ဒေါင်းယောင်ဆောင်တာက ကျီးတစ်ကောင်တည်းမဟုတ်တော့ဘူး မောင်သာချို



(တစ်)

ကျွန်တော်တို့ခပ်ငယ်ငယ်အရွယ်တုန်းက အခြေခံပညာမူလတန်းသင်ရိုး မြန်မာစာဖတ်စာစာအုပ်ထဲတွင် “ဒေါင်းယောင်ဆောင်သောကျီး” ဟူသည့် စာတစ်ပုဒ် ပါဝင်ပါသည်။ စာသင်သားကလေးငယ်တို့အကြိုက် ပုံပြင်ကလေးတစ်ပုဒ်ဖြစ်ရုံသာမက ကျောင်းပရိဝုဏ်အပြင်ဘက်က လူတွေဖတ်လည်း တပြုံးပြုံးနှင့် သဘောကျသွားကြရသည့်ပုံပြင်ကလေးပဲဖြစ်ပါသည်။ အကျဉ်းမျှ ပြန်လည်ဖော်ပြပါရစေ။

တစ်ခါက တောအုပ်တစ်ခုတွင် ကျီးကန်းတစ်ကောင်ရှိသည်ဟူသတတ်။ တစ်နေ့ ထိုကျီးကန်းသည် ဒေါင်းတို့၏မလှမ်းမကမ်းသို့ရောက်ရှိ၍သွားလေရာ အရောင်အသွေးစုံလင်လှသည့် ဒေါင်းတို့၏အတောင်အ
လက်များကိုကြည့်ကာ သဘောအကျကြီးကျသွားရုံမျှသာမက ငါ့ ၌ထိုသို့သော အတောင်အလက်များ ရှိကောင်းလေစွဟုပင် တောင့်တမိသည်ဟူ၏။ ကျီးကားထိုမျှနှင့် မကသေးဘဲ မိမိကိုယ်မိမိပြန်လည်၍ သုံးသပ်ကြည့်ရှုကာ မိမိတို့ကျီးကန်းများသည် အမွေးအတောင်များ နက်မှောင်လေစွ၊အရုပ်ဆိုးပေစွ၊ အဆင်အသွေးညံ့ဖျင်းပေစွစသည် စသည်ဖြင့်လည်း မိမိ၏ကျီးဖြစ်ခြင်းကို စက်ဆုပ်ရွံရှာမိသည်ဟူသတတ်။

သို့ဖြင့် တစ်နေ့သော် ဒေါင်းတို့မရှိသည့်အခိုက် ထိုဒေါင်းတို့ကျက်စားရာ အနီးအနားသို့ရောက်ရှိသွားပြီးသည့်သကာလ ဒေါင်းတို့ကိုယ်မှ ကျွတ်ကျ၍ နေခဲ့သောဒေါင်းတောင်ကလေးများကြားသို့ ထိုးစိုက်၍ဒေါင်းအသွင်ဆောင်ကာနေလေရာ ဒေါင်းတို့ရောက်ရှိ၍လာသော် ဒေါင်းဟုပင် ထင်မှတ်လျက် အဆွေသည်လှပပေစွ၊ ခံ့ညားပေစွစသည်ဖြင့် ပြောဆိုချီးမွမ်းလျက်နေသည်ကို ဒေါင်းယောင်ဆောင်ထားသောကျီးက သဘောတွေ့၍ နေသည်ဟူသတတ်။ သို့ဖြင့် ဒေါင်းများက အတောင်ပံကိုဖြန့်၍ ကကြလေသောအခါ ကျီးကလည်းကအံ့ဟု အတောင်ပံများကို ဖြန့်လိုက်လေရာ ဒေါင်းတောင်များအကုန်ကျွတ်ကျကုန်ပြီး ကျီးဖြစ်မှန်းအဖြစ်မှန်ပေါ်ပေါက်သွားရာက ထိုကျီးကို ဒေါင်းတို့ကထိုးဆိတ်လွှတ် လိုက်လေသည်။ ကျီးလည်း မိမိတို့ကျီးများရှိရာသို့ ပြန်ရောက်လာလေရာ ကျီးအပေါင်းတို့ကလည်း အမျိုးကို သစ္စာဖောက်သောကျီးဟု စွပ်စွဲပြီး ၀ိုင်းဝန်းထိုးဆိတ်ကြပြန်သဖြင့် ဝေးရာသို့ ပြေးခွာ၍သွားခဲ့ရကြောင်း ပုံပြင်ကလေးပဲဖြစ်ပါသည်။

ကျီးကကျီးဖြစ်ရခြင်းကို လက်မခံလိုသော တစ်နည်းအားဖြင့် ကျီး၏ ဥပဓိရုပ် (identity) ကို အလိုမရှိသော အတွေးမှား အမြင်မှားကို သင်ခန်းစာပေးထားသည့် ပုံပြင်ကလေးဟု သိသာထင်ရှားလှပါသည်။

ဖတ်မိသူတိုင်းက သူတစ်ပါးအမွေးအတောင် အရောင်အဆင်းအားအားကျသူကျီးကို နှာခေါင်းရှုံ့ကြလို့။ စက်ဆုပ်ကြလို့။ ရွံရှာကြလို့။

(နှစ်)
တကယ်လို့များ ဒေါင်းကို အားကျနေသည်က ကျီးတစ်ကောင်တည်းကမဟုတ်ဘဲ ကျီးအားလုံးက အားကျနေခဲ့သည်ရှိသော်၊ ဒေါင်းတောင်တွေကို ရသရွေ့ကောက်ယူကာ ကျီးတိုင်းကျီးတိုင်းက သူတို့၏ အတောင်တွေကြားမှာ ကိုယ်စီကိုယ်စီ ထိုးစိုက်လျက် ဒေါင်းယောင်ဆောင်နေခဲ့ကြပြီဆိုသော်...။

ပုံပြင်ကို ဘယ်လိုရေးရပါ့။ ပုံပြင်ကို ဘယ်လိုအဆုံးသတ်ရပါ့။

(သုံး)
အခု မြန်မာအမျိုးသား၊ အမျိုးသမီးတို့ ဆံပင်ကို ဆေးဆိုးကြသောကိစ္စမှာ စကားထဲထည့်ပြောစရာမလိုလောက်အောင်ကို ရိုးစင်း၍သွားပါပြီ။

လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဟု ဆိုရလောက်အောင်ကိုပင်လျှင် ဆံပင်ကိုဆေးဆိုးကြသည့် ခေတ်ကြီး ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်၏ ဟိုဘက် ဆယ်နှစ်သည်ဘက် ဆယ်နှစ်အနှစ်နှစ်ဆယ်အစိတ်ဝန်းကျင်အတွင်း မြန်မာနိုင်ငံတော်တစ်ဝန်းလုံး၌ ဆံပင်ဆေးမဆိုးထားသော ဒေသဟူ၍ မရှိသလောက်ဖြစ်သွားခဲ့ပါပြီ။ ခေါင်းရွက်ဗျက်ထိုးဈေးသည်ကအစ တက္ကသိုလ်ပါမောက္ခအဆုံး အားလုံးဆံပင်ဆိုးကြပါသည်။ ရည်းစားစာရေးတတ်စ အရွယ်ကအစ ကျီးစောင့်ကြက်နှင့်အဆုံး အားလုံး ဆံပင်ဆိုးကြပါသည်။

ဆံပင်ဖြူလာသဖြင့် ဇရာကို မသိကျိုးကျွန်ပြုကာ ဆံပင်ကို အနက်ဆိုးသည်က ပြဿနာမရှိပါ။ သို့သော် အများစုက ရွှေရောင်၊ ငွေရောင်၊ နီညိုရောင်၊ အပြာရောင်၊ အစိမ်းရောင် စသည်စသည်ဖြင့် ပြင်ပကမ္ဘာသို့ လှမ်းမျှော်ကြည့်ကာ သူတို့အသွေးနှင့် သူတို့အမွေးကို အားကျလျက် ကြည့်ကောင်းလိုက်တာဟူသောစိတ်ဖြင့် လိုက်ဆိုးကြခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ တကယ်ကြည့်ကောင်းကြပါစ။

(လေး)
အအေးပိုင်းနိုင်ငံများတွင် နေထိုင်သူများအဖို့ မျက်လုံးအရောင်များကပြာပါသည်။ အသားအရေက ဖြူဆွတ်ပါသည်။ အမွေးအမှင်က ရွှေရောင်ငွေရောင်သမ်းပါသည်။ ဆံပင်မွေးသာမက မျက်ခုံးမွေး၊ မျက်တောင်မွေး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ လက်မွေး၊ ခြေမွေး၊ ချိုင်းမွေးအကုန် ရွှေရောင်၊ အကုန်ငွေရောင်။

ဒါကို အားကျသူ အမိမြန်မာနိုင်ငံသူ နိုင်ငံသားတို့က နှာခေါင်း ပွပွ၊ မျက်နှာဝိုင်းဝိုင်း၊ နှုတ်ခမ်းထူထူ၊ အသားညိုညို၊ မျက်လုံးမည်းမည်းပါ။ မျက်ခုံးမျက်တောင် အမည်း၊ လက်မွေးခြေမွေးအမည်း၊ နှုတ်ခမ်းမွေးချိုင်းမွေးအမည်း။ဒါကိုဆံပင်တစ်ခုတည်းကွက်ကာ ရွှေရောင်ငွေရောင် ဆိုးထားရုံမျှနှင့် သူတို့လို ကြည့်ကောင်းသွားလေရောတဲ့လား။

နန်းတော်ရှေ့ဆရာတင်ကသူ၏နာမည်ကျော် “ရွှေမင်းဂံ” သီချင်းထဲတွင် မင်းဂံဘုတ်ရွာသူတို့လှကြောင်း ဖွဲ့ရာ၌ “ပိတုန်းရောင်ကေသာ၊ ဖြန့်လိုက်ရင်..တစ်ကိုယ်လုံး.. ဝေေ၀ဆာဆာလွင်လွင်” စသည်ဖြင့် ဆံပင်၏ နက်မှောင်ပုံကို အသားပေး၍ ဖွဲ့ခဲ့ဖူးပါသည်။

မိန်းမတို့၏ ကောင်းခြင်းငါးသွယ်တွင်ကား အဆင်း၏ကောင်းခြင်း၊ အရိုး၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ ဆံပင်၏ ကောင်းခြင်းဟူ၍ ဆံပင်သန်ခြင်းနှင့် မည်းနက်ခြင်းကိုပါ ကောင်းခြင်းတစ်ရပ်အဖြစ် ထည့်သွင်းသတ်မှတ်ထားခဲ့ကြပါသည်။

မိန်းမတို့၏ ဂုဏ်အထပ်ထပ်ကို ဖွင့်ဆိုသည့် ကောင်းခြောက်ဆယ့်လေးရပ်၌မူ ဆံပင်၏ကောင်းခြင်းကို ကုဋိလကေသာ အဖျားကော့သော ဆံပင်တဲ့၊ ဒီဃမုဒ္ဓဇကေသာ ရှည်လျားသော ဆံပင်တဲ့၊ သုခုမကေသာ သိမ်မွေ့သော ဆံပင်တဲ့။ အင်း...ဒါတွေ ထားလိုက်ပါတော့။

ကျွန်တော် အခုပြောလိုသည်က အရောင်စုံဆံပင်များနှင့် ကျွန်တော်တို့၏ အသွေးအမွေးလိုက်၏၊ မလိုက်၏ပါ။ ကဲ... လိုက် သည်ပဲထားလိုက်ပါဦး လူသည် မိမိ၏ ဥပဓိရုပ်(identity) ကို ငြင်းပယ်သင့်၊ မငြင်းပယ်သင့်ပါ။

(ငါး)
တစ်ခါက တက္ကသိုလ်ကောလိပ်၊ ကျောင်းပရိဝုဏ်များအတွင်းသို့ ဆေးဆိုးထားသည့် ဆံပင်များဖြင့် ၀င်ရောက်ခွင့်မပြုကြောင်း စည်းကမ်းထုတ်ပြန်ထားသည်ကို တွေ့ခဲ့ဖူးပါသည်။ တစ်ခါ ဆရာမကျတော့ ဘာလို့ဆိုးထားသေးလဲဟု ကျောင်းသူတစ်ယောက်က နှုတ်တုံ့ပြန်ခဲ့သည်ကိုလည်း ကြားခဲ့ဖူးပါသည်။

လူသည် အတွေးအခေါ် အင်အားချည့်နဲ့လာသောအခါ ကိုယ့်ဥပဓိရုပ် (identity) ကို အများက အသိအမှတ်ပြုလာအောင် မကြိုးစားဘဲ ကိုယ့်ဥပဓိရုပ် (identity) ကို ကိုယ်ဖျောက်ဖျက်ကာ သူများဥပဓိရုပ် (identity) နှင့် လူသူလေးပါး ခံ့ညားလာအောင်လုပ်ဖို့ ကြိုးစားမိတတ်ကြစမြဲဖြစ်ပါသည်။

ကျီးတစ်ကောင်ဒေါင်းယောင်ဆောင်တော့ ထိုကျီးကို ဒေါင်းကလည်း လက်မခံ၊ ကျီးကလည်းလက်မခံ။ အခု ကျီးအားလုံးက ဒေါင်းယောင်ဆောင်ဖို့ ကြိုးစားကြပြီဖြစ်ပါသည်။ လူငယ်၊ လူကြီး၊ လူထီး၊ လူမ၊ မြို့ပြ၊ ကျေးလက် ဆေးဆိုးထားသော ဆံပင်တွေနဲ့။ မြန်မာက မြန်မာဖြစ်ခြင်းကို သေးနုပ်သိမ်ငယ်စိတ်ပျက်ဖွယ်ဟု စိတ်ဓာတ်မျိုးဝင်ရောက်လာသည်ထက် ကြေကွဲစရာကောင်းတာ မရှိပါလေတော့...။ ။

credit-7daynews
Read More »

ပြည်သူရွေးတဲ့ သမ္မတ ပြည်သူ့သမ္မတ၊ သူတို့ရွေးတဲ့ သမ္မတ သူတို့သမ္မတ Written by မောင်တင်ဦး (မြောင်းမြ)



ငါလည်းသမ္မတ သူလည်းသမ္မတ

ခုမီဒီယာတွေ တီတီတာတာ ပြောနေကြတာ၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ အရိပ်အမြွက် ပြောနေကြတာ၊ ၂၀၁၅ ဘယ်သူ သမ္မတဖြစ်မလဲ မှန်းဆချက်တွေ သမ္မတ လုပ်ချင်ပါတယ်လို့ ထုတ်ဖော်ကြေညာပြီး သွေးတိုးစမ်းနေကြတဲ့ သတင်းတွေ ခုကာလမှာ ထိပ်တန်းသတင်းတွေပါပဲ။

ဂျာနယ်ခေတ် သတင်းစာခေတ်မှာ သတင်းမုဆိုးတွေ သတင်းထောက်လှမ်းရေး သမားတွေ သတင်းထောက်တွေရဲ့ ရသမျှ သတင်းအစုံကို ဖော်ပြနေကြတာတွေ တွေ့နေရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ခုနှစ်ကတော့ နိယာမ သဘောအရ ဖြတ်သန်းရဦးမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ ကြိုက်ကြိုက်မကြိုက်ကြိုက် သမ္မတ တစ်ယောက်ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာဦးမှာပဲ။

ဒီမိုကရေစီ သမ္မတ

မြန်မာနိုင်ငံမှာ လက်ရှိအစိုးရ ၂၀၁၀ ခုနှစ်ကစလို့ ပြည်သူက ရွေးချယ်ပေးတဲ့ အစိုးရအဖြစ် မကြာခဏ ထုတ်ဖော်ပြောဆို ဂုဏ်ယူတတ်ကြပါတယ်။

"ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ပေးတဲ့ အစိုးရ ဖြစ်သည်နှင့်အညီ . . ." သမ္မတဦးသိန်းစိန် ပြောလေ့ရှိတဲ့ စကားပါ။

အာဏာရှင် လက်အောက်မှ လူးလွန့်ရုန်းထပြီးရတဲ့ ထွက်ပေါက်လေးက ခေါင်းပြူလာရတဲ့ အခြေအနေနဲ့ ပေါ်ပေါက်လာတဲ့ သမ္မတကို လတ်တလော လက်ခံရမှာဖြစ်လို့ သမ္မတပြောတဲ့စကားကို ဘယ်သူကမှ မငြင်းဆန်ခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ၂၀၁၀ ပြည့်နှစ်ကလို ဘယ်သူနဲ့ပြိုင်ပြိုင် နိုင်ရမယ်ဆိုကာ မမျှတတဲ့နည်းနဲ့ ရွေးချယ်ပေးလို့ မဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာ့အလယ်မှာ၊ အာဆီယံ နိုင်ငံများ အလယ်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီဆိုတာ အများက လက်ခံထားပါပြီ။

ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံမှာ ဒီမိုကရေစီ ကျင့်စဉ်အတိုင်း ရွေးချယ်ပေးတဲ့ သမ္မတတစ်ဦးတည်း လိုအပ်လာပါတယ်။

အာဏာရှင်တွေ ကျင့်သုံးနေသလို အထက်ကချပေးတဲ့ သမ္မတ ဖြစ်ချင်ရင် ပြည်သူရွေးချယ်ပေးတာကို ရဲရဲဝံ့ဝံ့ လက်ခံရမှာပါ။ ပြည်သူတွေ ကိုယ်တိုင်ရွေးချယ်ခွင့်ရအောင် နိုင်ငံတော်နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က စီစဉ်ပေးရမှာပါ။

လတ်တလော အမေရိကန်နိုင်ငံမှာ မစ္စတာ ဘားရက်အိုဘားမားဟာ သမ္မတလောင်း အဆင့်ဆင့်ကို ယှဉ်ပြိုင်ရတယ်။ ပါတီတွင်း ပါတီအပ ယှဉ်ပြိုင်ရတယ်။ သူတို့ပြည်သူ တစ်ဦးချင်းစီက တိုက်ရိုက်မဲပေးကြတာပါ။

အိုဘားမားက ရဲရဲဝံ့ဝံ့ပဲ အရွေးခံပါတယ်။ ရိုးသားစွာ ယှဉ်ပြိုင်ပါတယ်။ ပြည်သူနဲ့ နီးစပ်အောင် ပြည်သူ(မဲဆန္ဒနယ်) ထံ နိစ္စဓူဝ သွားရောက်ပါတယ်။ ရှင်းပြပါတယ်။ ရင်းနှီးအောင် နေပါတယ်။ ပြည်သူလိုအပ်ချက်ကို သိအောင်ကြိုးစားပါတယ်။ သမ္မတဖြစ်လာခဲ့ရင် ပြည်သူတွေအတွက် ဖြေရှင်းနိုင်အောင် ဖြည့်ဆည်းနိုင်အောင် နည်းလမ်းရှာခဲ့ပါတယ်။

သူ့ကို ပြည်သူတစ်ရပ်လုံးအကြိုက် မဲပေးကြတာ မဟုတ်ပါဘူး။ သူ့ပြိုင်ဘက်ကိုကြိုက်တဲ့ ပြည်သူတွေကလည်း သူ့ပြိုင်ဘက်ကိုပဲ မဲပေးကြတာပါ။ ဆိုတော့ သူ့ကိုဘယ်လောက် ထောက်ခံတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားကြစေတာပါပဲ။

ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပါ။

မိမိကြိုက်တာကို ကြိုက်ကြောင်း၊ မိမိမကြိုက်တာကို မကြိုက်ကြောင်း ဆင်ခြင်မှုနဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲကြတာဟာ အဆင့်မြင့် ပြည်သူပြည်သားတွေရဲ့ ရပိုင်ခွင့်ပါ။

မိမိကြိုက်တာကိုပဲ အတင်းအဓမ္မ လိုက်ကြိုက်ခိုင်းတာ၊ မိမိမကြိုက်တာကို အတင်းအဓမ္မ မကြိုက်ခိုင်းတာဟာ အာဏာရှင် အပြုအမူပါ။ အမြင်ကျဉ်းလွန်းတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ ၁၉၉၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမျိုးသားညီလာခံဟာ နှစ်ပေါင်း ၁၅ နှစ်ကြာမှ ပြီးဆုံးခဲ့ပါတယ်။ ညီလာခံ ကိုယ်စားလှယ်အချို့ ညွှန်ကြားရေးမှူးချုပ်ဘ၀မှ အငြိမ်းစားယူ၊ နောက်ဆုံးလောကထဲမှ အပြီးတိုင် ထွက်သည်အထိ ညီလာခံ မပြီးသေးပါဘူး။

အဲဒီလောက်ကြာတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သူတို့လိုချင်တဲ့ သမ္မတတစ်ယောက် ရနိုင်ဖို့ ၀င်ပေါက်တွေ ကျဉ်းနိုင်သမျှကျဉ်းအောင် လုပ်ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၅၉) နိုင်ငံတော် သမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(ဂ)ရွေးချယ်တင်မြှောက်ခြင်း ခံရသူသည် အသက် (၄၅)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

ဒီပုဒ်မက လူငယ်တွေအတွက် ၀င်ပေါက်တစ်ပေါက်ကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ်သေနာပတိ ဖြစ်ချိန်မှာ သူ့အသက်ဟာ (၃၀)နှစ်ထက် ငယ်ပါသေးတယ်။

(ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်။

ဒီပုဒ်မက Perfect man သို့မဟုတ် Super man လိုလူမျိုးမှ သမ္မတဖြစ်ရမလို ဖြစ်နေပါတယ်။ ဘက်စုံထောင့်စုံ ပြည့်စုံစေချင်တာ မှန်ပေမယ့် မဖြစ်နိုင်တာကို အဓမ္မ ထည့်သွင်းရေးဆွဲထားသလို ဖြစ်နေပါတယ်။ တစ်နည်းပြောရရင် လိုလားသူကို ဒီလိုပြည့်စုံလို့ ရွေးတယ်။ မလိုလားသူကို ဒီလိုအရည်အချင်းနဲ့ မပြည့်စုံလို့ မရွေးဘူး။ လိုသလို ဆွဲယူလို့ရအောင် ဖန်တီးထားတာ ဖြစ်နေပါတယ်။

အောက်ခြေသာမန်ပြည်သူတစ်ယောက် သမ္မတမဖြစ်အောင် ကန့်သတ်ထားလိုက်တာပါပဲ။ အလုပ်သမား၊ လယ်သမား သိပ္ပံဝိဇ္ဇာ ကျွမ်းကျင်ပညာရှင်တွေ သမ္မတ မဖြစ်နိုင်တော့ပါဘူး။ အမေရိကန်သမ္မတ ဖြစ်ခဲ့တဲ့ အီဘရာဟင်လင်ကွန်းလို လူမျိုး၊ မြန်မာပြည်မှာဆို သမ္မတ အရည်အချင်းနဲ့ မပြည့်စုံလို့ သမ္မတ ဖြစ်လာနိုင်စရာ အခွင့်အလမ်း မရှိပါဘူး။

