ရဲသားကြီးတွေတာဝန်ကျေဖို့လိုပြီ


ရေးသားသူ- အောင်သစ်လွင်

မှုခင်းဖြစ်စဉ်များတွင် မှားယွင်းဖမ်းဆီးခြင်း၊ အထက်အရာရှိ အချို့၏ ဖိအားကြောင့် သံသယရှိသူကို တရားခံအဖြစ်ထွက်ဆိုဝန်ခံစေခြင်း၊ စွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့ကြား ကိုယ်ကျိုးရှာသောရဲအရာရှိ အချို့ကြောင့် အမှန်တရားနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သွားသည့် ဖြစ်စဉ်များ လူမှုဝန်းကျင်တွင် တွေ့ကြုံခဲ့ရသလို ယင်းကဲ့သို့ ရင်ဆိုင်နေရသူများလည်း ရှိနေသည်။

ပြည်သူ့ဝန်ကိုထမ်းနေကြသော နိုင်ငံဝန်ထမ်းများအားလုံးက ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ရှိသည့် သန့်ရှင်းသည့်အစိုးရ ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအ၀၀၌ ပြည်သူလူထုဗဟုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ
ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတက ထိုသို့ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်လက်အောက်ရှိ အောက်ခြေရဲတပ်ဖွဲ့ဝင်အချို့တွင် ရဲဥပဒေ
မလိုက်နာသော အကျင့်ပျက် ရဲဝန်ထမ်းအချို့ပါဝင်နေသောကြောင့် နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ကြီးကြပ်ကာဖမ်းဆီးအ ရေးယူခဲ့ရသည်။

ဒေသအချို့တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်လူထုမှ ရဲတပ်ဖွဲ့ဝင်များအပေါ် ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများဆူညံနေပြီး ယခုကဲ့သို့ အခြေအနေများ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်အရိပ်မည်းထိုးလျက်ရှိသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်ဆိုလျှင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းအပေါ် မြိုနေလူထု၏ ယုံကြည်မှုမှာ သုညအမှတ်အောက်ရောက်သွားခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များကို လှောင်ရယ်သည်အထိပင်တန်ဖိုးမဲ့ခဲ့ရသည်။

ငါးနှစ်အရွယ်သူငယ်တန်းကျောင်းသူလေးတစ်ဦး အဓ္ဓမပြု ကျင့်ခံရသည့်ဖြစ်စဉ်တွင် ကလေးငယ်ကိုယ်တိုင်က လူကြီးတစ်ဦးက အဓ္မမပြုကျင့်ကြောင်း ထုတ်ဖော်ပြောဆိုပြီးမှုခင်းဆရာဝန် ကြီး၏ဆေးစာတွင်လည်း အရွယ်ရောက်ပြီးသူ လူကြီးတစ်ဦး၏ အ ဓ္မမပြုကျင့်ခြင်းခံခဲ့ရကြောင်း သုံး သပ်ချက်ပါဝင်သော်လည်း မြို့ နယ်ရဲစခန်းတာဝန်ရှိသူများက သူငယ်တန်းကျောင်းသားလေး ၁၇ ဦးကို သံသယရှိသူများအဖြစ် စစ်ဆေးရန်စီစဉ်ခဲ့သည်။ ယင်းသို့ စီစဉ်ခဲ့ခြင်းကို မြို့နယ်ကျန်းမာရေးနှင့် ပညာရေးတာဝန်ရှိသူများက အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး ဌာနဆိုင်ရာအချင်းချင်းပင် တင်းမာမှုမျိုးဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကျောင်းသားမိဘများစု ပေါင်း၍ နိုင်ငံတော်သမ္မတဆီဦး တည်တိုင်ကြားခဲ့ကြပြီး ယင်းအမှုတွဲကို နေပြည်တော်ရဲတပ်ဖွဲ့အဆင့်မြင့်ရဲအရာရှိများက လွှဲပြောင်းယူပြီး စစ်ဆေးရသည်အထိ အခြေအနေဆိုးရွားခဲ့ရသည်။

“အမှုမှန်ပေါ်ပေါက်ဖို့အတွက်ရဲက လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးဖို့တာဝန်ရှိတယ်။ တာဝန်မယူဘူးဆိုရင် တရားဥပဒေစိုးမိုးရေး မရှိလို့ဘဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ်ကပြောသည်။

ရဲလက်စွဲဥပဒေတွင် လျှို့ဝှက်အက်ဥပဒေအရ ထုတ်ဖော်ပြောခွင့်မရှိသော်လည်း အချို့သောရဲဝန်ထမ်းများ၏ လုပ်ရပ်အပေါ် ယုံကြည်မှုမရှိတော့ခြင်းကြောင့် လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုကြားတွင် တံတိုင်းများစွာခြားနားသွားခဲ့ရသည်။ ရဲနှင့် ပြည်သူလက်တွဲကူဆို သည့်ထက်တွဲမည့်လက်များပိုမို အလှမ်းကွာခဲ့ရသည်။

“ဆွမ်းဆန်ထဲမှာ ကြက်ချေးရောသလိုပါဘဲ။ တပ်ဖွဲ့ဝင်တစ်ယောက်ကြောင့် ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မယုံကြည်တော့တာမျိုး မဖြစ်စေချင်ပါဘူး။ ဥပဒေချိုးဖောက်တဲ့ ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးဖော်ထုတ်ပြီး ထိထိရောက်ရောက်အရေးယူနေပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲအရာရှိတစ်ဦးကပြောသည်။

မည်သည့်အချိန်ကပင် အမြစ်တွယ်နေသည်ကို မသိနိုင်သောမူးယစ်ဆေးဝါးမှုများတွင် ရဲအရာရှိများပါဝင်ပတ်သက်နေသောကြောင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ခရိုင်နှင့် မြို့နယ်အဆင့်ရဲအရာရှိအချို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စစ်ဆေးအရေးယူခဲ့ သည်။

မကြာသေးမီက ရန်ကုန် မြို့၊ စမ်းချောင်းမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လူငယ်တစ်စုဖောက်ထွင်း ၀င်ရောက်သောအမှုတွင် ဖမ်းဆီးရမိသူများထဲ၌ ရဲအရာရှိ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူလူငယ်တစ်ဦးပါဝင်နေသောကြောင့် အမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်လိုက်မှုများရှိနေသည်ဟု ဖုန်းဆိုင်ပိုင်ရှင်ကစွပ်စွဲ ခဲ့သည်။ ၎င်းက မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်သို့ အဆင့်ဆင့်တိုင်ကြားရာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦးအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွင့်၍ အထက်အရာရှိများက စစ်ဆေးရ သည်အထိအမှုမှာ ရှုပ်ထွေးနေခဲ့သည်။

ထိုအခြေအနေများထက် ကြီးမားကျယ်ပြန့်သော မှုခင်းပြဿနာများ အတိတ်မှာရေရာ ယခုလက်ရှိ ပစ္စုပန်မှာပါရှိနေဆဲဖြစ်သည်။ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်ခဲ့သော ရန်ကုန်မြို့ X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုတွင် ပေါက်ကွဲသံကြား၍လာရောက် သတင်းယူသောသတင်းသမားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ဗုံးဖောက်ခွဲမှုတရားခံအဖြစ် အတင်းအကျပ်ဝန်ခံထွက်
ဆိုစေခဲ့ပြီး မတရားအသင်း၊နယ်စပ်ဖြတ်ကျော်၊ အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေများဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၁၈နှစ်ချမှတ်
ခံခဲ့ရကြောင်း အဆိုပါသတင်း သမားက ၎င်းရင်ဆိုင်တွေ့ကြုံခဲ့ရသော အခြေအနေကိုပြောသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက နိုင်ငံ တော်သမ္မတ၏ ဒုတိယအကြိမ် မြောက်လွတ်ငြိမ်းချမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော် လည်း ထောင်ထဲတွင် နေခဲ့ရသည့် အချိန်များက လူငယ်တစ်ယောက်၏ အရှိန်နှင့် လှမ်းနေသော ခြေလှမ်းများအတွက် ခလုတ်ကန်သင်းဖြစ်ခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ဆက်သွယ်ရေးရုံးဝန်းအတွင်းဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင်လည်း မသင်္ကာသူအချို့ကို ခေါ်ယူစစ်ဆေးခဲ့သည်မှာ စစ်ဆေးခံရသူတို့ စိတ်ပိုင်းဆိုင်ရာပြဿနာများရင်ဆိုင်ခဲ့ရသည်အထိ ပြင်းထန်ခဲ့သည်။ အမှုတစ်ခုဖြစ်ပွားပါက အထက် အရာရှိချုပ်များ၏ ဖိအားကြောင့် အမှုကို အမှန်ထက်အမြန်ပေါ် ပေါက်စေလိုသော ဆနကြောင့် သံသယရှိခံရသူအချို့ စိတ်ဒဏ် ရာရခဲ့ကြသည်။

“ရဲဆိုတာ ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ရှိပြီး မည်သူ့ကိုမဆို သံသယရှိမှုနဲ့ ဖမ်းဆီး စစ်ဆေးနိုင်တဲ့ အခွင့်အရေးလည်း ရှိတယ်။ ဒါကြောင့် ကိုယ်ကျင့်တရားကောင်းပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်နေဖို့လိုအပ်ပါတယ်”ဟု ဥပဒေပညာရှင် ဦးခင်ဇော်( မရမ်းကုန်း)ကအကြံပြုသည်။

အစိုးရသစ်လက်ထက်တွင် ရဲတပ်ဖွဲ့ဝင်များ၏ လစာနှင့် အခွင့်အရေးများ နိုင်ငံတော်မှ ပိုမို ထောက်ပံ့ပေးခဲ့ပြီး ယခင်စစ်အစိုးရလက်ထက်က ၀တ်ဆင်မည့် ရဲ ယူနီဖောင်းကိုပင် ကိုယ့်စရိတ်နှင့် ကိုယ်ဝတ်ဆင်ခဲ့ရခြင်းမျိုးကြောင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များသည်လည်း လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများပြားခဲ့ရခြင်း ဖြစ်ကြောင်း နေပြည်တော်ရဲတပ် ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ၎င်းရင်ဆိုင်ဖြတ်သန်းခဲ့ရသော အခြေအနေကို သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကလည်း ဥပဒေချိုးဖောက်သည့် ဖြစ်စဉ်များတွင် ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် အရာရှိအင်အား တစ်ရာခန့် ပါဝင်သော အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အရေးယူအပြစ်ပေးမှုများ သိသိသာသာပြုလုပ်လာခဲ့သည်။

“လစာတွေ ခံစားခွင့်တွေကို နိုင်ငံတော်က တိုးပေးခဲ့တယ်။ အဲဒီအခြေအနေကို မရောက်ဘဲ ကိုယ်ကျိုးအတွက် အာဏာကို တ လွဲအသုံးချမယ်ဆိုရင်တော့ ကိုယ့်သားကို ကိုယ်ပြန်ပြီး ယစ်ပူဇော်ရသလို ခံစားရပေမယ့် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူမှာပါ”ဟု နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ကျန်ရှိနေသော အစိုးရသက်တမ်းကာလအတွင်း နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ် ရေးကဏ္ဍများတွင် အရေးပါသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေ နှင့်အညီ ပြုမူလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားထားသည်။

“နိုင်ငံရေးပညာရှင်တွေပြော နေကြတဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာ ရဲရော၊ ပြည်သူရော ဥပဒေကို နားလည်ပြီး တစ်ဦးနဲ့တစ်ဦး ထိန်းကျောင်းသွားဖို့လိုအပ်ပါ လိမ့်မယ်”ဟု ဥပဒေပညာရှင် ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

Credit To 7Day News Journal
Read More »

အစွန်းရောက်ရာသီဥတုကို ရင်ဆိုင်ရန် အစိုးရအမြဲနောက်ကျ


ရေးသားသူ- ပြည်သိမ်း၊ အောင်သစ်လွင်၊ မိုးညို

အစွန်းရောက် ရာသီဥတုများ မြန်မာနိုင်ငံကြုံတွေ့နေရသည်မှာ ယခုနောက်ပိုင်း နှစ်စဉ်ဖြစ်လာသည်။ သို့သော် အစိုးရ၏
ုံ့ပြန်မှုကတော့ အမြဲလိုလိုနောက်ကျနေဆဲပင်။

အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ အဖွဲ့ကြီးများ၏ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အကူးအပြောင်း ကာလအခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အစီရင်ခံစာတွင် ကမ္ဘာ့သဘာဝဘေးအန္တရာယ် ကျရောက်ဆုံးနိုင်ငံတွင်လည်း မြန်မာနိုင်ငံသည် နံပါတ် ၂ နေရာမှ ပါဝင်နေ
သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက ဂျာမနီနိုင်ငံမှ ထုတ်ပြန်သည့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံများစစ်တမ်းတွင်လည်း မြန်မာနိုင်ငံမှာ ဒုတိယအများဆုံးဖြစ်နေသည်။

သို့သော် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော ရာသီဥတုကို အစိုးရအနေဖြင့် လက်ရှိအချိန်ထိ ကြိုတင်နှိုးဆော်အသိပေးမှု အားနည်းနေသေးပြီး စီမံခန့်ခွဲမှု အလွဲများဖြင့် နှစ်စဉ်ကြုံတွေ့နေရဆဲ ဖြစ်သည်။ ထို့အတူ နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ကြွလှုပ်ရှားစွာ ပါဝင်နေသော်လည်း ပြင်ပနိုင်ငံရေးနှင့် လွှတ်တော်နိုင်ငံရေးရာ လှုပ်ရှားသူများက လျစ်လျူရှုထားဆဲဖြစ်သည်။

“ရာသီဥတု ပြောင်းလဲမှုတွေရဲ့ ထိခိုက်မှုတွေကို နိုင်ငံရေးကဏ္ဍ ကနေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆောင်ရွက်ဖို့ လိုလာပြီ”” ဟု မိုး လေ၀သပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိမြန်မာ့ရာသီဥတု ပြောင်းလဲမှုကို နိုင်ငံရေးအင်အားစုများ ပါဝင်မှုနည်းပါးနေသည့် အခြေအနေကို ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုကို လျစ်လျူရှုသကဲ့သို့ ဥပဒေပြုအဖွဲ့ဖြစ်သည့် လွှတ်တော်များကလည်း
အရေးတယူမရှိခဲ့ပေ။ အစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်မှုများမှာ အားရစရာမရှိဟု နိုင်ငံရေးသမားများက ဝေဖန်ကြသည်။

“လွှတ်တော်က ဥပဒေပြုရေးကိုသာ ဦးစားပေးနေရတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ရင်အစိုးရက အဓိကတာဝန်ယူရမှာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

သဘာဝဘေးအန္တရာယ်တွင် ကြိုတင်ပြင်ဆင်မှုများက အရေးပါကြောင်း မြန်မာတို့၏ နှလုံးသားတွင် နာဂစ်မုန်တိုင်းက သက်သေပြလျက်ရှိသည်။ နာဂစ်မုန်တိုင်း မြန်မာပြည်ဝင်ရောက်မည်ကို တာဝန်ရှိသူများကြိုတင် သိထားသော်လည်း ကြေညာချိန်နောက်ကျသလို မုန်တိုင်းဒီရေ အန္တရာယ်သိရှိရမှု နည်းပါးပြီး ကြိုတင်ပြင်ဆင်မှုမရှိသောကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် လူပေါင်းတစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ရသည်။

