Saturday, September 14, 2013

လက်ဝှေ့ဝါသနာပိုး - နေလင်းအောင်



(၁)

ဗိန်းဗောင်းတိုက်သံကို ကြားလိုက်ရလျှင် ကျွန်ုပ်၏ ကိုယ်တွင် စွဲကပ်နေသည့် လက်ဝှေ့ဝါသနာပိုးသည် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ လက်ဝှေ့မထိုးတတ်လင့်ကစား အရိုးအခြင်များ တောင့်တင်းလာ၏။ အသွေးအသားများ ဆူဝေလာ၏။ အနီ၊ အပြာခြယ် ကြိုးဝိုင်းထောင့်တို့တွင် နေရာယူထားသည့် ရိုးရာလက်ဝှေ့ကျော်တို့၏ ထီမထင်သော  မျက်နှာတို့ကို မြင်ယောင်မိသည်။ ယင်းတို့၏ လက်ပမ်းပေါက်ခတ်သံ တဖြောင်းဖြောင်းကို ကြားယောင်မိသည်။ ထို့ကြောင့် လုပ်လက်စအမှုကိစ္စတို့ကို ချောင်ထိုးထားခဲ့ပြီး ကြိုးဝိုင်းရှိရာဆီ အရောက်သွားခဲ့မိသည်မှာ အခါခါပင် ဖြစ်၏။ 

ဆိုင်းသံ ကျယ်ကျယ်လောင်လောင်၊ နှဲသံ စူးစူးဝါးဝါး၊ လက်ဝှေ့မှာ ဘုရင်၊ ယှဉ်ချင်လျှင် ထွက်ခဲ့၊ ပုဝါမကူ ရေမရှုကြေး၊ ကြိုက်ရာကိုရွေးဟဲ့ ကြောက်ရှုံး ကွဲရှုံး သက်လုံရှုံး၊ ရေကုန်ရေခန်း မကျန်၊ တစ်ပွဲတစ်လမ်း အကဲစမ်းရအောင် ထွက်ခဲ့စမ်း အစချီသည့် လက်ဝှေ့ကျော်တို့၏ ကြုံးဝါးသံကို ကြားလိုက်ရလျှင် လက်သီးလက်မောင်းတန်း၍ အာခေါင်ခြစ်ကာ အော်ဟစ်အားပေးမိသည်။

(၂)


ကျွန်ုပ်သည် ရာမညတိုင်းရှိ အပေါင်၊ ကျိုက်ထိုစသည့်မြို့ရွာတို့တွင် ကြီးပြင်းခဲ့သူဖြစ်ခြင်းကြောင့် ကိုယ်တွင်း၌ လက်ဝှေ့ပိုး စွဲကပ်နေသည်မှာ မဆန်းချေ။ အောက်ပြည်အောက်ရွာ သထုံခရိုင် အပေါင်၊ ဇင်းကျိုက်၊ ကော့ဘိန်း၊ ကော့ထင်း အစရှိသည့်ဒေသတို့သည်ကား လက်ဝှေ့ပွဲများ ထွန်းကားရာ အရပ်ဒေသများ မဟုတ်လော။ ထိုအရပ်ဒေသတို့တွင် လက်ဝှေ့ပွဲများကို တလင်းသိမ်းချိန်ရောက်သည့်နှင့် တပြိုက်နက် ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ဘုန်းကြီးပျံ၊ ရှင်ပြု၊ ဘုရားပွဲ စသည့် ဘာသာရေးဆိုင်ရာ ပွဲတော်တို့တွင် လက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပသည်မှာ အစဉ်အလာပင် ဖြစ်၏။

စင်စစ် မြန်မာရိုးရာလက်ဝှေ့သည် တိုင်းရင်းသား လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်သော ကစားနည်းမဟုတ်ဘဲ၊ တိုင်းရင်းသားတိုင်း ဘုံအဖြစ် ပိုင်ဆိုင်သည့် ရိုးရာအမွေအနှစ် လက်နက်မဲ့ကိုယ်ခံပညာရပ်သာလျှင် ဖြစ်ချေသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ရှိခဲ့စဉ်က ရိုးရာလက်ဝှေ့သည် ထီးသုံးနန်းသုံး ကစားနည်းတစ်ခုအဖြစ် နေရာယူနိုင်ခဲ့သော်လည်း၊ ထီးကျိုးစည်ပေါက်ခဲ့ရပြီးနောက်တွင် မှေးမှိန်တိမ်ကော ခဲ့ရလေ၏။

ပင်းယခေတ်တွင် ထင်ရှားခဲ့သည့် သာသနာပိုင် အောင်စည်းခုံ သံဃရာဇာသည်  (အောင်စည်းခုံ သိင်္ခရာဇာ ဟုလည်း အဆိုရှိသည်။) ပြိုင်ဘက်ကင်းသည့် မြန်မာ့ လက်ဝှေ့ကျော်တစ်ဆူပင် ဖြစ်၏။ ပင်းယခေတ်တွင်သာမက အင်ဝခေတ်ရောက်သည်အထိ ကျော်စောထင်ရှားခဲ့သည့် မြန်မာ့လက်ဝှေ့ကျော် တစ်ဦးပင် ဖြစ်သည်။

အင်းဝမင်းခေါင်လက်ထက်တွင် အုန်းဘောင်စော်ဘွား (သီပေါစော်ဘွား) က လက်ဝှေ့အသတ်ကောင်းသော ရှမ်းကြီးတစ်ယောက်ကို အင်းဝသို့ ခေါ်လာပြီးလျှင် လက်ဝှေ့ယှဉ်ပြိုင် မော်ကွန်းတင်ကြအံ့ဟု မြန်မာမင်းအား ၀ံ့စားလာသည်။