နောက်ထပ်စစ်ရေးအမြင် ရှိရမယ် ဆိုတာပါ ပါသေးတယ်။ မြန်မာအမျိုးသမီး အတော်များများ စစ်မှုထမ်းဖူးကြတာ မဟုတ်ပါဘူး။ ဆိုတော့ မြန်မာအမျိုးသမီးတစ်ယောက် သမ္မတဖြစ်ဖို့ဆိုတာ ကြီးမားတဲ့ အခက်အခဲ ဖြစ်နေပြန်ပါတယ်။

(စ) မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။

ဒီပုဒ်မကလည်း ခေတ်အမြင် ကျဉ်းမြောင်းတဲ့ အာဏာရှင်တို့ရဲ့ သဘောထား သေးသိမ်မှုကို ဖော်ပြနေတာပါပဲ။ နိုင်ငံတကာနဲ့ အတားအဆီးမဲ့ ကူးလူးဆက်ဆံနေကြတဲ့ မျက်မှောက်ကာလမှာ အခြေအနေ အကြောင်းကြောင်းကြောင့် နိုင်ငံခြားမှာ သွားနေကြတာ၊ နိုင်ငံခြားတိုင်းပြည် သို့မဟုတ် နိုင်ငံခြားသားရဲ့ အကူအညီ ရယူနေတာ။ ဒါတွေဟာ မဆန်းတော့တဲ့ ဖြစ်ရပ်တွေပါ။

မြန်မာနိုင်ငံသည်ပင်လျှင် ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကြေးတွေကို ရယူသုံးစွဲနေရတာ လက်တွေ့ပါ။

ပွင့်လင်းလွတ်လပ်လာတဲ့ လူ့ဘောင်မှာ ကန့်သတ်ချက်တွေကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားတာဟာ ပြည်သူတွေ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို သွယ်ဝိုက်ကန့်သတ် လိုက်တာပါပဲ။

ဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို မပြင်ဘူးဆိုတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာပါပဲ။ ပြည်သူကို ဗဟိုပြုမယ်။ ပြည်သူ့ဆန္ဒကို လိုက်လျောမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ၂၀၁၅ ခုနှစ် မတိုင်မီ မလွဲမသွေ ပြင်ကြရမှာပါ။
 

တို့သမ္မတ တို့ရွေးမယ်

၂၀၁၅ ခုနှစ် သမ္မတရွေးဖို့ ပြည်သူတွေကို လည်းကောင်း၊ သမ္မတလောင်းတွေကို လည်းကောင်း၊ ကန့်သတ်တာတွေ ပိတ်ဆို့တာတွေ၊ အတားအဆီးတွေ ဖယ်ပေးပါ။

ပုဒ်မ (၆၀)ကနဲ့ (ခ)ပါ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ကို ဖျက်သိမ်းပေးပါ။ ပြည်သူတွေ လွတ်လွတ်လပ်လပ် ရွေးပါစေ။ ပြည်သူတွေရဲ့ မှန်ကန်တဲ့ ရွေးချယ်နိုင်စွမ်းကို ယုံကြည်ပေးပါ။ ပြည်သူ့သမ္မတကို ပြည်သူက ရွေးပေးပါရစေ။

ဒီလိုမှ မဟုတ်ဘဲ၊ အကန့်အသတ်တွေ တသီတတန်း အတားအဆီးတွေ တစ်ပုံတစ်ပင်၊ အကွေ့အကောက်တွေ အနန္တနဲ့ ပြည်သူတွေ တိုက်ရိုက်မပါဝင်နိုင်အောင် လုပ်ထားမယ်ဆိုရင် ပြည်သူရွေးတဲ့ သမ္မတ မဟုတ်ဘူးဆိုရင် ပြည်သူက ဘာမှမပြောနိုင်ပေမယ့် သူတို့ရွေးချယ်တဲ့ သမ္မတ သူတို့သမ္မတပဲ ဖြစ်နေမှာပါ။

သူတို့နဲ့ ပလဲနံပသင့်တဲ့ သမ္မတပဲ ဖြစ်နေသရွေ့ ပြည်သူက ငုတ်တုတ်ထိုင်ကြည့် နေရုံပါပဲ။

သမ္မတနဲ့ပြည်သူ သူစိမ်းဖြစ်သွားမှာပါ။ ဒါဆို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်နေမှာပါ။ နောက်ဆုံးပြည်သူရွေးတဲ့ သမ္မတ မဟုတ်ခဲ့ဘူးဆိုရင် သူတို့ရွေးတဲ့ သမ္မတ သူတို့သမ္မတလို့ပဲ မှတ်ယူလိုက်ရပါမယ်။

ပြည်သူ့သမ္မတတော့ မဟုတ်ပါ။

credit-EMG

Read More »

ဘ၀ကို ဘာတွေပေးဆပ်မှာလဲWritten by ဒေါက်တာ ခင်မောင်ညို



ပန်းတိုင်ကို သတ်မှတ်ပြီးနောက် လမ်းကြောင်း မှန်ရပါသည်။ လမ်းကြောင်းပေါ် ရောက်ပြီးနောက် လားရာ (direction) သည် အရေးပါလာသည်။ မိမိအတွက် ညွှန်ပြမှုပြုဖို့ လားရာ (direction) ကို တိတိကျကျ သဘောပေါက်ထားရမည်။
ကျွန်တော်က သူငယ်ချင်း ကိုဘသစ်ကို မေးဖူးသည်။ "ပန်းတိုင်၊ လမ်းကြောင်း၊ လားရာ ဘယ်အရာက အရေးကြီးလဲ"
"သုံးချက်စလုံး အရေးကြီးတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက လမ်းကြောင်းပဲ။ မိဘလုပ်ကျွေးချင်သူ ဆိုတာ အင်မတန် မွန်မြတ်တယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ဓားပြတိုက်ပြီး လုပ်ကျွေးမယ်ဆိုရင် မမှန်တော့ဘူးပေါ့"
"ဟုတ်ကဲ့၊ ဒါကို အချို့က End must justify the means ဆိုပြီး လက်ခံကြတယ်။ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန်ကလည်း ကြောင်ဖြူသုံးသုံး ကြောင်မည်းသုံးသုံး ကြွက်သေသည်သာ အဓိကလို့ ဆိုတယ်"၊ "အမှန်ကတော့ လမ်းကြောင်းမှန်ဖို့ အရေးကြီးတယ်။ လမ်းကြောင်းမှန်တယ်ဆိုတာ လားရာမှန်တာကိုလည်း ပြောတာပါ။  သူငယ်ချင်း ပြောဖူးတဲ့ ပုံပြင်လို အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ်"
ကိုဘသစ်သည် ကျွန်တော့်ကို အောက်ပါအတိုင်း ပြောပြသည်။
သူက ထောက်ကြန့်အလွန်မှာ ကားပျက်နေစဉ် သူ့တပည့်တစ်ယောက် လင်းခရုဇာ ကားကြီးနှင့် ရောက်လာသတဲ့၊
"ဆရာ ဘယ်ကိုသွားမလို့လဲ"
"ငါသနပ်ပင်သွားမလို့"
"ဒါဆို ကားပေါ်တက်"
ဆရာသည် ကားပေါ် တက်လိုက်သည်။
တပည့်ဖြစ်သူက နေပြည်တော် အဝေးပြေး လမ်းပေါ် မောင်းတက်သွားသည်။
"ဟေ့ မင်းဘယ်ကို သွားမလို့လဲ"
"ကျွန်တော် ပုသိမ်သွားမလို့"
"ဟေ၊ ပုသိမ်သွားဖို့ ဒီလမ်းက သွားလို့ ရလို့လား"
"ဒီလမ်းက အင်မတန် ကောင်းတယ်ဆရာ၊ ကွန်ကရစ်လမ်းကြီး"
"အေး၊ ဟုတ်တယ်"
"ဒီလမ်းက ကျယ်တယ်။ ကျွန်တော့်ကားကလည်း လင်ခရူဇာ ကားသစ်ကြီး"
"ဟုတ်တယ်လေ"
"ဆရာက ဘယ်သွားမလို့လဲ"
"ငါက သနပ်ပင် သွားမလို့"
"ရပါတယ် ဆရာ"
"ရပါတယ် မလုပ်နဲ့ ဒီလမ်းဟာ မန္တလေးသွားတဲ့ လမ်းကွ၊ မင်းခုလို မြောက်ဘက်ကို မောင်းသွားလေလေ၊ တို့တစ်တွေဟာ ပန်းတိုင်ကနေ ဝေးသွားလေပဲကွ"
"ဆရာကလည်း ကျွန်တော့်ဆီမှာ ကားကောင်းကောင်း ရှိတယ်။ လမ်းကောင်းကောင်းကနေ သွားနေတာ။ ဒါနဲ့တောင် ပန်းတိုင် မရောက်ဘူးဆိုတာ ကျွန်တော် အစွမ်းကုန် အမြန်နှုန်း မြှင့်မောင်းပေးပါမယ် ဆရာ"
"အေး၊ ကားဘယ်လောက်ကောင်းကောင်း မင်းမြန်မြန် မောင်းလေလေ၊ တို့သွားချင်တဲ့ နေရာနဲ့ ဝေးလေလေပါပဲ" ကိုဘသစ်က ပြောရင်း ရယ်နေလေသည်။
ဘ၀မှာ ဒီလိုပဲ ပန်းတိုင်ကနေ ဝေးသွားသူတွေ အများကြီးပါ။
"တကယ်လို့ လမ်းကြောင်းမှန်မယ်ဆိုရင် ရည်မှန်းချက် ပန်းတိုင်က အရေးကြီးပါတယ်။ ဒါပေမဲ့ ငယ်ငယ်က ချမှတ်ခဲ့တဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ ကြီးလာတဲ့အခါမှာ ပြောင်းသွားနိုင်တယ်"
"ဘယ်လိုမျိုးလဲ"
"ငယ်ငယ်ကတော့ မိမိပတ်ဝန်းကျင်မှာ တွေ့တာတွေကို ရည်မှန်းကြတာ များတယ်။ ဒါပေမဲ့ တဖြည်းဖြည်း အမြင်ကျယ်လာတယ်။ မိမိ ဘာလုပ်ချင်လဲ ဆိုတာကို သိလာတယ်။ ဆရာဝန် အတော်များများ စာရေးဆရာတွေ ဖြစ်လာသလို အင်ဂျင်နီယာတွေ ထဲကလည်း နိုင်ငံရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားလာသူတွေ ရှိလာတာကို တွေ့ဖူးပေမယ်။ ဒါပေမဲ့ အချို့ကျတော့ ရည်ရွယ်ချက် တစ်မျိုးတည်း ထားတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရဖို့ အဓိက ရည်ရွယ်တာပါပဲ"
"သူလမ်းကြောင်းတော့ ပြောင်းတယ် မဟုတ်လား"
"ဟုတ်တယ်။ လမ်းကြောင်းတွေ ပြောင်းတယ်။ ဂျပန်ကို ပေါင်းတယ်။ ဂျပန်ကို ပြန်တိုက်တယ်။ အင်္ဂလိပ်နဲ့ ပေါင်းတယ်။ လွတ်လပ်ရေး မရရင် အင်္ဂလိပ်ကိုလည်း ပြန်တိုက်မယ် သူပဲ။ ဒါပေမဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်ဘူး"
"အစစ်ပေါ့။ ဘ၀မှာ ဘာလုပ်လုပ်ပါ။ ရည်ရွယ်ချက်လေးနဲ့ လုပ်ဖို့လိုတယ်။ ဒီရည်ရွယ်ချက်ဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ရမှာပါ"
"ဘာကို ဆိုလိုတာလဲ ကိုဘသစ်"
"ကျွန်တော်တို့ဟာ အောင်မြင်ချင်တယ်။ ချမ်းသာချင်တယ်။ ဒါက မိမိအတွက်ပေါ့။ အောင်မြင်လာချမ်းသာ လာတဲ့အခါ ဒီဓနဥစ္စာကို အများကောင်းကျိုးအတွက် သုံးဖို့ ရည်ရွယ်ချက် ထားတာမျိုးပေါ့။ ဘယ်လောက်အထိ သုံးမယ်။ ဘယ်လို သုံးမယ်ဆိုတာကတော့ ကာယကံရှင်ပေါ် မူတည်တာပဲ"
"ဘီလ်ဂိတ်တို့ ၀ါရင်းဘက်ဖက်တို့ကို နမူနာ ပေးလို့ ရတယ်နော်"
"ဟုတ်တယ်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်က မှန်ကန်တဲ့ ပန်းတိုင်အတွက် မှန်ကန်တဲ့ ရည်ရွယ်ချက် ထားဖို့ လိုတယ်"
ကမ္ဘာကြီး ဖြစ်တည်စ။ နံနက်စောစောမှာ နေရောင်ခြည် နုနုလေးနဲ့ တွေ့ထိတဲ့ ပန်းကလေးကို စဉ်းစားကြည့်လိုက်ပါ။ ဖူးပွင့်လာတယ်လေ။ နှင်းရည်စက်များ ကျလာတော့ တိမ်ခိုးတွေအကြား ပထမဆုံးပွင့်တဲ့ ပန်းကလေးဟာ ဘယ်လောက်ကျက်သရေ ရှိမှာလဲ။
ခုမြန်မာပြည်ကြီး ဒီမိုကရေစီ လမ်းကြောင်းကို သွားနေသည့် ကာလ။ အခြေခံဥပဒေက လမ်းကြောင်း ချမှတ်ထားသည်။ နှင်းရည်စက်များ ပက်ဖျန်းပြီး အေးချမ်းတဲ့ နိုင်ငံတော်ကို တည်ဆောက်မှာလား။မျက်ရည်စက်များနဲ့ ကြေကွဲကြရမှာလား။ ကမ္ဘာကြီးမှာ လူသန်း ၇၀၀၀ ရှိသည်။ သတ္တ၀ါတွေတော့လည်း အများကြီးပဲပေါ့။
အဲဒီလူသားများသည် သူတို့အသိဉာဏ်ဖြင့် လောကကြီးတစ်ခုလုံးကို လွှမ်းမိုးထားလေတော့သည်။
လူတို့၏ အသိဉာဏ်ဖြင့် တည်ဆောက်ထားသော ဤလောကကြီးတွင် မျှတမှုကော ရှိပါ၏လော။
ကမ္ဘာ၏ ကြွယ်ဝမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတစ်သန်းတွင်သာ ရှိနေသည်။ ထိုတစ်သန်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားသည်။ ကျန်သော လူဦးရေ ၆၉၉၉ သန်းသည် မညီမျှသော ဥစ္စာကိုသာ ပိုင်ဆိုင်ကြသည်။ တကယ်တော့ လူတစ်ထောင်ကျော်၏ လက်ထဲတွင်ပင် ဥစ္စာဓနများ စုပြုံနေသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်က ပြည်သူသန်း ၆၀ ရဲ့ ဓနဥစ္စာကရော။ လူတစ်ထောင်လောက်မှာပဲ စုပြုံနေပါသလား။ ပြည်သူပြည်သားများသည် လူတစ်ထောင်ကျော် ပြုသမျှ နုရသည့် အခြေအနေမှာ ရောက်နေလေသလား။
ဤပုံစံသည် နှစ်ပေါင်းများစွာ တည်နေမည်မှာလား။ စစ်ကြောရန် လိုသည်။
ဒါဆိုရင် သင်ကော ဘာလုပ်မလဲ။
အလွန်အမင်း ချမ်းသာသူ တစ်ထောင်ထဲမှာ ပါလိုသလား။ သင်၏ ဆုံးဖြတ် လုပ်ဆောင်မှုသည် အင်မတန် အရေးပါသည်။
ပထမဦးဆုံး ပန်းတိုင်ကို သတ်မှတ်ရမည်။ ပန်းတိုင်နှင့် ဆိုင်သည်များကို နားလည်အောင် ကြိုးစားရမည်။
ထိုပန်းတိုင် မှန်ရဲ့လား။ သင်လိုလားတာတွေ ဖြစ်ရဲ့လား။
ဘ၀မှာ ရည်ရွယ်ချက်တွေ လုပ်ဆောင်ချက်တွေ ပြောင်းနေတတ်သည်။
ဘယ်လိုပြောင်းပြောင်း ပန်းတိုင်တစ်ခုကိုတော့ သတ်မှတ်ရပါသည်။ ပန်းတိုင် သတ်မှတ်ပြီးနောက် ပန်းတိုင်ကို ရောက်မည့် လမ်းကို ရွေးရပါမည်။
ဒီနေရာတွင် လမ်းမှားကနေ သွားလို့မရပါ။ မှားနေရင်တော့ ပြင်ရပါသည်။
credit-EMG
Read More »

မူးယစ်ဆေးဝါးနှင့် လူငယ် Written by လှမြင့် (ရန်ကုန်တက္ကသိုလ်)



လူငယ်ဟူသည် အနာဂတ်၏ ခေါင်းဆောင်လောင်း ခေါင်းဆောင်ကောင်းများ ဖြစ်ကြသည်။ လူငယ်တို့၏ ကာယဥာဏ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုဖြင့် နိုင်ငံနှင့် လူမျိုး၏ ဖွံ့ဖြိုးတိုးတက်ရေးများကို စွမ်းဆောင်နိုင်သည်။ လူငယ်တို့သည် ကာယခွန်အား ပြည့်စုံရမည်။ ဥာဏစွမ်းရည် ထက်မြက်ရမည်။ စာရိတ္တဟူသော ကိုယ်ကျင့်တရားကောင်းများ ရှင်သန်နေရမည်။ ထိုသို့သော ကာယ၊ ဥာဏ၊ စာရိတ္တ စွမ်းရည်များ ထက်မြက်စေရန် ပြည့်စုံလာစေရန် မိမိတို့၏ အသိပညာ၊ အသိတရား၊ လုံ့လ၀ိရိယဟူသော ကိုယ်ရည်ကိုယ်သွေးများ ပြည့်စုံထက်မြက်စေရန် မိမိကိုယ်မိမိ လေ့ကျင့်ထိန်းသိမ်း ဆောင်ရွက်ရမည် ဖြစ်သည်။

နိုင်ငံတော်၏ အင်အားစုတွင် လူငယ်၏ အင်အားစုသည် သုံးပုံတစ်ပုံ ရှိသည်။ ထိုသို့သော အင်အားစုကြီးဖြစ်သော ယနေ့လူငယ် အင်အားစုသည် နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ရမည့် သွေးသစ်အင်အားစုလည်း ဖြစ်သည်။ ထိုသို့သော အရည်အသွေးရှိသည့် လူငယ်တို့တွင် ကာယစွမ်းအား၊ ဥာဏစွမ်းအား၊ စိတ်ဓာတ်စွမ်းအား၊ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးစွမ်းအား ပြည့်စုံရန် လိုအပ်သည်။ လူငယ်၏ သဘောသဘာဝသည် ရှင်သန်သည်။ နုပျိုသည်။ တက်ကြွသည်။ လန်းဆန်းသည်။ တိမ်းလွယ်ယိမ်းလွယ်သည်။ သူငယ်ချင်း အပေါင်းအသင်းကို တွယ်တာသည်။ ရှင်သန်တက်ကြွနိုးထနေသော ရွက်သစ်၊ ရွက်ညွှန့်၊ ရွက်နု၊ ပုရစ်ဖူးများအသွင် ရှိသည်။

ထိုသို့ နိုးကြားတက်ကြွ ရှင်သန်နေသော လူငယ်တို့သည် မျက်မှောက်ခေတ်၏ အန္တရာယ်ဆိုး တစ်ရပ်ဖြစ်သော မူးယစ်ဆေးဝါးကို ရှောင်ရှားရမည် ဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဆိုးကျိုးကိုသာ ပေးသည်။ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှု ယိုယွင်းလာသည်။ ကာယစွမ်းအား ဆုတ်ယုတ်လာသည်။ ဥာဏစွမ်းအား လျော့ပါးလာစေသည်။ လုံ့လ၀ီရိယ ဇွဲသတ္တိများ ဆိတ်သုဉ်းကာ တွေဝေမိန်းမောစေသည်။ မကောင်းမှုများကို ကျူးလွန်ရန် ၀န်မလေးတော့ပေ။ စာရိတ္တကို ပျက်ယွင်းလာစေသည်။ ယင်းသို့ ဆိုးကျိုးအထွေထွေကိုသာ ပေးတတ်သောကြောင့် မူးယစ်ဆေးဝါး မသုံးစွဲမိစေရန်အတွက် လည်းကောင်း၊ မသုံးစွဲကြရန်အတွက် လည်းကောင်း နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်စည်းရုံး ဆောင်ရွက်လျက် ရှိသည်။ မူးယစ်ဆေးဝါးကို လူသားအားလုံး အထူးသဖြင့် လူငယ်တို့၏ နယ်ပယ်တွင် ရှောင်ရှားကြစေရန် "ရှောင်လေဝေးဝေး မူးယစ်ဆေး" ဟူ၍ လည်းကောင်း၊ "မူးယစ်ဆေးဝါး တို့ရှောင်ရှား" ဟူ၍ လည်းကောင်း ဆောင်ပုဒ်များဖြင့် မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူငယ်တို့ ကင်းဝေး၊ ကင်းရှင်းစေရန် လှုံ့ဆော်၊ ပညာပေး၊ စည်းရုံးဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့သမိုင်းကြောင်းကို လေ့လာလျှင် မူးယစ်ဆေးဝါးသည် ခေတ်အဆက်ဆက်၌ တိုင်းပြည်နှင့်လူမျိုး၏ ဆိုးကျိုးနှင့် အနိဋ္ဌာရုံများကိုသာ ပေးခဲ့ကြောင်း အထင်အရှား တွေ့ရှိနိုင်သည်။ လူဦးရေ များပြားပြီး၊ စည်းလုံးညီညွတ်၍ စီးပွားရေး ဖွံ့ဖြိုးကြွယ်ဝခဲ့သော ရှေးခေတ်တရုတ်ပြည်တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် မူးယစ်ဆေးဝါးဖြစ်သောဘိန်းကို နိုင်ငံ၏ စည်းရုံးမှု ဖြိုခွဲရေး လက်နက်အဖြစ် အသုံးချခဲ့သည်။ ဘိန်းစစ်ပွဲများဖြင့် စာရိတ္တကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု အားမာန်ကို ယိုယွင်းပျက်စီး စေခဲ့သည်။

ထိုနည်းတူ မြန်မာ့သမိုင်းကြောင်းတွင်လည်း တောင်ငူခေတ်တွင် လက်ရုံးရည်၊ နှလုံးရည်ဖြင့် ပြည့်စုံထင်ရှားခဲ့သော တပင်ရွှေထီးမင်းသည် မူးယစ်ဆေးဝါးဖြစ်သော အရက်ကို စွဲခဲ့သောကြောင့် အသက်ဆုံးရှုံး ခဲ့ရသည်အထိ ဘ၀ဆိုးကျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ မြန်မာဘုရင်များ လက်ထက်ကပင် မူးယစ်ဆေးဝါး၏ အန္တရာယ်ဆိုးကျိုးနှင့် အနိဋ္ဌာရုံများကို နားလည်သိရှိ သဘောပေါက်ခဲ့ကြသောကြောင့် မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်ရေး အမိန့်တော်များကို ပြဋ္ဌာန်းသတ်မှတ် ခဲ့ကြသည်။ ကျူးလွန်ဖောက်ဖျက်သူတို့အား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်။ ကုန်းဘောင်ခေတ်နှောင်း မန္တလေး (ရတနာပုံ) ခေတ်၊ မင်းတုန်းမင်းကြီး လက်ထက်တွင် ခရစ်နှစ် ၁၈၆၉ ခုနှစ်၌ 'ဘိန်းဘင်းကဇော်၊ လှော်စာ၊ အရက်သေစာတို့ကို သောက်စားမူးယစ်ခြင်း၊ ချက်လုပ်ခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန် ရှောင်ကြဉ်ရမည့် အမိန့်တော်" ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအမိန့်တော်တွင်-