ထို့အပြင် ၂၀၁၁ ခုနှစ်အောက်တိုဘာလက မြန်မာနိုင်ငံချင်းပြည်နယ်နှင့် မကွေးတိုင်းတို့သို့ ၀င်ရောက်ခဲ့သော အိုတူးဘီမုန်တိုင်းတွင် ကြိုတင်ကြေညာမှု အားနည်းချက်ကြောင့် ရွှေချောင်းဘေးတစ်လျှောက် ကျေးရွာများ ရေနစ်မြုပ်ပျက်စီးပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။

“ရာသီဥတုအခြေအနေနဲ့ ပတ်သက်လို့ မိုးလေ၀သပညာရှင် အချို့ကသာ ရဲရဲဝံ့ဝံ့ပြောရဲတယ်။ အစိုးရမိုးလေ၀သသတင်းထုတ်ပြန်ချက်က ရှုပ်ထွေးနေလို့တောင် သူတွေနားမလည်ဘူး” ဟု ကျောက်ဖြူမြို့နယ်မှ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်နေသူ ဦးမျိုးနိုင်က ပြောသည်။

သို့သော် ပြီးခဲ့သည့် မေလက ဘင်္ဂလားပင်လယ်အော်မှ မဟာစင်မုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်မည်ဟု မိုးလေ၀သပညာရှင်များနှင့် မိုးလေ၀သနှင့်ဇလဗေဒဌာနက အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးခဲ့ပြီး အစိုးရဘက်မှလည်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ခြေကို ကြိုတင်ကာကွယ်ရန် အစိုးရသစ်လက်ထက်တွင် ပထမဆုံးပွင့်လင်းမြင်သာမှုအရှိဆုံးဖြစ်သည့်
ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ပေးခဲ့သည်။

ယင်းမုန်တိုင်းအဓိကကျရောက်နိုင်သည့် ရခိုင်ပြည်နယ်ကို အစိုးရအဖွဲ့မှ ဒုသမ္မတကိုယ်တိုင်သွားရောက်၍ ကြိုတင်ပြင်ဆင်မှုများကို အချိန်နှင့်တစ်ပြေးညီ စီမံကွပ်ကဲခဲ့သောကြောင့် အရပ်ဘက်အဖွဲ့အစည်းများက ကျေနပ်အားရမှုရှိခဲ့ကြသည်။

ရာသီဥတုပြောင်းလဲမှု၏ ထိခိုက်မှုများကို မြို့ပြတွင် နေထိုင်သူများထက် ကျေးလက်နေတောင်သူလယ်သမားများက ပိုမိုခံစားနေရ
သည်။ နှစ်စဉ်ဆုံးရှုံးမှုများနှင့် ကြုံတွေ့လျက်ရှိသည်။ မြန်မာနိုင်ငံသည် မိုးရာသီတွင် ဆန်စပါးကိုအဓိကစိုက်ပျိုးသည့်နိုင်ငံဖြစ်သောကြောင့် ရေကြီးနစ်မြုပ်မှုများမှာလည်း နှစ်စဉ်ဆက်တိုက်ဖြစ်လာသဖြင့် ဆုံးရှုံးမှုများမှာ နှစ်စဉ်ရှိနေသည်။

“စိုက်ပြီးရင် ဘယ်အချိန် ညရေမြုပ်မလဲ စိုးရိမ်နေရတယ်” ဟု ဒေးဒရဲမြို့နယ် ကုဋေသောကြာကျေးရွာမှ လယ်သမားကြီးတစ်ဦးက ပြောသည်။

သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးဌာန တာဝန်ရှိသူများ ပူးပေါင်းပါဝင်မှုအလွန်နည်းပါးပြီး တောင်သူပညာပေးလုပ်ငန်းများ လုပ်ပေးစေလိုကြောင်း ဟင်္သာတမြို့နယ် ပျဉ်းမချောင်းရပ်ကွက် ဖောင်ဆိပ်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

“ရာသီဥတုက အရင်လို ခန့်မှန်းလို့ မရတော့ဘူး။ ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့ စိုက်ပျိုးသင့်တဲ့ သီးနှံအမျိုးအစားကို စိုက်ပျိုးရေးဌာနတာဝန်ရှိသူတွေက အကြံပေး လုပ်ဆောင်သင့်တယ်” ဟု ဆိုသည်။

ယခုနှစ်တွင် လက်ရှိအချိန်အထိ ရေလွှမ်းမိုးမှု အများဆုံးခံခဲ့ရသည့် ဒေသများဖြစ်သော ဧရာဝတီတိုင်း၊ မွန်နှင့်ကရင်ပြည်နယ်တို့၏ အခြေအနေကို မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက်တွင် ဇူလိုင်လဆန်းမှစတင်ပြီး ဆက်တိုက် ဖော်ပြခဲ့သည်။

ယင်းအချိန်တွင် အစိုးရအာဏာပိုင်အဖွဲ့အစည်းများနှင့် နိုင်ငံပိုင်မီဒီယာအချို့တွင် ဇူလိုင် ၂၅ရက်က ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ နေရာ၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော် မည်သည့်သဘာဝဘေးအန္တရာယ် မည်ကဲ့သို့ကျရောက်နိုင်သည်ဟု အသေးစိတ်ပါဝင်လာမှု
မရှိသဖြင့် ကျေးလက်နေ ပြည်သူတို့အတွက် နှစ်စဉ်မိုးကြီးသည့် အခြေအနေမျိုးသာ ထင်မှတ်ခဲ့ကြရသည်။

သဘာဝဘေးအန္တရာယ် မကျရောက်မီတွင် ကြိုတင်ပြင်ဆင်ရန် အလေ့အထမရှိဘဲ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်များရမှသာ နှိုးဆော်မှုများ ပြုလုပ်ကြလေ့ရှိသည်။ ကရင်နှင့် မွန်ပြည်နယ်၌ ဇူလိုင်လကုန်ပိုင်း ရေကြီးမှုတွင် ဒုက္ခသည်များ ကြိုတင်သိရှိမှု နည်းပါးကြောင်း ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

“စိုးရိမ်ရေမှတ် ဘယ်လောက်ရောက်ပြီဆိုတာ ရေဒီယိုက ကြေညာတာပဲသိရတယ်။ ဘယ်တော့ ရေကြီးမယ်၊ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သတိပေးမှုတွေ မရှိဘူး” ဟု ဘီးလင်းမြို့နယ် ဖိုးရာဇာရပ်ကွက်မှ ရေဘေးဒုက္ခသည်တစ်ဦးက ပြောသည်။

အစိုးရဘက်မှ အချိန်မီသတင်းထုတ်ပြန်ပေးသော ဖြစ်စဉ်အချို့တွင်လည်း ဒေသအာဏာပိုင်အစိုးရအဖွဲ့ အပါအ၀င် ဌာနဆိုင်ရာများ၏ ကြိုတင်ပြင်ဆင်မှု အားနည်းသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်ကိုလည်း တွေ့ရသည်။

ရာသီဥတု ဖောက်ပြန်၍ သီးနှံများ ပျက်စီးဆုံးရှုံးသည်မှာ ယခုနောက်ပိုင်းအစဉ်အလာလိုပင်ဖြစ်နေသော မြန်မာနိုင်ငံတွင် ယခုနှစ် မိုးလယ်ကာလအရောက်မှာပင် အညာမိုးခေါင်၍ သီးနှံများ ပျက်စီးသလို အောက်ပိုင်းဒေသအချို့ ရေလွှမ်းခဲ့ပြီး သီးနှံများ ရေမြုပ်ပျက်စီးခဲ့သည်။ ဖြစ်စဉ်တိုင်းတွင် အစိုးရက ကြိုတင်သတိပေးမှုမလုပ်နိုင်ခဲ့ဘဲ ဖြစ်ပြီးမှနောက်က လိုက်ရှင်းနေသည်။

ထိုအချက်ကို အညာမိုးခေါင်၍ ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်ခင်းများ ရေနစ်နေချိန်၊ သီးနှံများ ပျက်စီးချိန်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ စက်မှုလယ်ယာ၌ တစ်နိုင်ငံလုံးရှိ သီးနှံများဖြစ်ထွန်းအောင်မြင်ရန် ပရိတ်တရားနာနေခြင်းက မီးမောင်းထိုးပြနေသည်။ သြဂုတ်လဆန်းရောက်ပါမှ လယ်ဆည်ဝန်ကြီးက မိုးခေါင်၍သီးနှံများ စိုက်ပျိုးမရဘဲ စိုက်ပျိုးသမျှပျက်စီးနေသော အညာဒေသသို့ သွားရောက်ခဲ့သည်ကို တွေ့ရသည်။

ကျွမ်းကျင်သူများက ရာသီဥတု ဖောက်ပြန်၍ သီးနှံများ ပျက်စီးမှုမှာ တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်နိုင်၍ သတိပြုရန် အကြံပြုသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန် သြဂုတ် ၁ ရက် ပြောကြားသော မိန့်ခွန်းတွင် ရာသီဥတုဖောက်ပြန်ကာ သီးနှံများ ပျက်စီးဆုံးရှုံးမှုကို ကိုင်တွယ် ဆောင်ရွက်ရန် အစိုးရအနေဖြင့် စီစဉ်ရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုးခေါင်သောကြောင့် ပျက်စီးသွားသော သီးနှံများ ပြန်လည်စိုက်ပျိုးရန် အစိုးရက ကူညီမည်ဆိုသည်ထက် စိုက်ပျိုးရေးအဓိက နိုင်ငံဖြစ်ပြီး နှစ်စဉ်အရှုံးပေါ်နေသော လယ်သမားများ၏ အကျိုးစီးပွားအတွက် အစိုးရမှ သေချာသော အာမခံစနစ်တစ်ခု ထူထောင်ပေးရန် လိုအပ်ကြောင်း ဆန်စပါးသုတေသနပညာရှင် ဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးတောင်သူများ နှစ်စဉ်ဆက်တိုက် အရှုံးပေါ်နေခြင်းနှင့်ပတ်သက်၍ အစိုးရအနေဖြင့် လုပ်ဆောင်သင့်သည့်အချက်ကို ယခုကဲ့သို့ အကြံပြုပြောကြားသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာလို စိုက်ပျိုးရေးဌာနနဲ့ မိုးလေ၀သဌာနပေါင်းစပ်ပြီး တောင်သူတွေကို ပညာပေးတဲ့ စိုက်ပျိုးရေးမိုးလေ၀သဌာနကို ဖွဲ့စည်းသင့်တယ်။ စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်မှု ကောင်းမှသာ ပျက်စီးဆုံးရှုံးမှုနည်းမယ်” ဟု ၎င်းကပြောသည်။

Credit To 7Day Journal
Read More »

တတိယလှိုင်းတွင် ပါခဲ့သော်လည်း


ရေးသားသူ- အောင်သူရ

“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ခြောက်တာမပါဘူး”ဟု အာဏာရှင် ဦးနေ၀င်း၏ စိန်ခေါ်သံကို ၁၉၈၈ ခုနှစ် ဇူလိုင် ၂၅ ရက် ည၈ နာရီတွင် ပြည်သူအားလုံးကြားလိုက်ရသည်။

“အဲဒါနောက်ကို ဆူဆူပူပူလုပ်လို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူးလို့ သာမှတ်ပေတော့”ဟု လည်း ဦးနေ၀င်းက ဆက်
လက်ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုကဒေါသဖြစ်နေ သောပြည်သူများကို ကြောက်ရွံ့မ သွားစေဘဲ လမ်းပေါ်သို့ ပိုတက် လာစေခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌ ဦးနေ၀င်း၏အရေးပေါ် ပါတီညီလာခံတွင်ပြောသော ထိုအသံကို ရေဒီယိုမှ တစ်ဆင့် ကြားလိုက်ရသော (၁၉) နှစ်အရွယ်သာရှိသေးသည့် ကိုဉာဏ်လင်းမှာ ကြက်သီးများထလာပြီး သူ၏မှတ်စုစာအုပ်တွင်ထိုစာသားကို ရေး မှတ်ထားလိုက်သည်။ ထို့နောက်သူ့အိမ်တွင်ရှိသော အခြားမိသားစုများနှင့် သူငယ်ချင်းများအား ထိုစာသားကိုပြသလိုက်သည်။

နောက်ပိုင်းဦးနေ၀င်းမှာ ပါတီဥက္ကဋ္ဌနိုင်ငံတော်အကြီးအကဲ ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း တစ်တိုင်းပြည်လုံးဆန္ဒပြမှုများ ဖြစ်ခဲ့
ပြီး ရှစ်လေးလုံးအရေးအခင်းကြီးဖြစ်ပွားခဲ့သည်။

ထိုအချိန်သည်တိုက်တိုက် ဆိုင်ဆိုင်တစ်ကမ္ဘာလုံးတွင် အာဏာရှင်တစ်ပါတီစနစ်၏ မအောင်မြင်မှုများအားစိတ်ပျက်နေချိန်၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန် နိုင်ငံများကြိုးပမ်းနေချိန်ဖြစ်သည်။ ထိုကာလကို ပညာရှင်များက တတိယလှိုင်းဟု တင်စားခေါ်ဝေါ်ခဲ့ကြ
သည်။ ပေါ်တူဂီနိုင်ငံတွင်အာဏာ ရှင်အစိုးရအား ၁၉၇၄ ခုနှစ်ဧပြီ ၂၅ ရက်တွင် အငယ်တန်းစစ် ခေါင်းဆောင်များနှင့် ဒီမိုကရေစီ လိုလားသူများက အာဏာသိမ်းမှု ပြုလုပ်နိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ တတိယလှိုင်းစတင်ခဲ့သည်ဟု ပညာရှင်များကဆိုသည်။

ထိုလှိုင်းလုံးကြီးမှာ ပေါ်တူဂီနိုင်ငံမှ တစ်ဆင့်အရှေ့ဥရောပနိုင်ငံများသို့ ကူးစက်ခဲ့ပြီး စပိန်နှင့် ဂရိနိုင်ငံများတွင် ပြောင်းလဲမှုများ ဖြစ် ပေါ်ခဲ့သည်။ ထို့နောက် လက်တင်အမေရိကသို့ရောက်ရှိသွားပြီး တစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားခဲ့သည်။ တတိယလှိုင်းကို ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော် ထိတွေ့ခဲ့ပြီး အချို့မှာအောင်မြင်မှုရရှိခဲ့သည်။ မြန်မာနိုင်ငံသို့ တတိယလှိုင်းမှာ ၁၉၈၈ ၀န်းကျင်တွင်ရောက်လာသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းမှာ ၁၈၃၈ မှ ၁၉၂၆ ခုနှစ်အထိဖြစ်ပွားခဲ့သည်။ အမေရိကန်လွတ်လပ်ရေးစစ်ပွဲနှင့် ပြင် သစ်တော်လှန်ရေးစစ်ပွဲတို့မှ စ တင်ဖြစ်ပေါ်လာခဲ့သည်။ ခေတ် ဟောင်း ပဒေသရာဇ်စနစ်နှင့် ပြတ်ပြတ်သားသား လမ်းခွဲပြီး အပြီး
တိုင်ဖယ်ရှားသော တော်လှန်ပြောင်းလဲနည်းဖြင့် သွားခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအားလုံး၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းလောက် ဒီမို
ကရေစီနိုင်ငံရေးနယ်ပယ်ထဲသို့ ရောက်သွားခဲ့သည်။