ထိုစဉ်အခါက စစ်ကိုင်း၊ အင်းဝအရပ်တစ်ခွင်တွင် အုန်းဘောင်စော်ဘွား၏ လက်ဝှေ့ကျော်ရှမ်းကြီးအား ယှဉ်ပြိုင်သတ်ဝံ့သူ မပေါ်ခဲ့ချေ။ အ၀သားတို့ အရှက်ရလုဆဲတွင် အင်းဝမင်းခေါင်သည် မှူးမတ်အပေါင်းတို့နှင့် စည်းဝေးပြီး လက်ဝှေ့ကျော်ဟောင်း အောင်စည်းခုံ သံဃရာဇာကို စုံစမ်းရှာဖွေစေသည်။ မှူးမတ်အပေါင်းတို့က အောင်စည်းခုံ သံဃရာဇာသည် အိုမင်းလှပြီဖြစ်သဖြင့် အုန်းဘောင်စော်ဘွား၏ လက်ဝှေ့ကျော်ရှမ်းကြီးနှင့် ယှဉ်ပြိုင်ထိုးသတ်စေရန် မသင့်လျော်ကြောင်း လျှောက်တင်ကြ၏။ သို့သော်လည်း အင်းဝမင်းခေါင်းသည် ရှေ့တော်သွင်းရန်ကိုသာ မိန့်တော်မူသည် ဟူ၏။

အောင်စည်းခုံသံဃရာဇာကို မင်းချင်းတို့ ရှာဖွေတွေ့ပြီးသော် အင်းဝနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထိုအခါ သံဃရာဇာသည် မင်းပရိသတ်တို့အလယ်တွင် ဤသို့ဆိုလေသည်။ ငါသည် အထက်မင်းများ လက်ထက်တော်အခါက ပျိုရွယ်စဉ်ဖြစ်၍ လက်ဝှေ့ကို ကျော်စောရုံမျှသာ သတ်သည်။ ယခုကား ငါ၏ အသက် ၆၉ နှစ် ရှိလေပြီ။ ဤပွဲတွင် ပြိုင်ဘက်အား သေအောင်သတ်မည်ဟု ကြိမ်းဝါးလိုက်လေ၏။

ထိုအခါ မင်းနှင့်ပရိသတ်တို့က အသက်သေအောင် ထိုးသတ်ခြင်း မပြုပါလင့်၊ တော်ရုံတန်ရုံမျှသာ ထိုးသတ်ပါဟု တောင်းပန်ကြလေ၏။ ထို့နောက် စကားကျောင်းတော် မော်ကွန်းစိုက်ရာ မုခ်တံခါးအရှေ့ ငါးတာခြားသည့် ကုန်း၌ လက်ဝှေ့ပွဲ ကျင်းပလေသည်။ လက်ဝှေ့ပွဲတွင် မင်းနှင့်တကွ မင်းညီမင်းသား စော်ဘွား စုံညီစွာ ရှုစားအားပေးကြသည်။

သံဃရာဇာနှင့် ရှမ်းကြီးတို့သည် လက်ဝှေ့မထိုးသတ်မီတွင် ကခုန်သီဆိုကြသည်။ လက်ဝှေ့ပွဲစသည်နှင့် တပြိုက်နက် သံဃရာဇာသည် ရှမ်းကြီးအား ခတ်သယောင်ပြုပြီး ခြောက်ကာလှန့်ကာ ညာလက်သီးဖြင့် ပြင်းစွာထိုးနှက်လိုက်လေရာ ထိချက်ပြင်းသောကြောင့် ရှမ်းကြီး၏မျက်နှာသည် အနောက်သို့ လည်ထွက်သွားလေ၏။

အုန်းပေါင်စော်ဘွားက သေသော်ပင် အမြင်ကောင်းသေးသည်။ ယခုသော် အမြင်မကောင်းပါတကားဟု ၀မ်းနည်းပက်လက် စကားဆိုရရှာသည်။ ထိုအခါ သံဃရာဇာသည် ရှမ်းကြီးအား ဘယ်လက်သီးတစ်လုံးဖြင့် ထပ်မံထိုးသတ်လိုက်လေရာ ၎င်းင်း၏မျက်နှာမှာ ရှေ့တွင် နေမြဲနေပြန်လေသည်။

ထိုအခြင်းအရာကို မြင်တွေ့ရသော မင်းပရိသတ်အပေါင်းက အံ့ဖွယ်သရဲ ရှိလှပေသည်ဟု ဆိုကြပြီးလျှင် သံဃရာဇာအား မြင်းနှစ်ကောင်၊ ဖျင်သုံးလိပ်နှင့် ငွေတစ်ပိဿာ ဆုလာဘ်ပေး၍ ချီးမြှင့်ကြသည်ဟု မြန်မာ့သမိုင်းတွင် အဆိုရှိခဲ့ဖူးသည်။

ထိုမျှသာမကသေး ယခုအခါပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် လေးဆယ့်ငါးကျပ်တန်တွင် တံဆိပ်ခတ်နှိပ်ကာ မော်ကွန်းတင်အပ်သည့် ရေနံမြေသပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီးသည်လည်း လက်ဝှေ့ကျော်တစ်ဦးပင်ဖြစ်ပြီး ပထမကမာ်္ဘစစ်အတွင်း မက်ဆိုပိုတေးမီယား စစ်မြေပြင်၌် အသားမည်း နီဂရိုးစစ်သားတစ်ဦးကို မတရားအနိုင်ယူကာ ညှဉ်းဆဲသည့် မျက်နှာဖြူတပ်ကြပ်တစ်ဦးအား မြန်မာ့ရိုးရာ လက်ဝှေ့အတတ်ပညာကို ကျင်လည်စွာ အသုံးပြုပြီး ပညာပေးခဲ့ဖူးသေးသည်။

(၃)

အမနာပဆိုသူများက မြန်မာ့လက်ဝှေ့သည် အားကစားနည်းမဟုတ်၊ ကြမ်းတမ်းသည့် စီးချင်းထိုးပွဲ လူသတ်ပွဲဟု ပေါ့ပေါ့တန်တန် မှတ်ချက် ချတတ်သည်။ ယောက်ျားတိုင်းသည် အတိုင်းအတာအလျောက် ခွန်အား သတ်္တိနှင့် ပြည့်စုံကြမည်မှန်သော်လည်း စည်းဝိုင်းအလယ်တွင် တစ်ဦးချင်းရင်ဆိုင်ပြီး ယှဉ်ပြိုင်ကာ လက်ဝှေ့ထိုးသတ်ဝံ့သော သတ်္တိသည် လူတိုင်း မရှိနိုင်ပေ။ ပမာဆောင်ရသော် လူနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာတွင် ဒေါသအလျောက် ထိုးရဲသတ်ရဲ ရှိကြပေမည်။ သို့သော် ထိုသူနှစ်ယောက်အား ဒေါသပြေပျောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ထိုးသတ်စေပါက မထိုးသတ်ဝံ့ဘဲ ရှိကောင်း ရှိပေမည်။ ထို့ထက် စည်းကမ်းစနစ်ကျနစွာဖြင့် ထိုးသတ်ရသော လက်ဝှေ့ပွဲဆိုလျှင် ဝေးစွာပင် ရှောင်ရှားကြပေလိမ့်မည်။ လက်ဝှေ့ထိုးသတ်ခြင်းကား ထိုသို့ မဟုတ်မူပဲ သတိ္တဗျတ်္တိကို အခြေပြုပြီး ယောက်ျားတို့၏ စွမ်းရည်ကို ယှဉ်ပြိုင်သည့် အားကစားနည်း တစ်ရပ်သာလျှင် ဖြစ်သည်။