"ပြည်သူပြည်သားတို့သည် ဘိန်းကင်းကဇော်၊ လှော်စာ၊ အရက်သေစာများကို သောက်စားမူးယစ်ခြင်း၊ ချက်လုပ်ခြင်း၊ ရောင်းချခြင်း၊ မပြုလုပ်ရ၊ အထူးသဖြင့် လူငယ်များသည် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း လုံးဝမပြုလုပ်ရ။ ယင်းဥပဒေကို မလိုက်နာ၊ ကျူးလွန်လျှင် ကြိမ်ဒဏ်နှင့်ထောင်ဒဏ် ကျရမည်" ဟု သတ်မှတ်တားမြစ်ခဲ့သည်။

မျက်မှောက်ခေတ်တွင် မူးယစ်ဆေးဝါး အန္တရာယ်များကို ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည်။ အထူးသဖြင့် လူငယ်ထု အတွင်းသို့ ဘိန်းဖြူနှင့် စိတ်ကြွဆေး စသောမူးယစ်ဆေးဝါး သုံးစွဲမှုများ စိမ့်ဝင်ပျံ့နှံ့နေမှု အန္တရာယ်သည် မျက်မှောက်ခေတ် လူငယ်လောက၏ အကြီးမားဆုံးသော အန္တရာယ်ဆိုးကြီးပင် ဖြစ်သည်။ ထို့ကြောင့် လူငယ်ထု နယ်ပယ်များဖြစ်သော အမြို့မြို့ အနယ်နယ်ရှိ စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးရေး အဖွဲ့များ ဖွဲ့စည်း၍ ပညာပေးလှုံ့ဆော်မှုများ ပြုလုပ်နေကြသည်။ ဥပဒေဖြင့်လည်း အရေးယူ ဆောင်ရွက်လျက် ရှိနေသည်။

လူငယ်ထုအတွင်း မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာပေးခြင်း၊ ဥပဒေဖြင့် အရေးယူခြင်းများ ပြုလုပ်သည့်နည်းတူ၊ မူးယစ်ဆေးဝါး သယ်ဆောင်မှောင်ခိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေသူများကိုလည်း မျက်နှာကြီးငယ်မလိုက်၊ တရားဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်မှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေမည် ဖြစ်သည်။

စာရင်းဇယား အထောက်အထားများအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူများအနက် အသက် ၁၅ နှစ်မှ ၃၀ အရွယ် လူငယ်၊ လူလတ်ပိုင်းတို့သည် အများဆုံး မူးယစ်ဆေးဝါး သုံးစွဲသော အရွယ်များဖြစ်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါး အန္တရာယ်သည် လူသားတို့အတွက် ဆိုးကျိုးလက်နက်များထက် ပိုမိုကြောက်ရွံ့ဖွယ် ဖြစ်သည်။ လူသားတို့အား တမြည့်မြည့်နှင့် ဆွေးကြေပျက်စီးစေတတ်သော ကရွတ်ခွေကဲ့သို့ ဖြစ်သည်။ ဖွဲမီးကဲ့သို့ ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် လူငယ်ဟူသည် "အဖြူနှင့်အမည်း" ကဲ့သို့ ဆန့်ကျင်ဘက် အသွင်ဆောင်နေသည်။ လူငယ်ဟူသည် နိုးကြားသည်။ တက်ကြွသည်။၊ နုပျိုသည်။ ဇွဲလုံ့လ သတ္တိဝီရိယ အားမာန်ပြည့်ဝသည်။ မူးယစ်ဆေးဝါးသည်။ စိတ်ဓာတ်ခွန်အား ကာယခွန်အား စာရိတ္တခွန်အားကို ယုတ်လျော့စေသည်။ တွေဝေမိန်းမော စေသည်။ ထို့ကြောင့် လူငယ်ဟူသည် နုပျိုလန်းဆန်းသော သရက်ပင်ပျိုနှင့် တူသည်။ မူးယစ်ဆေးဝါးသည် ဖျက်ဆီးတတ်သော ညောင်ပင်နှင့် တူသည်။ မျိုးကောင်းသရက်ပင်ပျိုနှင့်တူသော လူငယ်တို့သည် ညောင်ပင်နှင့်တူသော မူးယစ်ဆေးဝါးကို သုံးစွဲလျှင် သရက်ပင်ပျိုသည် ညောင်ပင်၏ ၀ါးမျိုခြင်း ခံရသကဲ့သို့ ပျက်စီးမည်။ ဘ၀ဆုံးမည်။ ဒုက္ခမျိုးစုံ တွေ့ကြုံခံစားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ထို့ကြောင့် လူငယ်တစ်ရပ်လုံးသည်။ အမျိုးသား ရန်သူသဖွယ်ဖြစ်သော မူးယစ်ဆေးဝါးကို ဝေးစွာရှောင်ရှားရမည်။ မူးယစ်ဆေးဝါး အန္တရာယ်ကို ကျူပင်ခုတ်၊ ကျူငုတ်မျှမကျန်အောင် တွန်းလှန်ချေမှုန်း ပစ်ရမည်။

မူးယစ်ဆေးဝါး အန္တရာယ်သည် တိုင်းပြည်နှင့်လူမျိုး၏ အကြီးမားဆုံးနှင့် အဓိကအန္တရာယ် တစ်ရပ်ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲမိလျှင် မူးယစ်ဆးဝါးစွဲနေလျှင် မကောင်းမှုကို ကျူးလွန်ရန် ၀န်မလေးတော့ပေ။ မူးယစ်ဆေးဝါး အန္တရာယ်သည် ဘ၀၏ အနုတ်လက္ခဏာ ဖြစ်သည်။ ဆိုးကျိုးကိုသာ ပေးတတ်သော မူးယစ်ဆေးဝါး သုံးစွဲမှုကို လူငယ်၊ လူလတ်၊ လူကြီးများအားလုံး လုံးဝရှောင်ရှားခြင်းဖြင့် လောကီသုခကို ရစေမည်ဖြစ်သည်။ မူးယစ်ဆေးဝါး မှန်သမျှကို ဝေးစွာရှောင်ရှားရေးသည် လူငယ်မှအစ လူသားတိုင်း၏ အဓိက တာဝန်ကြီးတစ်ရပ်ပင် ဖြစ်ပေသည်။

Read More »

ဒုက္ခသည်စခန်းများ ၀န်းရံလျက်ရှိသော နိုင်ငံကို...ဟုခေါ်သည်( နေထွန်းနိုင် )



၀၁၃ ခုနှစ် ဒုက္ခသည် စခန်းများပြ မြေပုံ (Graphic: Myanmar Peace Monitor,BNI)
ပြည်တွင်း စစ်ဒဏ်ကို နှစ်ပေါင်း ၆၀ ကျော်ကြာ ခံစားခဲ့ရသော မြန်မာနိုင်ငံ၌ စစ်ပြေးဒုက္ခသည် အရေအတွက် လျော့ကျသွားခဲ့ခြင်း မရှိသေးပေ။ လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းပြီး သေနတ်သံ တိတ်ဆိတ်သော နိုင်ငံဖြစ်ရန် ကြိုးပမ်းခြင်းများ ရှိသော်လည်း နေ့စဉ်နှင့်အမျှ ကြိုကြားဖြစ်ပေါ်နေသော တိုက်ပွဲများက စစ်ပြေးဒုက္ခသည် အရေအတွက်ကို ဆက်လက် တိုးပွားစေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များလည်း ရှိနေခဲ့ပါသည်။ လက်ရှိ အခြေအနေများအရ စစ်ပြေးဒုက္ခသည် စခန်းများမှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် အခိုင်အမာ ရှိနေပါသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး ဧရိယာများတွင် စစ်ပြေးဒုက္ခသည်စခန်း အများအပြား ရှိနေပါသည်။ ရခိုင်ပြည်နယ်တွင်မူ ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည် စခန်းများ ရှိနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိထ္တီလာမြို့တွင်လည်း ပဋိပက္ခကြောင့် ပေါ်ပေါက်လာသည့် ဒုက္ခသည်စခန်းများ ရှိနေခဲ့ပါသည်။
စစ်ကြောင့်ဖြစ်သော ဒုက္ခသည်များ
ပြီးခဲ့သော ၁၀ နှစ်ကာလ များအတွင်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်တွင် စစ်ပြေးဒုက္ခသည် စခန်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက် ပေးရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ နှစ်ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဘ၀ရောက်နေ ကြသူများ ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန် လျော့ကျသွားသော်လည်း စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးမှာ မရေရာသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပါသည်။
ယခုနှစ်ပိုင်းများအတွင်း တိုင်းရင်းသား ဒေသများ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ဆက်လက် တိုးပွားနေဆဲ ဖြစ်ပါသည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Peace Monitor ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခု နှစ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် KIOI ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်း အသစ်များ ပေါ်ပေါက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သိန်းကျော် ရှိခဲ့ကြောင်း သိရပါသည်။ ထိုတိုက်ပွဲများ ကြောင့်ပင် အစိုးရထိန်းချုပ် နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ၀ိုင်းမော် အစရှိသော မြို့များတွင် စစ်ပြေးဒုက္ခ စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ ခိုင်မာသော သတင်းရင်းမြစ်များ၏ အဆိုအရ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် နှစ်သိန်းကျော် ပေါ်ပေါက်ခဲ့ပြီး ထိုသူများ၏ နေရပ်ပြန်ရေး ကိစ္စမှာလည်း နှောင့်နှေးနေရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ  ...

ထို့အတူ ရှမ်းပြည်နယ် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ဆက်လက် ပေါ်ပေါက်နေပါသည်။ ၂၀၁၂ ခုနှစ်အတွင်း အစိုးရနှင့် ပလောင်(တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည် အရေအတွက် ၂၀၀၀ ကျော်ရှိနေရာမှ ဆက်လက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါသည်။ ပလောင် တိုင်းရင်းသားများ၏ စစ်ပြေးဒုက္ခသည် စခန်းများမှာ မန်တုံမြို့တွင်နှစ်ခု၊ တန့်ယန်း မြို့တွင်တစ်ခု၊ ကွတ်ခိုင်မြို့တွင်နှစ်ခု၊ နမ့်ဖက်ကာ ကျေးရွာတွင် တစ်ခုနှင့် နမ့်ခမ်းမြို့တွင် နှစ်ခု အစရှိသဖြင့် အသစ်ပေါ်ပေါက် လာခဲ့ကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ အစိုးရနှင့် RCSS/SSA၊ KNPP၊ KNU၊ DKBA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ အပါအ၀င် အခြားသော စီမံကိန်းများကြောင့် နေရပ်ကို စွန့်ခွာပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိခိုလှုံနေသူ အရေအတွက် တိုးပွားခဲ့ကြောင်း သိရသည်။
Myanmar Peace Monitor ၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အခြားသော စီမံကိန်းများကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသော အရေအတွက်မှာ ရှမ်းပြည်နယ်တွင် ၆၇၀၀၊ ကယားပြည်နယ်တွင် ၇၀၀၊ ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၀၊ ကရင်ပြည်နယ်တွင် ၁၆၀၀၊ မွန်ပြည်နယ်တွင် ၂၀၀ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၆၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။
ပဋိပက္ခများကြောင့် ဖြစ်သော ဒုက္ခသည်များ
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၁၈၀၀၀၀ ကျော်ခန့် ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အတွင်း ကထုတ်ပြန်ခဲ့သော UNOCHA ၏ အစီရင်ခံစာအရ လူဦးရေ ၇၀၀၀၀ ကျော်ခန့်သည် ၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခများ စတင်ချိန်တွင် ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူဦးရေ ၃၀၀၀၀ ကျော် ခန့်မှာ ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ပေါ်ပေါက် လာသည့် ဒုက္ခသည် စခန်းများမှာ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များတွင် ရှိကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် မိထ္ထီလာမြို့တွင် ဒုက္ခသည် စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ လက်ရှိအချိန်အထိ ရရှိသော စာရင်းများအရ မိထ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ဒုက္ခသည် အရေအတွက် ၄၀၀၀ ကျော် ခိုလှုံနေရကြောင်း သိရသည်။ အရေအတွက် အတိအကျ အနေဖြင့် သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၆၅၆ ဦး၊ အုတ်ဖို ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၁၉၁ဦး၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၉၅ ဦး၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကယ်ဆယ်ရေး စခန်းတွင်လူဦးရေ ၁၅၉၄ဦး၊ ရေအရင်း အမြစ် ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၆၈ ဦး၊ စုစုပေါင်း လူဦးရေ ၄၂၀၄ ဦး ခိုလှုံ နေရဆဲဖြစ်ကြောင်း သိရှိရသည်။
ဒုက္ခသည်များနှင့် အနာဂတ်
ပဋိပက္ခများကြောင့် ဖြစ်လာခဲ့သည့် ဒုက္ခသည်များ၏ အနာဂတ်မှာ နယ်မြေတည် ငြိမ်ပြီး ထိုက်သင့်သော အကူအညီများ ရရှိပါက ပြန်လည် ထူထောင်ရေး အတွက် မျှော်လင့်ချက်များ ရှိနေပါသည်။ သို့သော် အဆိုပါ ဒုက္ခသည်များအတွက် အခြေခံ စောင့်ရှောက်မှုများနှင့် အလုပ်အကိုင် ဖန်တီးပေးရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။
8.1.1
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသား ဒုက္ခသည်တစ်ဦး (ဓာတ်ပုံ-နေထွန်းနိုင်)
စစ်ပြေးဒုက္ခသည်များ၏ အနာဂတ်မှာ ပို၍ ခက်ခဲသော အခြေအနေသို့ ဦးတည်လျက် ရှိနေပါသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ၏ အကြီးမားဆုံး အိပ်မက်မှာ တတိယနိုင်ငံများသို့ သွားရောက်ခွင့် ရရှိရေး ဖြစ်ပါသည်။ သို့ရာတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အစီအစဉ်များနှင့် တတိယ နိုင်ငံများ၏ ဒုက္ခသည် လက်ခံနိုင်စွမ်း ကန့်သတ်ချက်များက စစ်ပြေးဒုက္ခသည်များ၏ တတိယနိုင်ငံ သွားရောက်ရေး အိပ်မက်ကို မှုန်ဝါးစေခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အခြေချ နေထိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အခက်အခဲအပြင် အခြေခံ အဆောက်အအုံ လိုအပ်ချက်များလည်း ရှိနေပါသည်။ တိုက်ပွဲဖြစ်စဉ် ခကာလအတွင်း သက်ဆိုင်ရာ နယ်မြေများတွင် နှစ်ဖက်တပ်ဖွဲ့များ အသုံးပြုခဲ့သော မိုင်းအန္တရာယ်နှင့် မိုင်းရှင်းလင်းရေး ပြဿနာမှာကိုလည်း အပြည့်အ၀ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဖြစ်နေသူများ ကိုယ်တိုင်က မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်နေထိုင်ရန် ငြင်းဆန်ထားပါသည်။
သို့ရာတွင် မြန်မာစစ်ပြေး ဒုက္ခသည်များကို လက်ခံထားသော ထိုင်းအစိုးရက နယ်စပ်ဒုက္ခသည် စခန်းအချို့ကို ဖျက်သိမ်းလိုပြီး ဒုက္ခသည်အချို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေပါသည်။
သို့သော် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံဆိုင်ရာ UNHCR တာဝန်ခံနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တို့တွေ့ဆုံပြီး မြန်မာစစ်ပြေး ဒုက္ခသည်များ အရေးကို ဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးမှုတွင် လိုအပ်ချက်များ ရှိနေသေးသဖြင့် မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်သို့ အတင်းအျပ် ပြန်လည် ပို့ဆောင်မည် မဟုတ်ကြောင်း UNHCR ဘက်မှ ကတိပြုခဲ့သည်။
ထို့အတွက်ကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော စစ်ပြေးဒုက္ခသည်စခန်းများ ဆက်လက် တည်ရှိနေနိုင်ပြီး မြန်မာနိုင်ငံ အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေမည်ဆိုပါက စစ်ပြေးဒုက္ခသည် အရေအတွက်မှာလည်း ဆက်လက် တိုးပွားနေမည် ဖြစ်ပါသည်။
Credit To First-11
Read More »

ကြိမ်ဖူးဟင်းချို ---------- ရေးသားသူ- စိုးဇေယျာထွန်း



ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။

အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည်မသိ။ သောင်ပြင်ပေါ်တွင် ငါးများ သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်ကူနေသည့် ကလေးတစ်ယောက်၏ခြေထောက်ကို သတိထားမိလိုက်သည်။

ကလေးမလေးက အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာရှိပြီး ခြေထောက်တွင် အမာရွတ်များမှာ အစင်းလိုက်အစင်းလိုက် ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲဟုမေးတော့ သူ့အဖေက ရခိုင်သံလား၊ ထားဝယ်သံလားတော့ မပြောတတ်။ ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား၊ ဆိုစကား နားမထောင်မလို့ ရိုက်တာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲဒီလိုရိုက်ပေးမှရတယ်ဟု ကျွန်တော့်ကို ပြန်ပြောသည်။

အဲဒီလူကြီး စကားဆုံးသွားတော့ ကလေးလေးရဲ့ခြေထောက်ကိုကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည်။ အဲဒီလောက်ငယ်တဲ့ ကလေးလေးတစ်ယောက်ကို အမာရွတ်တွေထင်သွားအောင် ရိုက်သင့်ရဲလား။ ကျွန်တော် ငယ်ငယ် ကျောင်းကပြန်လာပြီး ပုဆိုးလဲတော့ ကျွန်တော့်အစ်မက လှမ်းမေးသည်။ နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အစ်မကထပ်မေးသည် နင် အရိုက်ခံထားရတာ မဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလဲထားလို့ဟုလိမ်ပြီး ကျွန်တော်အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေချာပြန်ကြည့်လိုက်သည်။ ခြေသလုံးမှာ အရှိုးလိုက်အရှိုးလိုက် အညိုအမည်းစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ် ကျွန်တော်တို့ကျောင်းမှာ ကြိုသက်ဆိုသည့် ဘာသာရပ်တစ်ခုကို အလယ်တန်းကျောင်းသားဘ၀က သင်ရသည်။

မြန်မာနိုင်ငံလုံးတွင် ကြိုသက်ဘာသာသင်ရသည့်ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာရှိသည်ဟု ဆိုသည်။ ကြိုသက်ဘာသာသည် ယောက်ျားလေးများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှုအခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့်ဘာသာနှင့် ယောက်ျားလေးများသင်ရသည့် ဘာသာကမတူပေ။ ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယောက်ျားလေးသတ်သတ်၊ မိန်းကလေးသတ်သတ်ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယောက်ျားလေးများက ကျွန်တော်တို့ဘီခန်းကိုလာပြီး စာသင်ရသည်။ ကျွန်တော်တို့ကျောင်းမှာ ထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ၊ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုးလေးတစ်လုံးရှိသည်။ ၀ါ၊ စိမ်း၊ နီ၊ ပြာ အသင်းခွဲထားပြီး ယောက်ျားလေးများက အသင်းကျသည့်နေ့တွင် သောက်ရေသွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေ့တွင် အခန်းကို တံမြက်စည်းလှည်းရသည်။ ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ၊ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။

တစ်ရက်... ကြိုသက်ချိန်ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းကယောက်ျားလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထိုအချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာ၊ ဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည်။ စီခန်းကယောက်ျားလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲဒီလိုလှမ်းလှမ်းပြီး ခြွေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေးနှစ်ယောက်ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲဒီလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူရန်တားရင်းက ၀ိုင်းလုကြသည်။ အတန်းကြီးလာမှသာ မိန်းကလေးတွေ၊ ယောက်ျားလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်းအရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်းအရွယ်မှာတော့ ယောက်ျားလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ကလည်း ယောက်ျားလေးပီပီ ဘာလို့ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လည်း ယောကျာ်းလေးတွေဘက်က၀င်ပြီး ပန်းတွေကိုကူလုသည်။

အဲဒီလိုလုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွားသည်။ နောက်တော့ ကောင်မလေးတစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလည်းမမေး ဘယ်လိုဖြစ်ကြသည်လည်း မစုံစမ်း။ မင်း သူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲဒီလိုရိုက်လိုက်တော့ ကျွက်စီကျွက်စီပြောနေတဲ့စကားတွေ တိတ်သွားသည်။ အဲဒီလိုတိတ်သွားတော့မှ အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည်။ ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လားဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ်ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလည်း ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကိုပြပြီး ကျွန်တော့်ကိုမေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာထမ်းနေပေတော့ဟု ပြောသည်။ မင်းဝန်မခံဘဲ ကျောင်းထွက်မှာလား၊ ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။

ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည်၊ ၀န်မခံရင် ကျောင်းထွက်ရမည်။ ကျောင်းတော့မထွက်နိုင်။ အရိုက်ပဲခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကိုဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညှိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။ ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမဲ့ မငိုမိအောင် မျက်ရည်ကိုထိန်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ အရိုက်ခံရချင်းနေ့က ခြေသလုံးမှာ အစင်းစင်းတွေ အပိန့်လိုက်အပိန့်လိုက်ဖြစ်နေပြီး အရေခွံများပွန်းကာ တချို့နေရာမှာ သွေးနည်းနည်းစို့နေသည်။

နောက်နေ့ရောက်တော့ အစင်းတွေပျောက်သွားပေမယ့် အညိုအမည်းစွဲပြီး ကျန်ရစ်ခဲ့သည်။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရမယ်။ ကျွန်တော့်ငယ်ဘ၀က တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်ဖြစ်သည်။