ဒုတိယလှိုင်းကိုမူ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၃ မှ ၁၉၆၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ စစ်ရှုံးနိုင်ငံများဖြစ်သော ဂျာမနီ၊ ဂျပန်နှင့်လွတ်လပ်ခါစနိုင်ငံများ တွင် ဗဟိုပြုဖြစ်ပေါ်ခဲ့သည်။ ဒုတိယလှိုင်း၏ ပုံစံမှာအပေါ်မှလာ သော ဖြစ်ပေါ်ပြောင်းလဲမှုဟုဆို
နိုင်သည်။ ဒုတိယလှိုင်းကာလအတွင်း ကမ္ဘာ့နိုင်ငံအားလုံး၏၃၂ ဒသမ ၄ ရာခိုင်နှုန်း ဒီမိုကရေစီ နိုင်ငံရေး နယ်ပယ်ထဲသို့ရောက်
ရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဒုတိယလှိုင်း ကာလအတွင်း စစ်တလင်းဖြစ်ခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်းကာ အင်္ဂလိပ်တို့အား တိုက်ထုတ်ခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ်တွင် မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဖက်ဆစ်ဂျပန်တို့အား ပြန်လည်တိုက်ခိုက်ခဲ့ပြီး ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရရှိခဲ့သည်။

လွတ်လပ်ရေးရပြီး မြန်မာ နိုင်ငံတွင် ပါလီမန်ဒီမိုကရေစီ စနစ်ကျင့်သုံးခဲ့သည်။ ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရသဖြင့် ထိုစနစ်အား
ကောင်းအောင် မဆောင်ရွက်နိုင်မီ ၁၉၆၂ခုနှစ်တွင်တပ်မတော်မှ အာဏာသိမ်းပြီးနောက် တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ကြ
သည်။ ထိုကဲ့သို့တစ်ပါတီအာဏာ ရှင် စနစ်ကျင့်သုံးခဲ့ပြီး မှားယွင်းသော မူဝါဒများကြောင့် တစ်ချိန်က အရှေ့တောင်အာရှတွင် ချမ်းသာ
ခဲ့သော မြန်မာနိုင်ငံမှာ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LCD) နိုင်ငံစာရင်းဝင်သွားခဲ့သည်။

ထိုကဲ့သို့တိုင်းပြည်ဆင်းရဲနေချိန် ၁၉၈၈ ခုနှစ်မတ်လ ၁၂ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် အရပ်သား အချို့ခိုက်ရန်ဖြစ်ပွားရာ အစိုးရနှင့် ကျောင်းသားများကြားတင်းမာမှုများစခဲ့သည်။ ထိုကိစ္စကို အစိုးရတာဝန်ရှိသူများက ပြေလည်
အောင်မဖြေရှင်းပေးသည့် အပြင် အင်အားသုံးဖြိုခွင်းခဲ့သည့် အတွက် ကျောင်းသားလှုပ်ရှားမှုများမှတစ်ဆင့် လူထုအုံကြွမှုကြီး ဖြစ်
လာခဲ့သည်။

ထိုကြောင့် ထိုအချိန်ကတစ် ပါ တီအာဏာရှင်ဖြစ်ခဲ့သော ဦးနေ၀င်းမှာ အရေးပေါ်ပါတီညီလာခံ ကို ဇူလိုင် ၂၃ ရက်တွင် ခေါ်ယူပြီး ပြည်သူလူထုအား စိန်ခေါ်သည့် သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက်ဇူလိုင် ၂၅ ရက် တွင် ဦးနေ၀င်းမှာ ပါတီဥက္ကဋ္ဌ ရာ
ထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဦးစိန်လွင်မှာ ဇူလိုင် ၂၆ ရက်တွင် ပါတီဥက္ကဋ္ဌဖြစ်လာပြီး ယင်းနေ့တွင်ပင် နိုင်ငံတော် သမ္မတရာထူးအား
လက်ခံရယူခဲ့သည်။

ဦးစိန်လွင်နိုင်ငံတော်သမ္မတဖြစ်လာပြီးနောက် ဆန္ဒပြသူများအား စစ်တပ်အင်အားသုံး၍ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ကျောင်းသားများ၊ပြည်သူများ သွေးမြေကျခဲ့သည်။ ထို့နောက်ဦးစိန်လွင် ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီးဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့သည်။

ထိုကာလအတွင်း ဆန္ဒပြပွဲများအား တပ်မတော်မှ အင်အားသုံးပစ်ခတ်မှုများရှိသလို အချို့သော ကြည်း၊ ရေ၊ လေတပ်မတော် သားအချို့ ဆန္ဒပြပွဲများသို့ ပါဝင်လာခဲ့ကြသည်။

“တပ်ထဲမှာအချို့တပ်မှူးတွေ ကပါဝင်ချင်ကြတယ်။ ဒါပေမဲ့ ကာချုပ်(ဟောင်း)ဦးတင်ဦးက တပ်နှစ်ခြမ်းကွဲပြီး အချင်းချင်းပြန် ပစ်မှာ စိုးရိမ်တဲ့အတွက် အချို့တပ်မှူးတွေကနေရာယူပေးမယ်ဆိုတာကို ဦးတင်ဦးက လက်မခံခဲ့ဘူး”ဟု အရေးအခင်းတွင် ပါဝင် ဆနပြခဲ့သူ မင်္ဂလာဒုံလေတပ်မှ တပ်ကြပ်ဦးမြင့်ဝေကပြောသည်။

သို့သော်ပြည်သူများက ဒေါက်တာ မောင်မောင်နုတ်ထွက်ပေးရန်နှင့် အထွေထွေရွေးကောက်ပွဲကျင်းပပေးရန်သာ ဆက်လက်
တောင်းဆိုခဲ့ကြပြီး ဆနပြပွဲများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်လာခဲ့သည်။

၁၉၈၈ ခုနှစ်စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် စစ်တပ်မှ အာဏာလွှဲပြောင်းရယူ လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး မြန်မာနိုင်ငံ
သည် စစ်အုပ်ချုပ်ရေးအောက်သို့ ရောက်ရှိခဲ့သည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ
ပေးခဲ့သော်လည်းအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား အာဏာမပေးဘဲ ဆက်
လက်အုပ်ချုပ်ခဲ့သည်။

“အတိုက်အခံဘက်ကလည်းတွေ့ဆုံဆွေးနွေးဖို့ပြောတယ်။ဗိုလ်ချုပ်ခင်ညွန့်တို့ ဘက်ကလည်းတွေ့ဆုံဆွေးနွေးဖို့ခေါ်တယ်။ ဒါပေမဲ့ဆွေးနွေးပွဲတွေ တကယ်ဖြစ်မလာခဲ့ဘူး။ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေးပါမယ်လို့ပြောတာပဲဖြစ်သွားတယ်”ဟု
၈၈ အရေးအခင်းတွင်ပါဝင်ခဲ့ဖူးပြီး လက်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် အကြီးတန်းအရာရှိအဖြစ်လုပ်ကိုင်နေသူ ဦးအောင်နိုင်
ဦးကပြောသည်။ ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မဆွေးနွေးနိုင်ခဲ့သည်များကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ ကျော်ကြာ နောက်ကျ ကျန်ခဲ့သည်ဟု ဦးအောင်နိုင်ဦး ကသုံးသပ်သည်။

ထိုအချိန်ကအဓိက အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အထမ မြောက်ခဲ့ဘဲ ၎င်းင်းအပါအ၀င် အ တိုက်အခံခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင်များ အဖမ်းခံခဲ့ရပြီး အချို့နယ်စပ် ဒေသများသို့ထွက်သွားခဲ့ကြသည်။

“နံပါတ်အနေနဲ့ကတော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူတဲ့တပ်မတော်က ဒီအပြောင်းအလဲမှာ တစ်သားတည်းမပါလာတာက နံပါတ်တစ်ပဲ။ စစ်တပ်သြ ဇာရှိတဲ့ နိုင်ငံအများစုကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့အခါမှာ စစ်တပ်က ပုံစံ
တစ်မျိုးနဲ့အဲဒီအပြောင်းအလဲကို ထောက်ခံအားပေးပြီး စစ်တပ်သြဇာရှိတဲ့ နိုင်ငံတွေမှာအဲဒီလိုထောက်ခံမှုမရှိဘူးဆိုရင် အဲဒီအပြောင်း
အလဲက လုပ်လို့ကိုမရဘူး”ဟု ပဋိပက္ခရေးရာများသင်ယူခဲ့သူ ဒေါက်တာမင်းဇော်ဦးကပြောသည်။

၁၉၈၈ ခုနှစ်အရေးအခင်း ကာလတွင် တပ်မတော်သားအချို့မှာ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းခဲ့သော်လည်း ထိုပမာဏမှာ မြန်မာနိုင်ငံတွင် ထိုအချိန်က ရှိခဲ့သော တပ်မတော်အင်အားနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မ
တော်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာ့တပ်မတော် အား မြန်မာနိုင်ငံလွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ပေးခဲ့ပြီး မြန်မာနိုင်ငံရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့၍ ဦးသန့် အရေးအခင်းမတိုင်မီအထိ ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့သည်။

“နိုင်ငံတော်လုံခြုံရေးကို ထိပါးတဲ့ကိစ္စမျိုးအထူးသဖြင့် အစိုးရကနေပြီးတော့ တည်ငြိမ်အေး ချမ်းရေးအတွက်မထိန်းနိုင်တော့ ဘူးဆိုတဲ့ အခြေအနေမျိုးတွေဖြစ် လာရင်တော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ရှိတဲ့တပ်မတော်အနေနဲ့ နိုင်ငံရေးထဲဝင်လာတာကျွန်တော်
တို့တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်” ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။

ထို့ကြောင့် တိုင်းပြည်အပြောင်းအလဲဖြစ်နေချိန်တွင် တပ် မတော်အနေဖြင့် နိုင်ငံရေးထဲ ပြန်ပါမလာရန်နှင့် တပ်မတော်ကိုယ် တိုင်က အပြောင်းအလဲကို လိုလိုလားလားနှင့် လက်ခံလာရန်လိုအပ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျပ်အတည်းများနှင့် စီးပွား ရေးအကျပ်အတည်းများ နောက်ထပ်မဖြစ်ရန် လိုအပ်သည်ဟုလည်း ပညာရှင်များက အကြံပြုပြောကြားကြသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေ စီစနစ်သို့သွားရာတွင် လက်နက် ကိုင်အင်အားစုဖြစ်သော တပ်မတော်အား ဒီမိုကရေစီအလေ့အ ထများလက်ခံလာအောင်၊ နားလည်လာအောင် ဆောင်ရွက်ရသည်ဟု တာတေစနေသားစာအုပ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနု ကရေးသားထားသည်။

ထို့ကြောင့်ပင် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မြန်မာ့တပ်မတော်အား ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီသောတပ်မတော်ဖြစ်ရန် ဗြိတိန်နိုင်ငံသို့ အကူအညီတောင်းခဲ့သည်။ ထို့ကြောင့်လည်းဗြိတိန်နိုင်ငံတွင် မြန်မာနိုင်ငံဆိုင်
ရာ စစ်သံမှူးခန့်အပ်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်လာခဲ့သည်။ အလားတူ အမေရိကန်တပ်မတော်အနေ ဖြင့်လည်း မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ လုပ်လာခဲ့သည်။

ထို့အပြင် မြန်မာ့တပ်မတော်တွင် တတိယခေါင်းဆောင်ဖြစ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရင်းရင်းနှီးနှီးဆက်
ဆံမှုများ၊ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လာပြီး ပြီးခဲ့သည့်နှစ် တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်
တိုင် တက်ရောက်အားပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်လုံခြုံ ရေး တာဝန်ယူထားသော တပ်မတော်နှင့် ဒီမိုကရေစီ အင်အားစု
များကြားဟန်ချက်ညီညီ သွားနိုင်မှသာ မြန်မာ့ဒီမိုကရေစီအရေးဖြောင့်ဖြူးမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်ကျော်သင်ခန်းစာအားပြန်ကြည့် လျှင် ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့သည့် မြန်မာ့တပ်မတော်
သည်လည်း ပြည်သူလူထုနှင့် ဝေးကွာခဲ့ရသည်။ တိုင်းပြည်လည်းချွတ်ခြုံကျခဲ့သည်။ တိုင်းပြည်လည်း နောက်ကျ ကျန်ခဲ့ရသည်။ မျိုးဆက်များစွာ ပျက်စီးခဲ့သည်။

ထိုအရာသည်ကား သမိုင်း ကပေးသော သင်ခန်းစာဖြစ်ခဲ့ သည်။ ပညာရှင်များ၏ အဆိုအရ၊လေ့လာချက်အရ တတိယလှိုင်း၏ အဖြေမှာ “အပေးအယူသဘော၊ ညှိနှိုင်းအဖြေရှာကြရသည့် စားပွဲဝိုင်းယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းဖို့လို့လိမ့်မည်ဟု သတိပေးသည်။
ကိုးကား-မြန်မာနိုင်ငံရေး၊ ဓလေ့နှင့် တတိယလှိုင်းအတွေ့(ကျော်ဝင်း) OUTRAGE BURMA'S STRUGGLE FOR DEMOCRACY (Bertil Limtner)

Credit To 7Day Journal
Read More »

အရုဏ်ဦးလွတ်လပ်ရေး (၇)



(နေသန်မောင်)

တက္ကသိုလ်ရောက် နတ်မောက်သား

လယ်သမားအရေးတော်ပုံ အဆုံးသတ်ခါနီးကာလ ၁၉၃၁ ၌ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အထင်ကရ ဖြစ်လာမည့် အဖွဲ့အစည်းဖြစ်သော တို့ဗမာ အစည်းအရုံးကို သခင်ဘသောင်းနှင့် သခင်လေးမောင်တို့က ဦးစီးပြီး ထူထောင်လိုက်သည်။ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီများနှင့် ဗြိတိသျှ အရာရှိများကို ဘုရားထူးရခြင်း၊ မြန်မာလူမျိုးတို့ကို ကျွန်သပေါက်အဖြစ် မှတ်ယူကာ အာဏာပိုင်များက သူတို့ကိုယ်သူတို့ သခင်အဖြစ် မှတ်ယူနေခြင်းကြောင့် အစည်းအရုံးဝင် ကိုဘသောင်းက သူ့အမည်ရှေ့ ၌ သခင်တပ်၍ သခင်ဘသောင်းအဖြစ် ခံယူလေသည်။ တို့ဗမာ အစည်းအရုံး စတင်ဖွဲ့စည်း ထူထောင်ခါစတွင် ထိုသို့အမည်ရှေ့၌ သခင်တပ်ခေါ်ခြင်းကို ဒေါက်တာဘမော် အပါအဝင် တိုးတက်သော မြန်မာလူငယ် အများအပြားက အထင်တစ်မျိုး ရောက်ခဲ့ကြသည်။

