အမျိုးသားဇာတ်ရုံတွင် ကပြဖျော်ဖြေခဲ့သည့် ရွှေမန်းတင်မောင် သဘင်သက်၊ အနုပညာသက် နှစ် (၈၀)မြောက် အထိမ်းအမှတ်ပွဲတွင် ရွဲကုန်သည်ပြဇာတ် ကပြဖျော်ဖြေနေစဉ်
"၂၀၁၁ က ဇာတ်လမ်းစခဲ့တယ်။ ဒီဇာတ်လမ်းကို အဓိက ဇာတ်ဆောင်တွေ ၂၀၁၅ မှာ ကဦးမှာလား"
အထက်စကားကို ကိုဘသစ်က မေးပါသည်။ "ခင်ဗျားဟာ တယ်ကဗျာဆန် နေပါလား ကိုဘသစ်"။ "ဟုတ်တယ် အမျိုးသားဇာတ်ရုံမှာ ရွှေမန်းတင်မောင်ရဲ့ သဘင်သက်၊ အနုပညာသက် အနှစ် ၈၀ မြောက် အထိမ်းအမှတ် အနေနဲ့ သူ့ရဲ့သားသမီး၊ မြေးမြစ်တွေ ပြုလုပ်တဲ့ ဇာတ်ပွဲကို ညလုံးပေါက်နီးပါး ကြည့်ခဲ့လို့ပဲ"။ "အလုပ်ပျက်၊ အကိုင်ပျက်ဗျာ"။ "ဟုတ်တယ်ဗျ၊ အရင်ခေတ်က ပွဲတွေဆိုရင် ညလုံးပေါက် ကရတယ်။ လူတွေကလည်း တစ်ညလုံး ကြည့်တာပဲ။ ကျွန်တော်ငယ်ငယ်က ဘီလူးကျွန်းမှာ နေတယ်။ ကျွန်တော့်အဘွားက ပွဲဝါသနာပါတယ်။ ဘယ်နေရာမှာ ပွဲဖြစ်ဖြစ် လိုက်ကြည့်တယ်" "ပဲခူးသနပ်ပင်က လူတွေလိုပေါ့ ဟုတ်လား"။ "ဟုတ်မယ်ထင်တယ်။ အဘွားက ပွဲကန်ထရိုက်လည်း ယူတယ်။ ကျွန်တော်တို့က ရုံပွဲတွေ သွင်းတာလည်း ရှိတယ်။ အမေပြောဖူးတယ်။ အဘိုးတို့ ရန်ကုန်မှာ ပွဲသွင်းတော့ ရုံအတွက် ရက်မရဘူး။ ဇာတ်ပွဲကိုလည်း စရန်ချပြီးသား ဖြစ်နေတယ်။ ဒီတော့ လမ်းမတော် လမ်းမကြီးကို ပိတ်ပြီးတော့ ပွဲကရတယ်။ အမေတို့က လမ်းပေါ်ခုံချ ကြိုးတားပြီး ဖျာရောင်းတယ်တဲ့။ စီစဉ်ပေးသူက လမ်းမတော် ဘိုးတုတ်လို့ ဆိုတယ်"
"အတော်ဆိုးတာပဲနော်။ လမ်းမတော် ဘိုးတုတ်ဆိုတာ လူမိုက်ပဲလေ။ လူမိုက်အားကိုးပြီး လုပ်ချင်တာလုပ်တဲ့ သဘောမျိုးပေါ့ ဟုတ်လား" "လုပ်လို့လည်း ရလို့ပေါ့။ ဒီလိုမျိုးဟာ မကောင်းပါဘူး။ ကျွန်တော်က ဖြစ်ခဲ့တာကို ပြောတာပါ။ အဲဒီခေတ်က လမ်းမတော်လမ်းဆိုတာ ညဘက်အသွားအလာ မရှိသလောက်ဘဲ။ ကျွန်တော်ဆိုရင် ၁၉၆၈ ခုနှစ်မှာ လေးဘီးကား (Mazada 360) တစ်စီး မဲပေါက်တယ်။ တစ်လ ၁၄၉ ကျပ်ပဲ သွင်းရတယ်။ ဒါပေမဲ့ ကားမမောင်းတတ်သေးဘူး။ ကျွန်တော့်ယောက်ဖ ကိုမြင့်သိန်းက ကားမောင်းသင်ပေးတယ်။ သူသင်တဲ့နေရာက သိမ်ကြီးဈေးပါ ညဘက်လူမရှိတဲ့ နေရာပေါ့။ တစ်ဆက်တည်း ပြောလိုတာက မြို့တွေမှာ ကားအသွား မများတဲ့ လမ်းတွေရှိတယ်။ အထူးသဖြင့် ညဘက်တွေမှာပေါ့။ အဲဒီလို နေရာတွေမှာ ညဈေးတွေ လုပ်ပေးလို့ရတယ်။ ခင်ဗျား စဉ်းစားကြည့်ဗျာ။ အခုတော့ လမ်းပေါ်မှာ လူတွေအရမ်းများတဲ့ ရုံးဆင်းချိန်တွေမှာမှ ပလက်ဖောင်းပေါ် ဈေးရောင်းခွင့်ပြုတယ်"။