(၄)

ကျိုက်ထိုနယ်၊ ကင်မွန်းစခန်းကျေးရွာသည် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုန်းတန်ခိုးအာနုဘော်ကို အမှီပြုခြင်းကြောင့် လွန်စွာမှ စည်ကားသည့် ကျေးရွာကြီးတစ်ရွာဖြစ်၏။ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးများ စခန်းချ နေနားရာဖြစ်ခြင်းကြောင့် အထူးပင် ထင်ရှားသည်။ 

ထိုကင်မွန်းစခန်းကျေးရွာတွင် ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကြက်ပျံမကျ စည်ကားလှသည့် ကင်မွန်းစခန်း ကရင်နှစ်သစ်ကူး အာဝါဒေးပွဲမှာ ပဲခူး၊ သထုံ၊ ကျိုက်ထိုနယ် တစ်ဝိုက်တွင် အစည်ကားဆုံးသော ပွဲတော်တစ်ခုပင် ဖြစ်၏။

ထိုကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် လက်ဝှေ့ပွဲကို ထည့်သွင်းကျင်းပသည်မှာ အစဉ်အလာပင်ဖြစ်သည်။ ရေး၊ မုတ္တမ၊ အစင်၊ ပဲခူး စသောဒေသများမှ မွန်၊ ကရင်၊ ပသျှူးလက်ဝှေ့ကျော်များသာမက သာစည်၊ တွံတေး၊ ညောင်တုန်းနယ် ကြက်တူရွေးသောင် စသည့်ဒေသများမှ ရိုးရာလက်ဝှေ့သမားများပါ လာရောက် ဆင်နွဲသည့် လက်ဝှေ့ပွဲပင် ဖြစ်၏။

(၅)

ဘုရားပွဲတော်ကာလဖြစ်သောကြောင့် ကင်မွန်းစခန်းရွာတွင် လူသူစည်းကားလှသည်။ ပွဲခင်းအတွင်း ဗိန်းဗောင်းသံ ညံလေပြီ။ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် လက်ဝှေ့ကျော်တို့သည် ပွဲခင်းအတွင်း ဟိုသည်လျှောက်၍ ယှဉ်ပြိုင်ထိုးသတ်ဘက်ကို ရှာကြကုန်၏။ တက်သစ်စ လက်ဝှေ့သမားငယ်တို့သည်လည်း မိမိတို့၏အစွမ်းကို ပြသနိုင်ရန်အတွက် အသားကုန်ပြင်ဆင် အားမွေးကာ နေကြကုန်၏။

ယနေ့ညတွင် ယှဉ်ပြိုင်ထိုးသတ်ကြမည့် လက်ဝှေ့ကျော်များမှာ ပသျှူးပြန်ဝင်းနိုင်စိန်ဟု အမည်ရသည့် အစင်ရွာသားလက်ဝှေ့သမားနှင့် တွံတေး တောကြီးတန်းရွာသား စောသဲသဲတို့ပင် ဖြစ်သည်။ လက်ဝှေ့ကျော်နှစ်ဦးလုံးသည် ရိုးရာလက်ဝှေ့လောကတွင် အတန်အသင့် ထင်ရှားကြသူများပင် ဖြစ်၏။ ပသျှူးပြန်သည် ရေအပြည့်ဖြည့်ထားသည့် တိုင်ကီကို ခြေဖြင့်ကျောက်လျှင် တိုင်ကီ ဗိုင်းဗိုင်းလဲသည်ဟု ပြောစမှတ်တွင်အောင် ခြေခတ်သန်လှသူ တစ်ဦးဖြစ်သည်။ စောသဲသဲမှာမူ တက်သစ်စ လက်ဝှေ့ကျော်တစ်ဦးပင် ဖြစ်၏။ တက်သစ်စဆိုသော်ငြား ရှုံးပွဲမရှိဖူးသေး။ နိုင်ပွဲများသာ ဆက်တိုက်နွဲလာခဲ့သူ ဖြစ်သည်။ စောသဲသဲ၏ ပတ်တံတောင်သည် ထုံးမန်းရေမန်း ကြိုက်ရာကိုဆောင်၊ ထိလျှင်ကွဲ ဗိုင်းဗိုင်းလဲကာ မှောက်ရမည့် ပတ်တံတောင်၊ မိုးကြိုးသွားအလား ပြင်းထန်လှသည့် တံတောင်ပင် ဖြစ်၏။

(၆)

ရိုးရာလက်ဝှေ့ပွဲတို့၏ အစဉ်အလာအရ ပွဲကြီးများ မကျင်းပမီတွင် ကြားပွဲများ ထည့်သွင်း ကျင်းပ ရသည်။ ယခုလည်း ကြားပွဲများ ကျင်းပရန် လူစစ်ဆေးပြီး အဆိုင်းတွဲပေးနေသည်ကို တွေ့ရ၏။ ကြားပွဲများတွင် ၀င်ရောက်ဆင်နွဲကြမည့်သူများမှာ များသောအားဖြင့် ဆယ်ကျော်သက်များသာ ဖြစ်သည်။ ရန်ငြိုးရန်စကြောင့် မဟုတ်ဘဲ ၀ါသနာကို အရင်းခံ၍ ထိုးသတ်ကြမည့် လက်ဝှေ့ဝါသနာအိုးကလေးများပင် ဖြစ်ကြသည်။ လက်ဝှေ့သမိုင်းတွင် ကျော်ကြားခဲ့သည် သမန်းကျား၊ ဘနှစ် ကဲ့သို့သော လက်ဝှေ့ကျော်တို့သည်လည်း ဤကဲ့သို့သော ကြားပွဲများတွင် ၀င်ရောက်ဆင်နွဲရင်း၊ ပညာဆည်းပူရင်းနှင့် တဖြည်းဖြည်း အောင်မြင် ထင်ရှားလာပြီး လက်ဝှေ့သမိုင်းတွင် မှတ်တိုင် စိုက်နိုင်ခဲ့ကြသူများ ဖြစ်၏။ ယခု ကြားပွဲများတွင် ၀င်ရောက်ထိုးသတ်ကြသည့် လူငယ်များအနက်မှ သမန်းကျား၊ ဘနှစ်တို့ကဲ့သို့ ထင်ရှားကျော်ကြားသောများ မပေါ်ပေါက်ဟု အဘယ်သူဆိုဝံ့အံ့နည်း။