ရွှေတိဂုံစေတီ တောင်ဘက်စောင်းတန်းတွင် ဝိုင်အမ်ဘီ ဆရာတင် ရေးစပ်သော တို့ဗမာသီချင်းကို ရင်ပြင်တော်ရှေ့၌ ပထမဦးဆုံးအကြိမ် စတင်သီဆိုသည်။ ရန်ကုန်မြို့နေ ပြည်သူအများ နားထောင်စေရန် ရည်ရွယ်ပြီး မြို့အတွင်း သုံးကြိမ်ခန့်သာ လှည့်လည်သီဆိုသည်။ တို့ဗမာ သီချင်းစာရွက်အား တစ်စောင်လျှင် ငွေနှစ်ပြားဖြင့် ရောင်းချရာ အရောင်းတွင်ကျယ်ခဲ့သည်။ တို့ဗမာ အစည်းအရုံးသည် တို့ဗမာသီချင်းကို တက္ကသိုလ်၌သီဆိုရန် ဆန္ဒရှိရာ ထိုအချိန်၌ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ ဥပဒေကျောင်းသား ကိုနုထံ ချဉ်းကပ်ကြသည်။ လူငယ်အဖွဲ့ချုပ်ဝင် ခေါင်းဆောင်အများစုသည် ထိုအချိန်၌ တို့ဗမာအစည်းအရုံးဝင် သခင်များ ဖြစ်ကြသည်။

ကိုနုသည် သူနေထိုင်ရာ သထုံကျောင်းဆောင်တွင် တို့ဗမာသီချင်း သီဆိုနိုင်ရန် စီစဉ်သည်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ကျောင်းအုပ်ကြီး ဒီ၊ ဂျေ၊ စလော့စ်ထံသွားပြီး သီဆိုခွင့်ပေးရန် ခွင့်တောင်းသော်လည်း ခွင့်ပြုချက် မရသဖြင့် သထုံဆောင် အဆောင်မှူး ဦးဖေမောင်တင်ထံ ခွင့်တောင်းသည်။ အဆင်ပြေသောကြောင့် ထိုညတွင် သထုံကျောင်းဆောင်၌ တို့ဗမာ သီချင်းကို သီဆိုကြရာ ကျောင်းသားအများအပြား တက်ရောက်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး စလော့စ်က ကိုနုကို လာရောက်တွေ့ဖို့ နို့တစ်စာထုတ်ခဲ့သည်။ သွားတွေ့ပြီး ဖြေရှင်းကာ ပြဿနာမှာ ပြေလည်ခဲ့သည်။

ဆရာစံ အရေးတော်ပုံကြောင့် မြန်မာလူငယ်များကြား အမျိုးသားရေးစိတ်ဓာတ် ပိုမိုထက်သန်လာနေသည်။ ယင်းအနက် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသော ကိုအောင်ဆန်း တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ ကိုအောင်ဆန်း တက္ကသိုလ်သို့ ရောက်သောနှစ်မှာ ၁၉၃၂ ခုနှစ်ဖြစ်ပြီး ဆရာစံအရေးတော်ပုံ ဖြစ်ပွားပြီး တစ်နှစ်အကြာတွင် ဖြစ်သည်။ ကိုအောင်ဆန်းသည် ပထမနှစ် ဥပစာတန်းတွင် စတင်တက်ရောက်သည်။

၁၈ နှစ်အရွယ် ကိုအောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားလေးပင် ဖြစ်သည်။ မိမိကိုယ်ကိုယ်မိမိ လူ့မလိုင်ဟု အထင်ရောက်နေကာ ကျော့ကျော့မော့မော့ ဝင့်ဝင့်ကြွားကြွား ဝတ်ဆင်နေထိုင်ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား အသိုင်းအဝိုင်းတွင် မျက်နှာထား ရှုသိုးသိုးနှင့် အဝတ်အစား ဖိုသီဖတ်သီ ဝတ်ဆင်သော ကိုအောင်ဆန်းတစ်ယောက် အံမဝင်ခွင်မကျ ဖြစ်နေသည်။ သူ့ထက် သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှု ကိုလည်း ဂရုမစိုက်။

ကျောင်းရောက်စ ပထမနှစ်ဝက်၌ပင် ကျောင်းသားသမဂ္ဂမှ စီစဉ်သည့် စကားဝိုင်း ဒီဘိတ်တစ်ခုကို ကိုအောင်ဆန်း တက်ခဲ့သည်။ ယင်းဒီဘိတ်၌ ကိုအောင်ဆန်း၏ အစ်ကို ကိုအောင်သန်းက ဘုန်းကြီးများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းနှင့် စပ်လျဉ်းပြီး မေးခွန်းထုတ်ကာ ရဟန်းသံဃာများ နိုင်ငံရေးတွင် မပါဝင်သင့်ဟု အဆိုတင်သွင်းသည်။ ဆွေးနွေးငြင်းခုံမှုကို အင်္ဂလိပ်စကားဖြင့်သာ ပြောဆိုရသည်။ ထိုသမဂ္ဂ ဒီဘိတ်များကို ပြင်ပမှ ဝါရင့်နိုင်ငံရေးသမားများလည်း ရံဖန်ရံခါ တက်ရောက် နားထောင်တတ်သည်။

တက္ကသိုလ်ရောက်စ အင်္ဂလိပ်စာ မတောက်တခေါက်တတ် နတ်မောက်သား ကိုအောင်ဆန်းအတွက် မြန်မာစကားဖြင့် ဆွေးနွေးငြင်းခုံရာတွင် အတွေ့အကြုံ များစွာရှိသော်လည်း သမဂ္ဂဆွေးနွေးပွဲကဲ့သို့ လူအများရှေ့ အင်္ဂလိပ်စကားဖြင့် ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို့ အရေးသည် လွယ်ကူလှသည် မဟုတ်ပေ။

ကိုအောင်ဆန်းသည် သူ့အစ်ကို ကိုအောင်သန်း တင်ပြသော ဘုန်းကြီးများ နိုင်ငံရေးတွင် မပါဝင်သင့်ဆိုသည့် အဆိုကို ထောက်ခံရန် ထိုင်ရာမှထပြီး ဆွေးနွေးသည်။ ကိုအောင်ဆန်း၏ မပြေပြစ်သော စကားပြေဟန်၊ ညံ့ဖျင်းသော အင်္ဂလိပ်စာနှင့် မယဉ်ကျေးသော ကိုယ်နေဟန်ပန် တို့ကြောင့် ကျောင်းသားအများစုက နေရာတွင် ပြန်ထိုင်ရန် အော်ဟစ်ကြသည်။ သို့သော် ကိုအောင်ဆန်းသည် ကန့်ကွက်မှုများကို အလေးမထားဘဲ သူပြောလိုသည့် အကြောင်းအရာကို ပါဠိစကားများ ညှပ်သုံးကာ ပြီးဆုံးသည့်တိုင် ဆက်ပြီးပြောသည်။

ထိုစကားစစ်ထိုးပွဲမှ ရရှိသည့် သင်ခန်းစာများအရ ကိုအောင်ဆန်းသည် အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်ရန် အရေးကြီးသည်ကို အသိအမှတ်ပြုပြီး သူ၏အင်္ဂလိပ်စာကို တိုးတက်အောင် ကြိုးစားသည်။ မြန်မာပြည် မြေလတ်ပိုင်းတွင် ကြီးပြင်းခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ရသည့် ကိုအောင်ဆန်းအတွက် အင်္ဂလိပ်စာ တတ်မြောက်ရန် အားထုတ်မှုသည် ထူးခြားချက်တစ်ခု ဖြစ်သည်။ တက္ကသိုလ်ရောက် ကိုအောင်ဆန်းသည် စကားပြောမပြေပြစ်၊ လူမှုဆက်ဆံရေး အားနည်းမှုများကြောင့် အပေါင်းအသင်းများ မရှိသလို သူနေထိုင်သော ပဲခူးဆောင်၏ သဟာယ စာဖတ်အသင်းနှင့် အဆောင်ကျောင်းသား သမဂ္ဂတွင် ဝင်ရောက် လုပ်ကိုင်သော်လည်း ကျောင်းသားများ၏ ထောက်ခံမှုကို မရခဲ့ပေ။ တက္ကသိုလ်ကျောင်းရောက် ကိုအောင်ဆန်း၏ စရိုက်လက္ခဏာများကို ၁၉၃၈ ခုနှစ်အတွင်း သူနှင့် ခင်မင်ရင်းနှီးခဲ့သူ ကိုဌေးမြိုင် (စာရေးဆရာ ဒဂုန်တာရာ) က အောင်ဆန်း (သို့) အရိုင်းဆောင်းပါး၌ အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည်။

“သူ့တွင် သိမ်မွေ့ခြင်းမရှိ၊ အလှအပကို မမက်မော။ သူသည် ကြမ်းတမ်းသည်၊ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာများကို မလိုက်စား။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင်မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။ သူ့တွင် နိုင်ငံရေး ဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သောသူဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။”

ကိုအောင်ဆန်းသည် လူမှုဆက်ဆံရေး ညံ့ဖျင်းသည်ဟူသော အမြင်များ တက္ကသိုလ်လောက၌ တိုးပွားလာသော်လည်း သူ့အပြောအဆို အနေအထိုင်နှင့် အမူအကျင့်များကို ကြိုးစားပြီး မပြင်ခဲ့ပေ။ ထိုအကြောင်း ကိုအောင်ဆန်း၏ ယူဆချက်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ရံဖန်ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက်၊ မြင်ပြင်းကတ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိ ခွဲပစ်ချင်သည့် စိတ်များ ရှိလာသည်” ဟု ဆိုသည်။ သို့သော် လူရိုင်းများကို ကိုအောင်ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး လွတ်လပ်ချမ်းသာစွာ နေထိုင်သူများဟု သူက အမွှမ်းတင်ထားခြင်း ဖြစ်သည်။

ကိုအောင်ဆန်းသည် တက္ကသိုလ်တွင် ပြုလုပ်သော အစည်းအဝေးများ၊ စကားဝိုင်းများသို့ မပျက်မကွက် တက်ရောက်လေ့ ရှိသည်။ သူသည် အချစ်ရေး၊ လူမှုရေး ကိစ္စများတွင် စိတ်ဝင်စားခြင်းမရှိဘဲ တုဏှီဘာဝေ နေလေ့ရှိသည်။ သူ့ကို ကျောင်းသားအများစုက နားမလည်ကြ။ ထိုအချိန်တွင် ကိုအောင်ဆန်းသည် ကမ္ဘာ့အတွေးအခေါ် ပညာရှင်ကြီးများ ဖြစ်ကြသည့် ပလေတို၊ ဆိုကရေးတီး၊ ကားလ်မာ့စ်တို့၏ စာအုပ်များကို ဖတ်နေသည်။ ကျောင်းသား ဆွေးနွေးပွဲများ၊ စကားဝိုင်းများသို့ တက်ရောက်ပြီး သူဖတ်ထားသော စာအုပ်များအတွင်းမှ မှတ်သားထားသည်များကို တစ်ဖက်သား နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ ပြောနေလေတော့သည်။ မည်သည့် အခမ်းအနား၌မဆို ကျောင်းသားတိုင်း ဝင်ရောက် ဆွေးနွေးနိုင်သည်ဟု ကြေညာသည်နှင့် ကိုအောင်ဆန်းသည် ထိုင်ခုံမှထကာ လက်သီးလက်မောင်းတန်း ဝင်ရောက် ဆွေးနွေးလေတော့သည်။

ပြင်ပမှ ဝင်ရောက် ဆွေးနွေးသူတိုင်း စကားပြောချိန် ငါးမိနစ်သာရပြီး အချိန်စေ့သည့်အခါ ဘဲလ်တီးလေ့ ရှိသည်။ ကိုအောင်ဆန်းသည် သူ၏စကား မပြီးမချင်း အချက်ပေးခေါင်းလောင်း တီးသည်ကို ဂရုမပြုဘဲ ဆက်ပြီးပြောသည်။ အောက်မှ နားထောင်သော ပရိသတ်က လက်ခုပ်များ တဖြောင်းဖြောင်းတီးပြီး “အောင်ဆန်း၊ အရူး။ တော်ပါတော့” ဟု အော်ဟစ်ကြသည်။ သို့သော် ကိုအောင်ဆန်းကား ယင်းသို့ ရှုတ်ချမှုများကို ဂရုမစိုက်ဘဲ ပြောလိုရာကို ပြီးဆုံးအောင် ဆက်ပြောသည်။ တက္ကသိုလ်ကျောင်းသား လောက၌ ကိုအောင်ဆန်းသည် အလိုက်ကန်းဆိုး မသိသော၊ သူရူး တစ်ယောက်သဖွယ် သတ်မှတ်ခြင်း ခံလာရသည်။

ကိုအောင်ဆန်း ကျောင်းသားသမဂ္ဂ အစည်းအဝေးတစ်ခုတွင် စကားပြောခဲ့သည့် အဖြစ်အပျက်တစ်ခုကို သူ၏လုပ်ဖော်ကိုင်ဖက် ဖြစ်လာမည့် ကိုလှဖေ (နောင် သခင်လှဖေ၊ ဗိုလ်လက်ျာ) က အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့သည်။

“သူ့အင်္ဂလိပ်စာမှာ ပြည့်စုံမှု မရှိသော်လည်း သူသည် အင်္ဂလိပ်လို ပြောသည်။ သူပြောသမျှကို ကျောင်းသားတွေ နားထောင်ကြသည်။ ထို့နောက် သူ့စကားပြီးဆုံးစေရန် လက်ခုပ်တီးကြသည်။ အောင်ဆန်းသည် စကားဆက်ပြောသည်။ မည်သူမျှ သူ့အင်္ဂလိပ်စကားကို နားမလည်ကြပေ။ သူသည် ဒေါက်တာဘမော်နှင့် ဦးမောင်မောင်ကြီးတို့၏ လေယူလေသိမ်းကို အတုယူ၍ ကြိုးစားပြီး ပြောနေကြောင်း ထင်ရှားသည်။ ကျောင်းသားများက စပြီးအော်လာကြသည်။ ကျွန်တော်သည်လည်း ထိုသို့လိုက်၍ အော်သည်။ အောင်ဆန်းသည် စကားကို မရပ်မနား အလျဉ်မပြတ်ဘဲ ဆက်ပြီး ပြောသည်။ သူပြောစရာရှိသည်များ ပြီးဆုံးသည့်တိုင် ပြောသည်။ သူ့လုပ်ရပ်ကိုကြည့်ပြီး ကျွန်တော် အတော်ပင် မောဟိုက်သွားသည်။ ကျွန်တော်တို့ချင်း ရင်းနှီးမှု တိုးတက်လာသည့်အခါ ယင်းဖြစ်ရပ်အား သူ့ကိုပြန်ပြောင်း ပြောပြသည်။ သူက ရယ်မောလိုက်ပြီး ကျွန်တော် ဆက်ပြောရမှာပေါ့။ တကယ်လို့ ရပ်လိုက်မယ်ဆို နောက်တစ်ကြိမ် စကားပြောခွင့် ရတော့မှာ မဟုတ်ဘူးဟု ပြန်ပြောလေသည်။”

Credit To The Voice Weekly

(ဆက်လက်ဖော်ပြပါမည်)
Read More »