"ညနေ ၃ နာရီကနေ ည ၈ နာရီထိပါ"။ "ဒီတော့ လူရော၊ ဈေးဆိုင်တွေပါ လမ်းပေါ်ရောက်လာတယ်။ ဒီအချိန်ဟာ ကားတွေများတဲ့ အချိန်ပေါ့။ ဒီလိုနဲ့ တစ်မြို့လုံး ကားကျပ်နေတာကို တွေ့ရပါမယ်။" "လမ်းတွေချဲ့ပေးပါတယ်"။ "ပလက်ဖောင်း ဈေးသည်တွေက ချဲ့တဲ့လမ်းပေါ် တက်ရောင်းနေတာပဲ"။
"အဆင်ပြေတာပေါ့ဗျာ။ ကျွန်တော်တို့ ပြောရင်းနဲ့ ဇာတ်ပွဲကနေ လမ်းပေါ်ရောက်ကုန်ပြီ" "ဟုတ်ပါတယ်။ လမ်းပိတ်ပြီး ဇာတ်ကတာ အမှတ်တရ ပြောချင်လို့ပါ။ ကမ္ဘောဒီးယား နိုင်ငံဆိုရင် သူ့ရဲ့ယဉ်ကျေးမှု အမွေကို ဇာတ်ပွဲလေးခင်းပြီး ပြတယ်။ သူတို့ပြတဲ့နေရာက မြို့တော်ခန်းမလို နေရာမှာ"
"သင်္ကြန်မှာ လမ်းတွေပိတ်ပြီး ရေမဏ္ဍပ်လုပ်တဲ့ နေရာလား"
"မဏ္ဍပ်တွေက လမ်းတွေကို မပိတ်ပါဘူး။ လူတွေကြောင့် ပိတ်တာပါ။ အဲဒီလို နေရာမှာ စနေညတိုင်း ရိုးရာကပွဲတွေကို ကတယ်။ တီဗွီကလည်း ပြတယ်။ တိုးရစ်တွေလည်း ကြည့်ကြတာပေါ့"
"အင်မတန် ကောင်းတာပဲ။ ကျွန်တော်ကြားဖူးတာကတော့ လန်ဒန်မှာ ပြဇာတ် (Play) ကပြတဲ့ ဇာတ်ရုံတွေ ရှိတယ်။ ညစဉ် ကသတဲ့။ ဥပမာ- အက်ဂါသာ ခရစ္စတီးရဲ့ Mouse Trap ဆိုရင် နှစ် ၅၀ ကျော် နေ့စဉ်ပြနေသတဲ့"
"ဟုတ်ပါတယ်။ စထရက်ဖို့ဒ် အပွန်အေဗွန်မှာရှိတဲ့ ရှိတ်စပီးယား ဇာတ်ရုံမှာ ရှိတ်စပီးယား ဇာတ်တွေကို ကနေတာ နှစ် ၅၀ ကျော် ၆၀ ရှိပြီပဲ"
"ကျွန်တော်တို့ဆီမှာ ဇာတ်ရုံကြီးတွေ ရှိတယ်။ အနုပညာလည်း ရှိတယ်။ ဒါတွေကို ပြည်သူတွေကို ချပြလို့ ရတယ်။ ကမ္ဘာကိုလည်း ချပြလို့ ရတာပဲ။"
ဇာတ်လမ်းလည်းကောင်း၊ ဇာတ်စီးသူလည်းကောင်း၊ ကပြသူ ဇာတ်ဆောင်တွေကလည်း ကောင်းရင် ဇာတ်ဟာ ကောင်းမှာပဲလို့ စဉ်းစားမိလို့ပါ။ ဒီမိုကရေစီ ဇာတ်တော်ကြီးအတွက် ဘယ်စင်မှာ ဘယ်လိုတင်ရမယ်။ ဘယ်ကကြိုးနဲ့ ပြည်သူတွေ မြတ်နိုးအောင် ကရမလဲ ဆိုတာကို . . . . . |