ကျောင်းတွေ၊ ကျောင်းတွေမှာ မိဘတွေ၊ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင်ရှိနေမလဲ။ အတိအကျမသိပေမယ့် အရွယ်နှင့်မမျှအောင် ရိုက်ခံနေကြရတာတွေကတော့ သေချာပေါက်ရှိမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် တချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေ့ထားသည်ကို တွေ့ဖူးပါသည်။ ကျွန်တော်တို့လည်း ထိုကျူရှင်တွင်ပင် တက်ရပါသည်။ ဒီနေ့ မီးနင်းတွေအလွတ်ကျက်ခဲ့။ နောက်နေ့စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရှူးသစ်သားပေတံကွဲသွားသည်ကိုပင် ကြုံခဲ့ဖူးသည်။ ဒါပေမဲ့ စာညံ့တဲ့ကလေးကတော့ အရိုက်ခံရလွန်းလို့ ကျူရှင်ပြေးချင်စိတ်သာ ဖြစ်လာသည်။ စာကတော့ တော်မလာပါ။ ငယ်ရွယ်စဉ်ကာလမှာ အထိုက်အလျောက် ရိုက်သင့်သည်ဆိုတာကို လက်ခံကောင်းလက်ခံလို့ရနိုင်ပေမယ့် အရွယ်နှင့်မမျှအောင် အလွန်အကျွံရိုက်နှက်ခြင်းကတော့ လုံးဝမဖြစ်သင့်ပါ။ အဲဒီလို အရွယ်နဲ့မမျှအောင် ရိုက်လိုက်တော့ရော အဲဒီကလေးက နားလည်သွားလား။ အဲဒီကလေးက တကယ်လိမ္မာသွားလား။ အဲဒီလိုစဉ်းစားနေရင်း ကြည်ဖြူသျှင် အမေရိကားမှာ ဆုရသည့် ၀သုန်ရဲ့ကောက်ကြောင်း ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်ထဲမှာ ပန်းချီဝသုန်ပြောသွားတာ သွားသတိရလိုက်သည်။ ကျွန်တော့်ကလေးတွေကို တစ်ခါမှမရိုက်ဖူးဘူး မယုံရင်မေးကြည့်ပါလား။ ကျွန်တော်ငယ်ငယ်က အရိုက်ခံရတယ်။ အဲဒီလိုအရိုက်ခံရရင် ကျွန်တော်အရမ်းစိတ်ဆိုးတယ်။ ပြီးတော့ ကလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှမဟုတ်တာတဲ့။ တစ်ချိန်ကျရင် ကျွန်တော့်မှာရော မိတ်ဆွေတို့မှာပါ ကလေးတွေရှိလာပေလိမ့်မည်။ တချို့ဆိုလျှင် အခုကတည်းက ရှိနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ အဲဒီအချိန်ကျရင် ကလေးတွေကို ကြိမ်ဖူးဟင်းချိုလို့ တင်စားခေါ်တဲ့ ကြိမ်လုံးကြီးနဲ့ ကိုယ်လိုရာပုံကို ရိုက်သွင်းတဲ့ brainwash နည်းလမ်းကို ဆက်လက်သုံးသွားကြဦးမှာလား။

Credit To 7Day News Journal
Read More »

ခွေးခြံအတွင်း ကျောခင်းကြရခြင်း -------------------- ရေးသားသူ- ညီညီဇော်



ဓာတ်ပုံ- ညီညီဇော်
  မန္တလေးတောင်ခြေ တောင်ဆင်းလမ်းဘေးတွင် ကျယ်ဝန်းလှသော ခြံကြီးတစ်ခြံရှိသည်။ ထိုခြံကြီးထဲတွင် တဲအိမ်လေးများ နေရာအနှံ့ ကွက်တိကွက်ကျားတည်ရှိပြီး ခြံဝင်းကြီး၏ အနောက်တောင်ထောင့်အနီးတွင်မူ ဓနိမိုးထားသော တဲတန်းလျားကြီးတစ်ခု တည်ရှိနေသည်။ တဲတန်းလျားကြီးအနီးတွင် ကျောက်တုံးကြီးတစ်ခုရှိပြီး ယင်းကျောက်တုံးကြီးပေါ်တွင် ပျက်ယွင်းစပြုနေပြီဖြစ်သည့် ကျောက်ပြားဖြင့် ရေးထိုးထားသော စာတန်းတစ်ခုကို တွေ့ရမည်ဖြစ်သည်။ “ခွေးဘေးမဲ့ခြံ၊ ၄-၁-၉၀ ရက်တွင် ဖွင့်လှစ်သည်”ဟူ၍ ဖြစ်သည်။

(၁)
ခွေးဘေးမဲ့ခြံဆိုသော်လည်း ခွေးတွေက တစ်ကောင်တစ်မြီးမှမရှိတော့။ တဲတန်းလျားကြီးနှင့် တဲအိမ်လေးများတွင် လူတွေက နေရာဝင်ယူထားကြသည်။

“ခွေးတွေမထားတော့တာ ကြာပြီ။ ခုကျုပ်တို့နေတဲ့နေရာက အရင်ကခွေးထီးတွေ နေခဲ့တဲ့နေရာ”ဟုပြောရင်း ဦးစိန်ဝင်းက သံမံတလင်းပေါ် ထိုင်ချလိုက်သည်။

ဦးစိန်ဝင်းသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနတွင် မြောင်းဆယ်ရသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ ဦးစိန်ဝင်းသည် ဇနီးသည်၊ ကလေးကိုးယောက်တို့နှင့် ခွေးဘေးမဲ့ခြံ၏ တဲတန်းလျားအလယ်ခန်းတွင် နေထိုင်ကြသည်။

ဦးစိန်ဝင်းသည် တစ်ချိန်က ခ.လ.ရ (၄)တပ်တွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ အရာခံဗိုလ်ဘ၀တွင် ပျဉ်းမနားရေဆင်းရှိ အမှတ်(၂)တိုးမြှင့်သင်တန်းကျောင်းဟုခေါ်သည့် တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းတွင် နည်းပြတာဝန်ယူခဲ့ဖူးပြီး ယခုဆိုလျှင် သူ့တပည့်များမှာ တပ်မတော်အရာရှိများပင် ဖြစ်နေလေပြီ။

တပ်မတော်မှ ဆေးပင်စင်ယူသည့်အချိန် မိသားစုများလှသော ဦးစိန်ဝင်းအဖို့ ကြီးမားသောအခက်အခဲတစ်ခု ရင်ဆိုင်လာရသည်။ ထိုအခက်အခဲမှာ နေစရာမရှိခြင်းဖြစ်သည်။ ဦးစိန်ဝင်း တပ်မတော်မှထွက်ပြီး ရေထမ်းရောင်းသည်။ ဆိုက်ကားထွက်နင်းသည်။ သို့သော် ထိုအလုပ်တွေမှ ရသည့်ငွေနှင့် နေစရာအခက်အခဲ ဘယ်လိုမှမဖြေရှင်းနိုင်။ နောက်ဆုံးတွင်
တပ်မတော်က ဆရာသမားများထံ အကူအညီတောင်းရာ မန္တလေးစည်ပင်တွင် အလုပ်ရသည်။ လုပ်ရမည့်အလုပ်က မြောင်းဆယ်ရသည့်အလုပ်။ မန္တလေးစည်ပင်တွင် အလုပ်ရပြီး နေစရာအတွက် မန္တလေးတောင်ခြေက ခွေးတွေမနေတော့သည့် ခွေးဘေးမဲ့ခြံတွင် သူတို့မိသားစု နေထိုင်ခွင့်ရခဲ့သည်။ အရင်က တပ်မတော်တွင် အရာခံဗိုလ်အဆင့်ဖြင့် နည်းပြဆရာအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးစိန်ဝင်းက ယခုကဲ့သို့ ခွေးများအတွက် သီးသန့်နေရာတွင် နေရမည်ဆိုတော့ စိတ်ထဲတွင်ခံပြင်းမိသည်။ သို့သော် များပြားလှသော မိသားစုနေရေးထိုင်ရေးတို့အတွက် ဦးစိန်ဝင်း အတိတ်ကာလကို ပြည်ဖုံးကားချလိုက်သည်။

“အဲဒီအချိန်တုန်းက ခွေးတွေသာမရှိတော့တာ။ ခွေးသန်းတွေ တအားကိုက်တာ။ ညကို အိပ်လို့မရဘူး။ ဖြုတ်တွေကလည်း အားကြီးပေါတာ”ဟု ဦးစိန်ဝင်းကပြောပြသည်။

ခွေးများနေထိုင်ခဲ့သဖြင့် နှစ်လလောက်က အနံ့အသက်တွေမကောင်း။ ရေတွေဆေးချရသည်။ တရော်ကင်ပွန်းတွေ ဖျန်းချရသည်။ သူ့အသက်(၅၈)နှစ်ရှိပြီ။ ကိုယ်ပိုင်နေရာလေးတစ်ခုတွင်
နေဖူးချင်သေးသည်။ သို့သော် ရတဲ့လုပ်အားခနဲ့ ရှိတဲ့မိသားစုဦးရေနှင့်က ဘယ်လိုနည်းနှင့်မျှ အခြေအနေပေးတော့မည်မဟုတ်။ ထိုကြောင့် သားသမီးတွေ သူမရှိတော့သည့်အချိန်တွင် နေစရာအတွက် အခက်အခဲမဖြစ်အောင် စည်ပင်မှာ အလုပ်ဝင်စေခဲ့သည်။ တံမြက်စည်းလှည်းသည့်အလုပ်၊ ကျုံးမှော်ဆယ်သည့်အလုပ်များ ဖြစ်သည်။ စည်ပင်ဝန်ထမ်းဖြစ်နေသရွေ့ စည်ပင်မှ ပေးမည့်နေစရာလေးတော့ ရနေဦးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်ဟု သူကဆိုသည်။

(၂)
ဦးစိန်ဝင်းက သားသမီးများပါ စည်ပင်တွင် အလုပ်ဝင်စေခဲ့သည့်အတွက် နေစရာအတွက်တော့ ခွေးခြံရှိနေသရွေ့ အဆင်ပြေနေပါဦးမည်။ သိုသော် ခွေးခြံ၏ထောင့်စွန်းကတဲတွင် နေထိုင်သည့် ဒေါ်အေးအေးမြင့်တို့ကတော့ နေစရာအတွက် စတင်ပူပန်နေရပြီဖြစ်သည်။ ဒေါ်အေးအေးမြင့်က တပ်မတော်မှ မိုင်းထိ၍ပင်စင်ယူခဲ့ရသူ ခင်ပွန်းဖြစ်သူ ဦးကျော်အေး ကောင်းမှုဖြင့် ခွေးခြံထဲ ရောက်လာရသူ ဖြစ်သည်။ ဦးကျော်အေးက ပင်စင်ယူပြီး စည်ပင်တွင်ဝင်လုပ်ရာမှ ခွေးခြံတွင် စာရင်းကိုင်တာဝန် ချထားခံရသည်။ ဦးကျော်အေးအလုပ်က ခွေးတွေကို စာရင်းမှတ်ရသည်။ ခွေးမဘယ်နှကောင်၊ ခွေးထီးဘယ်နှကောင်၊ ဆိုးသွမ်းခွေး ဘယ်နှကောင် စသဖြင့်။

ထို့အပြင် ခွေးများကို ချက်ကျွေးသည့် အစားအသောက်ကုန်ကျစရိတ်စာရင်းများ၊ အလှူရှင်လာလှူသည့် ငွေစာရင်းများလည်း ကိုင်ရသည်။

ခွေးများကို နေ့စဉ်အမဲသားချက်ကျွေးလေ့ရှိပြီး နေ့စဉ်ယူနေကျ အမဲသားဆိုင်က ၀န်ထမ်းများအတွက် အပိုတွေပေးတတ်သည်။ အပိုပေးလိုက်သည့် အမဲသားတွေကို ၀န်ထမ်းတွေ အလှည့်ကျချက်စားကြသည်။ ခွေးကိုမှီ၍ အသားဟင်းများ စားနေရသည့်အတွက် ဒေါ်အေးအေးမြင့်တို့ ထိုခွေးတွေကို ကျေးဇူးတင်ရသည်။

“ကျွန်မယောက်ျားကဆို အမြဲပြောတယ်။ ခွေးတွေကြောင့်သာ အလုပ်ရတာ။ စားဝတ်နေရေးပြေလည်တာဆိုပြီး။ ဒါကြောင့် သူက ခွေးတွေအပေါ်လည်း သံယောဇဉ်ကြီးခဲ့တယ်။ ခွေးတွေရဲ့ ကျေးဇူးတွေရှိတဲ့အကြောင်းလည်း တဖွဖွပြောတယ်”ဟု ဒေါ်အေးအေးမြင့်ကပြောပြသည်။

ခွေးတွေကြောင့် စားဝတ်နေရေးအတွက် ပြေလည်သော်လည်း ခွေးခြံအပြင်ဘက်က ဥပေက္ခာတရားတွေတော့ ရင်ဆိုင်ရသည်။ “ဟိုတုန်းက လူတွေကလည်း သိပ်အမြင်မကျယ်သေးတာကြောင့် ကျွန်မတို့ ခွေးခြံကအဖွဲ့တွေ အနီးနားကရပ်ကွက်ထဲ ဗီဒီယိုသွားကြည့်ရင် ခွေးခြံကလူတွေဆိုပြီး အနားမထိုင်ကြဘူး”ဟု ဆိုသည်။

အခုတော့ ပတ်ဝန်းကျင်က နားလည်မှုတွေ ရှိလာခဲ့ပြီ။ သို့သော် ဒီခွေးခြံမှာ ဘယ်ချိန်ထိ နေခွင့်ရတော့မည်ကို ဒေါ်အေးအေးမြင့် မတွေးရဲတော့။ ခင်ပွန်းဖြစ်သူ တပ်မတော်အငြိမ်းစား စည်ပင်ဝန်ထမ်းက အခုတော့ သာသနာ့ဘောင် အပြီးဝင်ရောက်သွားလေပြီ။ ၀န်ထမ်းမရှိတော့သည့်အတွက် ဘယ်ချိန်ထိ ခွေးခြံထဲမှာ နေခွင့်ရတော့မည်ကို မှန်းဆ၍မရ။ ထိုကြားထဲ ခွေးခြံကို တရုတ်တွေပဲလာဝယ်မှာလိုလို။ ရေသန့်စက်ရုံပဲ တည်တော့မှာလိုလို။ အသံတွေက မျိုးစုံကြားနေရ၍ စိတ်ပူမိသည်ဟု ဒေါ်အေးအေးမြင့်ကဆိုသည်။

(၃)
ထိုခွေးခြံတွင် ကျောချရသူများတွင် ဦးဘာဖယ်ဆိုသူလည်း အပါအ၀င်ဖြစ်သည်။ အသက်(၂၅)နှစ်အရွယ် တက်ကြွဖျတ်လတ်နေချိန် စစ်ဆင်ရေးတိုက်ပွဲတစ်ခုတွင် မိုင်းထိခဲ့ရာမှ ညာဘက်ခြေထောက် ဒူးအထက်မှ အောက်ပိုင်းအထိ ဖြတ်ပစ်ခဲ့ရသည်။ ပြီးနောက် ဆေးပင်စင်ယူပြီး တပ်ကထွက်ခဲ့ရသည်။

“တပ်ကထွက်ရတာက မိုင်းထိတာထက် ပိုခံစားခဲ့ရတယ်”ဟု ချင်းတိုင်းရင်းသားတစ်ဦးလည်းဖြစ်သူ ဦးဘာဖယ်ပြောပြသည်။

တပ်ကထွက်ပြီး ခြေတစ်ဖက်တည်းနဲ့ ရပ်တည်ရတော့မည့် သူ့ဘ၀ကို ဦးဘာဖယ်ကပြောပြသည်။

အရာရှိအကြီးအကဲတွေ အကူအညီဖြင့် ခွေးဘေးမဲ့ခြံမှာ ဂိတ်စောင့်အလုပ်ရရှိခဲ့သည်။ သူ့အလုပ်က ခွေးခြံတံခါးကို ဖွင့်ပိတ်ပေးရုံသာမို့ ဒုက္ခိတသူ့အတွက်တော့ တော်တော်လေး အဆင်ပြေခဲ့သည်။ အကြီးအကဲများ၏နားလည်မှုဖြင့် တပ်မတော်က လစဉ်ထောက်ပံ့သည့် ဆန်ခုနစ်ပြည်ကိုရောင်းစားကာ ခွေးများရိက္ခာထဲကဆန်ဖြင့် သူ့ဝမ်းစာဖြည့်ခဲ့သည်။

သူဝါသနာပါသည့် ဂစ်တာလေးကို တဒေါင်ဒေါင်ခေါက်ရင်း တစ်ကိုယ်တည်း သူ့ဘ၀ ခွေးခြံမှာ အဆင်ပြေခဲ့သည်။ သို့သော် သူအဆင်ပြေခဲ့ချိန်က မကြာလိုက်။ အကြောင်းအမျိုးမျိုးကြောင့် ခွေးခြံကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်။ ခွေးခြံပိတ်လိုက်တော့ ခွေးခြံစောင့်အလုပ်က အလိုအလျောက်ပြုတ်သည်။

ထိုကြားထဲ မိန်းမကရလိုက်သည်။ မိသားစုစားဝတ်နေရေးအတွက် သူအလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟုဆိုပြီး စက်ဘီးပြင်သည့်ပညာကို သင်ယူခဲ့သည်။ တပ်ထဲတွင် ခိုင်းတာလုပ်၊ ကျွေးတာစား အမိန့်အာဏာနှင့် နေခဲ့ရသည့်အခြေအနေမျိုးနှင့် လူ့လောကပတ်ဝန်းကျင် အခြေအနေတွေက ဆန့်ကျင်ဘက်ဆိုတာ သူသိလာသည်ဟုဆိုသည်။

ဝန်ဆောင်မှုကို အကောင်းဆုံးပေးသည်။ ဖတ်ထားတဲ့စာတွေထဲက လူမှုဆက်ဆံရေးနည်းဗျူဟာတွေ ပြန်ထုတ်သုံးသည်။ နောက်ဆုံး သူ့စက်ဘီးပြင်ဆိုင်လေး ခွေးခြံနားလေးတွင် နာမည်ရလာခဲ့သည်။ ၀င်ငွေလေးလည်း အထိုက်အလျောက်ရခဲ့သည်။ သို့သော် စက်ဘီးအစား ဆိုင်ကယ်တွေ အသုံးများလာတဲ့ မန္တလေးတွင် သူ့လုပ်ငန်း တဖြည်းဖြည်းပါးလာခဲ့ပြန်သည်။ မိန်းမဖြစ်သူက စည်ပင်က ဥယျာဉ်စိမ်းလန်းအခြေခံဝန်ထမ်းမို့ ခွေးခြံထဲ ဆက်နေခွင့်ရခဲ့၍ တော်သေးသည်။

ဦးဘာဖယ်တို့ကဲ့သို့ တပ်မတော်ကနေထွက်ပြီး စည်ပင်တွင် အလုပ်ဝင်လုပ်ကာ ခွေးဘေးမဲ့ခြံတွင် လာရောက်နေထိုင်ခွင့်ရသည့် တပ်မတော်သားမိသားစုပေါင်း ခုနစ်စုခန့်ရှိသည်။ ကျန်တာတွေက သန့်ရှင်းရေးနေ့စားဝန်ထမ်းတွေနှင့် ပန်းဥယျာဉ်ဌာန သစ်ပင်ပန်းပင်စိုက်သူ၊ ရေလောင်းပေါင်းသင်ရသည့် အလုပ်လုပ်ကိုင်နေရသည့် မိသားစုပေါင်း ၃၀ လောက် ရှိသေးသည်။

အချို့က ခွေးတွေနေထိုင်ခဲ့သည့် တဲတန်းလျားတွေမှာ နေထိုင်ကြသည်။ အချို့ကတော့ ခွေးတွေ နေ့ခင်းနေ့လယ် တရေးတမောအိပ်သည့် ချုံတွေကြားတွင် တဲထိုးကာ နေသူကနေသည်။ ဦးဘာဖယ်တို့ နေထိုင်နေသည့် ခွေးခြံကို မန္တလေးမြို့မှ တိရစ္ဆာန်ချစ်သူများက ယခင်ကဲ့သို့ ခွေးများထိန်းသိမ်းစောင့်ရှောက်ရန် မန္တလေးစည်ပင်မှ ငှားရမ်းမည်ဟုလည်း ဆိုနေကြသည်။ ခွေးဘေးမဲ့ခြံ၏ မူလပိုင်ရှင်အစစ်အမှန် ခွေးတွေများ ပြန်လည်ရောက်ရှိလာလျှင်တော့.....။

Credit To 7Day News Journal

Read More »

အိမ်ဦးနတ်ကို မမေ့စေချင်လို့တဲ့ --------- ရေးသားသူ- သင်းရီ



၁၇-၈-၂၀၁၃ နေ့က Myanmar Peace Center တွင် ကျင်းပခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အစိုးရအနေဖြင့် အုပ်ချုပ်ရေးယန္တရားကို ပြင်ဆင်နေပြီဖြစ်တဲ့အတွက် စနစ်ဟောင်းမှ အကျင့်ဟောင်းများကိုမပြင်သည့် အဖွဲ့အစည်းများကို တိုင်ကြားဖို့ ပြည်သူများကို ဖိတ်ခေါ်သည့်အကြောင်း အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရသဖြင့် အားတက်မိရ၏။

သို့သော်လည်း တိုင်းပြည်နှင့်အ၀န်းရှိ အောက်ခြေအဖွဲ့အစည်းဆိုသည့်ဟာတွေထံမှ အသံတွေကတော့ ထူးမခြားနားနှင့် ဒုံရင်းဒုံရင်း၌ပင် ရှိနေသေးကြောင်း နားမစွင့်ဘဲနှင့်ပင် နားမဆံ့အောင် ကြားနေရသည်။ တစ်ရွာတစ်ပုဒ်ဆန်းသည့် တစ်တောတစ်ကြက်ဖ တွန်နေကြသံတွေလားလည်းမသိ။ ခုထိကို အာဏာပါဝါတွေ ပြချင်နေကြတုန်းရှိသည်ထင်၏။

အာဏာဆိုသည်ကလည်း သည်းခြေကြိုက်ဖြစ်သည့်အပြင် စိတ်ထင်တိုင်းကြဲခွင့်ရှိသည့်အာဏာကို နှစ်ပေါင်းများစွာကြာအောင် လွယ်လွယ်ကူကူ အသုံးချခဲ့ဖူးသူအဖို့တော့ လက်နှင့်အာဏာ ခွာခွာထားဖို့ခက်မည်မှာ သေချာသည်။ သည်အကြောင်းစဉ်းစားမိတော့ လွတ်လပ်ရေးခေတ်ဦးက နိုင်ငံရေးပါတီလက်ကိုင်တုတ်တွေ ဖြစ်ခဲ့ဖူးသည့် ပျူစောထီးတပ်ဗိုလ်တွေအကြောင်း အတွေးရောက်မိသည်။ သည်တပ်က စည်းနှင့်ကမ်းနှင့် စနစ်တကျဖွဲ့စည်းထားသည့် တပ်မဟုတ်တော့ မည်းမည်းမြင်ရာ ပြည်သူတွေအပေါ် လက်နက်အားကိုးနှင့် အနိုင်ကျင့်၊ ဓားပြတိုက် လူသတ်လုပ်သဖြင့် လက်နက်သိမ်းပြီး တပ်ကိုပါ ဖျက်သိမ်းပစ်ခဲ့ရလေသည်။ သည်တော့ ခြောက်လုံးပြူးတကားကားဖြင့် တစ်လျှောက်လုံးနေလာခဲ့သည့် ပျူစောထီးတပ်မှ ဗိုလ်ကြီး၊ ဗိုလ်ငယ်တွေ လက်နက်မရှိဘဲ မနေတတ်ကြတော့လို့ အခွံဖြစ်သွားသည့် သူတို့ခါးပေါ်မှ ခြောက်လုံးပြူးအိတ်တွေထဲ ပြောင်းဖူးစဉ်းရိုးတွေ ထည့်ပေးထားရသတဲ့။ အဲ့သည့်အခါကျမှ နေသာထိုင်သာရှိသွားကြသတဲ့။