ကေအိုင်အိုအမည်ခံ၍ လူ ၅၀ ဦးနီးပါး သတ်သည်ဟု စွပ်စွဲခံရသူများ ကေအိုင်အိုဖမ်းမိဟုဆို



ကချင်ပြည်နယ် ရွှေကူမြို့နယ် နန့်ဖားကြိုးဝိုင်းအတွင်းရှိ ကချင်သေ ရွှေမှော်ဒေသတွင် ကေအိုင်အို အဖွဲ့အစည်း အမည်ခံ၍ ခြောက်လအတွင်း ကေအိုင်အေ စစ်သားများ အပါအဝင် ဒေသခံ ၄၈ ဦးကို သတ်ခဲ့သည်ဟု စွပ်စွဲခံရသူများကို ဇွန်လ ၂၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကေအိုင်အို အုပ်ချုပ်ရေးအရာရှိ ဦးနော်ဂျာက The Voice သို့ ပြောကြားသည်။

ပြစ်မှုကျူးလွန်သူများတွင် ပါဝင်သော ဘရန်နန်နှင့် ဘရန်ရှောင်ကို လက်ရှိ ကေအိုင်အေ တပ်ရင်း (၁၂) တွင် ထိန်းသိမ်း ထားကြောင်း၊ ခရိုင်အဆင့်မှ ကေအိုင်အိုဗဟို သို့တင်ပြထားပြီး သိမ်းဆည်းရမိသော ထွက်ပြေးတိမ်းရှောင်သွားသူ လရောင်နော်တောင်၏ ဒိုင်ယာရီစာအုပ်နှင့် တရားခံများ၏ ဝန်ခံချက်များအရ ခြောက်လအတွင်း လူ ၄၈ ဦး အသတ်ခံခဲ့ရသည်မှာ မှန်ကန် ကြောင်း ၄င်းက ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူ အဖွဲ့သည် ကေအိုင်အို အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ် ကာ ရွှေကျင်းများတွင် အခွန်ကောက်ခြင်း၊ ကချင်သေဒေသတွင် ဖြတ်သန်းသွားလာ ကြသော ကုန်ကား၊ သစ်ကားများထံမှ ပိုက်ဆံကောက်ခံခြင်း များကိုလည်း ပြုလုပ် ကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။

လရောင်နော်တောင်၊ နော်ဆိုင်း၊ ဘရန်ရှောင်၊ ဘရန်နန် တို့ပါဝင်ကြသော အဖွဲ့ဝင် ကိုးဦးခန့်သည် ကချင်သေရွှေမှော် သို့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ကေအိုင်အို ဗဟိုမှ တိုက်ရိုက်ခန့် ထားသည်ဟုဆိုကာ နော်တောင်က အုပ်ချုပ်ရေးမှူးရာထူး ယူပြီး နော်ဆိုင်းက စခန်မှူးအဖြစ် တာဝန်ယူကာ ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း ကချင်သေ ရွှေမှော်တွင် အလုပ်လုပ်ကိုင်နေသူများက ပြောကြားသည်။

"ကေအိုင်အို အုပ်ချုပ်ရေး အရာရှိ ယာဉ်မောင်း နှစ်ယောက်ကို လူမြင်ကွင်းမှာ သတ်လိုက်တာကစပြီး လူတွေသတ်နေတာကို သိရတယ်"ဟု အမှုအမှန် ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်နေသူ ကချင်သေ ရွှေမှော်မှ ဦးညီဆိုသူက ဆိုသည်။

ကေအိုင်အေ တပ်ရင်း (၁၂)မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးခွန်တန် ဦးစီးသော ကေအိုင်အေ စစ်ကြောင်းက လာရောက် ဖမ်းဆီးရာတွင် ဘရန်ရှောင်နှင့် ဘရန်နန် တို့နှစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့ကာ ကျန်လူများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး လရောက်နော်တောင် ဆိုသူ ကျန်ခဲ့သော ဒိုင်ယာရီစာအုပ်တွင် သတ်ထားပြီးသည့် လူစာရင်းကို နေ့ရက်နှင့် နေရာအတိ အကျဖြင့် မှတ်တမ်းတင်ထားကြောင်း ထပ်မံသတ်မည့် လူစာရင်းကိုလည်း ပြုစုထားကြောင်း ၄င်းက ပြောကြားသည်။

လမ်းကူးရွာမှ အသတ်ခံခဲ့ရသူတစ်ဦး ၏ ဇနီးဖြစ်သူ အမျိုးသမီး တစ်ဦးကလည်း "ကျွန်မ ယောက်ျား အသတ်ခံရတဲ့အမှုကို ခုနစ်လပိုင်းတုန်းက ရဲစခန်းမှာ အမှုဖွင့် ထားတယ်။ ဒီနေ့ထိ ဘာမှ အကြောင်း မပြန်ဘူး"ဟုဆိုသည်။

သို့သော် ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကမျှ အမှုဖွင့်တိုင်ကြားထားခြင်း မရှိဘဲ ဖြစ်ပွားသွားခဲ့သော ဖြစ်စဉ်များကိုလည်း မည်သည့်အကြောင်းအရာ ကိုမှ နယ်မြေခံ ရဲစခန်းအနေဖြင့် တရားဝင်သိရှိထားခြင်း မရှိကြောင်း ရွှေကူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုတိယရဲမှူးဝင်းစိန်က ဖြေကြားသည်။

Credit To The Voice Weekly
Read More »

ဥပဒေဟာ ပြည်သူကိုလုံခြုံမှုပေးဖို့လိုအပ်တယ်


ဇူလိုင်လ (၂၇) ရက်နေ့က အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်း  ကို ပြည်သူအများသိရှိလေ့လာ အကြံပြုနိုင်ရေးအတွက်ထုတ်ပြန်  ကြေညာခဲ့သည်။ ထိုသို့ထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ၊ ရှေ့နေ  ကွန်ရက်မှဦးအောင်သိန်းကိုမေး မြန်းခွင့်ရခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာလက်နက်မပါ ရင်ငြိမ်းချမ်းစွာစုဝေးနိုင်တယ်။ စီတန်းခွင့်ရှိတယ်။ အခုလိုဥပဒေ ကြမ်းထွက်ပေါ်လာတဲ့အပေါ်သဘော ထားလေးပြောပြပေးပါ။
ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံ  ဥပဒေမှာ နိုင်ငံသားတိုင်းဟာ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေမှု စီတန်းလှည့်လည်ခွင့်ရှိတယ်။  ဟောပြောခွင့်လွတ်လပ်စွာထုတ် ဖြန့်ဝေးခွင့်ရှိတယ်။ အခြေခံဥပဒေ  ကပေးထားတာကို ဒီလိုလုပ်ထုံး လုပ်နည်းနည်းဥပဒေတွေနဲ့ ပြန်ပြီး  ထိန်းချုပ်တာကိုတွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့အသင်း”ဖွဲ့ ဥပဒေမူကြမ်းမှာသမဂ္ဂတွေ ကွန်ရက်တွေ၊ ဆန္ဒတူညီတဲ့လူ တွေစုပေါင်းဖွဲ့စည်းထားသော အသင်းအဖွဲ့တွေအစရှိသဖြင့်ပေါ့။ ဒီအဖွဲ့စည်းတွေကမှတ်ပုံတင်ရမယ် လို့ပါတယ်။ မှတ်ပုံမတင်ဘဲနဲ့ ဆောင်ရွက်လို့ရှိရင်တာဝန်ရှိတယ်  သူတွေက ထောင်ဒဏ်သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသိန်းနဲ့ မပိုသောငွေဒဏ်ဖြစ် စေလို့ပါတယ်။ အဲဒီအဖွဲ့စည်းမှာ  ၀င်ရောက်မိတဲ့ လူတွေကိုလည်း ခြောက်လထက်မပိုသောထောင် ဒဏ်၊ ကျပ်တစ်သိန်းထက်မပိုသော  ငွေဒဏ်ရမှတ်ရမည်အစရှိသဖြင့် ပါတယ်။ ယနေ့ကျွန်တော်တို့နိုင်ငံ ဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး  ကြေညာချက်တွေကိုလိုက်နာဖို့လို  အပ်ပါတယ်။ ဒီကြေညာချက်မှာ  လွတ်လပ်စွာစုဝေးခွင့်၊ ဖွဲ့စည်းခွင့် တွေပါပါတယ်။ ဒါတွေနဲ့ ကိုက်ညီ တဲ့အချက်အလက်တွေဟာ ဖွဲ့စည်း ပုံအခြေခံဥပဒေမှာရှိပါတယ်။ ဒီလိုရှိပြီးသားကို ဒီလိုဥပဒေတွေ ပြဋ္ဌာန်းပြီး လုပ်ထုံးလုပ်နည်းတွေ နဲ့ ပြန်ပြီးထိန်းချုပ်မယ်ဆိုရင်တော့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး ကို ဖွဲ့စည်းပုံကပေးပါလျက်နဲ့ ပေးကာပေး၏မရဆိုသလိုဖြစ်မယ် လို့ပြောချင်ပါတယ်။
ဥပဒေတစ်ခု ပြဋ္ဌာန်းတာတော့မယ်ဆိုရင် အဲဒီ ဥပဒေဌာန်းတဲ့ အပေါ်နိုင်ငံသား တွေကိုဘယ်လိုကာကွယ်မှုမျိုးဖြစ်  သင့်ပါသလဲ။
ကျွန်တော်အနေနဲ့ ပြောချင် တာကဒီဥပဒေမှုကြမ်းမှာသင်းပင်း  ဖွဲ့စည်းမယ်ဆိုရင်မှတ်ပုံတင်ရမယ် လို့သတ်မှတ်ချက်ဟာလေးလေးနက် နက်နဲ့ အခြားအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့ ထုတ်ပြန်ကြေညာ ချက်တွေထုတ်ပြန်သွားဖို့လိုအပ် ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို  အားပြုတဲ့ဥပဒေကြမ်းပဲဖြစ်စေ ချင်ပါတယ်။ ဥပဒေတစ်ရပ်ထွက် ရင်ပြည်သူကိုကာကွယ်တဲ့ဥပဒေ  ပြည်သူတွေကိုလွတ်လပ်စွာနေထိုင်  နိုင်တဲ့ဥပဒေကိုဘဲလိုချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲပြည်သူကိုထိန်း ချုပ်ပြီးထောင်ချမယ်ဆိုတဲ့ဥပဒေ ကို ပြဋ္ဌာန်းနေရင်းယနေ့တိုင်ပြည်  အပြောင်းလဲမှာခေတ်နဲ့မလျော်ညီ တော့ဘူးလိုပြောချင်းပါတယ်။
ဥပဒေကြမ်းမှာပါရှိတဲ့ အတိုင်းမြန်မာပြည်မှာမှတ်ပုံမတင် ဘဲ ရပ်တည်နေတာအဖွဲ့အစည်း  တော်တော်များများရှိပါတယ်။ ဒီလိုရပ်တည်နေတဲ့အဖွဲ့စည်းတွေ အပေါ်ဘယ်လိုအကျိုးသက်ရောက်  နိုင်ပါသလဲ။
ဒီမေးခွန်းအပေါ်ကျွန်တော် အနေနဲ့ ပြောရမယ်ဆိုရင်ဥပမာ ပေါ့။သမဂ္ဂဆိုတာအဖွဲ့တစ်ခုပါ။ ဥပဒေကြမ်းထဲမှာပါတဲ့အတိုင်း ရည်ရွယ်ချက်ပြောင်းသွားရင် တောင်ထိုက်သင်တဲ့အပြစ်ဒဏ်ကို ခံကြရမယ်လို့ပါတယ်။ ဒီကိစ္စတွေ ကို စဉ်းစားဖို့လိုတယ်။ ထပ်ပြော ရရင်ရှစ်ဆယ်ရှစ်ငြိမ်းချမ်းရေးနဲ့  ပွင့်လင်လူအဖွဲ့စည်းဟာဒီနေ့ပြည် တွင်းအစိုးရနဲ့ရော၊ ပြည်ပနိုင်ငံ တကာအစိုးရနဲ့ရော ဆွေးနွေးပြော  ဆိုမှုတွေလုပ်နေတယ်။ ဒီလိုအဖွဲ့  စည်းမျိုးကိုမှတ်ပုံတင်ရမယ်ဆိုရင် ဘယ်သဘာဝကြလိမ့်မလဲ ယနေ့မြန်မာပြည်မှာ သွေးလှူတဲ့ ကွန်ယက်တွေ၊ ပြည်သူတွေနဲ့ လိုအပ်ချက်ကိုဖြည်းဆည်းနေတဲ့ အဖွဲ့စည်းတွေအများကြီးရှိတယ်။ ဒီလိုအဖွဲ့စည်းတွေမရှိတော့ရင် သူတို့အစားဘယ်သူတွေက ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမှာလည်း မေးချင်းပါ တယ်။ ပြည်သူ့တွေရဲ့အခက်ခဲကို လက်တွေ့ကြကြကွင်းဆင်းဆောင် ရွက်ပေးနေတဲ့ မိတ်္ထီလာပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေးနှင့် (၂) ဦးကို တရားစွဲထားတယ်။ သူတို့ကို ယခင် ဥပဒေမှာပါတဲ့ သင်းဖွဲ့နဲ့စွဲတာ ကျွန်တော်နားလည်တာကတော့ ဒီလိုအဖွဲ့စည်းမျိုးတွေမှတ်ပုံတင်ရ  မယ်ဆိုတာမဟုတ်ဘူး။ ပြည်သူတွေ   ရဲ့လိုအပ်ချက်ကိုထဲထဲဝင်ဝင်လုပ် နေတဲ့လူတွေအတွက် အခက်အခဲတွေ  များစွာဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံကိုအားပြုတဲ့ ဥပဒေတွေပေါ်ထွန်းဖို့လိုအပ်ပါ တယ်။ ဒါမှသာ နိုင်ငံသား တစ်ယောက်ကို ကာကွယ်လုံခြုံ မှုပေးနိုင်မှာပါ။
Credit To Hot News Journal

မျိုးကျော်
Read More »

ငြိမ်းချမ်းရေးရရန် အခြေခံအချက်များတွင် သမ္မတကိုယ်တိုင်ငြိမ်းချမ်းရေးလိုလားသူဖြစ်ရန်လို


မြန်မာနိုင်ငံ၌တစ်ပြည်လုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး   ရရှိရန်အတွက် အချက် (၆) ချက် လိုအပ်ကြောင်း ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက သြဂုတ်လ  ၃ ရက်နေ့တွင် ပြောကြားခဲ့ သည်။
“တစ်ပြည်လုံးအတိုင်းအတာ နဲ့ ငြိမ်းချမ်းရေးရဖို့အချက်ခြောက်  ချက်လိုပါတယ်။ တစ်အချက်က  နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က ငြိမ်းချမ်းရေးကိုလိုလားရမယ်။ နှစ်အချက်က တိုင်းရင်းသားလက် နက်ကိုင်တွေကလည်း ငြိမ်းချမ်း ရေးကိုလိုလားရမယ်။ သုံးအချက်  ကတော့ တိုင်းရင်းသားလက်နက်  ကိုင်တွေနဲ့ ရင်ဆိုင်နေတဲ့ တပ်မတော်ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကိုလိုလားရမယ်။ လေးအချက်အနေနဲ့ ပြည်သူလူထု  သန်းခြောက်ဆယ်ကလည်း ငြိမ်းချမ်းရေးကိုလိုလားရမယ်။  ငါးအချက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်း ရေးကိုလိုလားရမယ်။ ခြောက် အချက်ကတော့ ပလေယာလုပ် ဆောင်သူတွေလည်းလိုအပ်မယ်”ဟု   ပြည်ထောင်စုဝန်ကြီးကပြောသည်။မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်း ရှင်းများ အသင်းချုပ်၌ကျင်းပသော  Cost of Conflict and Cost of Peace ခေါင်းစဉ်ဖြင့်ဟောပြောပွဲတွင် ၀န်ကြီးကအထက်ပါအတိုင်းပြော  ကြားခဲ့ခြင်းဖြစ်သည်။
Credit To Hot News Journal