ယနေ့ညတွင် ကြိုးဝိုင်းဒိုင် အဖြစ် တာဝန်ယူဆောင်ရွက်မည့်သူများမှာ ထားဝယ်ဝင်းနိုင်နှင့် ကျိုက်ထိုသားဦးဂဠုန်တို့ ဖြစ်သည်။ ထားဝယ်ဝင်းနိုင်သည် သက်လတ်ပိုင်းကို ကျော်လွန်ခဲ့ပြီး သက်ကြီးပိုင်းသို့ ချဉ်းပြီဖြစ်၍ ၎င်း၏ ဆူဖြိုးလှသည့် ၀မ်းဗိုက်သည် ဖွားမြင်ခါနီး ကိုယ်ဝန်ဆောင်မိန်းမ၏ ၀မ်းကြာတိုက်နှင့် အလားသဏ္ဌာန် တူလှသည်။ သို့ဖြစ်လျှင် လျင်မြန် ဖျတ်လတ်ခြင်းနှင့် ကင်းပြီးလောဟု ဆိုဖွယ်ရာ ရှိသည်။ သို့သော် ထားဝယ်ဝင်းနိုင်သည် လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ကြိုးတန်းများအောက် ခေါင်းလျှိုဝင်ခြင်း မပြုဘဲ၊ ကြိုးသုံးတန်းလုံးကို ပေါ့ပါးစွာ ခုန်ပျံကျော်လွှားပြီး ၀င်ရောက်သွားသည်မှာ လွန်စွာ ကြည့်ကောင်းလှသည်။ လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ဖက်ရွက်ကလေးတစ်ရွက် ကျလာသည့်နှယ်။ ဖက်ရွက်ဟု ဆိုသော်လည်း မိုးဦးကာလ၌ အထူးရှင်သန်ကြီးပြင်သည့် ပိန်းကြာဖက်ကြီးသာ ဖြစ်ချေသည်။ ဦးဂဠုန်ကား ကွမ်းတမြုံ့မြုံလုပ်ရင်း ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်လာသည်။ ရိုးရာလက်ဝှေ့သမားကြီးပီပီ ပွဲခင်းကျင်းမှု နေရာကျနမှု ရှိမရှိကို စစ်ဆေးသည်။ ဆိုင်းဝိုင်းတွင် လူစုံတက်စုံ ရှိမရှိကို ကြည့်ရှုသည်။

ရိုးရာလက်ဝှေ့ပွဲ ကျင်းပရာတွင် ဆိုင်းဝိုင်းကို နေရာချထားမှုသည် လွန်စွာမှပင် အရေးကြီးလှသည့် အချက်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆိုင်းဝိုင်းနေရာ အထားမှားလျှင် အနာတရဖြစ်တတ်၊ လူသေတတ်သည်ဟု ယူဆသောကြောင့်ပင်တည်း။ များသောအားဖြင့် ဆိုင်းဝိုင်းကို တောင်အရပ်တွင် နေရာချထားလေ့ရှိသည်။ တောင်အရပ်တွင် မသင့်ပါမှ အရှေ့အရပ်တွင် နေရာချသည်။ အနောက်အရပ်၊ မြောက်အရပ်တို့တွင် နေရာချရိုး ထုံးစံမရှိချေ။ ထိုမျှသာမကသေး ကြိုးဝိုင်းဒိုင်တို့၏ နေရာယူမှုသည်လည်း ဆိုင်းဝိုင်း နေရာချထားမှုနည်းတူ များစွာ အရေးပါသည်။ ၀ိုင်းဒိုင်တို့သည် နဂါးလှည့် နတ်နေ လွတ်အောင် နေရာယူရသည်။ နဂါးလှည့် နတ်နေ မသင့်လျှင် လက်ဝှေ့ကျော်တို့ အနာတရ ဖြစ်တတ်သည်ဟု အစွဲအလမ်း ရှိသေးသည်။

(၇)

စတော်တိုက်သံကို ကြားရလေပြီ။

ရွှေပွဲလာ ပရိသတ်ကြီး ခင်ဗျာ .. ကနေ့ညမှာ အသည်းကောင်းလို့ ပွဲတောင်းကြသူတွေ မနည်းလှပါဘူး။ ပုဝါမကူ ရေမရှု စတမ်း၊ ရေကုန်ရေခန်း ထိုးသတ်ဖို့ ကျွန်တော်များ ဒိုင်လူကြီးများ ထံမှောက် လာရောက်ပြီး စာရင်းပေးသွင်း ကြတဲ့သူပေါင်း လက်ဝှေ့ဝါသနာရှင်ပေါင်း အယောက်နှစ်ဆယ်ကျော်ရှိပါတယ် ခင်ဗျ။

ဒီတော့ ကနေ့ညမှာ မိဘပြည်သူုများအနေနဲ့ လက်ဝှေ့ဝါသနာရှင်တို့ရဲ့ အံ့မခန်း အစွမ်းအစကို တ၀ကြီး ရှုစားရမှာ ဖြစ်ပါတယ်ခင်ဗျ။ ကြားပွဲဆိုပေမယ့် တအားခဲပြီး ထိုးသတ်ကြမှာမို့ အချိန်မဖြုန်းဘဲ တစ်အိမ်လုံး၊ အချိန်မကြာအောင် ထဘီမခါဘဲ အသည်းကောင်းသူများထိုးသတ်မယ့်ပွဲစဉ်ကို လာရောက် ချီးမြှင့်ရှုစားကြဖို့ တိုက်တွန်းအပ်ပါတယ် ခင်ဗျာ။ နောက်ကျရင်တော့ အပေါက်ဝကနေ လှည့်ပြန်ရမှာ ထုံးစံပါပဲ ခင်ဗျ ဟူသည့်ု ကြေညာဆော်သြသံကို ကြားလိုက်ရ၏။