အခုလည်း သည်လိုပဲထင်ပ။ အာဏာပါဝါဆိုတာ မပြဘဲနေမိလျှင် မိုးကြိုးပစ်တတ်လေသလားမသိ။ တစ်နည်းမဟုတ် တစ်နည်းနှင့်တော့ ပြနေကြသည်ထင်၏။ တကယ်တော့ လက်တွေ့ကိုင်တွယ်အသုံးချလို့ရသည့် အာဏာကိုထားဦး အာဏာဆိုသည့်စကားလုံး၏ အနက်ဂယက်ကပင် စွဲလမ်းယစ်မူးစေတတ်သလားထင်သည်။

တလောတလော အချို့ရပ်ကွက်တွေထဲမှာ မတော်တဆကြားရသည့် အသံလေးတစ်ခုကို ဖောက်သည်ချချင်သည်။

အခြားမဟုတ်။ ဆိုက်ကားပေါ်တင်ပြီး ရပ်ကွက်ထဲလှည့်လာသည့် အသံချဲ့စက်အော်လံကြီးနှင့် တရားပွဲဖိတ်သည့်အသံဖြစ်သည်။ တရားပွဲဖိတ်သည့်ကိစ္စပေမို့ ဓမ္မာရုံမှ နိဗ္ဗာန်ဆော်စစ်ကဖိတ်သည်ဆိုလျှင် ကျက်ထားမှတ်ထားသည့် စာသံပေသံဘုန်းကြီးကျောင်းသံနှင့်ပေမို့ ထွေထွေထူးထူး ပြဿနာမရှိလှပေသည့် ရပ်ကွက်ထဲမှ
ရွာဆော်လုပ်နေကျ တစ်ယောက်ယောက်ကို လက်သင့်ရာ စားတော်ခေါ်လိုက်မိပြီဆိုလျှင်တော့ ကြားရသူတွေအဖို့ နားထဲကို နကျယ်ကောင်ဝင်ပြီး အသိုက်ဆောက်သလို ခံစားရတော့၏။

သိကြသည့်အတိုင်းပင် ရပ်ကွက်ထဲမှာ သည်နှယ်မိုက်ခွက်ကိုင်ပြီး ဆော်ဆော်သြသြလုပ်ရသူတွေ အများစုဆိုသည်က ဓမ္မာရုံမှ နိဗ္ဗာန်ဆော်မဟုတ်လျှင် န၀တ၊ နအဖတို့ လက်ထက်တော်များ အဆက်ဆက်ကတည်းက မ၀တ၊ ရ၀တရုံးများတွင် လက်တိုလက်တောင်းခိုင်းထားသော မိုက်ကိုင်လိုင်စင်ရလာခဲ့ကြသူတွေ ဖြစ်နေတတ်သည်။ အဲ့သည်လိုလိုင်စင်ရသူမျိုးတွေ တရားပွဲဖိတ်ကြပြီဆိုလျှင်တော့ အာဏာသံလေးက မပျောက်ချင်သေးသမို့ အော်ပုံလေးကလည်း ယဉ်သကိုဆိုသလိုဖြစ်တော့၏။ နားဆင်ကြည့်ပါ။

“ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူများခင်ဗျား၊ ဒီကနေ့ ည ၇ နာရီတိတိတွင် ရပ်ကွက်သံဃဒါန ဆွမ်းလောင်းဓမ္မာရုံတွင် ဆရာတော်ဘဒ္ဒန္တပညာသာမိက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောဖော်ညွှန်ပြ ဆိုဆုံးမမည်ဖြစ်သည့်အတွက် ယနေ့ ည ၇ နာရီတိတိအချိန်ထက် နောက်မကျစေဘဲ ရပ်ကွက်ဓမ္မာရုံသို့ မပျက်မကွက်လာရောက်နာယူကြပါရန် အသိပေးကြေညာအပ်ပါသည်..”တဲ့...။

သည်အသံက နားထဲဓားထမ်းဝင်လာလိုက်သလိုဆိုတော့ ဟဲ့ဘယ့်နှယ့်ဟာကြီးတုံးဖြစ်ရသည်။ ၇ နာရီတိတိအချိန်ထက် နောက်မကျစေဘဲ မပျက်မကွက်လာရောက်နာယူပါရန် အသိပေးကြေညာအပ်ပါသည်တဲ့။ အသံကလည်း ပင်ကိုဗီဇအတိုင်း မာချဉ်ချဉ်ဆိုတော့ အကယ်၍များ တရားနာမလာရောက်ခဲ့လျှင်ပင် အရေးယူတော့မည့်ပုံ။

သည်တော့ အာဏာကိုလက်ထဲကိုင်ပြီး နေရာတကာတွင်ကျယ်လာခဲ့သူ မြို့နယ်၊ တိုင်း၊ အထက်ဗဟိုဘာညာတွေမပြောနှင့် ရ၀တရုံးမှ လက်တိုလက်တောင်း မိုက်ခွက်ကိုင် အောက်ခြေလူတန်းစားကပင် အာဏာသံဖားတစ်ပိုင်းငါးတစ်ပိုင်း ဖြစ်ချင်တုန်းရှိသေးသည်ဆိုသည်က ကြားရုံနှင့်သိဆိုသလို ဖြစ်ရ၏။

သည်ရက်ထဲ သတင်းတစ်ပုဒ်ကြားရပြန်သည်။ ရှစ်လေးလုံးငွေရတုပွဲလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နားထောင်မိသည့် ကျောင်းဆရာမလေးတစ်ဦးကို ပညာရေးဌာနက အလုပ်ကနေရပ်စဲပြီး ပင်စင်ပေးပစ်လိုက်သည်တဲ့။ ထိုသို့ပင်စင်ပေးခံရသည့်အကြောင်း သတင်းသမားတွေကို အဲ့သည့်ဆရာမလေးက ပြောပြမိသဖြင့် သတင်းတွေထဲပါလာသည့်အခါ ထိုသို့ သတင်းစာတွေထဲပါအောင် လုပ်ရကောင်းလားဆိုသည့် ပြစ်မှုထပ်တိုးလျက် ပေးထားသည့်ပင်စင်ကိုပါ ထပ်ဖြုတ်ပစ်ပြန်သတဲ့။ ဆိုသည့်အခါ အာဏာရှင်ခေတ်ကြီးက ကုန်မကုန်နိုင်သေးပါလားဟု စိုးရိမ်စိတ်ဝင်သည်။

တကယ်တော့သမိုင်းထဲတွင် ဖျောက်ပစ်ဖျက်ပစ်၍မရနိုင်သည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကို သမိုင်းတင်သည့် ငွေရတုအထိမ်းအမှတ်ပွဲသည် တရားဝင်ကျင်းပသည့် ပြည်သူ့ပွဲဖြစ်၏။ ထို့ကြောင့်ပင် ထိုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ကိုယ်တိုင် တက်ရောက်ကာ “သမိုင်းကို ဖျောက်လို့မရဘူး။ အဲဒီသမိုင်းက အားနည်းချက်တွေကိုဖော်ထုတ်ပြီး အားသာချက်တွေဖြစ်အောင်လုပ်ဖို့က လက်ရှိလူသားတွေရဲ့ တာဝန်ဖြစ်တယ်”ဟုပင် တရားဝင်ပြောသွားခဲ့သေးသည်။ သို့ပါလျက် လက်ရှိပြည်သူတစ်ယောက်ဖြစ်သည့် အဲ့သည်ဆရာမလေးက ၀န်ကြီးဦးအောင်မင်းကိုယ်တိုင် တက်ရောက်ခဲ့သည့် ရှစ်လေးလုံးငွေရတုအထိမ်းအမှတ်ပွဲနှင့်နှီးနွှယ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နားထောင်မိသည့် ၎င်းတွင်အပြစ်ရှိပါလားဟု ပြန်လည်ထုချေတင်ပြပိုင်ခွင့်မရှိခဲ့။ ထုချေတင်ပြခွင့်မရရှိလိုက်ဘဲ အပြစ်ဒဏ်အပေးခံရသည်ဆိုသည့်အခါ မဖြစ်မနေအပြစ်ဟု သတ်မှတ်လိုသဖြင့် နင်မဟုတ်လျှင် နင့်အဖေသာဖြစ်ရမည်ဟု သိုးငယ်အားကိုက်စားလေ၏ဆိုသည့် ၀ံပုလွေပုံပြင်လိုမျိုးဖြစ်လေပေါ့ဟု ထင်မိသည်။ ပေးခဲ့သော force to retire ဆိုသည့် အပြစ်ဒဏ်ကလည်း ပြင်းထန်လွန်းလှသည်။ တစ်ခါထပ်၍ နင်လားငါလားစိတ်ဖြင့် ပေးပြီးပင်စင်ကိုပါ ထပ်ဖြုတ်ပစ်ပြန်သေးဆိုသည့်အခါ နာယကဂုဏ်နှင့်ကင်းလွတ်စွာ တမင်အငြိုးနှင့်ပေးသော မတရားအပြစ်ဒဏ်ဟုသာ သတ်မှတ်ရတော့မည်ထင်၏။

သည်သတင်းကြောင့် စိတ်မချမ်းမသာဖြစ်မိသည်နှင့် တစ်ဆက်တည်းလည်း န၀တလက်ထက်က ၀န်ထမ်းတွေကို ၃၃ ချက် မေးခွန်းတွေမေးပြီး စိတ်ဓာတ်ရေးရာအရချိုးနှိမ်ကာ အလုပ်ထုတ်ပစ်ခဲ့တာတွေ ပင်စင်ပေးပစ်ခဲ့တာတွေကို သတိရသည်။ နိုင်ငံရေးနှင့်ပတ်သက်ရကောင်းလားဟု ရမယ်ရှာအပြစ်ကြီးလုပ်လျက် သားစဉ်မြေးဆက် လူတောတိုးမရအောင်၊ နိုင်ငံရေးကို လှည့်မကြည့်ဝံ့လောက်အောင် ရက်ရက်စက်စက် ချိုးနှိမ်ပစ်ခဲ့တာတွေ၊ မျက်လုံးထဲသဲနှင့် ပက်ခဲ့တာတွေ၊ နိုင်ငံရေးမျက်ကန်းတွေ ဖြစ်ကုန်အောင်လုပ်ခဲ့တာတွေကို သတိရသည်။

စင်စစ်တွင် ပြည်သူတွေ နိုင်ငံရေးကို စိတ်မ၀င်စားရဲ စိတ်မ၀င်စားဝံ့အောင် စိတ်ဓာတ်ရေးရာအရ ချိုးနှိမ်လုပ်ဆောင်ပစ်ခြင်းသည် တိုင်းပြည်၏အနာဂတ်ကို အသူတရာနက်သော အမှောင်ချောက်ကမ်းပါးကြီးအတွင်းသို့ မိုက်မဲစွာတွန်းချပစ်ခြင်းသာဖြစ်၏ဟု တိတိကျကျပင် ဆိုချင်သည်။ နိုင်ငံရေးအသိ မထွန်းကားဘဲနှင့် နိုင်ငံချစ်စိတ်ကို မမွေးမြူနိုင်။ နိုင်ငံချစ်စိတ်မရှိဘဲလည်း နိုင်ငံ၏တိုးတက်ရာတိုးတက်ကြောင်းကို ရွက်ဆောင်နိုင်လိမ့်မည်မဟုတ်ဆိုသည်မှာ ငြင်းဖွယ်မရှိပါ။ တစ်ခါတစ်ရံ၌ အကြောင်းတစ်ခုခုက စေ့ဆော်ရိုက်သွင်းသဖြင့် မတော်တဆရလာသော မျက်ကန်းအာဂန္တုမျိုးချစ်စိတ်လို ကသန်းကကြောင်ယောင်ခြောက်ဆယ် စိတ်ဓာတ်လိုမျိုးကိုမူ အမှတ်မထင်ကောက်ရသလို ရကောင်းရနိုင်သော်လည်း ကြောင်းကျိုးခိုင်လုံစွာ တွေးခေါ်တတ်သည့် ခိုင်မြဲတည်တံ့သော၊ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲသော နိုင်ငံချစ်စိတ်မျိုးကိုမူ မရနိုင်ပါ။

ကိုယ့်အရေး ကိုယ့်ကိစ္စသက်သက်ကိုသာ သိတတ်လျက် နိုင်ငံကိုမချစ်တတ်သည့် ပြည်သူများ (သို့မဟုတ်) နိုင်ငံရေးဆိုသည်နှင့် ကင်းကင်းကွာကွာနေလိုသော ပြည်သူများ မှီခိုနေထိုင်သည့် တိုင်းပြည်သည်လည်း မတိုးတက်နိုင်ပါ။

လွန်လေပြီးခဲ့သည့် န၀တခေတ်ဆိုသည်ကတော့ နိုင်ငံရေးဆိုသည့် ဝေါဟာရနှင့် နိုင်ငံရေးသမားကို သေနတ်ပြောင်းဝနှင့်တေ့ကာ မစင်တွင်းထဲ တွန်းချနှစ်မြှုပ်လျက် စစ်တပ်ကိုသာ ရွှေပိန်းချစိန်စီအမွှမ်းတင်ခဲ့သည့်ခေတ် ဖြစ်ခဲ့သည်။ ယခုတော့ သူတို့တွေကိုယ်တိုင် နိုင်ငံရေးသမားတွေဖြစ်လာခဲ့ကြပြီကိုမူ ထားတော့။ ဟိုအခါတုန်းကဖြင့် နိုင်ငံရေးသမားတွေကို ရာဇ၀တ်မှုကျူးလွန်သူတွေအဖြစ်သာ သတ်မှတ်ရှုမြင်စေခဲ့သည်။

ယခုကား စစ်တပ်ကအုပ်ချုပ်သော စစ်အစိုးရခေတ်မဟုတ်တော့။ ၂၀၁၀ တွင် ကျင်းပခဲ့သည့် ပြည်သူက ရွေးချယ်တင်မြှောက်သော ရွေးကောက်ပွဲကို ကျော်ဖြတ်ခဲ့ပြီ။ ထို့ကြောင့် ပုံစံအားဖြင့်ကို ပြည်သူ့ကိုယ်စားလှယ်များက တာဝန်ယူရသော ပြည်သူ့အစိုးရဖြစ်လာခဲ့ပြီ။ ထို့ကြောင့် အစိုးရသည်လည်း ပြည်သူထဲမှ ပြည်သူသာလျှင်ဖြစ်ခဲ့ပြီ။ ပြည်သူနှင့်တစ်သားတည်းမို့ အာဏာကိုပိုင်စိုးသော အာဏာရှင်မဟုတ်တော့။

မနေ့တစ်နေ့ကမှပင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အစိုးရအပါအ၀င် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများသည် အာဏာပိုင်များမဟုတ်ကြ။ ပြည်သူ့အခွန်ဘဏ္ဍာငွေကိုစားသည့် ပြည်သူ့တာဝန်ကို ထမ်းဆောင်ရသော ပြည်သူ့ဝန်ထမ်းတွေသာဖြစ်သည်ဟု မီဒီယာများနှင့် တွေ့ဆုံပွဲတစ်ခုတွင် ပြောသွားခဲ့သေးတာ မှတ်သားထားမိသည်။ နားဝင်ချိုလိုက်တာဟုလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ခေတ်စစ်စစ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိပေတော့အံ့ဟုလည်း မျှော်မိရသည်။

သို့ပါလျက် ကြားရသည့်သတင်းတွေကမမွှေး။ တိုးတိုးပြီးပွင့်ရမည့်အစား ပြန်ပြန်ပြီးပိတ်သွားသလားဟုပင် ခံစားလာရသည်။ သည်လိုပုံနှင့် မိုးကြီးချုပ်လျှင် စဉ်းစားမိတော့ ရှေ့ရေးက ရင်လေးစရာအတော်ကောင်းနေပြန်၏။

နောက်ထပ်ကြားရပြန်သေးသည့်သတင်းက အဘယ်သို့သောအကြောင်းကြောင့် ဘယ်ဥပဒေအရ ဘာကိုစိုးရိမ်၍ ဘယ်ကစတင်ချမှတ်လိုက်ပြန်သည့် အမိန့်မှန်းတော့မသိ။ ခန်းမတွေ ဟိုတယ်တွေမှာ အခမ်းအနားတွေလုပ်လိုလျှင် သာမန်စာအုပ်မိတ်ဆက်ပွဲလို ပွဲလေးမှစ၍ မည်သို့သော အခမ်းအနားမျိုးကိုမဆို ရက် ၂၀ ကြိုတင်ပြီး သက်ဆိုင်ရာကို ခွင့်တောင်းရမည်တဲ့။ ခွင့်ပြုမိန့်ကျမှ ကျင်းပရမည်တဲ့။

အမှန်တော့ သည်အခမ်းအနားတွေဆိုသည်က နိုင်ငံတော်ကို ပုန်ကန်ခြားနားမည့် အခမ်းအနားတွေလည်းမဟုတ်။ နိုင်ငံ၏ သည်အချိန်နှင့် သည်အခြေအနေက ဒီမိုကရေစီရေးအတွက် လေတိုးမခံနိုင်သေးသည့်အခြေအနေမျိုး၌သာ ရှိနေသေးကြောင်း လူတိုင်းသိဖြစ်ပေရာ နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်ချစ်သည့်သူမှန်လျှင် လေတိုးမည်စိုး၍ အသက်ကိုပင် ပြင်းပြင်းမရှူကြ။ ဒီမိုကရေစီပျိုးပင်ပေါက်ကလေး ရှင်ပါစေသန်ပါစေဟု ရေကြည်လောင်း ပေါင်းသင်မြေတောင်မြှောက်လိုကြသူတွေသာရှိသည်။

သို့သော် သင်ခန်းစာယူစရာသမိုင်းကိုတော့ ပြောကြလေမည်ပေါ့။ အမှားကိုမြင်တော့လည်း ပြင်စေလိုကြောင်း စေတနာရင်းစွဲဖြင့် ထောက်ပြဝေဖန်သမှုတော့ ပြုကောင်းပြုကြပေမပေါ့။ ဒါကို စိုးရိမ်စရာအခြေအနေတစ်ရပ်ဟု မမြင်စေချင်။ ၀ဲပေါက်နေသူ ပင်လယ်ရေကြောက်သလိုမျိုးမဖြစ်စေချင်။ ပွင့်လင်းမြင်သာသော အလင်းရောင်သည်သာ အရာရာသံသယမှ ကင်းဝေးစေနိုင်၏ဟု ယုံကြည်သင့်သည်။ ပွင့်လင်းမြင်သာမှု တံခါးပေါက်မှန်သမျှကို ပိတ်ဆို့ထားခဲ့သော လွန်ခဲ့သည့်ခေတ်ထဲမှ လောင်ပုပ်တက်နေသည့် မှားယွင်းမှုအိုင်းအနာဆွေးတွေက အနာဖေးပင်မတက်တတ်သေးပါ။ သင်ခန်းစာယူစရာ ပူပူနွေးနွေးကြီးတွေပင် ရှိနေပါသေးသည်။

ထို့ကြောင့် မည်သည့်နေရာ၌မဆို စည်းကမ်းဆိုသည်က ရှိကောင်းသည်မှန်သော်လည်း လွတ်လပ်မှုကိုချုပ်ကိုင်ဖို့၊ ပွင့်လင်းမှုတံခါးတွေကို ပိတ်ဆို့ပစ်ဖို့ ရည်ရွယ်လျက်ဖြင့်တော့ စည်းကမ်းမဟုတ်သည့် ချုပ်ချယ်ခြင်းတွေကို မချမှတ်သင့်၊ မဆောင်ရွက်သင့်ဟု မြင်မိရသည်။

တွေးမိရင်းမှပင် ငယ်စဉ်က ကြုံခဲ့ရဖူးသော လင်မယားနှစ်ယောက်ထံ စိတ်ကရောက်မိ၏။ ထိုလင်မယားတွင် လင်က မယားကို နေ့ရှိသရွေ့ဆိုသလို အကြောင်းမရှိအကြောင်းရှာလျက် ရိုက်ပုတ်နှိပ်စက်တတ်လေသည်။ သည်အခြေအနေကို အမြင်မတော်သူတွေက ဘာ့ကြောင့်များ ဇနီးသည်ကို အကြောင်းမဲ့နှိပ်စက်နေရတာလဲ မေးသည့်အခါ ယောက်ျားလုပ်သူဖြေပုံက မှတ်သားလောက်သည်။

“ကျုပ်ဆိုတဲ့ အိမ်ဦးနတ်ရှိနေတဲ့အကြောင်း မမေ့အောင်လို့ ရိုက်ရိုက်ပေးနေရတာ..”တဲ့။

သြော်.. ဒီလိုပေကိုးဟု ထိုယောက်ျားကို ထိုစဉ်က တအံ့တသြဖြစ်ခဲ့ရဖူးသည်။

ယခုတွေ့ကြုံကြားသိနေရသည့် အထွေထွေအကြောင်းကြောင်း ကိစ္စများတွင်တော့ ထိုသို့ မအံ့သြပါရစေနှင့်တော့ဟုသာ တောင်းတောင်းပန်ပန် ပြောချင်နေမိရသည်။

ထို့အတူလည်း ခြောက်လုံးပြူးအိတ်ထဲ ပြောင်းဖူးစဉ်းရိုးထည့်ပေးထားမှ နေသာထိုင်သာရှိသွားကြသည့် ပျူစောထီးဗိုလ်တွေလိုလည်း ရုပ်ပျက်ဆင်းပျက်မဖြစ်ကြစေချင်ပါ..ဟု။ ။

Credit To 7Day News Journal
Read More »

သတိ ဗိဿနိုးနတ်မင်းကြီး အိပ်နေသည် ---------------- ရေးသားသူ- မောင်သာချို


(တစ်)
လေယာဉ်ဖြင့်ခရီးသွားတိုင်း လေယာဉ်ပေါ်ကနေ ဖတ်စရာမှတ်စရာ တစ်ခုခုရတတ်ပါသည်။ နံနက်စောစော ထထပြီးပျံတတ်ကြသည့် လေယာဉ်ပေါ်၌ လေယာဉ်မယ်ကလေးများက သတင်းစာပူပူနွေးနွေးကို ဗန်းကလေးများပေါ်တွင်တင်လျက် ခရီးသည်များကို လိုက်လံပေးဝေတတ်ပါသည်။ အချို့အချို့သော လေယာဉ်တွေများကျတော့ ဂျာနယ်များကိုပင်လျှင် လေယာဉ်ပေါ်၌ တင်ပေးထားတတ်ပါသည်။ ကိုယ့်ရှေ့တည့်တည့်ရှိ ထိုင်ခုံနောက်မှီ၏ အိတ်ထဲတွင်ကား မဂ္ဂဇင်းတစ်စောင်တလေ အမြဲတမ်းရှိနေတတ်ပါသည်။ inflight magazine ဆိုတော့ လေယာဉ်ပျံထဲတွင်ဖတ်သည့် မဂ္ဂဇင်းဟုပဲဆိုကြပါစို့။