ကျော်မာဃ
Read More »

ဖက်ဒရယ်စနစ်သို့သွားရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ဖြည့်စွက်ပြင်ဆင်သည့် နည်းလမ်းအား အသုံးပြု အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော် နာယက တိုက်တွန်း



တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ
ဖက်ဒရယ်သို့ သွားရန်အတွက် ပြည်ထောင်စုလွှတ်တော် နာယကမှ သြဂုတ် ၆ ရက်တွင် ဆွေးနွေးပွဲတစ်ရပ်ကို စတင်ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ဖက်ဒရယ်စနစ်သို့ သွားရာတွင် အဓိကလိုအပ်သည့် တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်းအပေါ် ဆွေးနွေးရန်အတွက် အခမ်းအနား ကျင်းပခြင်းလည်း ဖြစ်သည်။
ဆွေးနွေးကြရာတွင် ဖက်ဒရယ်သို့ သွားရန်အတွက် အချုပ်အနေဖြင့် နည်းလမ်းနှစ်မျိုးရှိကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လုံးဝပြောင်းလဲသည့်နည်းဖြင့် အကောင်အထည်ဖော်ခြင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပေးထားသည့် အချက်များအား လိုအပ်သလို ပြောင်းလဲပြင်ဆင်ခြင်း နည်းလမ်းတို့ ဖြစ်သည်။
အဆိုပါ နည်းလမ်းနှစ်မျိုးအနက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံးဝပြင်ဆင်ပြောင်းလဲသည့် နည်းလမ်းမှာ ဖြစ်နိုင်ခြေနည်းပါးပြီး ဒုတိယနည်းလမ်းမှာသာ အသင့်တော်ဆုံး ဖြစ်သည်ဟုလည်း သုံးသပ်ခဲ့ကြသည်။
သြဂုတ် ၆ ရက်က နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ခန်းမဆောင်တွင် ပြုလုပ်သည့် တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေးပွဲတွင် နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုလွှတ်တော် နာယကက ဖက်ဒရယ်စနစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားသည့် အခွင့်အရေးများနှင့် မရသေးဘူးဆိုပါက ရအောင်လုပ်ပေးရန် ပြည်ထောင်စုအဖွဲ့တွင် တာဝန်ရှိသည်ဟု တိုက်တွန်းပြောကြားသည်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပေးထားချက်တွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တင်ပြခဲ့တယ်။ ဒီအခွင့်အရေးတွေကိုတော့ ပေးထားပြီးပြီ။ ဒါနဲ့ မရသေးဘူးဆိုရင်၊ ဒီအခွင့်အရေးတွေ ပေးထားရုံနဲ့ မရသေးဘူးဆိုရင် ရအောင်လုပ်ဖို့ ပြည်ထောင်စုအဖွဲ့မှာ တာဝန်ရှိတယ်" ဟု ၎င်းကပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားချက်များတွင် တကယ်ရသင့်သည့် အခွင့်အရေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုပေးရန် ကျန်နေသေးပါက ရှာကြံဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မပေးဘဲ စာပေါ်မှာသာရှိပြီး လက်တွေ့မပါဘူး ဆိုပါက ပြည်ထောင်စုဆိုသည့် စကားသည် ယခင်က တင်ပြခဲ့သည့် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကဲ့သို့ လေထဲမှာပင် ပျောက်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။
"ဒီအခွင့်အရေးတွေကို တိုင်းရင်းသားတွေ မရဘူး၊ ပြည်သူတွေ မရဘူးဆိုပြီးဖြစ်ရင် ဒီစနစ်ကို ကျေနပ်မှာလား။ မကျေနပ်ရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆက်အားနည်းမယ်၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဆက်အားနည်းမယ်။ အဲဒီအတိုင်းပဲ တရားဥပဒေ စိုးမိုးရေးလည်း ဆက်အားနည်းမယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ တကယ်ကို နိုင်ငံတွင်းမှာ နေထိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများ လိုက်နာနိုင်တဲ့ တရားမျှတတဲ့ ဥပဒေတွေ ဖြစ်ဖို့လိုတယ်" ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားသည့် အခွင့်အရေးများ မရသေးဘူးဆိုပါက ရအောင်လုပ်ပေးရန်မှာ ပြည်ထောင်စုလွှတ်တော်က စတင်ပေးရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် သာ လွှတ်တော်များက ဥပဒေပြုရေး ကိစ္စဟုသာ ၎င်းအနေဖြင့် မှတ်ယူထားကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ယခုဆွေးနွေးပွဲ၏ အနှစ်ချုပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို အပြည့်အ၀ အကောင်အထည်ပေါ်ရန်အတွက် ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးမှ လုပ်ပေးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားချက်များသည် ဖက်ဒရယ်သွားရန် လုံလောက်မှု မရှိသေးပါက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ဖက်ဒရယ်မူနှင့် ညီညွတ်သည်အထိ ပြင်ဆင်ရန်၊ အဆိုပါ လုပ်ငန်းစဉ်များအတွက် ပြည်ထောင်စုလွှတ်တော်မှ စတင်အကောင်အထည် ဖော်ရန်ဖြစ်ပြီး အကောင်အထည်ဖော်မှုတွင် ပါဝင်ရမည့် ပြည်ထောင်စုအစိုးရ အဖွဲ့များနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား စတင်အသိပေး တိုက်တွန်းခြင်းလည်း ဖြစ်သည်။
Credit To First-11
Read More »

မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ ဦးစီးအရာရှိ ဦးကျော်လင်းထင်နှင့် တွေ့ဆုံခြင်း



(ဇာဏီထွဏ်း)

မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်း အန္တရာယ်ရှိသော နေရာဒေသများ ရှိနေရာ ယင်းအတွက် လုပ်ဆောင်ဖွယ်ရာ လုပ်ငန်းစဉ်များ ရှိသည့်အနက် မိုင်းအသိပညာ ပေးရေးလုပ်ငန်း လုပ်ဆောင်လျက် ရှိခြင်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ၊ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်လင်းထင်နှင့် တွေ့ဆုံ မေးမြန်းထားပါသည်။

Voice : အခုဆိုရင် မြေမြှုပ်မိုင်းနဲ့ ပတ်သတ်ပြီး အစိုးရဘက်ကလည်း အာရုံစိုက်လာတာ တွေ့ရပါတယ်။ မြေမြှုပ်မိုင်း အန္တရာယ် ပညာပေးရေးနဲ့ ပတ်သက်ပြီး အဖွဲ့အနေနဲ့ ဘာတွေလုပ်ဆောင်သွားဖို့ ရှိပါသလဲ။

UKLH : အရင်ဆုံး ကျွန်တော် ဒီလုပ်ငန်း ဖြစ်ပေါ်လာပုံကို ပြောပြမယ်။ ဒီလုပ်ငန်း ဖြစ်လာတာ အခြေခံအကြောင်း နှစ်ချက်ရှိတယ်။ တစ်ကမြန်မာနိုင်ငံက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အဖွဲ့ဝင် ဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကိုတင်တဲ့ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ် အစီရင်ခံစာ ရှိတယ်။ အဲဒီ အပေါ်ကို ကုလသမဂ္ဂဆိုင်ရာ ကလေးသူငယ် အခွင့်အရေး ကော်မတီက ပြန်ပြီးတော့ သူတို့က သုံးသပ်အကြံပေးတဲ့ အချက်တွေ ထွက်တယ်။ အဲဒီအထဲမှာ အချက်တစ်ချက် ပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ အခြေအနေမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံအနေနဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ဒီထက်ပိုပြီး လုပ်ပေးဖို့ လိုအပ်မယ်လို့ မှတ်ချက်ပေးတယ်။ အဲဒီမှတ်ချက်ကို မြန်မာနိုင်ငံ အစိုးရကပြန်ပြီး ဖြည့်ဆည်းပေးတယ်။ ဒါကတစ်ပိုင်း။ နောက်ဒုတိယ အပိုင်းက ဒါကလုပ်သင့် လုပ်ထိုက်တယ်လို့ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ လုပ်သင့်လုပ်ထိုက်တယ်လို့ ခံယူတဲ့အတွက် အစိုးရကနေ ဦးဆောင်ပြီးတော့ လုပ်ခဲ့တဲ့ အကြောင်းတရားပါ။ အဲဒီလို ဖြစ်ပေါ်လာပြီး ၂၀၁၂ ခုနှစ်အတွင်းမှာ လူမှုဝန်ထမ်း ဦးစီးဌာန ကနေပြီးတော့ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ UNICEF အဖွဲ့နဲ့ စတင်ဖြစ်ခဲ့တယ်။၂၀၁၂ ခုနှစ် ဧပြီလအတွင်းမှာ မိုင်းအန္တရာယ် အသိပညာပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့တယ်။အဲဒီမှာ INGO, NGO တွေရော ပါတယ်။ အဖွဲ့ရဲ့ အခြေခံ ရည်ရွယ်ချက်နှစ်ခုက မြန်မာနိုင်ငံမှာ မိုင်းအန္တရာယ် အသိပညာပေးဆိုင်ရာ လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့တွေကြားမှာ ပိုမို ကောင်းမွန်တဲ့ ညှိနိုင်းမှုရအောင် ရည်ရွယ်တယ်။ နောက်တစ်ချက်က မိုင်းအန္တရာယ် ပညာပေးရေးလုပ်နေတဲ့ အဖွဲ့တွေကနေ တွေ့ရှိတဲ့ အချက်အလက်တွေ၊ သတင်းတွေ Share လုပ်လို့ရတယ်။

Voice : အဖွဲ့အနေနဲ့ အခုဘာတွေ လုပ်နေပါလဲ။

UKLH : မိုင်းအန္တရာယ် ပညာပေးလုပ်ငန်းတွေကို ပိုမိုထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် KAP (Knowledge, Attitude, Practice) Survey လို့ခေါ်တဲ့ မိုင်းအန္တရာယ်ရှိသော နေရာတွေမှာရှိတဲ့ ပြည်သူလူထုတွေကို မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲ။ သူတို့ သဘောထားတွေ ဘယ်လိုရှိသလဲ။ မိုင်းအန္တရာယ် မရှိအောင် နေထိုင်တဲ့ သူတို့ အလေ့အထတွေက ဘာတွေရှိသလဲ။ ဒါတွေကိုသိအောင် ကျွန်တော်တို့ ဆာဗေးလုပ်ဖို့ ပြင်ဆင်နေတယ်။ မေးခွန်းလွှာတွေ ကျွန်တော်တို့ ပြုစုနေတယ်။ ပြီးတဲ့အခါ ဘယ်နေရာတွေမှာ မေးခွန်းလွှာတွေ မေးမလဲဆိုတာ ကျွန်တော်တို့ ဆန်းစစ် လေ့လာနေတယ်။ တစ်ပြိုင်နက်တည်းပဲ ကျွန်တော်တို့ မိုင်းအန္တရာယ်ရှိတဲ့ နေရာတွေမှာ မိုင်းအန္တရာယ် အသိပညာပေးရေး အလုပ်ရုံ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်အခါခါ လုပ်ပါတယ်။

Voice : ဒီဆာဗေးပြီးရင် ဘာဆက်လုပ်မှာလဲ။

UKLH : ဒီဆာဗေးပြီးရင် Knowledge နဲ့ပတ်သက်တာ၊ Attitude နဲ့ပတ်သက်တာ၊ Practice နဲ့ ပတ်သက်တာတွေ သိမယ်။ မိုင်းအန္တရာယ်ရှိတဲ့ ဒေသမှာရှိတဲ့ ဒေသခံတွေက သူတို့ဘာတွေသိသလဲ။ သူတို့ ဘယ်လိုသဘောထားသလဲ။ သူတို့ရဲ့ အလေ့အထတွေက ဘယ်လိုရှိမလဲဆိုတာ သိလာမယ်။ ပိုမိုထိရောက်တဲ့ ပညာပေး ဒီဇိုင်းတွေကို လုပ်နိုင်မယ်။ အဲဒီအစီအစဉ်တွေကို ရပ်ရွာထဲမှာ သွား ပြီးတော့ အသိပညာပေးရေးတွေ လုပ်နိုင်မယ်။

Voice : ဒီစစ်တမ်းကို ဘယ်နေရာတွေမှာ ကောက်ယူမှာလဲ။

UKLH : ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လုပ်မယ်။ ကရင်၊ မွန်၊ ကယား၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူတိုင်းဒေသကြီး အရှေ့ပိုင်းပါမယ်။ မေးခွန်းတွေက ဒေသခံတွေကို မေးမယ့်မေးခွန်း၊ အဓိက သတင်းအချက်အလက် ပေးနိုင်သူ၊ မိုင်းထိပြီး အသက်မသေဘဲ ကျန်ခဲ့တဲ့သူတွေကို မေးမယ်၊ နောက် အာဏာပိုင်တွေကိုမေးမယ့် မေးခွန်းတွေပါမယ်။ လုပ်ငန်းကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေက အစိုးရတွေနဲ့ ညှိနိုင်းပြီးတဲ့အခါ စနိုင်မယ်။ လုပ်ငန်းကို နှစ်လအတွင်းလောက် စနိုင်မယ်လို့ ခန့်မှန်းပါတယ်။

Voice : စစ်တမ်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။

UKLH : ရပ်ရွာက လူထုကို ပညာပေးတဲ့အခါ သူတို့နဲ့ ကိုက်ညီတဲ့ ပညာပေးမှုဖြစ်ဖို့ လိုပါတယ်။ စကားလုံး အသုံးအနှုန်းကအစ ပေးရမယ့် သတင်းအချက်အလက်က သူတို့နဲ့ ကိုက်ညီမှု ရှိဖို့လိုတဲ့ အတွက် သူတို့ဘာသိထားလဲ။ သူတို့ ဘယ်လိုသဘောထားသလဲ။ သူတို့ အလေ့အထဘာလဲဆိုတာ ကြိုသိထားမှ ကျွန်တော်တို့ ပညာပေးမှုကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိရမယ်။ အဓိကက ကျွန်တော်တို့ ပညာပေးမှုတွေ ထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ သိအောင် ကောက်ယူတာ ဖြစ်တယ်။

Voice : မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ပညာပေးရေး အပါအဝင် မိုင်းရှင်းလင်းရေးတွေ စတဲ့လုပ်ငန်းစဉ်တွေ ရှိရာမှာ မိုင်းပညာပေးရေး လုပ်နေတဲ့အပြင် မိုင်းနဲ့ပတ်သက်ပြီး အခြား ဘာတွေထပ်လုပ်ဖို့ ရှိသလဲ။