"ဆရာဗိုလ်ကလေးတင့်အောင် ရွှေဒုံးဘီအောင်၊ ဦးချင်းစိန်စတဲ့ ပညာရှင်တွေ ပါတယ်လို့ ဆိုတယ်"
"ဒါကတော့ သမိုင်းကို ပြန်ရှာလို့ ရပါတယ်။ အများကြီးပါ။ ဂီတလုလင် မောင်ကိုကိုတို့၊ တက္ကသိုလ် မျိုးချစ်တို့၊ မေချစ်တို့လည်း ဒီလိုပြဇာတ်လောကမှာ ထင်ရှားခဲ့ပါတယ်"
"ပြဇာတ်ခေတ်က ဆယ်စုတစ်စု လောက်ပါပဲ။ ခဏလေးပဲ ကြာတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ လွတ်လပ်ရေးနေ့ မြေပဒေသာကျွန်းက ပြဇာတ်တွေကို မီတယ်။ ဒါပေမဲ့ နောက်ပိုင်းအငြိမ့်နဲ့ ဇာတ်သဘင်ပဲ ထွန်းကားတယ်"
"အငြိမ့်ကတော့ ညတစ်ဝက်ပေါ့လေ။ မြို့နေလူတန်းစားအတွက်ပဲ အဆင်ပြေတယ်။ တကယ်တော့ ခင်ဗျားပြောသလို ဇာတ်သဘင်တွေဟာ တစ်ညလုံးကပြတော့ လူတွေက တစ်ညလုံးကြည့်ရင် အလုပ်ပျက်၊ အကိုင်ပျက်တာပေါ့"
"ဟုတ်တယ်။ အလင်္ကာကျော်စွာ ဆရာစောင်းဦးဘသန်းက ပွဲကြိုက်ခင်ဆိုတဲ့ သီချင်းကို ရေးလိုက်တာ ယနေ့အထိ ကျော်ကြားနေတဲ့ သီချင်းဖြစ်လာတယ်။"
"တကယ်တော့ တောနယ်တွေမှာ တစ်နှစ်မှာ တစ်ခါလောက်ပဲ ဘုရားပွဲတွေ ဖြစ်တာ။ ပွဲကမယ်ဆိုရင် ရွာနီးချုပ်စပ်က လာကြည့်တယ်။ သူတို့က ညဘက်ပြန်လို့ အဆင်မပြေလို့ ဒါကြောင့်တစ်ညလုံး ဇာတ်ကရတယ်။ မိုးလင်းမှ ပြန်တာပေါ့။ ဒါပေမဲ့ နောက်ရက် အလုပ်ပျက်၊ အကိုင်ပျက်တာပေါ့။ ရေရှည်လည်း ပွဲကိုမကြည့်နိုင်ဘူးပေါ့"
"အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ကလည်း ဒီလိုအကြောင်းတွေကြောင့် ည၀က်စနစ် သဘင်ဓလေ့ကို တီထွင်ပါသေးတယ်။ ဒါပေမဲ့ လူတွေအားလုံးက mind set ဖြစ်နေကြတာကိုး"
"အင်း လူဆိုတာ အင်မတန် ခက်တယ်။ ဒါပေမဲ့ ဇာတ်သဘင်တွေ၊ အငြိမ့်တွေက အခုအခါ အတော်လေးကို အားနည်းကုန်ပြီ"
"များသောအားဖြင့် တီဗွီဖန်သားပြင်ပေါ်တွေ ရောက်ကုန်တယ်။ ဒါပေမဲ့ အစစ်အမှန်ကို ကြည့်ချင်သူတွေလည်း အများအပြား ကျန်ပါသေးတယ်။ ဒီအတွက် ဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်။ ဖျော်ဖြေရေးဟာ အရေးပါမှန်း အားလုံးသိကြပါတယ်။ တစ်ဖက်ကလည်း ရိုးရာအမွေအနှစ်ကို ထိန်းထားဖို့ လိုတယ်။"