ကျွန်တော်တို့နိုင်ငံထဲ၌ ပြည်တွင်းလေကြောင်းလိုင်းတော်တော်များများရှိရာ သူ့လေကြောင်းလိုင်းနှင့်သူ၊ သူ့မဂ္ဂဇင်းနှင့်သူကြိုးစား၍ ထုတ်ဝေကြသူများချည်းပင် ဖြစ်ပါသည်။ မည်သည့်လေယာဉ်ကိုပဲစီးစီး inflight magazine ကိုတော့ တောင်လှန်၊ မြောက်လှန်ဖြင့် ကျွန်တော် ဖတ်လေ့ရှိမြဲဖြစ်ပါသည်။

တစ်နေ့ ပုဂံ-မန္တလေး-ဟဲဟိုးခရီးစဉ်ဖြင့် လိုက်ပါသွားနေခဲ့စဉ် ထုံးစံအတိုင်း inflight magzinge တစ်အုပ်ကိုဆွဲပြီး ဖတ်ရှုလိုက်ရာ မြန်မာမင်္ဂလာဆောင်များနှင့်ပတ်သက်၍ အချက်အလက်လွဲချော်နေမှုကလေးတစ်ခု တွေ့လိုက်သဖြင့် သည်စာစုကို ရေးမိလိုက်ခြင်းဖြစ်ပါသည်။

မဂ္ဂဇင်းနာမည်ကို ထားလိုက်ပါတော့။ မဂ္ဂဇင်းနာမည်ကိုပြောလျှင် လေကြောင်းလိုင်းကို မှန်းဆနိုင်သောကြောင့်ဖြစ်ပါသည်။ စာရေးသူ၏အမည်ကိုလည်း ထားလိုက်ပါလေတော့။ ဆောင်းပါးက ပုဂံဘုရားပွဲများအကြောင်း ရေးထားသည့်ဆောင်းပါးဖြစ်ပါသည်။ Pagoda Festivals of Bagan တဲ့။

(နှစ်)
ဆောင်းပါးရှင်က ခရစ်နှစ်သုံးပြက္ခဒိန်အရ ဇူလိုင်မှသည် အောက်တိုဘာအထိ မြန်မာအလိုအရ ၀ါတွင်းသုံးလသည် ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသ်ကာလဖြစ်သဖြင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော်တို့ ခရီးသွားလာခြင်းကို တားမြစ်ထားကြောင်း၊ မင်္ဂလာပွဲကျင်းပခြင်း၊ ဘုရားပွဲကျင်းပခြင်းတို့ကိုလည်း တားမြစ်ထားကြောင်း ရေးပါသည်။

ထို့နောက် ရဟန်းသံဃာတော်တို့ကို ၀ါတွင်းသုံးလ ခရီးမသွားကြရန် ကန့်သတ်ထားရသည့် ပထမအကြောင်းကိုရေးပြီးနောက် မင်္ဂလာမဆောင်ကြရသည့် ဒုတိယအကြောင်းတရားကို ရေးသောအခါ ဤသို့ရေးပါသည်။

The second is because to celebrate a marrige with song and music would be too distracting during these months when monks are deep in study or sitting for exams. ၀ါတွင်းသုံးလ၌ ရဟန်းသံဃာတော်တို့ ပရိယတ္တိစာပေများကို ကျားကုတ်ကျားခဲ လေ့လာဆည်းပူးနေကြရခြင်း၊ စာမေးပွဲဖြေဆိုနေကြရခြင်းများကြောင့် မင်္ဂလာဆောင်အခမ်းအနားကျင်းပရာမှ တေးဂီတသံများကို ကြားနေရသော် စိတ်အာရုံပျံ့လွင့်မည်ကိုစိုးသဖြင့် ၀ါတွင်းသုံးလ၌ မင်္ဂလာမဆောင်ရဟု ကန့်သတ်ထားခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့နိုင်ပါသည်။

လေယာဉ်ပေါ်ရောက် နိုင်ငံခြားသားတို့ ဖတ်ရှုမိသော် အချက်အလက်အမှားကို ရသွားမည်စိုး၍ သည်စာကို ကျွန်တော် ရေးဖြစ်ခြင်းဖြစ်ပါသည်။

(သုံး)
ရဟန်းတို့သည် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစတင်ကာ ၀ါကပ်ရပါသည်။ ထို့ကြောင့် ၀ါခေါင်လပြည့်၊ တော်သလင်းလပြည့်တို့ကို ကျော်လွန်ပြီးနောက် သီတင်းကျွတ်လပြည့်သို့ ရောက်သောအခါ ၀ါတွင်းသုံးလ ပြည့်မြောက်ပါသည်။ ယင်းကို “ပူရိမ၀ါ”ဟု ခေါ်ပါသည်။ ထိုသုံးလတွင် ရဟန်းတို့ မိမိတို့ ၀ါကပ်သည့်ကျောင်းမှ အရပ်တစ်ပါးသို့ ညအိပ်ညဥ့်နေ ခရီးမသွားကြရန် ၀ိနည်းတော်က ထိန်းချုပ်ထားပါသည်။

သို့သော် ရဟန်းတစ်ပါးပါးသည် ခရီးလွန်နေသဖြင့် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ၀ါမကပ်နိုင်ဘဲ တစ်လနောက်ကျပြီး ၀ါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင်မှ ၀ါကပ်ခဲ့သော် တန်ဆောင်မုန်းလပြည့်နေ့သို့ရောက်ပါမှ ၀ါတွင်းသုံးလပြည့်ပါသည်။ ယင်းကို “ပစိမ၀ါ”ဟုခေါ်ပါသည်။ အကယ်၍ ၀ါထပ်ခဲ့သော် ဒုတိယ၀ါဆိုလပြည့်ကျော်တစ်ရက်ကျမှ ၀ါတွင်းသုံးလစတင်ပါသည်။ ထိုသုံးလ၌ ရဟန်းတို့ခရီးမသွားခြင်းသည် ၀ိနည်းနှင့်သက်ဆိုင်ပါသည်။

(လေး)

ထိုဝါတွင်းသုံးလ၌ မင်္ဂလာမဆောင်စကောင်းဟူ၍လည်း လောကီနယ်ပယ်က ယူဆပါသည်။ ယင်းသည် ဟိန္ဒူအယူဝါဒကဆင်းသက်လာသည့် ထုံးတမ်းစဉ်လာဖြစ်ပါသည်။

မဇ္ဈိမဒေသခေါ် အိန္ဒိယ၌ “ရာဇမတ္တဏ်”ကျမ်းသည် ဟိန္ဒူယဉ်ကျေးမှုနယ်ပယ်တွင် ထင်ရှားပါသည်။

ထိုကျမ်းအလိုအရ ၀ါဆိုလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းကြီး စတင်၍အိပ်သည်ဟု ဆိုပါသည်။ ထို့နောက် နှစ်လတိတိကြာညောင်းချိန် တော်သလင်းလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းကြီး အနည်းငယ်လွန့်ကာ လက်ယာနံတောင်းမှ လက်ဝဲနံတောင်းသို့ ပြောင်းပြီးအိပ်သည်ဟု ဆိုပါသည်။ တစ်ဖန် နှစ်လတိတိ ဆက်အိပ်ပြီးနောက် တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းနိုးသည်ဟု ဆိုပါသည်။ လေးလတိတိ။ ထို့ကြောင့် ဟိန္ဒိုယဉ်ကျေးမှုနယ်ပယ်တွင် ဗိဿနိုးနတ်မင်း အိပ်ပျော်နေသည့် လေးလအတွင်း၌ ထိမ်းမြားလက်ထပ်သမှု မပြုစကောင်းပါကြောင်း “ရာဇမတ္တဏ်”ကျမ်းက ဆိုထားခဲ့ပါသည်။

ယင်းကိုအခြေခံထားကာ ၀ါတွင်းသုံးလ၌ မင်္ဂလာမဆောင်သင့်ကြောင်း မြန်မာတို့က ဆင့်ပွားယူဆလျက် ကျင့်ဆောင်လာခဲ့ကြပုံရပါသည်။ မင်္ဂလာဆောင်က ဂီတသံများက ရဟန်းတို့ပရိယတ္တိစာပေလေ့လာမှုကို အာရုံပျက်စေသဖြင့် ရှောင်ရှားခဲ့ခြင်းတော့ မဖြစ်တန်ရာပါ။

သုံးဆယ့်ရှစ်ဖြာမင်္ဂလာက ဘုရားဟောဖြစ်ပါသည်။ မင်္ဂလာဆိုတာ ဘာလဲကို သိချင်သူလူသားတို့အား နတ်သားကတစ်ဆင့် ဟောကြားသည့်တရားပဲဖြစ်ပါသည်။ မင်္ဂလာဆယ့်နှစ်ပါးကမူ လောကီမင်္ဂလာဖြစ်ပါသည်။ ထိုလောကီမင်္ဂလာ ဆယ့်နှစ်ပါးထဲ၌ မင်္ဂလာဆောင်ခြင်းပါဝင်ပါသည်။ အာဝါဟ၀ိဝါဟမင်္ဂလာတဲ့။

အာဝါဟက သမီးဆောင်ယူခြင်းမင်္ဂလာ။ ယောက်ျားကလေးအိမ်သို့ သမီးကိုပို့ပြီး ကျင်းပဆင်နွှဲသည့်မင်္ဂလာ။ ၀ိဝါဟက သမီးပေးခြင်းမင်္ဂလာ။ မိန်းကလေးအိမ်၌ ယောက်ျားကလေးက လာရောက်ပြီး ကျင်းပဆင်နွှဲသည့်မင်္ဂလာ။ ယခုခေတ် ဟိုတယ်များ၌ဆောင်သည့်မင်္ဂလာကိုကား မည်သည့်မင်္ဂလာဟု ခေါ်ဆိုရမည်လည်း ကျွန်တော်မသိ။ ထားပါတော့။

(ငါး)
ပုဂံက ဧည့်လမ်းညွှန်တစ်ယောက်ကို ကမ္ဘာလှည့်ခရီးသည်တစ်ယောက်က မေးပါသည်။ ဂေါတမမြတ်စွာဘုရားမှာ ဘ၀ပေါင်းဘယ်နှဘ၀ရှိသလဲ။ သူက ၅၅၀ (သို့မဟုတ်) ၅၄၇ ဇာတ်ကို သိထားပုံရပါသည်။ ဧည့်လမ်းညွှန်ကမသိ။ ထို့ကြောင့် ဆယ့်လေးငါးဘ၀လောက်ရှိမည်ဟု ဖြေပစ်ခဲ့ကြောင်း ကျွန်တော့်ကို ပြောပြဖူးပါသည်။

အခု လေယာဉ်ပေါ်မှာ။ inflight magazine ။ အင်္ဂလိပ်ဘာသာနဲ့။ ဂီတသံမှာ ရဟန်းတို့ စိတ်မလွင့်ပါးစေရန် ၀ါတွင်းသုံးလ မင်္ဂလာမဆောင်ကြတာပါတဲ့။

သတိ။ မင်္ဂလာမဆောင်ရ။ ဗိဿနိုးနတ်မင်းကြီးအိပ်နေသည်။ ။

Credit To 7Day News Journal
Read More »

ကင်းရဲ့အိမ်မက် ဒေါက်တာခင်မောင်ညို




၁၉၆၈ သြဂုတ် ၂၈ ရက်က လင်ကွန်းအမှတ်တရ ကျောက်ရုပ်တုရှိရာ ပန်းခြံတွင် မိန့်ခွန်းပြောအပြီး မာတင်လူသာ ကင်းဂျူနီယာအား တွေ့ရစဉ်
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ အမှန်တရားတွေနဲ့ လူတိုင်းဟာ တူတူပါပဲ (ညီမျှတယ်)ဆိုတာကို လက်ခံလာကြမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ ဂျော်ဂျီယာရဲ့ တောင်တန်းတွေမှာ တစ်ချိန်က ကျွန်တွေရဲ့သားတွေနဲ့ ကျွန်ပိုင်ရှင်တွေရဲ့ သားတွေဟာ ညီရင်းအစ်ကိုသဖွယ် စားပွဲတစ်လုံးထဲမှာ အတူစားသောက်ကြမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အင်မတန် တရားမျှတမှု ကင်းမဲ့တဲ့ မစ္စစ္စပီ ပြည်နယ်ထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ အေးရိပ်သာကြီး ဖြစ်လာမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ တစ်နေ့မှာ လူတွေကို အသားအရောင်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘဲ သူတို့ရဲ့ အမူအကျင့်တွေနဲ့ ဆုံးဖြတ်တဲ့နိုင်ငံမှာ ကျွန်တော့်ရဲ့သား လေးယောက်ဟာ နေထိုင်ကြရမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အယ်လ်ဘားမားမှာရှိတဲ့ မြို့တော်ဝန်ကလည်း ခွဲခြားတဲ့စကားကို မပြောတော့ဘဲ လူဖြူကလေးတွေဟာ လူမည်းကလေးတွေနဲ့ လက်တွဲပြီး ကခုန်နိုင်ကြမယ်။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ ယနေ့ဖြစ်နေတဲ့ ချိုင့်တွေ ခွက်တွေ တောင်တွေ ချောက်တွေ ကမ်းပါးတွေဟာ ပြေပြစ်ချောမွေ့ပြီး တည့်မတ်သွားမယ်။
ကျွန်တော်တို့အားလုံး သွေးစည်းသွားကြမယ်။
လူ့အခွင့်အရေး လှုပ်ရှားသူ မာတင်လူသာ ကင်းဂျူနီယာရဲ့ အိပ်မက်ပါ။
လွန်ခဲ့သော အနှစ် ၅၀ တိတိ ၁၉၆၃ ခုနှစ် သြဂုတ် ၂၈ ရက်က မာတင်လူသာ ကင်းဂျူနီယာ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ပြောသွားခဲ့တဲ့ ကမ္ဘာကျော် မိန့်ခွန်းထဲကနေ ကောက်နုတ်တင်ပြတာပါ။
လူတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်လိုက်သလို ဖြစ်တဲ့မိန့်ခွန်းပါ။
ခင်ဗျားတို့ စဉ်းစားကြည့်လေဗျာ။ သူပြောသွားတယ် "ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ ဂျော်ဂျီယာရဲ့ တောင်တန်းတွေမှာ တစ်ချိန်က ကျွန်တွေရဲ့သားတွေနဲ့ ကျွန်ပိုင်ရှင်တွေရဲ့ သားတွေဟာ ညီရင်းအစ်ကိုသဖွယ် စားပွဲတစ်လုံးထဲမှာ အတူစားသောက်ကြမယ်" တဲ့။
လူဖြူလူမည်း လက်တွဲဖို့ အိပ်မက်နေဆဲ ကာလပေါ့။
အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ ယနေ့ဆို ဒီမိုကရေစီ ဘိုးအေကြီးလို့သာ ခေါ်နိုင်ပါတယ်။ အဲဒီလို နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခိုင်အမာ ရှိတယ်။ မသင့်တော်ဘူး ထင်တာကိုလည်း အကြိမ်ကြိမ် ပြင်ခဲ့တာပဲ။ Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးလည်း ရှိတယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ လူမည်းတွေကတော့ ခွဲခြားခံရတယ် . . . . .
တကယ်တော့ လူမည်းတွေကို ကျွန်ဘ၀ကနေ လွတ်မြောက်စေခဲ့တာ ၁၈၆၀ ပြည့်နှစ် နောက်ပိုင်းသမ္မတ အီဗရာဟင်လင်ကွန်း လက်ထက်ကျမှပါ။ ငွေဝယ်ကျွန်တွေကို လွတ်လပ်ခွင့် ပေးခဲ့ပေမယ့် သူတို့ဟာ ခွဲခြားမှုကို ခံနေရတယ်။ ဒါဟာ အတော်ဆိုးတာပါပဲ။
ကွန်ဒိုလီဇာရိုက်စ်ရဲ့အတ္ထုပ္ပတ္တိထဲမှာ ဒီလိုရေးထားတယ်။
"ကျွန်မဟာ အဘွားကို မေးတယ်" ကျွန်မတို့ ဘတ်စ်ကားစီးသွားတဲ့အခါ ဘာကြောင့် လူဖြူတွေလို အရှေ့ခန်းမှာ မထိုင်ရတာလဲ။ ကျွန်မတို့ ထမင်းစားဖို့အတွက် ဘာကြောင့်ဟိုတယ်အချို့မှာ စားခွင့်မရတာလဲ။ ကျွန်မတို့ဟာ ဘာကြောင့်လူဖြူတွေနဲ့ တစ်ကျောင်းတည်း မနေကြရတာလဲ" တဲ့။ ဒီတော့ အဘွားက "င့ါမြေးရယ်၊ ငါ့မြေးစာကြိုးစားပါ။ ငါ့မြေးသာ တော်လို့ရှိရင် ဟောဒီက ဆိုင်တွေမှာ မပြောနဲ့ အိမ်ဖြူတော်မှာပါ သွားရောက်စားသောက် နိုင်မှာပါ" လို့ ဖြေတယ်။
ကွန်ဒိုလီဇာရိုက်စ်က အဘွားပြောတာ မှန်တယ်လို့ ဆိုတယ်။ သူမဟာ စာတော်ထူးချွန်လို့ အိမ်ဖြူတော်က ခေါ်သွားတယ်။ အသားမည်းတဲ့ ကပ္ပလီ အမျိုးသမီး တစ်ယောက်ဟာ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာပါပဲ။
စင်စစ် မာတင်လူသာ ကင်းဂျူနီယာသာ တိုက်ပွဲမ၀င်ခဲ့ရင် ကွန်ဒိုလီဇာရိုက်စ် အဘွားပြောတာ မှန်မယ်မဟုတ်ပါဘူး။
ကွန်ဒိုလီဇာရိုက်စ်သာ မဟုတ်ပါဘူး။ ကောလင်းပါဝယ်လည်း နိုင်ငံခြားရေးဝန်ကြီး မဖြစ်နိုင်သလို အိုဘားမားဟာလည်း သမ္မတဖြစ်လာမှာ မဟုတ်ပါဘူး။ လူမည်းတွေရဲ့ ထွက်ရပ်လမ်းကို ဆောင်ရွက်ပေးသူကတော့ မာတင်လူသာ ကင်းဂျူနီယာပါပဲ။
အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ ယနေ့ဆို ဒီမိုကရေစီ ဘိုးအေကြီးလို့သာ ခေါ်နိုင်ပါတယ်။ အဲဒီလို နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခိုင်အမာ ရှိတယ်။ မသင့်တော်ဘူး ထင်တာကိုလည်း အကြိမ်ကြိမ် ပြင်ခဲ့တာပဲ။ Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးလည်း ရှိတယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ လူမည်းတွေကတော့ ခွဲခြားခံရတယ်။
ကြည့်ပါဦး။ လူမည်းအမျိုးသမီး ရိုဆာပတ် (Rosa Park) ဟာ လူမည်းအမျိုးသမီးငယ်ပါ။ ၁၉၅၅ ခုနှစ်က သူမဟာ လူမည်းတွေကို သတ်မှတ်ထားတဲ့ ဘတ်စ်ကားထိုင်ခုံမှာ ထိုင်နေတယ်။ ဒီအခါ ဘတ်စ်ကားပေါ် တက်လာတဲ့ လူဖြူတစ်ယောက် စာရှေ့ခုံတွေမှာ နေရာမရလို့ သူမကို ဖယ်ခိုင်းတယ်။ သူမက မဖယ်ဘူး။ ဒရိုင်ဘာရဲကိုခေါ်တော့ သူမအဖမ်းခံရတယ်။ ဒဏ်ငွေ ၁၀ ဒေါ်လာ ပေးရတယ်။ ခရီးစရိတ် လေးဒေါ်လာ ထပ်ဆောင်းရတယ်။ ဒါကို မကျေနပ်လို့ လူမည်းတွေက ဘတ်စ်ကားတွေကို သပိတ်မှောက်တယ်။ လူပေါင်းငါးသောင်းကျော် ပါဝင်လာတယ်။ ဒါကို မာတင်လူသာ ကင်းဂျူနီယာက ဦးဆောင်တယ်။ သူတို့ဟာ စီတန်းလှည့်လည် ဆန္ဒပြတယ်။ အဖမ်းခံရတယ်။ မြို့တစ်မြို့မှတစ်မြို့ လှည့်လည်သွားပြီး ဆန္ဒတွေပြတယ်။ ဟောပြောမှုတွေ လုပ်တယ်။
၁၉၆၃ ခုနှစ် သြဂုတ် ၂၈ ရက်မှာတော့ သူတို့ဟာ ၀ါရှင်တန်ဒီစီရှိ လင်ကွန်းအမှတ်တရ (Lincoln Memorial) နေရာမှာ စုဝေးတယ်။ လူနှစ်သန်းကျော် တက်ရောက်တယ်။ သူ့ရဲ့ကမ္ဘာကျော် I Have a Dream မိန့်ခွန်းကို အဲဒီမှာ ပြောခဲ့တာပါပဲ။ လူဖြူလူမည်း လက်တွဲဖို့ အိပ်မက်တောင် မမက်ရဲတဲ့ ကာလပေါ့။ ကင်းရဲ့မိန့်ခွန်းကို လူဖြူတွေလည်း ထောက်ခံကြတယ်။ ကင်းရဲ့ အဟိံသဆိုတဲ့ ဂန္ဒီရဲ့ လမ်းစဉ်ဟာလည်း ထိရောက်ပါတယ်။

နိဂုံးချုပ်ပါတော့မယ်။
ဒီနေ့မှာ အမေရိကန်လွှတ်တော်တွေ အစိုးရဌာန State Department တွေမှာ လူဖြူတွေ ရောက်နေပါပြီ။ ၀န်ကြီးတွေသမ္မတတွေ ဖြစ်လာလို့ နေပါပြီ။
ဆိုလိုတာက ဒီမိုကရေစီ ရရုံမျှနဲ့တော့ တို့တော့ အခွင့်အရေးတွေ အားလုံးရပြီလို့ မထင်လိုက်ကြပါနဲ့။ ပြည်သူတွေ ပါဝင်ဖို့ အများကြီး လိုပါတယ်။
တို့အစိုးရကို တို့ရွေးချယ်တင်မြှောက်ထားတယ်။ ဒီအတွက် တို့အစိုးရ ဘာလုပ်လုပ် တို့ဝိုင်းကူရမယ်။ တို့မှာလည်း တာဝန်ရှိတယ်။
မာတင်လူသာ ကင်းဂျူနီယာက အများပါဝင် တွန်းတင်လို့ ရွေ့တာပါ။ ကျွန်တော်တို့ ပြည်သူတွေလည်း ပြိုင်တူတွန်းဖို့ လိုပါတယ်။
Credit To First-11
Read More »

"ပဋိပက္ခတွေဖြစ်နေရတဲ့ အကြောင်းရင်းတွေ သန်းနဲ့ချီပြီးရှိပါတယ်။ အဓိကက အကြောက်တရားပါ" ------------ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာပညာရှင် ဒေါက်တာတတ်စ်ဆုရှိအရိုင်နှင့်တွေ့ဆုံခြင်း ----------- ရေးသားသူ- နေလင်းထွန်း