UKLH : ကျွန်တော်တို့ လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့ အနေနဲ့က မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးရေးလုပ်ငန်း လုပ်ဖို့ပါပဲ။ တကယ်တော့ ပြည့်စုံတဲ့ မိုင်းလုပ်ငန်းဆိုတာ မိုင်းရှင်းလင်းရေးတို့၊ မိုင်းထိပြီးသား လူတွေကို ကူညီပေးရေးတို့ အစရှိသဖြင့် ရှိတယ်။ အခြားသော အပိုင်းတွေကို လုပ်ငန်းအဖွဲ့အနေနဲ့ လုပ်နိုင်ဖို့လည်း မရှိသေးဘူး။

Voice : အခု စစ်တမ်းလုပ်မယ်လို့ ပြောသွားတဲ့ နေရာတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိတဲ့နေရာတွေ ပါနေတာ တွေ့ရပါတယ်။ အဲဒီ အဖွဲ့အစည်းတွေနဲ့ရော ဘယ်လိုပူးပေါင်း လုပ်ကိုင်မှာပါလဲ။

UKLH : ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတဲ့အခါ ဆက်ပြီးပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Voice : မိုင်းကြောင့် ထိခိုက်ခံစားရသူတွေကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထောက်ပံ့ပေးဖို့ရောရှိလား။

UKLH : အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထောက်ပံ့ပေးဖို့တော့ တိုက်ရိုက်လုပ်ငန်းတွေ မရှိဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းတွေလုပ်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းလိုမျိုး အဖွဲ့တွေရှိတယ်။ လုပ်ငန်းအဖွဲ့ ခေါင်းစဉ်အောက်မှာတော့ ထောက်ပံ့ ပေးတာမရှိဘူး။ တွေ့ခဲ့ရင်တော့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာ ရှိပါတယ်။

Voice : ဒါဆိုရင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူ အရေအတွက်တွေကိုရော ကောက်ယူထားတာ ရှိပါသလား။

UKLH : ဒီဟာက အတိအကျကြီး ပြောဖို့ခက်တယ်။ ၂၀၁၀ နောက်ပိုင်း ထိခဲ့တာတွေကို စာရင်းပြုစုထားတာ ရှိပါတယ်။ ၂၀၁၀ နောက်ပိုင်းပြုစုတာက Survey အတွက်ပေါ့။ ၂၀၁၀ နောက်ပိုင်း မိုင်းထိသူရှိခဲ့ဖူးသလား သိအောင် အခြေခံပြီး ကောက်တာဖြစ်တဲ့အတွက် တိတိကျကျ ပြောဖို့ ခက်ပါတယ်။

Voice : ဒီလုပ်ငန်းစဉ်အတွက် ရန်ပုံငွေကို ဘယ်သူက ထောက်ပံ့ပါသလဲ။

UKLH : ဒါကတော့ INGO တွေပါမယ်။ NGO, UN အေဂျင်စီတွေရှိမယ်။ သူတို့က ဒီလုပ်ငန်းလုပ်တဲ့အခါမှာ သူတို့ကိုယ်တိုင် သူတို့ Donor ဆီက ရထားတဲ့ ရန်ပုံငွေက တစ်ဆင့်လုပ်ပါတယ်။ အစိုးရ အဖွဲ့အစည်းအနေနဲ့လည်း အစိုးရဘတ်ဂျတ်ထဲကနေပြီးတော့ လုပ်လို့ရတဲ့ ခေါင်းစဉ်ကနေ သုံးတာဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့ ရံပုံငွေလို့ သီးသန့်ထားတာ မရှိပါဘူး။

Voice : လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဘာထပ်ပြောချင်တာ ရှိပါသေးလဲ။

UKLH : ကျွန်တော်တို့ ဒီလုပ်ငန်း အဖွဲ့အနေနဲ့က ရှင်းပြခဲ့သလိုပဲ ရည်ရွယ်ချက်နှစ်ခုကို အခြေခံတယ်။ လက်ရှိလည်း KAP Survey လုပ်မယ်။ ရရှိတဲ့ သတင်း အချက်လက်နဲ့ မိုင်းအန္တရာယ်ရှိတဲ့ ဒေသက လူထုကို ပညာပေးပါမယ်။ နည်းပညာ ကတော့ ဒိန်းမတ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ DCA အဖွဲ့ကနေ နည်းပညာရပါတယ်။

Voice : နောက်တစ်ခု သိချင်တာ ရှိပါတယ်။ မိုင်းအန္တရာယ် အသိပညာ ပေးရေး စာအုပ်ကို အင်္ဂလိပ်ကနေ မြန်မာ ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကော စပြီးပြန်နေပြီလား။ ဘယ်တော့လောက် ပြီးမှာလဲ။ ပြန်ပြီးသွားရင် ဘာဆက်လုပ် မလဲ။ ဘာ့ကြောင့် ပြန်ရတာလဲ။ ဘယ်နေရာ တွေမှာ ဖြန့်ဝေမှာလဲ။

UKLH : လုပ်ငန်းအဖွဲ့ထဲမှာပါတဲ့ မိုင်းအန္တရာယ် အသိပညာပေးနေကြတဲ့ အဖွဲ့တွေက စာအုပ်တွေကို အင်္ဂလိပ်လို ကနေ မြန်မာလို ပြန်နေတာတွေ ရှိပါတယ်။ ဘယ်တော့ပြီးရမယ်ဆိုပြီး အတိအကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဘာသာပြန် တာ ပြီးသွားရင် မိုင်းအန္တရာယ်ရှိတဲ့ ဒေသ တွေက ပြည်သူလူထုတွေကို ပညာပေးတဲ့ အခါ သုံးမှာ ဖြစ်ပါတယ်။

Credit To The Voice Weekly
Read More »

ရှစ်လေးလုံး ဘရိတ်သရူး (Break Through)



 Written by ဒေါက်တာခင်မောင်ညို
''ကိုဘသစ် ဒီအပတ် ဘာအကြောင်း ဆွေးနွေးမှာလဲ''
''ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်တာမျိုး၊ ခေတ်တစ်ခုမှာ တစ်ခုကို ပြောင်းလဲအောင် ဆောင်ရွက်တာမျိုးကို ဘရိတ်သရူး (Break Through) လို့ခေါ်တာ ခင်ဗျားသိတယ် မဟုတ်လား။ အဲဒီ Break Through ကို ဆွေးနွေးရအောင်ဗျာ''
''ကောင်းတာပေါ့။ ဘယ်က Break Through ကိုပြောမှာလဲ''
''သိပ္ပံဆိုင်ရာ ဘရိတ်သရူးက စပါမယ်။ သမိုင်းကို ပြန်ကြည့်ရင် ရေနွေးငွေ့ အင်ဂျင်စက်ကို စတင်တွေ့ခြင်းဟာ စက်မှုလုပ်ငန်းမှာ ဘရိတ်သရူး ဖြစ်တယ်လို့ ဆိုရပေမယ်။ အင်ဂျင်စက်တွေက စက်ရုံများကို ဖြစ်စေတယ်''
''မှန်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဆန်စက်အများဟာ ယနေ့တိုင် ရေနွေးငွေ့ အင်ဂျင်များကို သုံးလျက် ရှိသေးတာကို တွေ့ရတယ်''
''ဒီအတိုင်းပါပဲ။ လျှပ်စစ်မီးသီး တွေ့ခြင်းဟာလည်း ဘရိတ်သရူး ဖြစ်တယ်။ လျှပ်စစ် မီးသီးတွေဟာ ညကို နေ့ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ လူနေမှုစနစ်ကို များစွာ ပြောင်းစေခဲ့တယ်''
''စက်ကိရိယာတွေထဲမှာ မီးရထားတို့ မော်တော်ကား တို့ဟာလည်း ကျွန်တော်တို့ လူနေမှု စနစ်ကို များစွာ ပြောင်းစေခဲ့တာ မှန်ပါတယ်။ ရထားကြောင့် လူတွေမြို့ပေါ် တက်လာကြတယ်''
''မော်တော်ကားကရော''
''လွတ်လပ်တဲ့ ခရီးသွားမှုကို ပေးတာက မော်တော်ကားပဲ။ လူတွေဟာ တစ်နေရာက တစ်နေရာကို အလွယ်တကူ သွားလို့ရတာ မော်တော်ကား ကြောင့်ပါပဲ။ ဒါ့ကြောင့် မော်တော်ကား အမြောက်အမြား ထုတ်လုပ်ခြင်းဟာ ဘရိတ်သရူး ဖြစ်တယ်လို့ ဆိုနိုင်တယ်''
''မှန်ပါတယ်''
''မျက်မှောက်ခေတ် ဘရိတ်သရူးကတော့ အင်တာနက်ပေါ့။ အီးမေးလ်၊ အင်တာနက် ဖေ့စ်ဘွတ်၊ တွီတာစတဲ့ ကွန်ရက်များ၊ မိုဘိုင်းလ် ဖုန်းများဟာလည်း ခေတ်ကို ပြောင်းလဲစေတယ်။ ဆေးပညာက ကွန်ရက်များ၊ မိုဘိုင်းလ်များဟာလည်း ခေတ်ကို ပြောင်းလဲစေတယ်။ ဆေးပညာက ဘရိတ်သရူး တစ်ခုကို ဥပမာ ပြောရရင် ပင်နယ်ဆလင်ပေါ့။ သူ့ကို အလက်ဇန်းဒါး ဖလင်းမင်းက တွေ့တာပါ။ ပင်နယ်ဆလင်ဟာ ပထမဆုံးတွေ့တဲ့ ပဋိဇီဝဆေး ဖြစ်တယ်။ ပိုးသတ်ဆေးလို့ အချို့ခေါ်တယ်။ ပိုးမွှားဗေဒကို တွေ့ရှိခြင်း၊ ခွေးရူးဆေး တွေ့ရှိခြင်း၊ ဒါတွေအားလုံးဟာ ဘရိတ်သရူးပဲပေါ့။ ဒါတွေကြောင့် သတ္တ၀ါတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ် ဟုတ်ပါသလား''
''အင်း သိပ္ပံပညာ ဘရိတ်သရူးကတော့ ကျွန်တော်တို့ လူနေမှုစနစ် များစွာပြောင်းစေ ခဲ့တာ အမှန်ပါပဲ''
''ဒါပေမဲ့ ဒီနေရာမှာ ပြောချင်တာကတော့ လူမှုရေးဆိုင်ရာ ဘရိတ်သရူးပါပဲ။ ခက်ခဲတယ်။ သိမ်မွေ့တယ်။ စွမ်းဆောင်ရန် မလွယ်တဲ့ ဘရိတ်သရူးပါပဲ''
''ဘယ်လိုမျိုးလဲ''
''အကောင်းဆုံး ဥပမာကို ပြရလျင် ငွေဝယ်ကျွန်ဆိုင်ရာ ဆောင်ရွက်သူ အမေရိကန် သမ္မတလင်ကွန်းရဲ့ ဘရိတ်သရူးပါပဲ။ လင်ကွန်းဟာ ကျွန်များကို လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ဆောင်ရွက်သူ ဖြစ်တယ်။ တစ်ချိန်က အာဖရိက လူမည်းများကို ဖမ်းဆီးခေါ်ဆောင်ကာ ကျွန်အဖြစ် အသုံးပြုကြတယ်။ ထိုလူမည်းတွေကို လူဖြူတွေဟာ ကုန်ပစ္စည်းသဖွယ် ရောင်းဝယ်ကြတယ်။ တိရစ္ဆာန်သဖွယ် ဆက်ဆံတယ်။ စာမဖတ်စေရ။ စာမသင်ပေးရဟု ဥပဒေများ ပြဋ္ဌာန်းထားရှိတယ်။ စင်စစ် လူမည်းများသည် လူဖြူထက် မနိမ့်ကျပါ။ သို့သော် လူဖြူဖြစ်ဖြစ်၊ လူမည်းဖြစ်ဖြစ် မိမိစိတ်ကို နိမ့်ကျအောင် နှိမ့်ချလျှင် နိမ့်တယ်။ မြင့်တက်အောင် မြှင့်တင်လျှင် မြင့်တယ်။ (ထိုအကြောင်းကို ဆရာကြီး ပီမိုးနင်းက လူငယ်ဘ၀ ပြုပြင်ရေးအတွက် ရေးသားခဲ့ ဖူးပါတယ်။)
ယနေ့ လူမည်းများသည် အားကစား၊ အနုပညာ၊ စာပေနေရာ တော်တော်များများမှာ နေရာရတာကို တွေ့နေရတယ်။ လက်ရှိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် လူမည်း။
ပြီးခဲ့သော ဂျော့ဒလျူဘုခ်ျလက်ထက် (ရွေးကောက်ပွဲ နှစ်ကြိမ်)က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးဖြစ်တဲ့ ကောလင်းပါဝယ်နဲ့ ကွန်ဒိုရီဇာရိုက်စ်တို့ နှစ်ဦးစလုံးဟာလည်း လူမည်းများသာ ဖြစ်ကြတယ်''
''ပေါ့စတားအဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ လူမည်းမဟုတ်လား''
''ဟုတ်ပါတယ်။ ဂေါက်သီးချန်ပီယံ တိုက်ဂါးဝုဒ်ဟာ လူမည်းဖြစ်တယ်။ ဆိုလိုတာက အသားအရောင်၊ တောသား၊ မြို့သား စတာတွေဟာ အဓိကမဟုတ်။ လူတိုင်းမှာ အရည်အချင်းရှိတယ်။ လေ့လာပါက သင်ယူ တတ်မြောက်နိုင်တဲ့ ဦးနှောက်ရှိတယ်။ လူ့ဦးနှောက်ဟာ ဘာအကန့်အသတ် မရှိပါဘူး''
''အင်း ကျွန်တော်တို့ လူတွေဟာ အသားအရောင်ကြည့်ကာ အတ္တများခဲ့ပါတယ်။ ငါဘုရင့်သား၊ ငါသူဋ္ဌေးသား စတာတွေနဲ့လည်း မာနတက်ကြတယ်။ အသက်ရှင် ရပ်တည်မှုကို ပြန်ကြည့်ရင် မာနမထား နိုင်ကြပါဘူး။ ကျောက်ခေတ်လို ခေတ်ကစပြီး အသက်ရှင် ရပ်တည်ရေးအတွက် ကြိုးပမ်းခဲ့တာ ယနေ့ထက်တိုင်ပဲ ဖြစ်တယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းတယ်။ ဘယ်သူသေသေ ငတေမာဖို့ ကြိုးစားတယ်။ တောရိုင်း ဥပဒေဖြစ်တဲ့ Survival of Fittest ကို အခြေခံခဲ့တယ်။ အသင့်တော်ဆုံးသာ အသက်ရှင်ကျန် များကြောင့်ပါပဲ။ ဒါပေမဲ့ အင်မတန် အင်အားကြီးသော ဒိုင်နိုဆော မျိုးတုံးသွားသေးတယ်။ ဆင်တွေဟာလည်း ကောင်ရေနည်းလာပါပြီ။ Endangered Species ဖြစ်နေတယ်။ လူတွေတော့ များလာတယ်။ လူ့ဦးနှောက် ကြီးထွားလာတယ်။ လူဟာ သတ္တလောကမှာ ဘုရင်တစ်ဆူ ဖြစ်လာတယ်။ လူဟာ အရာခပ်သိမ်းကို အနိုင်ယူသလို လူသားအချင်းချင်း ကိုလည်း အနိုင်ယူလိုတယ်။ လူကိုလူချင်း မတရား နှိပ်စက်သော အလေ့ဖြစ်လာတယ်''
''အမှန်ပေါ့။ လူဟာ မိမိရရှိထားတဲ့ ဦးနှောက်စွမ်း ဥာဏ်စွမ်းနဲ့ အကောင်းဆုံး ဘ၀မှာ နေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသားများသည် စစ်တိုက်နေကြတယ်။ တစ်ဦးတစ်ဦး သတ်နေကြတယ်။ အစ္စရေး၊ ပါလက်စတိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့တွင် စစ်ပွဲတွေ ဖြစ်နေတယ်။ ကချင်တို့ ကရင်တို့ရဲ့ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်''
''ကိုယ်လိုချင်တာ မရလို့ ဆန္ဒပြနေတယ် မဟုတ်လား''
''တကယ်တော့ ရှစ်လေးလုံး အရေးအခင်း ဟာလည်း ဘရိတ်သရူးပါပဲ။ အများကြီး နစ်နာခံပြီးမှ ဒီအဆင့်ကို ရောက်လာကြတာပါ။ ဒါပေမဲ့ ဒီကနေ ဘယ်ကိုရောက်အောင် သွားကြမှာလဲ။ ဒါကအရေး အကြီးဆုံးပါပဲ။ အဟောင်းကို ဖက်တွယ်နေရင် ဘာမှမဖြစ်လာဘူး''
''မှန်ပါတယ်။ ဘရိတ်သရူးများက ကျွန်တော်တို့ကို ခေတ်တွေပြောင်းပေးလိုက်တယ်။ အခုဒီမိုကရေစီကို သွားမယ့် ဘရိတ်သရူးပါ။ ဒီနေရာမှာ ညီညွတ်ဖို့ အင်မတန် အရေးကြီးတယ်''
''အင်း လူမှုစီးပွားများ ပြောင်းသွားဖို့လိုတယ်။ စားဝတ်နေရေး အခြေခံတွေ ပြောင်းသွားဖို့ လိုတယ်တဲ့။ ဆင်းရဲမှု လျော့ချရမယ်။ ဒီလိုဘရိတ်သရူးကို လုပ်ကြဖို့ မျှော်လင့်နေပါတယ်''
Credit To First-11
Read More »