ထိုဆော်သြသံကို ကြားရပြီးနောက် ပရိသတ်တို့သည် လက်ဝှေ့ရုံအတွင်းသို့ တရိပ်ရိပ်တက်လာသည့် ဒီရေလှိုင်းလုံးကြီးများအလား စုရုံးရောက်ရှိလာကြသည်။

ကြိုးဝိုင်ဒိုင်တို့ ဘုရားကန်တော့ခန်းဆင်၊ သမားစဉ်ဝါစဉ် တောင်းပန်၊ ပါးပုတ်တမ်းကစားပြီးနောက် ပွဲစလေ၏။ ဦးစွာ ဒိုင်လူကြီးများက ကြားပွဲတွင် ၀င်ရောက်နွဲကြမည့် တက်သစ်စ လက်ဝှေ့သမားတို့၏ အမည်များကို ဖတ်ကြားသည်။ ထို့နောက် ကြားပွဲတွင် ၀င်ရောက်ဆင်နွဲမည့် အဆိုင်းကို ဖိတ်ခေါ်လိုက်လေ၏။ ကြားပွဲတွင် ၀င်ရောက်နွဲမည့် လက်ဝှေ့ပဂေးတို့ ကြိုးဝိုင်းအတွင်းသို့ ကြွရောက်လာလေပြီ။ နှစ်ဦးလုံးမှာ ပုဆိုးဂွင်းသိုင်းဖြုတ်ခါစ အရွယ်မျှသာလျှင် ဖြစ်၏။

ဦးဂဠုန်သည် လက်ဝှေ့ကျော်နှပ်ချေးပေတလူးတို့ကို အရေးတယူပြုကာ ကြိုးဝိုင်း အနီထောင့်၊ အပြာထောင့် နေရာသတ်မှတ်ပေးသည်။ ဒဏ်ရာဟောင်းရှိမရှိကို ကြည့်ရှုသည်။ ယင်းတို့၏ လက်သည်းများကို စစ်ဆေးသည်။ လက်သည်းရှည်သည်ဟု ထင်လျှင် ညှပ်သည်။ ဆံပင်ရှည်ဟု ထင်လျှင် ဆံစတို့ကို ကပ်ကျေးဖြင့် ကိုက်ဖြတ်သည်။ ကြိုးဝိုင်းစည်းမျဉ်းတို့ကို ပြောကြားပြီးနောက် ဦးဂဠုန်သည် လက်ဝှေ့သမားငယ်နှစ်ဦးတို့နှင့် ပရိသတ်ကို မိတ်ဆက်ပေးလေ၏။

နှစ်ဦးလုံး ကျိုက်ထိုနယ်သားများ ဖြစ်ကြ၏။ တစ်ဦးမှာ ပျဉ်းမစခန်းရွာမှဖြစ်ပြီး တိုးပွား ဟု အမည်ရသည်။ ကျန်တစ်ဦးမှာမူ ဖက္ကလိပ်ကျေးရွာသား ဖြစ်ပြီး၊ မောင်ကျော်မင်း ဟူ၏။ ဦးဂဠုန်သည် မောင်ကျော်မင်းဟူသည့် အမည်သည် ကြိုးဝိုင်းအမည်အဖြစ် ခေါ်တွင်ရန် မသင့်ဟု ယူဆသောကြောင့် က ခ ဂ ဃ င ဟု အစချီပြီးလျှင် အကြင် မောင်ကျော်မင်းအား ကျားကြီးဟု အမည်သညာ ခေါ်တွင်စေသည်။ သို့ဖြင့် မောင်ကျော်မင်းသည် လူဘ၀မှ ကျားဘ၀သို့ အရှင်လတ်လတ် ဘ၀ပြောင်းရတော့သည်။

ရွှေပွဲလာ ပရိသတ်ကြီး ခင်ဗျာ အခုကြားပွဲမှာ ၀င်ရောက်ထိုးသတ်မယ့် လက်ဝှေ့ဝါသနာရှင် နှစ်ဦးကတော့ ပျဉ်းမစခန်းရွာသားကလေး တိုးပွားနဲ့ ဖက္ကလိပ်ကျေးရွာက တက်သစ်စ လက်ဝှေ့သမား ကျားကြီးတို့ ဖြစ်ပါတယ် ခင်ဗျာ။ အခုကြားပွဲမှာ တိုးပွားကပဲ ထိုးအားကောင်းကောင်းနဲ့ အနိုင်ပိုင်းလေမလား၊ ဒါမှမဟုတ် ဖက္ကလိပ်သား ကျားကြီးကပဲ တအားတီး လေမလားဆိုတာကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ် ခင်ဗျ။ တိုးပွားနဲ့ ကျားကြီး .. ကျားကြီးနဲ့ တိုးပွား .. အသည်းကောင်းသူတွေ ထိုးသတ်ကြမှာမို့ မျက်တောင်မခတ်စတမ်း အားပေးရှုစားတော်မူကြပါဦး ခင်ဗျာ။ အသည်းကောင်းလို့ ပွဲတောင်းတဲ့ တိုးပွားနဲ့ ကျားကြီး၊ ကျားကြီးနဲ့ တိုးပွား။ အက်ကိုးတင်ထားသော ကျောက်စက်၏ တန်ခိုးကြောင့် ကျားကြီးနဲ့ တိုးပွား ဟူသော အဆုံးသတ် စကားသံသည် ပွား ပွား ပွား ပွား ပွား ဟု ရိုက်ခြုန်းမြည်ဟီးပြီးလျှင် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပနေသော ကင်မွန်းစခန်းတစ်ရွာလုံးကို လွှမ်းခြုံလိုက်လေ၏။