အမေရိကန်နိုင်ငံ၊ ဗားမောင့်ပြည်နယ်ရှိ နိုင်ငံတကာလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပဋိပက္ခလေ့လာရေးနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေးဆိုင်ရာ တွဲဖက်ပါမောက္ခနှင့် ဗာဂျီးနီးယားပြည်နယ်ရှိ ဂျော့မေဆန်တက္ကသိုလ်၊ ပဋိပက္ခလေ့လာရေးနှင့် ဖြေရှင်းရေးဌာန၏ သုတေသနအဖွဲ့ဝင် ပါမောက္ခဒေါက်တာတတ်စ်ဆုရှိအရိုင်သည် သြဂုတ်လအစောပိုင်းတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။ ပြည်တွင်းပဋိပက္ခများငြိမ်းချမ်းရေးဆိုင်ရာ လေ့လာအဖြေရှာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ၊ ဟောပြောပွဲများပြုလုပ်ခဲ့သလို အဖွဲ့အစည်းခေါင်းဆောင်များ၊ ဒေသခံများနှင့်တွေ့ဆုံခဲ့သော ဂျပန်လူမျိုး ပါမောက္ခဒေါက်တာတတ်စ်ဆုရှိအရိုင်ကို မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့်ငြိမ်းချမ်းရေး အတွေ့အကြုံများအကြောင်း မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး-ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို ရောက်လာဖြစ်စေတဲ့အကြောင်းကို အရင်ပြောပါဦး မစ္စတာတတ်စ်ဆုရှိ။
ဖြေ-ကျွန်တော်က အမြဲတမ်းလာချင်ခဲ့တာပါ။ ကျွန်တော် အခုပဋိပက္ခဖြစ်ခဲ့တဲ့ဒေသတွေကို ရောက်ဖြစ်တယ်။ အလွန်ဝမ်းနည်းကြေကွဲစရာ ဇာတ်လမ်းတွေဖြစ်ခဲ့တာပါ။ ပဋိပက္ခလေ့လာသူ ပါရဂူတစ်ယောက်အတွက် ဒီလောက်ဘယ်အရာမှ မထိခိုက်၊ မနာကျင်စေပါဘူး။ ဒါတွေကို ကျွန်တော်ကူညီနိုင်မယ်ဆိုတာ သိပါတယ်။ မြန်မာအကြောင်း သတင်းတွေကို ကြည့်မယ်ဆိုရင် ရခိုင်အကြောင်း၊ ကချင်အကြောင်းတွေကို သိနိုင်ပါတယ်။ အလွန်ရက်စက်တဲ့အခြေအနေတွေ ဖြစ်ပါတယ်။ အဲဒါတွေက ကျွန်တော့်ကိုနာကျင်စေပါတယ်။ ကျွန်တော်က အမေရိကန်က ဘွဲ့လွန်ကျောင်းမှာ စာသင်နေတာပါ။ နွေရာသီကျောင်းပိတ်ချိန်က ကျွန်တော့်အတွက် အားလပ်ချိန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကနေ ကျွန်တော် ပိုက်ဆံစုထားတာရှိတယ်။ အဲဒါလေးတွေကို နှစ်စဉ် ကျွန်တော် လှူဒါန်းပါတယ်။ ဒီနှစ်အတွက်တော့ ဒီကိုရောက်လာတာပေါ့။

မေး-မြန်မာနိုင်ငံကိုရောက်မလာခင် ဒီကပဋိပက္ခအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းမီဒီယာတွေကနေ ဘာတွေလေ့လာထားခဲ့ပါလဲ။
ဖြေ-မြန်မာကို အမေရိကကနေ ကြည့်လိုက်မယ်ဆိုရင် အမြဲတမ်း ရခိုင်နဲ့ ကချင်အခြေအနေတွေက လူအားလုံးရဲ့ အာရုံစိုက်မှုရရှိနေပါတယ်။ အဲဒီသတင်းတွေကပဲ ကမ္ဘာမှာပြန့်နေတာပါ။

မေး-ဒီကိုရောက်လာတဲ့အချိန်မှာရော ဘယ်လိုအဖွဲ့အစည်းတွေ့နဲ့တွေ့ဆုံပြီး ဘာတွေထပ်လေ့လာသိရှိခဲ့ပါလဲ။
ဖြေ-ကျွန်တော် အလုပ်ရုံဆွေးနွေးပွဲမလုပ်ခင် တွေ့ဆုံဆွေးနွေးပွဲ ၁၅ ခုလောက် လုပ်ခဲ့တယ်။ နှစ်ပတ်ခွဲကြာတယ်။ အလွှာစုံကလူတွေနဲ့ပါ။

မေး-အစိုးရအဖွဲ့အစည်းတွေနဲ့ရော တွေ့ခွင့်ရပါသလား။
ဖြေ-အစိုးရအဖွဲ့အစည်းနဲ့တော့ တွေ့ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံရေးပါတီကလူတွေ၊ ဘာသာပေါင်းစုံက ခေါင်းဆောင်အသီးသီး၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေ၊ တံငါသည်၊ စီးပွားရေးသမား၊ လယ်သမား၊ ဒုက္ခသည်တွေလို သာမန်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပထမပတ်က ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ တောင်ကြီး၊ အင်းလေးကန်တို့ကို သွားရောက်ခဲ့တယ်။ သဘာဝပတ်ဝန်းကျင်အခြေအနေတွေကို ကျွန်တော်မြင်တွေ့ခဲ့ရတယ်။ ပြီးတော့ စစ်တွေကိုသွားခဲ့တယ်။ ရခိုင်ရဲ့တစ်စိတ်တစ်ဒေသကို မြင်တွေ့ခဲ့ရတယ်။ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့တယ်။

မေး-အဲဒီအတွေ့အကြုံတွေကနေ ဘာတွေလေ့လာသိရှိခဲ့ရပါသလဲ။
ဖြေ-တစ်အချက်အနေနဲ့ ပြည်သူတွေက ငြိမ်းချမ်းရေးကို တောင့်တနေကြတယ်။ သူတို့က ငြိမ်းချမ်းရေးအသိပညာကို ဆာလောင်နေပါတယ်။ ဒါပေမဲ့ ပညာရေးစနစ်နဲ့ နိုင်ငံရေးနောက်ခံကြောင့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုင်ရာပညာရေး ရှိမနေပါဘူး။ အဲဒီရလဒ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို အရင်တည်းက တည်ဆောက်နေသူတွေရဲ့ အခက်အခဲကို ကျွန်တော် ရှင်းရှင်းလင်းလင်းနားလည်ပါပြီ။ လူတွေက တစ်နေကုန် အတိတ်ကအကြောင်းအရာတွေကို ဇာတ်ကြောင်းပြန်ဖွဲ့ပြနိုင်ပါတယ်။ ဒါပေမဲ့ အနာဂတ်ကို စိတ်ကူးပုံဖော်မှုမပြုနိုင်ကြပါဘူး။ သူတို့က စိတ်ကူးနဲ့တောင် အနာဂတ်ကို အပြည့်အ၀ဖန်တီးမှု မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် သူတို့ကို အနာဂတ်အကြောင်းမေးမယ်ဆိုရင် ဖွံ့ဖြိုးတဲ့တိုင်းပြည်၊ ငြိမ်းချမ်းတဲ့တိုင်းပြည် လိုချင်တယ်ဆိုတာမျိုး စိတ်ကူးယဉ်ဆန်ဆန်ပြောတာ ဖြစ်နေတယ်။ ကမ္ဘတစ်လွှားက တခြားနိုင်ငံတွေကို သွားကြည့်မယ်ဆိုရင် တိကျသေချာတဲ့ ရည်မှန်းချက်တွေကို ကြားရပါလိမ့်မယ်။

မေး-ပြည်သူတွေအနေနဲ့ ဘယ်လိုလိုအပ်ချက်တွေ ရှိနေတယ်လို့ မြင်ပါလဲ။
ဖြေ-ငြိမ်းချမ်းရေးအတွေးအခေါ်က အနာဂတ်ကိုပုံဖော်တာပါ။ အတိတ်ကအဖြစ်အပျက်တွေကို လေးစားမယ်။ အခက်အခဲတွေကို နမူနာယူမယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ အတိတ်ရဲ့ အကျဉ်းသားတစ်ယောက်လို ပိတ်လှောင်နေတာမျိုး မဖြစ်သင့်ပါဘူး။ သူတို့အတွက် သင်တန်းတွေပို့ချပေးတာမျိုး လိုအပ်မယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်။

မေး-ဒီမှာဖြစ်နေတဲ့ ပဋိပက္ခတွေ ကြီးထွားလာစေတဲ့ အကြောင်းရင်းကို ဘယ်လိုသုံးသပ်ထောက်ပြချင်ပါလဲ။
ဖြေ-အကြောင်းရင်းတွေက သန်းနဲ့ချီပြီးရှိနေပါတယ်။ အဓိကထောက်ပြချင်တဲ့အချက်ကတော့ အကြောက်တရားဖြစ်ပါတယ်။ အကြောက်တရားအမျိုးမျိုးအတွက် အကြောင်းတရားရှိနေတာပါ။ အတိတ်ကဖြစ်ရပ်တွေအတွက် တာဝန်ယူရမယ့် အကြောက်တရား၊ အပြောင်းအလဲမှာ ကြုံတွေ့ရမယ့် အခြေအနေသစ်ကိုစိုးရွံ့တဲ့ အကြောက်တရား၊ အသိပညာနည်းပါးမှုကြောင့်ဖြစ်တဲ့ အကြောက်တရား၊ အကူးအပြောင်းမှာ ဘာတွေဖြစ်လာမလဲပေါ့။

မေး-လက်ရှိပဋိပက္ခအခြေအနေအပေါ် ဘယ်လိုဖြေရှင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်လို့ မြင်ပါသလဲ။
ဖြေ-ရခိုင်မှာ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျွန်တော် တွေ့ခဲ့တယ်။ အကြောက်တရားက နက်နက်ရှိုင်းရှိုင်းဖြစ်နေတယ်။ အခုမြင်တွေ့ရတာက လူ့အဖွဲ့အစည်းနှစ်ခုကြား ပိုင်းခြားထားတာဖြစ်တယ်။ ဖြစ်သင့်တာက တစ်ဖက်နဲ့တစ်ဖက် တစ်နည်းနည်းနဲ့ ကူးလူးဆက်ဆံနေကြတာပါ။ ဒါ့အပြင် ကျွန်တော် ကန့်ကွက်လိုတာက အစ္စရေးနဲ့ ပါလက်စတိုင်းက အခြေအနေလို အကန့်အသတ်၊ အတားအဆီးတွေဖြစ်လာမှာပါပဲ။ ကန့်သတ်ပိတ်ပင်မထားသင့်ဘူး။ ပြဿနာတွေ ပိုမိုကြီးထွားမလာအောင် လုံခြုံရေးထိန်းသိမ်းကြပ်မတ်တာတော့ ဖြစ်သင့်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ထပ်အမြင်တစ်ခုက အလွှာအဆင့်အသီးသီးနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်၊ နိုင်ငံတော်အဆင့်၊ ကော်မတီအဆင့်အနေနဲ့ အထက်ကနေ အောက်ခြေအထိ ဆောင်ရွက်မှုဖြစ်ပါတယ်။

မေး-မြန်မာနိုင်ငံရဲ့ နယ်ပယ်စုံက ခေါင်းဆောင်နေရာယူထားသူတွေအတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းစကား ပေးခဲ့လိုပါသလဲ။
ဖြေ-မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုက ခေါင်းဆောင်မှုအရည်အချင်းပေါ် မူတည်နေပါတယ်။ နယ်ပယ်အသီးသီးက အဆင့်ဆင့်တိုင်းမှာ လိုအပ်နေတာဖြစ်ပါတယ်။ ထိပ်ပိုင်းတွေ၊ အစိုးရအရာရှိတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာသာရေးက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်။ ဗုဒ္ဓဘာသာတင်မဟုတ်ပါဘူး။ တခြားအသိအမှတ်ပြုထားတဲ့ ဘာသာရေးအားလုံးအတွက် ဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ မလုံလောက်တော့ဘဲ လူ့အဖွဲ့အစည်းအတွက် ပိုမိုကျယ်ပြန့်တဲ့ သမိုင်းအကြောင်းအရာနဲ့ နိုင်ငံရေးအခြေအနေအသိပညာများ ရှိထားဖို့ ကျွန်တော်အခိုင်အမာ အကြံပြုလိုပါတယ်။

အချိန်ပေးဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။

ဓာတ်ပုံ- နေလင်းထွန်း

Credit To 7Day News Journal
Read More »