"ဟုတ်ပါတယ်၊ ပွင့်လင်းရာသီရောက်ရင် အငြိမ့်တွေ၊ ဇာတ်ပွဲတွေကို မဟာဗန္ဓုလ ပန်းခြံရှေ့၊ မြို့တော်ခန်းမရှေ့မှာ အပတ်စဉ် တင်ဆက်တာမျိုးလုပ်ရင် အဆင်ပြေနိုင်တာပေါ့"
"ဘယ်သူက ပိုက်ဆံပေးမှာလဲ၊"
"တီဗွီရိုက်လို့ ရတယ်။ တိုက်ရိုက်အသံလွှင့်ရင် ကြော်ငြာတွေက ရမှာပေါ့။ တကယ်တော့ ဒီလိုတိုးတက်တဲ့ ခေတ်ကြီးမှာ Night Life ဆိုတာ အရေးကြီးတယ်။ ကျွန်တော်တို့လို တိုင်းပြည်မှာဆိုရင် ရာသီဥတုဟာလည်း ညဘက်ကျမှ ပိုပြီးနေလို့ထိုင်လို့ ကောင်းတယ်။ နေမပူဘူး။ အေးလာတာပေါ့။"
"ပုဂံတို့ မန္တလေးတို့မှာလည်း လုပ်လို့ရတယ်။ နောက်ပြီး ဇာတ်ရုံတွေမှာလည်း နှစ်နာရီစာလောက် ပွဲတွေအမြဲ ကလို့ရအောင် စီစဉ်ထားသင့်တာပဲ"
"ဒါဆိုရင် သဘင်အငြိမ့်စတဲ့ အနုပညာနဲ့ လုပ်ကိုင်စားသောက်တဲ့သူတွေ အဆင်ပြေမှာပေါ့"
"ဟုတ်တယ်။ အဓိကကတော့ ပြည်သူနဲ့ နိုင်ငံတော်ပါပဲ။ ပြည်သူတွေ အနားယူ အပန်းဖြေဖို့ နေရာတွေ ရှိလာတယ်။ တိုးရစ်တွေက သတင်းစကားတွေ ပါးမယ်။ ပိုပြီးဝင်လာတဲ့အခါ နိုင်ငံကလည်း ပိုက်ဆံရမှာပေါ့"
"ဟုတ်တယ်။ ထိုင်းကဒီလိုပဲ လုပ်ကိုင်စားသောက်နေကြတာပဲ မဟုတ်လား။ စင်ကာပူဆိုရင် Tourist Attraction တွေလုပ်ပြီး ငွေတွေသဲ့ယူ နေတာပဲ"
"ထိုင်းက ဇင်းမယ်မှာဆိုရင် ဘာမှမရှိတဲ့ ကျုံးသေးသေးလေးဟာလည်း Tourist Attraction ပါပဲ"
"ကျွန်တော်တို့ဆီ လုပ်စရာ ကိုင်စရာတွေ အများကြီး ရှိသေးတယ်။"
"ဒါနဲ့ စကားမစပ် ခင်ဗျားက ကျွန်တော့်ကို ၂၀၁၁ ဇာတ်လမ်း စခဲ့တယ်။ ဒီဇာတ်လမ်းကို အဓိက ဇာတ်ဆောင်တွေ ၂၀၁၅ မှာ ကဦးမှာလားလို့ ဘာလို့မေးတာလဲ"
"ဇာတ်လမ်းလည်းကောင်း၊ ဇာတ်စီးသူလည်းကောင်း၊ ကပြသူ ဇာတ်ဆောင်တွေကလည်း ကောင်းရင် ဇာတ်ဟာ ကောင်းမှာပဲလို့ စဉ်းစားမိလို့ပါ။ ဒီမိုကရေစီ ဇာတ်တော်ကြီးအတွက် ဘယ်စင်မှာ ဘယ်လိုတင်ရမယ်။ ဘယ်ကကြိုးနဲ့ ပြည်သူတွေ မြတ်နိုးအောင် ကရမလဲ ဆိုတာကို သိချင်လို့ပါ"
"သြော်၊ တကယ့်အနုပညာ ချစ်မြတ်နိုးတဲ့ ကိုဘသစ်ပါပဲ။ ဒါနဲ့ ရွှေမန်းတင်မောင်ရဲ့ ဘယ်ဇာတ်ကို အကြိုက်ဆုံးလဲ"
"ရွဲကုန်သည်ပေါ့ဗျာ"
"ပေး...ပေး...ပေး...၊ မပေး ပေးပေးပေး ငါ့ရွှေခွက်ပေး"
Credit To First-11