့် ပုံဖြင့် တင်ပြီး တုံ့ပြန်ခဲ့သည်။ ထို့ပြင် ကိုယ်ပျောက်ပုံ ဖျက်ထားသည့် စစ်ဝတ်စုံ ဝတ်ထားသော ရဲတစ်ယောက်ကလည်း သူနေထိုင်သည့် တိုက်သို့ လာရောက် ခြိမ်းခြောက်ခဲ့သေးသည်။ ထိုသတင်းများကြောင့် ဒူရော့ကို အစိုးရ အတိုက်အခံ အုပ်စုက ပိုပြီး သတိထားမိကာ ထောက်ခံလာခဲ့ကြသည်။
ယမန်နှစ်ကလည်း ဒူရော့သည် Afisha ဆိုသည့် မဂ္ဂဇင်းက တစ်ဆင့် “ခေတ် နောက်ကျနေသည့် ဥပဒေများ၊ လိုင်စင်များ၊ တားမြစ် ကန့်သတ်ချက်များဖြင့် လူ့ဘောင် အဖွဲ့အစည်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် ဥပဒေများကို ဆန့်ကျင်ကြ၊ လူသား အကျိုးပြု ဥပဒေ ကင်းမဲ့နေပြီ” ဟု ပြောရုံမက နိုင်ငံ အတွင်း လက်တွေ့ သုံးစွဲနေသည့် ငွေကြေးကိုလည်း ခေတ်နှင့် အံမဝင်ဟု လည်းကောင်း၊ ရုရှား နယ်ခြား ဒေသများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲများကို ထူထောင်ကြရန်ကိုပါ တိုက်တွန်းသည့် စာများ ရေးသားခဲ့သည်။
FSB က ဒူရော့၏ ဗီကွန်တက်ကို အွန်လိုင်း ဆန့်ကျင်ဘက် အုပ်စုအနေနှင့် သတ်မှတ်ပြီး ပိတ်ပင် ခဲ့သည့် ရက်ပိုင်းအတွင်း ဒူရော့ကလည်း ကန့်ကွက်ကြောင်း စာများကို အစိုးရထံ ရေးသား ပေးပို့ခဲ့ သည်။ သူက “နိုင်ငံခြားက Website တွေကို ခွင့်ပြုထားပြီး ကိုယ့်တိုင်းပြည်ထဲက Website တွေကို ပိတ်လိုက်မယ်ဆိုရင် ရုရှား ဘာသာစကားနဲ့ အင်တာနက် သုံးနေတာကို သတ်လိုက်သလို ဖြစ်သွား လိမ့်မယ်” ဟု သတိပေးခဲ့သည်။
နောက်ပိုင်း ဒူရော့၏ Website ဗီကွန်တက်ကို ပြန်လည် ဖွင့်လှစ် လုပ်ဆောင်ခွင့် ပေးခဲ့သည်။ နိုင်ငံရေး လောကတွင် လည်းကောင်း၊ လူငယ်ထုကြားတွင် လည်းကောင်း ဒူရော့ သတင်းတွေက ပိုပြီး ပြောစရာ ဖြစ်ခဲ့ရုံမက သူ့ကို လူငယ်များကပါ စံပြုလောက်သည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ကြသည်။
သို့သော် ကံကြမ္မာက သူ့ကို မျက်နှာသာ မပေး။ ဧပြီလ ၅ ရက်နေ့က ဗီကွန်တက် ဒုဥက္ကဋ္ဌ အီလ်ယာပီရီကော့စကီး အမည်ဖြင့် လိုင်စင် ယူထားသည့် မာစီဒီးကားကို လမ်း စည်းကမ်း ချိုးဖောက်သည်ဟု စွပ်စွဲချက်တွေ ထွက်လာသည်။ နိုင်ငံတော်ပိုင် မီဒီယာကလည်း ဒူရော့သည် ကားကို မောင်းပြေးသည်ဟု ပထမ ရေးပြီးမှ နောက်ပိုင်း ရဲအရာရှိ ခြေထောက်ကို ဖြတ်မောင်း ပြေးသည် ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာသည်။ သူတို့က ကားနောက်ခန်းတွင် ဒူရော့ပါလာ သည်ဟု စွပ်စွဲခဲ့သည်။ ဗီကွန်တက်ကလည်း ထိုကားကို ဒူရော့ မမောင်းကြောင်း ထုတ်ပြန်ခဲ့သည်။
ဧပြီလ ၁၆ ရက်နေ့တွင် စုံစမ်းရေး အဖွဲ့က ဆင်းဂါးတိုက်သို့ ရောက်လာသည်။ သူတို့က ဒူရော့ကို ရှာသည် ဆိုသော်လည်း ရုံးခန်းအတွင်းရှိ ဖိုင်များကို ဆုတ်ဖြဲကာ မွှေနှောက်သွားခဲ့ကြသည်။ ထိုအချိန်မှ စပြီး ဒူရော့တစ်ယောက် ပျောက်သွားခဲ့သည်။ သူ့ကို လေကြောင်းဖြင့် တစ်ရက် ကြိုတင် လွတ်မြောက်သွားသလိုလို သတင်းတွေ ပေါ်ထွက်လာသည်။ မည်သို့ဆိုစေ ဒူရော့ကို ပြည်ပြေးအဖြစ် သတ်မှတ်လိုက်ကြသည်။
ရုရှား Forbes ၏ ခန့်မှန်းချက်အရ ဒူရော့ ပိုင်ဆိုင်မှုသည် ဒေါ်လာ တစ်ဘီလီယံခန့် ရှိမည်ဟု ဆိုသည်။ ဇွန်လ ၇ ရက်နေ့တွင် ဒူရော့ ရုရှားနိုင်ငံ ပြန်ရောက်လာပြီဆိုသည့် သတင်းများ ထွက်လာသည်။ သူ့ကို အင်တာဗျူးပြီး စာအုပ် ရေးပေးသူနှင့် မော်စကိုတွင် တွေ့သည်ဆိုသော သတင်းများ ထွက်ပေါ် လာသည်။
သို့သော် ဒူရော့ကို မည်သူမျှ သေချာစွာ မတွေ့ရ။ အစိုးရကလည်း ဒူရော့ကို အလိုရှိနေသည်။ သူတို့ အလိုရှိသည်မှာ ဒူရော့ ပိုင်ဆိုင်သည့် ဘီလီယံနှင့် ချီနေသော ဒေါ်လာများကြောင့်လား သို့မဟုတ် အစိုးရ ရင်ထဲကို ဆူးတစ်ချောင်းလို စူးဝင်နေသည့် ဗီကွန်တက်ကြောင့်လား မည်သူမျှ မသိနိုင်။
The Flight of the Russian Zuckerberg, by Joshua Yaffa, Bloomberg Businessweek, August 5, 2013.
Credit To The Voice Weekly