အိုင်စီတီဖြင့် အစိုးရကို ခိုင်မာစေခြင်း



ပြည်သူ့ဝန်ဆောင်မှုများကို ပေးနေရသော အစိုးရအနေနှင့် ပြည်သူနှင့် တစ်သားတည်း ဖြစ်စေရန်မှာ အိုင်စီတီကို အားကိုးရန်မှတစ်ပါး အခြားမရှိပါ။ သို့ဖြစ်ရာ ခက်ခဲမှု၊ ရှုပ်ထွေးမှုပေါင်းများစွာ ရှိနေသည်ဆိုစေ အိုင်စီတီကို တပ်ဆင်အသုံးပြုနိုင်ရေး လုပ်ဆောင်ကြရမည်သာ ဖြစ်သည်။
tech_ictpasy_TNသို့သော် အစိုးရဌာနများသည် နည်းလမ်းကို သိသော်လည်း အစဉ်အလာ လမ်းကြောင်းအတိုင်းသာ လှေကြီးထိုး ရိုးရိုးလမ်းမှ လိုက်နေကြဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသားကျနေခြင်းနှင့် သက်သာခြင်းအပြင် ရေသာခို အချောင်လိုက်လိုသော စိတ်ဓာတ်များက ပြောင်းလဲခြင်းကို ဆန့်ကျင်ကြသောကြောင့် ဖြစ်သည်။ လူငါးယောက် စားပွဲငါးလုံးနှင့် လုပ်ရမည်ကို ကွန်ပျူတာတစ်လုံး၊ လူတစ်ယောက်နှင့် ဖြေရှင်းနိုင်သည်ဆိုခြင်းက အစဉ်အလာသမား ဝန်ထမ်းများ၏ သောကဖြစ်သည်။
ဒေတာသိုလှောင်သည့် ဌာနများ ထူထောင်ကြ၊ ကွန်ပျူတာတွေသုံးကြ၊ စာရွက်တွေအစား ဒစ်ဂျစ်တယ် ဖြစ်အောင်လုပ်ကြ၊ စာရွက်မဲ့ရုံးများ တည်ထောင်ကြ ဆိုသည်မှာ အစိုးရ ဦးမဆောင်လျှင် အောင်မြင်နိုင်သော ကိစ္စမဟုတ်ပါ။ ယနေ့ခေတ်သည် သာမန်ကွန်ပျူတာ ခေတ်မှသည် ကောင်းကင်ပေါ်တွင် သိုလှောင်သည့်စနစ်ဟု တင်စားခေါ်ဝေါ်ကြသည့် Cloud ကွန်ပျူတာခေတ်သို့ ရောက်လာပြီ ဖြစ်ကြောင်းကို သတိပြုစေချင်ပါသည်။ ရုံးတစ်ရုံးတွင် စာရွက်တစ်ရွက်မျှ မရှိဘဲ အလုပ်လုပ်နိုင်သည်။ အိမ်မှာနေပြီး ရုံးအလုပ်လုပ်နိုင်သည်။ ရုံးသို့သွားသည့် ခရီးလမ်းပေါ်တွင် အလုပ်လုပ်နိုင်သည်။ ရုံးသို့ မလာဘဲလည်း ရုံးတက်နေသကဲ့သို့ အစည်းအဝေး ထိုင်နိုင်သည်။ လုပ်ငန်းများ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည် ဆိုခြင်းမှာ စိတ်ကူးယဉ်ပုံပြင် မဟုတ်တော့ပါ။
လိုသမျှ အချက်အလက်တွေကို ကောင်းကင်ထဲတွင် ထားကြသည်။ လိုသမျှ ယူသုံးကြသည်။ လိုတာတွေ ထည့်ထားကြသည်။ သတင်းအချက်အလက်တို့ အရေးပါလာသောခေတ်တွင် Cloud ဆိုသည့်စနစ်သည် မိုးပေါ်ရှိ ဒေတာဘဏ်တစ်ခု ဖြစ်လာသည်။ အချက်အလက်များကို သွင်းနိုင်သည်။ ထုတ်ယူနိုင်သည်။ ခေတ်သစ်နည်းပညာများဖြင့် လုံခြုံအောင် စီမံထားနိုင်သည်။ Cloud သည် ရုံးခန်းတစ်ခန်းလည်း ဖြစ်သည်။ ခေတ်သစ်တွင် လုပ်ငန်းရှင်များသာမက အစိုးရများကပါ Cloud ကတစ်ဆင့် မည်သို့အကျိုးအမြတ် ထုတ်ယူနိုင်သနည်း ဆိုခြင်းကို လေ့လာဆန်းစစ်နေကြပြီ ဖြစ်သည်။ လုံခြုံခြင်း၊ စိတ်ချရခြင်း၊ မြန်ဆန်ခြင်း၊ အသုံးတည့်ခြင်း၊ အားကိုးအားထား ပြုနိုင်ခြင်း၊ အစိုးရနှင့် ပြည်သူ၊ အစိုးရ အချင်းချင်း၊ ပြည်သူအချင်းချင်း အကျိုးရှိစေနိုင်မည့် ကိစ္စများဖြစ်လျှင် နည်းပညာကို အစိုးရတစ်ရပ်အနေနှင့် လက်ကမ်းကြိုဆိုရမည်။ ဖွံ့ဖြိုးတိုးတက်စေရန် အားပေး ကူညီရမည်သာ ဖြစ်သည်။
အတိတ်က အိုင်စီတီကိုသုံးရန် ဆိုသည်မှာ အတားအဆီး ပိတ်ဆို့မှုတွေ များလှသည်။ ကြိုးနီစနစ် ကြောင့် တစ်ခုခုကို လုပ်ချင်သော်လည်း လုပ်ပိုင်ခွင့်မရှိ။ အိုင်စီတီဆိုသည်မှာ တစ်ခုတည်း ရပ်တည်နိုင်သည့် ကိစ္စမဟုတ်။ အစုအဖွဲ့အလိုက် ကွန်ရက်ဖြင့် လှုပ်ရှားရသည်။ ကွန်ပျူတာကို တစ်ဦးတည်း သုံးခြင်းသည် ကိုယ်ရေးကိုယ်တာအရသာ ဖြစ်သည်။ ရုံးကိစ္စသုံးလျှင် တစ်စု၊ တစ်ဖွဲ့၊ တစ်ဌာနတည်း သုံး၍မရတော့။ အများစုသုံး နိုင်ရန်၊ ဌာနအချင်းချင်း ချိတ်ဆက်သုံးနိုင်ရန်၊ အစိုးရ အဖွဲ့အစည်း ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာနှင့်ပါ ချိတ်ဆက်သုံးနိုင်ရန် လိုအပ်လာသည်။
အချိန်တိုအတွင်း၊ ကုန်ကျစရိတ် အသက်သာဆုံးနှင့် အထိရောက်ဆုံး ဖြစ်သောကြောင့် သုံးရသည် ဆိုသည့် နားလည် သဘောပေါက်မှုများထက်ပိုသော အသိတရားများဖြင့် အစိုးရသည် အိုင်စီတီကို အခြေချပေးသင့်ပါသည်။
မည်သို့သောစံများကို သတ်မှတ်မည်နည်း
အစိုးရအနေဖြင့် အိုင်စီတီ အခြေခံ အဆောက်အဦးတစ်ခုကို တည်ဆောက်ရန် ဆိုသည်မှာ လူတိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှု၊ လူတိုင်းလက်ခံသုံးနိုင်သည့် အနေအထားတွင်ရှိမှု၊ အများသုံးစံဖြစ်မှုနှင့် ခေတ်မီ (Update) မှုတို့လည်း ဖြစ်နေရမည်။ နည်းပညာဆိုသည်မှာ ကန့်သတ်ထားသည့် ဘောင်အတွင်း၌ မရှိပေ။ နည်းပညာသည် Local မဟုတ်၊ Global ဖြစ်သည်ဟု လူတိုင်းလက်ခံ ထားကြသည်။ သို့ဖြစ်ရာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် သီးခြားစံထုတ်ပြီး အထီးတည်း လုပ်ယူနေ၍ မရကြောင်းကိုလည်း သဘောပေါက်ထားရန် လိုပါသည်။
ဆိုလိုသည်မှာ နည်းပညာသည် နေရာတိုင်းတွင် အသုံးပြုနိုင်ရမည်၊ လူတိုင်းကို မျှဝေပေးနိုင်ရမည်၊ နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရမည်။ နိုင်ငံတကာစံအတိုင်း မဟုတ်လျှင် နိုင်ငံတကာနှင့် အချိတ်အဆက် ပြတ်တတ်သည်။ ပြန်လည် ချိတ်ဆက်ရသည့် တန်ကြေးများက ပိုပြီးကြီးမားနိုင်သဖြင့် နိုင်ငံတကာစံအတိုင်း မူချကာ လုပ်ဆောင်ထားခြင်းသည် အားလုံးနှင့် လိုက်လျေ ညီထွေမှု ရှိစေရန် ပြင်ဆင်ထားခြင်းသာ ဖြစ်သည်။
“အစဉ်အလာကို အသေဆုပ်ကိုင်ထားသူ များကို လက်တွဲခေါ်မှာလား၊ လက်တွဲဖြုတ် ခဲ့မည်လား ဆုံးဖြတ်ရန် အရေးကြီးသည်။ ကန့်လန့်တိုက်နေလျှင် ထားခဲ့ရုံကလွဲပြီး အခြားနည်းလမ်း မရှိပေ…”
ဥပမာ အစိုးရသည် မိမိတို့ လုပ်ဆောင်ချက်များကို ပြည်သူကို ဖတ်စေချင်သည်၊။ သိစေချင်သည်ဆိုလျှင် ပြည်သူအများ လက်ခံသုံးစွဲနေသည့် ဆော့ဖ်ဝဲပေါ်တွင်၊ အများသုံးစွဲနေသည့် စာများဖြင့် ဖတ်နိုင်စေရန် စီစဉ်ပေးရမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်စံကိုသုံးပြီး အများဖတ်နိုင်စေရန် စီစဉ်မည်ဆိုခြင်းသည် အစိုးရ အနေဖြင့် ပထမဦးစားပေး ရွေးချယ်ရမည့် စံဖြစ်သည်။ တိုင်းပြည်တွင် လူတိုင်းအင်္ဂလိပ်လို မဖတ်နိုင်ဟု ဆိုလျှင်လည်း မည်သည့် ဘာသာစကားဖြင့် ဦးစားပေး စီစဉ်ရမည်ဆိုခြင်းကို ထည့်တွင်ပေးခြင်းသည် သတင်း အချက်အလက်များကို ပြည်သူထံ တိုက်ရိုက်စီးဆင်းစေခြင်း ဖြစ်သည်။
ကမ္ဘာတွင်လည်း အစိုးရတို့သည် တသီးတခြား ရပ်တည်၍ မရကြောင်း၊ နိုင်ငံအချင်းချင်း အမြန်ဆုံးနှင့် အလွယ်ကူဆုံး ဆက်ဆံနိုင်သည့် နည်းလမ်းမှာ အိုင်စီတီကို ကြားခံခြင်းသာ ဖြစ်ကြောင်း သဘောပေါက်လာကြသည်။ သို့ဖြစ်ရာ နိုင်ငံတကာစံကို ကျင့်သုံးခြင်းဖြင့်သာ တိုးတက်မှုကို အမြန်ဆုံး ဖြစ်စေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အိုင်စီတီဖြင့် ပြောင်းလဲမှုကို လုပ်ဆောင်ခြင်း
နိုင်ငံတကာစံနှင့် ကိုက်ညီသည့် အခြေခံအဆောက်အဦးများကို ထူထောင်ပြီးပြီဆိုလျှင် ထိုစံအတိုင်း ဌာနဆိုင်ရာများတွင် တစ်ပြေးညီ အသုံးပြုရန် အစိုးရက ဦးဆောင်လုပ်ရမည် ဖြစ်သည်။ အစိုးရက စံတစ်ခုကို သတ်မှတ်လိုက်ခြင်းသည် တစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ဖြစ်ရန် ကြေညာလိုက်သည့် သဘောလည်း ဖြစ်သောကြောင့် အရေးကြီးသည်။
အိုင်စီတီကို အသုံးပြုရခြင်းသည် စရိတ်သက်သာ၊ ပြည်သူတွေ အကျိုးရှိသည့် ဝန်ဆောင်မှုကောင်း ပေးရန် ဖြစ်သည်။ ယခုခေတ်သည် မိုဘိုင်းလ်ဖြင့် ခေတ်သစ် ထူထောင်ပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေကြသည့် ကာလဖြစ်သည်။ နည်းပညာ ဆိုခြင်းထက် လူတိုင်း၏ ကိုယ်နှင့်မကွာ ယူဆောင်နိုင်သော မိုဘိုင်းလ်ဖုန်းများ၏ ဆောင်ရွက်နိုင်စွမ်းက အံ့မခမ်း ဖြစ်လာသောကြောင့် မိုဘိုင်းလ်ဖုန်းဖြင့် ဝန်ဆောင်မှု ပေးနိုင်ရေးကို အစိုးရများက အလေးထား လာကြသည်။ အထူးသဖြင့် တစ်ပတ်ခုနစ်ရက်၊ တစ်ရက် ၂၄ နာရီ ဝန်ဆောင်မှုဆိုသည့် သဘောကို အစိုးရများက ဝန်ဆောင်မှုပေးရေး လုပ်နိုင်လျှင် ပြည်သူတို့ ကိုးစားသော အစိုးရများ ဖြစ်လာနိုင်ပါသည်။
အစိုးရအနေဖြင့် ပြည်သူတို့ အားကိုးအားထားပြုသည့် ရင်ဖွင့်သံများ ကြားနိုင်သည့်နေရာကို ထူထောင်ပေးရန် လိုပါသည်။ လူမှုကွန်ရက်များ ခေတ်စားလာခြင်းသည် အစိုးရအပေါ် ပြောချင်တိုင်း ပြောမရသည့်အခါ ပြောရသည့်နေရာသို့ သွားပြောကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရသည် ပြည်သူတို့ ဘာတွေပြောနေသနည်း၊ ဘာတွေဖြစ်ချင်သနည်း ဆိုသည်များကို သိရှိစေရန် လူမှုကွန်ရက်များနှင့်လည်း မျက်ခြည်မပြတ်သင့်ပေ။
ပြည်သူတို့၏ အီလက်ထရွန်နစ် အသနားခံစာ (e-Petitions) များသည် ကြိုးနီစနစ်ကြောင့် အစိုးရထံ အချိန်မီ မရောက်မှုများကို တားဆီးပေးနိုင်သည်။ အစိုးရထံ တိုင်ကြားရန်၊ အသနားခံရန် ကိစ္စများအားလုံးကို အစိုးရက လမ်းဖွင့်ပေးထားမှသာလျှင် ပြည်သူနှင့် အစိုးရ ထိတွေ့မှု မြန်ဆန်နိုင်သည်။
အစိုးရအနေနှင့် နည်းပညာကို အသုံးပြုခြင်းသည် ဌာနဆိုင်ရာများ၏ ကြိုးနီစနစ်များ၊ အတားအဆီး များကို ကျော်လွှားနိုင်စေရန်လည်း ဖြစ်သင့်ပါသည်။ ပြည်သူ့အသံကို အမြန်ရလျှင် အစိုးရအနေနှင့် ဆုံးဖြတ်ချက်များကို ချရန်အတွက် အထောက်အကူ ဖြစ်စေနိုင်သည်။
ပြောင်းလဲမှုတစ်ခု ဆိုသည်မှာ ပုဂ္ဂလိကထက် အစိုးရက နှေးကွေးတတ်သည်။ နည်းပညာသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် ဖြစ်သည်ကို လက်ခံလျှင် နည်းပညာဖြင့် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရမည်သာ ဖြစ်သည်။ အစိုးရသည် အစဉ်အလာကို အသေဆုပ်ကိုင်ထားသူများကို လက်တွဲခေါ်မှာလား၊ လက်တွဲဖြုတ်ခဲ့မည်လား ဆုံးဖြတ်ရန် အရေးကြီးသည်။ ကန့်လန့်တိုက်နေလျှင် ထားခဲ့ရုံကလွဲပြီး အခြားနည်းလမ်းမရှိပေ။
ပွင့်လင်းစွာ အထောက်အပံ့ပေးခြင်း
ပြည်သူများ သက်သာချောင်ချိစွာဖြင့် အိုင်စီတီကို သုံးစွဲစေလိုလျှင် အစိုးရအနေနှင့် လုပ်ပိုင်ခွင့်များကို လက်ဝါးကြီးအုပ်ထားခြင်း သို့မဟုတ် လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးခြင်းများကို ရှောင်ရှားရမည်သာ ဖြစ်သည်။ ပြည်သူ့ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရန် တံခါးဖွင့်ပေးဖို့ လိုသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်နိုင်ရန် ကွန်ရက်များ ထူထောင်ပေးရမည်။ အိုင်စီတီခေတ်တွင် လူတိုင်းအတွက် Network ချိတ်ပေးလိုက်ရန် ဖြစ်သည်။ ပြည်သူများ၏ အချက်အလက်များကို လုံခြုံရေးအတွက် အစိုးရက တာဝန်ယူမည်၊ ဒေတာများ နေရာတိုင်း စီးဆင်းနိုင်ရန် လမ်းဖွင့်ပေးမည်၊ လွတ်လပ်စွာ အင်တာနက် သုံးခွင့်များကို ဖွင့်ပေးမည်။
အစိုးရအနေနှင့် ဘာတွေလုပ်မည်၊ ဘာတွေလိုအပ်သည်၊ ဘယ်လောက် လိုသည်စသည့် အချက်အလက်များကိုလည်း ပွင့်လင်းစွာ ဖော်ထုတ်ပြထားရန် လိုပါသည်။ အီလက်ထရွန်နစ် စီးပွားရေးစနစ်ကို ထူထောင်လိုသော အစိုးရတိုင်းသည် သတင်းအချက်အလက်နှင့် နည်းပညာအပေါ်တွင် အားထား လုပ်ဆောင်ကြရသည်။ ကုန်သွယ်မှုများတွင် ပွင့်လင်းပြီး ထင်သာမြင်သာ ရှိစေရန် ဖော်ထုတ်ပြနေခြင်းက အစိုးရအပေါ် ယုံကြည်မှု ပိုရစေနိုင်သည်။
အုပ်ချုပ်မှုကို ခိုင်မာစေခြင်း
အစိုးရသည် လုပ်ငန်းတစ်ခုကို အောင်မြင်စေရန် ဗျူဟာများ ချမှတ်ရသည်။ အဘယ်ကြောင့်ဆိုသော် ဦးဆောင်ရ၊ တာဝန်ယူရသည့် အခန်းကဏ္ဍတွင် ရှိနေသောကြောင့် ဖြစ်သည်။ ဗျူဟာချမှတ်ပြီး အကောင်အထည် ဖော်စေသည့် အခန်းတွင် လုပ်ငန်းတိုင်း၌ အိုင်စီတီကို ထည့်သွင်းပေးခြင်းသည် ပြီးမြောက် အကောင်အထည်ပေါ်စေမှု မြန်ဆန်စေရန်နှင့် မှန်ကန်တိကျစေရန် ဖြစ်သည်။ အုပ်ချုပ်မှုကို ဆန်းသစ်စေလိုလျှင်၊ ခိုင်မာသော အုပ်ချုပ်မှု ဖြစ်စေလိုလျှင် နည်းပညာ အထောက်အကူကို ရယူရန် လိုပါသည်။
အစိုးရအဖွဲ့တွင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအတွက် အိုင်စီတီကို မည်မှပေါက်မြောက် အောင်မြင်စေရန် အသုံးပြုကြောင်း စောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့ ရှိစေချင်သည်။ ဗြိတိန်တွင် ဝန်ကြီးအဖွဲ့က PEX (ER) သို့မဟုတ် The Public Expenditure Committee (Efficienency and Reform) ဟူ၍ ဖွဲ့စည်းထားပုံမျိုး ဖြစ်သည်။ ထိုအဖွဲ့သည် ပြည်သူထံမှ တက်လာသော အသံများကို စိစစ်ရသည်။ အိုင်စီတီကို အသုံးပြုခြင်းဖြင့် ပိုမိုထိရောက်စေရန် လမ်းညွှန်ပေးရသည်။ လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်ခြင်းရှိ၊ မရှိကိုလည်း စိစစ်ပေးရသည်။
ထို့ပြင် CIO Delivery Board ဆိုသည့် အဖွဲ့တစ်ဖွဲ့ကိုလည်း သီးခြားဖွဲ့ပေးထားသေးသည်။ CIO အဖွဲ့သည် PEX(ER) အဖွဲ့ကို အကြံပြုရသည်။ အထူးသဖြင့် CIO အဖွဲ့သည် အိုင်စီတီဗျူဟာများ ချမှတ်ရာတွင် အရေးကြီးသည့် အခန်းမှ ပါဝင်လုပ်ဆောင်ရပြီး၊ ဌာနအားလုံး အိုင်စီတီသုံးရန် ပူးပေါင်းဆောင်ရွက်ရသည်။ CIO အဖွဲ့နှင့် PEX အဖွဲ့နှစ်ဖွဲ့စလုံးသည် ပါလီမန်နှင့် အစိုးရအဖွဲ့ကို အထောက်အကူပြုရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထိုသို့ နိုင်ငံတော်က ကြီးမှူးပြီး အိုင်စီတီကို ထည့်သွင်းနေခြင်းသည် နည်းပညာဖြင့် ပြောင်းလဲမှုကို ရယူလိုသောကြောင့် ဖြစ်သည်။ တိုင်းပြည်တွင် ဦးဆောင်သည့် အစိုးရကလည်း အိုင်စီတီကို စိတ်ဝင်စား၊ ဦးဆောင်မှုကလည်း ခိုင်မာ၊ အကောင်အထည် ဖော်ပေးရမည့် ဌာနများကလည်း စေတနာပါပြီး ဗျူဟာများကို ဝိုင်းဝန်း အကောင်အထည် ဖော်ပေးနိုင်မှသာ တိုင်းပြည် တိုးတက်မည်ဟု ခံယူထားရန် လိုပါသည်။
အစိုးရအနေနှင့် အိုင်စီတီကိုသုံးစွဲရန် ဗျူဟာချမှတ်နေရုံဖြင့်မပြီး-
- တီထွင်သူများကို အခွင့်အလမ်းပေးခြင်း၊ မြေတောင်မြှောက်ပေးခြင်းများ ပြုရန်လိုသည်။
- စေ့စပ်စွာ စစ်ဆေးခြင်း၊ တိုင်းတာခြင်း၊ တွန်းအားပေးခြင်း၊ ကိုယ်တိုင်လည်း ဥပဒေကို လေးစား လိုက်နာခြင်း၊ လုပ်ပိုင်ခွင့်များပေးခြင်း၊ စံအတိုင်း လိုက်နာစေခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း။
- အောင်မြင်သည့် ရလဒ်ကို အသိအမှတ်ပြုခြင်း၊ ရှေ့ဆက်လုပ်ဆောင်ချင်ရန် အခြေအနေများ ဖန်တီးပေးခြင်းတို့ဖြင့် အုပ်ချုပ်မှုကို ပိုပြီးခိုင်မာစေရန် တည်ဆောက်နိုင်ပါသည်။
(တင်ညွန့်)
Credit To The Voice Myanmar
Read More »

သြဇာနှင့် အာဏာ



‘သြဇာ (Influence)’ ရှိသော်လည်း ‘အာဏာ (Power)’ မရှိလျှင် လည်းကောင်း၊ ‘အာဏာ’ ရှိသော်လည်း ‘သြဇာ’ မရှိလျှင် လည်းကောင်း မိမိတို့၏ ရည်မှန်းချက် ထားရှိသည့် မူဝါဒများမှာ အဟောသိကံ ဖြစ်ရတတ် သည်။

ဆိုလိုသည်မှာ ‘သြဇာ’ လည်းရှိ၊ ‘အာဏာ’ လည်းရှိသော နိုင်ငံရေးသမား များသည် ‘သြဇာ’ လည်း မရှိ၊ ‘အာဏာ’ လည်း မရှိသော နိုင်ငံရေးသမား များထက် ပိုမို စွမ်းဆောင်နိုင်လေ့ ရှိသည်ကို တွေ့မြင် ရသည်။

စင်ကာပူနိုင်ငံကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်ရှိအောင် ဖန်တီး စီမံ ခန့်ခွဲနိုင်ခဲ့သူ လီကွမ်းယူ သည် တစ်နည်းအားဖြင့် မိမိနိုင်ငံ၏ အနာဂတ်ကို ကြိုတင် မျှော်တွေးကာ အလုံးစုံ စီမံ ခန့်ခွဲနိုင်ခဲ့သူ တစ်ဦး ဖြစ်ခဲ့သလို တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ကနဦး စတင်ခဲ့သူ တိန့်ရှောင်ဖိန် သည်လည်း တရုတ်နိုင်ငံ၏ နိမ့်ကျနေခဲ့သော စီးပွားရေး အခြေအနေများ ကို မြှင့်တင်ပေးနိုင်ခဲ့သော တစ်နည်းအားဖြင့် သြဇာနှင့် အာဏာကို ပေါင်းစပ် အသုံးချနိုင်စွမ်း ရှိခဲ့သော ခေါင်းဆောင် တစ်ဦးအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ သည်ကို တွေ့ရသည်။

သြဇာ ရှိသော်လည်း အာဏာ မရှိလျှင် မည်သို့မျှ မိမိ ရည်မှန်းချက်များကို အကောင်အထည် (အပြည့်အဝ) ဖော်ပေးနိုင်ရန် ခက်ခဲသလို အာဏာ ရှိသော်လည်း သြဇာ မရှိလျှင်လည်း ယင်းခေါင်းဆောင်တို့၏ စိတ်ကူး ယဉ်သော ရည်မှန်းချက်များသည် လက်တွေ့တွင် မည်သို့မျှ အကောင်အထည် မဖော်နိုင် (မအောင်မြင်နိုင်) တတ်ပေ။

မူဝါဒ ဟူသည် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးနှင့်တစ်ဦး ထားရှိပုံချင်း မတူညီနိုင် (မတူညီတတ်) သလို၊ ယင်းမူဝါဒများကို အကောင်အထည် ဖော်ရာတွင်လည်း ချဉ်းကပ်ပုံချင်း မတူညီတတ်ပါ။

ဥပမာအားဖြင့် လက်ရှိ ပကတိ စီးပွားရေး အနေအထားများနှင့် အနာဂတ် ကာလတွင် ဖြစ်တည်လာ နိုင်ဖွယ်ရှိသော စီးပွားရေး အနေအထားတို့ကို ခြုံငုံ သရုပ်ခွဲခြင်း၊ မြန်မာ့ စီးပွားရေးနှင့် ကမ္ဘာ့ စီးပွားရေး အပြန်အလှန် ချိတ်ဆက်နိုင်မှုကို အဖြေရှာခြင်း၊ ယနေ့ မြန်မာ့ စီးပွားရေးတွင် အဓိက စီးပွားရေး ပြဿနာကြီးများ (လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ နှစ်ခုလုံးကို ဖွံ့ဖြိုး တိုးတက်စေရန် လိုအပ်သော မူဝါဒပိုင်း ချိတ်ဆက်မှု၊ ပို့ကုန် သွင်းကုန် အမျိုးအစား ပြောင်းလဲလာမှုနှင့် ဆက်စပ်လာသော နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲမှု၊ ပို့ကုန် သွင်းကုန် ပမာဏ (Trade Volumes) သာမက ပို့ကုန် သွင်းကုန် ဖွဲ့စည်း တည်ဆောက်ပုံ (Trade Structure) ကို ပြောင်းလဲနိုင်ရန် လိုအပ်မှု၊ ဘဏ္ဍာရေး လိုငွေပြမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် လိုအပ်မှု စသဖြင့်) ကို မည်သည့်အချိန်တွင် မည်သို့သော မူဝါဒ အခြေခံများ (Policy Basement) နှင့် မူဝါဒ ကိန်းရှင်များ (Policy Variables) ကို အချိန်ကိုက် လုပ်ဆောင်ရန် လိုအပ်မည်နည်း ဟူသော အချက်များစွာသည် ဥပမာ အချို့ပင် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာ၏ အာရုံ စူးစိုက်ခံနေရချိန် ဖြစ်သည်။ တစ်နည်းအားဖြင့် ရတောင့်ရခဲ အခွင့်အလမ်းကို ကြုံဆုံနေသော အချိန် လည်း ဖြစ်သည်။ အကယ်၍ ယင်းအခွင့်အလမ်းကို လက်လွတ်ခဲ့ပါက (မရယူနိုင်ပါက) နောက်နောင် မည်သို့သောအချိန်တွင် ဤအခွင့်အလမ်းမျိုး ရယူနိုင်မည် ဆိုသည်ကို မပြောနိုင်ပါ။

တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ အစရှိသော ဒေသတွင်း နိုင်ငံများသည်ပင်လျှင် ယင်းတို့ နိုင်ငံများ၌ ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် အမျိုးသား စီးပွားရေး အားကောင်းမောင်းသန် ဖွံ့ဖြိုးရေးအတွက် တစ်ခါတစ်ကြိမ် ကြုံကြိုက်ခဲ့ရသော အခွင့်အလမ်း (အခင်းအကျင်း) ကို ‘အရအမိ ယူနိုင်ခြင်း’ ဟူသော ယင်းနိုင်ငံ ခေါင်းဆောင် များ၏ အရည်အသွေးက ကမ္ဘာ့စီးပွားရေး သမိုင်းတွင် ထင်ကျန်ရစ်ခဲ့သည်ကို စီးပွားရေး လေ့လာသူတိုင်းက အသိအမှတ် ပြုထားသည်။

ဆိုလိုသည်မှာ နိုင်ငံတို့အကြား တည်ရှိသော မတူညီမှုများမှ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာလေ့ ရှိသော ပွတ်တိုက်မှုများ (Frictions) နှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အခြေအနေများမှ ဖန်တီး (ရံဖန်ရံခါ မမျှော်လင့်ဘဲ) ပေးလာသော အခွင့်အလမ်းများကို ရယူနိုင်စွမ်း ရှိသော နိုင်ငံများနှင့် ရယူနိုင်စွမ်း မရှိသော (ရယူလိုစိတ် မရှိသော) နိုင်ငံများ ဟူ၍ ရှိလာပြီး ယင်းနိုင်ငံတို့၏ အနာဂတ်ကို အမှတ်မထင် ပုံဖော်သွားခြင်း (ပုံသွင်းသွားခြင်း) ဖြစ်သည်ဟု စာရေးသူ ယူဆသည်။

ယနေ့ ဖွံ့ဖြိုး တိုးတက်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိအောင် လုပ်ဆောင် ခဲ့သော နိုင်ငံများ ဖြစ်သည့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ စသည်တို့သည်လည်း အခွင့်အလမ်းကို အမိအရ ရယူနိုင်ခဲ့ (လက်မလွတ်တမ်း ရယူနိုင်ခဲ့) သော နိုင်ငံများ ဖြစ်သည်။ တင်စား ပြောရလျှင် ပင့်ကူအိမ်တွင် နားလာမည့် မိမိ၏ အစာကို မလွတ်တမ်း ဖမ်းယူနိုင်သော ပင့်ကူငယ် တစ်ကောင်ကဲ့သို့ပင် စူးစိုက်သော ဝီရိယနှင့် ဉာဏ်တို့ ပေါင်းစပ် စဉ်းစားထားခြင်းပင် ဖြစ်သည်။

အခွင့်အလမ်းများ ဟူသည့် မကြာခဏ ဖြစ်ပေါ်လာတတ်ခြင်း သဘောမျိုး မဟုတ်ပေ။ တစ်ခါတစ်ရံ မိမိ အခွင့်အလမ်းများသည် မိမိက ရယူနိုင်စွမ်း မရှိပါက တစ်ပါးသူများ (အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ) ထံသို့ ရောက်ရှိသွားတတ်သည်။ ဥပမာ-တစ်လောက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ စီးပွားရေးဖိုရမ် (WEF) တွင် အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများက အထူး စူးစူးစိုက်စိုက် အာရုံခံ လေ့လာသွားကြသည် ကို စာရေးသူ သတိပြုမိခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံတွင် မည်ရွေ့ မည်မျှသော အပြောင်းအလဲများ (နိုင်ငံရေး၊ စီးပွားရေး အထူးသဖြင့်) နှင့် မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများမှသည် ယင်းတို့၏ နိုင်ငံများသို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကောင်းကျိုးများ (Positive Impacts) နှင့် ဆိုးကျိုးများ (Negative Impacts) များကို ပေးစွမ်းနိုင်လေမည်နည်း ဟူသော အချက်ကို အဓိက ရှာဖွေ လေ့လာရန်လည်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ မိမိနိုင်ငံ၏ အကျိုးကို မဖော်ဆောင်နိုင်ပါက (မပေးစွမ်းနိုင် ပါက) တစ်ပါး နိုင်ငံများက ယင်းကို ရယူသွားနိုင်မည် ဆိုသည်က မေးစရာ ပင် မလိုပေ။

ထိုကဲ့သို့သော အခွင့်အလမ်းများတွင် အမြဲတစေ ဉာဏ်နှင့် နှလုံးရည် တိုက်ပွဲများ (ပြိုင်ဆိုင်မှုများ) ပူးတွဲ ပါလာလေ့ ရှိသည့်အတွက် မိမိ နိုင်ငံသား များ အကျိုးအများဆုံး ဖြစ်စေမည့် အမြော်အမြင် ကြီးမားမှုသည် လွန်စွာ အရေးကြီးသည်။

ယနေ့ မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း သြဇာနှင့် အာဏာ ပေါင်းစပ်ကာ အပြည့်အဝ အသုံးချ နိုင်သော အမြော်အမြင် ကြီးမားသော နိုင်ငံရေး ခေါင်းဆောင်များ အပေါ်တွင် မူတည်ပေလိမ့်မည်။

ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

Credit To The Voice Weekly
Read More »