တိုးပွားနှင့် ကျားကြီး နှစ်ဦးလုံးသည် လက်ဝှေ့ပွဲနွဲကြမည့်သူများဖြစ်လင့်ကစား သောင်းသောင်းဖြဖြ အားပေးနေကြသော ပရိသတ်အရှိန်၊ ခမ်းနားလှသည့် ကြိုးဝိုင်းကြီးဟူသည့် အရှိန်၊ မီးရောင်ရှိန် စသည့် အရှိန်တို့ကြောင့် ကြောက်ဒူးတုန်သလိုလို ဖြစ်နေကြဟန်တူသည်။ တွန့်ဆုတ် တွန့်ဆုတ် လုပ်ကာ နေကြသည်။ ဆိုင်းဝိုင်းမှ ဗိန်းဗောင်းတိုက်သံသည် ယင်းတို့၏ ကြောက်စိတ်တို့ကို ပယ်ရှားလိုက်လေ၏။ လင်းကွင်းသံသည် ယင်းတို့၏ စိတ်ကို တက်ကြွစေသည်။ နှဲသံသည် အနီအပြာခြယ်သထားသည့် ကြိုးဝိုင်းအလယ်တွင် သင်တို့၏ ယောက်ျားအစွမ်းကို ပြလော့ဟု တိုက်တွန်းနေသည့် အလား။

ထိုး ဟူသည့် ထားဝယ်ဝင်းနိုင်၏ ဒိုင်လွှတ်သံအဆုံးတွင် လက်ဝှေ့သမားနှစ်ဦးလုံး ခေါင်းတခါခါ၊ ခြေဆန့်ချည် လက်ဆန့်ချည်ပြုပြီး ထိုးသတ်ရန် ပြင်ဆင်ကြသည်။ မီးရောင်အောက်တွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကျားချောင်းချောင်းပြီး ထိုးသတ်ကွက် ရှာကြသည်။ ကျားကြီးသည် တိုးပွားထက် ဒေါင်အနည်းငယ်ပို၍ ကောင်း၏။ သို့သော် တိုးပွားသည် အလုံးအဖန် တောင့်တင်းကျစ်လစ်သောကြောင့် ထိုကွာခြားချက်မှာ မပြောပလောက်ပေ။ တိုးပွားသည် ကျွဲပေါက်နှင့် အလားသဏ္ဍာန်တူပြီး၊ ကျားကြီးမှာမူ ကျားကြီးဟူသော အမည်နှင့် လိုက်ဖက်အောင် ကျားကျားလျားလျား ရှိလှပါပေသည်။

အပြန်အလှန် ထိုးကွက်ရှာနေကြရာမှ တိုးပွားသည် ဘယ်ခြေကို ရုတ်ခြည်ကြွပြီး ခတ်မယောင်ပြု၏။ ကျားကြီးကလည်း လျှင်မြန်စွာ နေရာပြောင်း၍ ဘယ်ခြေကို ညာဒူးဖြင့် ကာရန်     ပြင်၏။ ထိုအခိုက် တိုးပွားသည် ဘယ်ခြေဖြင့် မကျောက်တော့ဘဲ ညာဖြောင့်လက်သီးတစ်လုံးကို လျှင်စွာ လွှတ်၏။ တိုးပွား၏ ညာဖြောင့်လက်သီးကို ကျားကြီး မရှောင်နိုင်ဖြစ်လေရကား လက်သီးနှင့် မျက်နှာ မိတ်ဆက်သံ ဖြောက်ခနဲ ကြားလိုက်ရသည်။ မျက်နှာနှင့် လက်သီး သစ္စာနှံသော်ငြား ချက်ကောင်းကို ထိမိဟန်မတူချေ။ ကျားကြီးသည် ကိုယ်ကိုယို့၍ အနောက်သို့ အသာတိမ်း၏။ တိုးပွားသည် ဘယ်ညာပေါက်လက်သီးများဖြင့် တရစပ် ထိုးသတ်သည်။

ကျားကြီးကလည်း ပူးကပ်ထိုးသတ်လာသော် တိုးပွားကို လူချင်းခွာ၍ ရှောင်တိမ်းပြီးလျှင်၊ မိုးသီးမိုးပေါက်အလား ကျရောက်လာသည့် ဘယ်ညာထိုးချက်များကို ကာကွယ်လေသည်။ လူချင်းပူးကပ်ရာမှ ခွာ၍ထွက်ရာတွင် ၀ိုက်လက်သီး ကျွဲခတ်ခြေဖျားရိုက်နည်းဖြင့် တန်ပြန်ထိုးသတ်လိုက်သည်။ ချက်ကောင်းကို ထိမိဟန် တူသည်။ တိုးပွား ချာခနဲ ဖြစ်သွား၏။ ဆက်မလိုက်နိုင်တော့ပေ။ ထိုအခိုက် ဟိုး ဟူသည့် ဦးဂဠုန်၏ ဖျဉ်သံကိုကြားရသည်။ လက်ဝှေ့သမားနှစ်ဦးလုံးကို ပြန်လည် ရင်ဆိုင်စေသည်။ လွှတ်မယ် ထိုး ဟူသည့် အသံအဆုံး၌ လက်ဝှေ့သမားနှစ်ဦးသည် ပူးတုံ့ ခွာတုံ့ပြုကာ ထိုးသတ်ကြလေ၏။ လက်ဝှေ့သမားငယ်တို့သည် ငယ်ပင်ငယ်သော်ငြားလည်း သေသပ်ကျနစွာ ထိုးသတ်တတ်သည်။ ယင်းတို့သည် မြန်မာ့ရိုးရာ လက်ဝှေ့ထိုးနည်း သတ်ကွက်များကို ကောင်းစွာ လေ့ကျင့်ထားသူများ ဖြစ်ကြောင်း သိမြင်နိုင်သည်။ ဤသို့ ထိုးသတ်ကြရင်းနှင့်ပင် ပထမအချီ အပြီးသတ်ခြင်းသို့ ရောက်လေ၏။

(၈)

အပေါင်းအဖော်တို့သည် ယင်းတို့၏ သူငယ်ချင်းတို့ကြောင့် များစွာ ဂုဏ်ယူနေကြဟန် တူသည်။ ယင်းတို့၏ ငယ်ပေါင်း နှပ်ချေးပေတလူး လက်ဝှေ့ပဂေးကြီးများကို သံပုရာသီး ပေးသူပေး၏။ ရေခဲကပ်သူ ကပ်၏။ ယိုးဒယားပြည်ဖြစ် မွှေးပွတဘက်ကြီးများဖြင့် ယပ်ခတ်ပေးသူလည်း ရှိ၏။ ထိုအခိုက် အမယ်အိုကြီးတစ်ယောက်သည် ရောက်ရက်ခတ်နေကြသော လူစုကြားသို့ တိုးဝင်လာပြီးလျှင် ဖက္ကလိပ်ရွာသားကျားကြီးနေရာယူရာ ကြိုးဝိုင်းအပြာထောင့်သို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ စပ်စုလိုသောစိတ်ကြောင့် ကျွန်ုပ်သည် ထိုင်ရာမှ ထ၍ ကြိုးဝိုင်းအနားသို့ အသာကပ်သွားမိသည်။

ထိုအမယ်ကြီးသည် ကြိုးဝိုင်းထောင့်သို့ ရောက်လျှင် ဟင် ကြည့်စမ်း ကြည့်စမ်း မအေအိုကြီးကို လိမ်တဲ့ သားမိုက် ငါ့ကို ပြောတော့ ကြိုးဝိုင်းအနားကို ယောင်လို့တောင် မသွားပါဘူးဆို ဟင် ငါ့မျက်ရည်ကျတာကို နင် တော်တော်မြင်ချင်နေလား ဟဲ့ ကျော်မင်း ဟဲ့ ဖြေစမ်း ဟု ဆူပူုကြိမ်းမောင်းကာ ကျားကြီး၏ အရှိုက်ကို စကားလက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုမျှမကသေး အမယ်အိုကြီးသည် နင့် ဖအေခြေရာကိုနင်းပြီး ငါ့ မျက်ရည်ကျအောင် လုပ်မလို့လား ဟု တစ်ခွန်းတောသည်။ ကျားကြီးတစ်ဖြစ်လဲ ကျော်မင်းသည် အမေအိုကြီး၏ ရှေ့မှောက်တွင် ကျားအဖြစ်မှ ရွေ့လျောပြီး အိမ်မွေးကြောင်ကြီးပမာ ဖြစ်သွားလေသည်။ ပြင်းစွာထိုးနှက်လိုက်သည့် စကားသံတို့ကြောင့် ကြောင်ကျားကြီး ငိုင်ခနဲ ဖြစ်သွားသည်။ ဆွံ့အသူအလား စကားတစ်ခွန်းမျှပင် မဆိုနိုင်။

အမယ်အိုကြီး၏ ဒေါသသည် အကူလူ၊ ၀ိုင်းထောက် အစရှိသည့် သူငယ်အပေါင်းအပေါ်သို့ ဆက်လက်ဖြန့်ကျက်ပြန်သည်။ နင်တို့တတွေကလည်း တစ်ကျိတ်တည်း တစ်ကြံတည်းပဲ။ ငါ့ မျက်နှာကိုမှ မထောက်ထားကြဘူး။ အမေအိုကြီးကို မသနားကြဘူး။ ကိုယ့်သူငယ်ချင်းကို တားမယ် ဆီးမယ် မရှိဘူး။ သေလမ်းရောက်အောင် မြှောက်ပင့်ပေးကြတယ်ဟု မြည်တွန်တောက်တီးပြန်သည်။

(၉)

ထိုအခိုက် ကဲ အစန်းရယ် ပြောမနေပါနဲ့ကွာ။ ကလေးကလည်း ၀ါသနာ တယ်ကြီးတာကို မင်း အသိသားနဲ့ဟု လေပြည်ထိုးသံကို ကြားလိုက်ရ၏။ အလို စောသာထူး။ သြော် စောသာထူးလည်း အဘိုးအိုပေါက်စ ဘ၀ကို ရောက်ချေပြီပဲ။ လက်စသတ်တော့ ကျားကြီးဆိုတာ ကိုသာထူးရဲ့ သား ဖြစ်နေပါကလားကရို့။

စောသာထူးသည်ကား ကျိုက်ထိုနယ် ဖက္ကလိပ်ကျေးရွာမှ ရိုးရာလက်ဝှေ့ကျော်ဟောင်း တစ်ဦးဖြစ်၏။ ပျိုရွယ်စဉ်ကာလက အထူးပင် ကျော်ကြားခဲ့ဖူးသူ၊ အောက်ခရိုင်တ၀ိုက်တွင် အောင်လံစိုက်ခဲ့သူ လက်ဝှေ့ကျော် တစ်ဦးပါပေ။ အလံလုပွဲပေါင်းများစွာ ဆင်နွဲခဲ့သူ ဖြစ်၏။ ကျော်ကြားစဉ်အခါက သထုံ ရွှေစာရံဘုရားပွဲ လက်ဝှေ့ရုံတော်ကြီး၏ ရုံစောင့်လက်ဝှေ့ကျော်အဖြစ် နှစ်အလီလီ ကြာညောင်းသည့်တိုင်အောင် လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။

ရုံစောင့်ဟူသည်ကား လက်ဝှေ့ရုံကို စောင့်ကြည့်ရသူ မဟုတ်ချေ။ ရိုးရာလက်ဝှေ့စနစ်တွင် ထိုဘွဲ့နာမသည် လွန်စွာထူးချွန်၍ ပထမအလံဆွတ်ခူးရရှိသူတို့သာ ရရှိနိုင်သော ဘွဲ့နာမပင် ဖြစ်သည်။ ရုံစောင့်ဘွဲ့သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ ရှေးအခါက ဒေသတစ်ခု၊ ပွဲတော်တစ်ရပ်တွင် များသောအားဖြင့် လက်ဝှေ့ပွဲကို တစ်နှစ်တစ်ကြိမ် ထည့်သွင်းကြသည်။ ထိုလက်ဝှေ့ပွဲတွင် ပထမ အောင်လံကို ဆွတ်ယူနိုင်သူတို့အား ရုံစောင့်ဘွဲ့ကို ချီးမြင့်သည်။ ရုံစောင့်ဘွဲ့ရသူသည် နောက်နှစ် လက်ဝှေ့ပွဲကျင်းပချိန်တွင် လက်ဝှေ့ရုံရှိရာသို့ ရောက်အောင်လာပြီး ယှဉ်ပြိုင်ထိုးသတ်လိုသူတို့အား ခုခံထိုးသတ်ရသည်။ အောင်လံကို ဆက်လက် ဆွတ်ခူးနိုင်ပါက ရုံစောင့်ဘွဲ့ကို ဆက်လက် ခံယူနိုင်ပြီး၊ ရှုံးနိမ့်လျှင် သို့မဟုတ် လက်ဝှေ့ပွဲသို့ လာရောက်ယှဉ်ပြိုင် ထိုးသတ်ခြင်း မပြုလျှင် ထိုရုံစောင့်ဘွဲ့ကို အခြားသော လက်ဝှေ့ကျော်တို့အား လွဲပြောင်းပေးအပ်ရသည်။

စောသာထူး ပျိုရွယ်စဉ်က ဆိုခဲ့ဖူးသော အောက်ခရိုင်တစ်ဝိုက်မှာ ကျောက်တိုင်စိုက်မယ့် စောသာထူး၊ ပွဲတွေ့မရှောင်၊ ကွမ်းမန်း မစား၊ ထုံးမန်း မမျို၊ ရေမန်း မသောက်၊ ပီးဆေးလည်း မဆောင်ဘူး၊ နိုင်ငံတ၀ှမ်း လက်ဝှေ့စွမ်းပြခဲ့သူမို့ လူစွမ်းကောင်းမှန်ရင် တစ်ပွဲတစ်လမ်း အကဲစမ်းရအောင် ကဲ ၀ိုင်းထဲကို ၀င်ခဲ့စမ်း၊ အောင်ဘာလေမဲမနှိုက် ကြိုက်ရာလူတက်ခဲ့ချေ အောင်လံချိုးပြီး ခါးထိုးပြန်မယ် ဟူသည့် လက်ဝှေ့ကြိမ်းသည် ကျွန်ုပ်တို့ ကလေးတစ်သိုက်၏ ပါးစပ်ဖျားတွင် အထူးပင် ရေပန်းစား ခဲ့ဖူးသေးသည်။ အောင်လံချိုးပြီး ခါးထိုးပြန်မယ် ဟူသော စကားအတိုင်း စောသာထူး၏ နိုင်ပွဲများတွင် ဆွတ်ခူးရရှိသည့် အောင်လံကို တစ်ဝက်ချိုးပြီး ခါးတွင်ထိုးကာ လက်ဝှေ့ရေးပြနေပုံများကို မြင်ယောင်မိသည်။

စောသာထူး၏ လက်ဝှေ့ရေးပြဟန်သည် လက်ဝှေ့ထိုးသတ်ဟန်နှင့် မတူ၊ ကရင်ဒုံးကဟန်အတိုင်း ကပြကာ လက်ဝှေ့ရေးပြသခြင်း ဖြစ်ပြီး ယင်းလက်ဝှေ့ရေးပြဟန်ကို များစွာသော ပရိသတ်တို့ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြရသည်။ ထိုကဲ့သို့ ကျော်ကြားခဲ့သော လက်ဝှေ့ကျော်ကြီးသည် အိမ်ထောင်ရက်သားကျပြီးနောက် ကြိုးဝိုင်းကို ကျောခိုင်းသွားခဲ့လေတော့၏။

သို့သော် လူမှာ အမျိုး၊ ကြက်မှာ အရိုး ဟူသည့် စကားအတိုင်း စောသာထူး၏ သားသည် ကျားကြီးဟူသော အမည်ဖြင့် ကြိုးဝိုင်းထက်သို့ တက်လာလေပြီ။ သို့သော် မိခင်ဖြစ်သူသည် သားငယ် လက်ဝှေ့ယှဉ်ပြိုင်သည်ကို နှစ်မြိုဟန် မတူ။ စောသာထူးကမူ သားငယ်၏ ၀ါသနာကို တားဆီးလိုပုံ မရ။ သို့ဖြင့် လက်ဝှေ့သမားငယ်၊ မိခင်နှင့် ဖခင်တို့ ဗျာများနေကြခိုက်တွင် ထားဝယ်ဝင်းနိုင်၏ အကူလူ ဆင်းမယ်။ ၀ိုင်းထောက် ဆင်းမယ်။ ဒုတိယအချီပြန်စမှာမို့ လက်ဝှေ့သမားများ အသီးသီး နေရာယူပေးကြပါ ဟု အောင်မြင်ခံ့ညာစွာ သတိပေးလိုက်သံကို ကြားလိုက်ရသည်။ အတော်ပင် ရုန်းရင်းဆံခတ် ဖြစ်သွားသည်။ မိခင်ဖြစ်သူက လက်ဝှေ့သမား သားငယ်ကို ကြိုးဝိုင်းပြင်မှ ဆွဲထားသည်။ စောသာထူးက ချစ်ဇနီးကို တားဆီးသည်။ လက်ဝှေ့သမားငယ်သည် ထိုင်ရာမှ ထ၍ မရဘဲ ကုန်းကုန်းကွကွဖြင့် အတော်ပင် နေရာမကျ ဖြစ်နေလေ၏။

အစန်းရယ် ဒီတစ်ပွဲတော့ ထိုးခွင့်ပေးလိုက်ပါကွယ်။ နောက်ပွဲတွေ မထိုးရင် ပြီးတာပဲ မလား။ အစ်ကို ကလေးကို ကြည့်ပြောပါ့မယ် ဟု အဘိုးအိုစောသာထူးက တိုးလျှိုးသည်။ ထိုတောင်းပန်သံကို ကြားလျှင် အကြင်အစန်း ဟူသော အမယ်အိုကြီးသည် လင်တော်မောင်ကို နှုတ်လှံထိုးအံ့သောငှာ နောက်သို့လှည့်၏။ ထို့နောက် ရှင် လျှာအရိုး မရှိတိုင်း လျှောက်ပြော မနေနဲ့။ နောင်လည်း မထိုးရဘူး။ အခုလည်း မထိုးရဘူး။ ကျုပ်သားလေး အနာတရ ဖြစ်မှာ ကျုပ် မကြည့်ရက်ဘူး။ ကျုပ်က ၀မ်းနဲ့ လွယ်ပြီး မွေးထားရတာ။ ရှင့်လို ပစ်ပစ်ခါခါ မပြောနိုင်ဘူး ဟု ဆိုလိုက်လေ၏။ ယင်းသို့ဆိုခိုက်ဝယ် သားငယ်၏ ခါးဝတ်ကို ဆွဲကိုင်ထားသော အမယ်အို၏ လက်သည် ပြေလျော့သွားလေ၏။ ကျားကြီးသည် ထိုအချက်ကို အခွင့်ကောင်းယူ၍ အမေရယ် ဒီတစ်ပွဲတည်းထိုးမှာပါဗျာ နောက်မထိုးရင် ပြီးတာပဲမလား ဟုဆိုပြီးလျှင် အမေအို၏ လက်တွင်းမှ လွတ်အောင်ရုန်း၍ ကြိုးဝိုင်းအလယ်တွင် နေရာယူလိုက်လေသတည်း။ 

Related Articles:

Post a Comment