နိုင်ငံတော်မှ ချပေးသည့် ကျပ် ၁၀ ဘီလျံသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် အခက်အခဲဖြစ်၍ နိုင်ငံတကာ အကူအညီများစွာ လိုအပ်ဟု ၀န်ကြီးဦးအောင်မင်း ပြောကြား



ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနှင့် ပတ်သက်၍ ပြောကြားစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတော်မှ ချပေးသည့် ကျပ် ၁၀ ဘီလျံသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် အခက်အခဲ ဖြစ်သည့်အတွက် နိုင်ငံတကာ အကူအညီများစွာ လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သြဂုတ် ၃ ရက်က ရန်ကုန်မြို့ရှိ UMFCCI တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ဟောပြောပွဲတွင် ပြောကြားသည်။
လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ် ရပ်စဲရေး လုပ်ငန်းများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်နေသည်ဟု ဦးအောင်မင်းက ပြောကြားသည်။
''အခုပြဿနာက ငြိမ်းချမ်းရေးရတဲ့အခါ သူတို့ပြန်လာ ကြတော့မယ်။ လက်နက်ကိုင် တစ်သိန်းလောက် ပြန်လာမယ်။ အဲဒီတစ်သိန်းနဲ့ ဆက်နွှယ်နေတာတွေ ရှိပါသေးတယ်။ ဘယ်သူတွေလဲဆိုတော့ စစ်ကြောက်လို့ ကိုယ့်မြေကို စွန့်ခွာသွားကြတဲ့ I.D.P ဆိုတဲ့သူတွေ လေးသိန်းလေးသောင်း၊ ခြောက်ထောင်လောက်ရှိမယ်။ အဲဒီစာရင်းတွေကို အတိအကျပြောတာက ကျွန်တော်တို့ လိုက်ကောက်ထားတာ မဟုတ်ဘူး။ အခု နိုင်ငံတကာ အဖွဲ့အစည်းတွေက ထမင်းကျွေးနေတဲ့စာရင်း၊ ရိက္ခာပို့တဲ့ စာရင်းတွေအရ ပြောတာပါ'' ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ငြိမ်းချမ်းရေး ရရှိပါက စစ်ပွဲများကြောင့် နေရပ်သို့ ပြန်လာမည့်သူများကို ပြန်လည် နေရာချထားရေး လုပ်ဆောင်ရာတွင် ငွေကြေးများစွာ အသုံးပြုရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အထက်ကလူကြီးတွေ ပြောတာက ငါတို့မင်းအတွက် ပိုက်ဆံ ၁၀ ဘီလျံကျပ် ချထားတယ်လို့ပြောတယ်။ အဲဒီပိုက်ဆံကို လက်နက်ကိုင် တစ်သိန်းနဲ့ ဂဏန်းပေါင်းစက်နဲ့ချပြီး တွက်ကြည့်လိုက်တော့ တစ်ယောက်ကို တစ်သိန်းပဲရတယ်။ အဲဒါ တစ်လစာပဲရှိတယ်။ သူတို့နဲ့ ဆက်နွှယ်နေတဲ့ သူတွေနဲ့ ပေါင်းလိုက်ရင် ကိုးသိန်းနဲ့ တစ်သောင်းရှိတယ်။ အဲဒီတော့ ဦးအောင်မင်း အခက်အခဲတွေ အများကြီး ဖြစ်နေတယ်။ ဒါဟာ ကျွန်တော် စခဲ့တာမို့ ကျွန်တော်ပဲ အဆုံးသတ်ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီး လိုနေတယ်'' ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်စေရန် နိုင်ငံတကာ ထောက်ပံ့မှုများကို စောင့်ဆိုင်းမနေဘဲ လိုအပ်သည့် ဘတ်ဂျက်ကို လွှတ်တော်မှ အားလုံးထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကူအညီများ ရရှိပါက သုံးစွဲနိုင်သည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ဇူလိုင် ၂၁ ရက်က ပြောကြားခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် သြစတြေးလျ အပါအ၀င် နိုင်ငံတကာ အကူအညီများ မရရှိသေးဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့၌ သတင်းထောက်များ အား ပြောကြားထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် ငွေကြေးများ ရရှိပါက စစ်ပွဲများ ဖြစ်ပွားမှုကြောင့် နေရပ်ကို စွန့်ခွာသွားသူ လေးသိန်းလေးသောင်းကျော်အား ပြန်လည် နေရာချထားရေး ပြုလုပ်ရာတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားသည်။
ထိုသို့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ သူများကို ပြန်လည်နေရာ ချထားရေး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များဘ၀ ရပ်တည်ရေး လုပ်ငန်းများ လုပ်ဆောင်မပေးပါက လက်နက်ကိုင် ပဋိပက္ခသည် သံသရာလည် နေဦးမည် ဖြစ်သည်ဟု ဦးအောင်မင်းက ဆိုသည်။
Credit To First-11
Read More »

အခြေခံဥပဒေ ဒီမိုကရေစီလူစဉ်မီမီ ပြင်ဖြစ်အောင်ကူညီ ဒီချုပ်တို့သမ္မတအောင်လံထူမည် - ဟံသာဝတီ ဦးဝင်းတင်


သြဂုတ် ၆၊ ၂၀၁၃
အားလုံးကြားလိုက်ကြမှာပေါ့။ သမ္မတကြီးကတော့သွားပြီ။ သွားပြီဆိုတာကခေါင်းပါင်းချွတ်မယ်။ နိုင်ငံရေး ကုလား ထိုင် ဂွတ်ဘိုင်တော့မယ် ပြောတာ။ နိုင်ငံကြီးတစ်ခုမှာ လူသိရှင်ကြားပြောတာဗျ။ ဟုတ်လောက်ရဲ့ ထင်ရ သပေါ့ဗျာ။ သူ့လူချောတွေက ဘာတွေဘယ်လိုနားလှည့်ပါးလှည့် ပြောဦးမယ်မသိ။ ထား ပါတော့လေ။ ဦးသိန်း စိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ပေါက်လောက်ပါတယ်။ တာထွက် တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့မသိနိုင်ဘူးပေါ့။ လတ်တလောတော့ သူ့ကိုမူး တင်းပဲတင်း သမ္မတလောင်းရယ်လို့ပဲ သတ်မှတ်ထားကြဗျ။ ဘယ်သူတွေကျန်သ လဲ။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဌတွေ လည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်တယ်။ ဦးရွှေမန်းကပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို
သမ္မဆိုတဲ့ပုဂ္ဂိုလ် အလုပ်နိုင်ဆုံးဆိုရင် သမ္မတဖြစ်ချင်တယ်။ သမ္မတထက်ပိုပြီး လုပ်နိုင်တဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုရင်လည်း အဲဒါတွေ ဖြစ်ချင်တယ်တဲ့ဗျား။ သတင်းထောက်ကိုပြောတာ။ သူပြောပုံ အရတော့ သမ္မတလုပ်ချင်လွန်းတာသေချာတယ်။ သမ္မတထက်ပိုလုပ်နိုင်တဲ့ အလုပ်ရှိရင်လုပ်ချင် တယ်ဆို တာက ဘာလဲ။ အကြံကြီးတာကိုပြောတာလား။ တခြားအလုပ်တစ်ခုခုကို မျက်စောင်းထိုးတာလား။ ဦးရွှေမန်း ကို ဒုတိယသမ္မတနံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်းရှိသေးသကိုး။
အခြေခံဥပဒေ၊ဒီမိုကရေစီလူစဉ်မီမီပြင်ဖြစ်အောင်ကူညီ၊ဒီချုပ်တို့သမ္မတအောင်လံထူမည့်၂၀၁၅
အခြေခံဥပဒေ ဒီမိုကရေစီလူစဉ်မီမီ ပြင်ဖြစ်အောင်ကူညီ ဒီချုပ်တို့သမ္မတအောင်လံထူမည် - ဟံသာဝတီ ဦးဝင်းတင်

သြဂုတ် ၆၊ ၂၀၁၃
အားလုံးကြားလိုက်ကြမှာပေါ့။ သမ္မတကြီးကတော့သွားပြီ။ သွားပြီဆိုတာကခေါင်းပါင်းချွတ်မယ်။ နိုင်ငံရေး ကုလား ထိုင် ဂွတ်ဘိုင်တော့မယ် ပြောတာ။ နိုင်ငံကြီးတစ်ခုမှာ လူသိရှင်ကြားပြောတာဗျ။ ဟုတ်လောက်ရဲ့ ထင်ရ သပေါ့ဗျာ။ သူ့လူချောတွေက ဘာတွေဘယ်လိုနားလှည့်ပါးလှည့် ပြောဦးမယ်မသိ။ ထား ပါတော့လေ။ ဦးသိန်း စိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ပေါက်လောက်ပါတယ်။ တာထွက် တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့မသိနိုင်ဘူးပေါ့။ လတ်တလောတော့ သူ့ကိုမူး တင်းပဲတင်း သမ္မတလောင်းရယ်လို့ပဲ သတ်မှတ်ထားကြဗျ။ ဘယ်သူတွေကျန်သ လဲ။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဌတွေ လည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်တယ်။ ဦးရွှေမန်းကပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို
သမ္မဆိုတဲ့ပုဂ္ဂိုလ် အလုပ်နိုင်ဆုံးဆိုရင် သမ္မတဖြစ်ချင်တယ်။ သမ္မတထက်ပိုပြီး လုပ်နိုင်တဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုရင်လည်း အဲဒါတွေ ဖြစ်ချင်တယ်တဲ့ဗျား။ သတင်းထောက်ကိုပြောတာ။ သူပြောပုံ အရတော့ သမ္မတလုပ်ချင်လွန်းတာသေချာတယ်။ သမ္မတထက်ပိုလုပ်နိုင်တဲ့ အလုပ်ရှိရင်လုပ်ချင် တယ်ဆို တာက ဘာလဲ။ အကြံကြီးတာကိုပြောတာလား။ တခြားအလုပ်တစ်ခုခုကို မျက်စောင်းထိုးတာလား။ ဦးရွှေမန်း ကို ဒုတိယသမ္မတနံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်းရှိသေးသကိုး။
သတင်းတစ်ခုအဆိုအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လည်းသမ္မ တဖြစ်ကောင်းဖြစ် မယ်ဆိုပဲ။ ကာ/ချုပ်ကြီး သမ္မတဖြစ် ရင် ဦးရွှေမန်းဒုတိယသမ္မတဖြစ်မယ် ဆိုတဲ့ တစ်ပေး သံသတင်းတွေကလည်းထွက်နေသဗျ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ပြတ်ပါတယ်။ ရှင်းရှင်းပဲ။ သမ္မတလုပ်ချင်တယ်တဲ့။ ဦးရွှေမန်းက သူနဲ့ပြိုင်ရဲတယ်ဆိုရင် ကောင်းပါတယ်တဲ့။ အဲဒီ လိုပြိုင် မယ်ဆိုရင်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်အောင် ဦးရွှေမန်းကြိုးစားပေးစေချင် တယ် တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက အပိုင်ချည်လွန်းတယ်လို့ ပြောသူတွေတော့ရှိတယ်ဗျ။ အခြေခံ ဥပဒေကို ပြင်ပေးသပ ဆိုကတည်းက ဒေါ်စုနိုင်ပြီပေါ့တဲ့။ နောက် ထပ် ပေါ်ထွက်လာတဲ့ သတင်းတွေ ကရှိသေး။ ဒေါ်စုကသမ္မတ၊ ဦးရွှေမန်းက ဒုတိယသမ္မတဆိုတဲ့သတင်း။ ဦးရွှေမန်းကသမ္မ တ၊ ဒေါ်စုက ဒုတိယ သမ္မတဆိုတဲ့သတင်း။ ရေပန်းအစားဆုံးကတော့ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စု ကလွှတ်တော် ဥက္က ဌ။ နောက်သတင်း ဆန်းတစ်မျိုးကတော့ သမ္မတကိစ္စ အခြေခံဥပဒေမပြင်ဘူးတဲ့။ ဦးရွှေမန်းက သမ္မတ၊ ဒေါ်စု က ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးတဲ့။ နောက်တော့ ဒေါ်စု ကုလသမဂ္ဂ မတွင်းရေး မှူး ချုပ် ဖြစ်မှာတဲ့။ စုံရောဗျာ စုံရော။ မှန်တာပြောရင်ကျုပ်က အဲဒီလို နိုင်ငံရး ကစား ကွက်တွေ၊ ကျားကွက်တွေ၊ စကားကွက်တွေ၊ မျှားကွက်တွေကို နားလည်းမလည်ပေါင်ဗျာ။ စိတ်လည်းမဝင်စားပေါင် ဗျာ။ ကျုပ်က အိုးတိုး အတ ငနဲလေဗျာ။ အဲဒါမျိုးတွေ ရိုးတိုးရွတ သရုပ်မခွဲတတ်ဘူးပေါ့ ဗျာ။ နိုင်ငံရေး ဂုရုတွေ၊ ကဝိတွေ သိတဲ့အလုပ်တွေကိုး။ သူတို့လေကန်ရင်းဝေဖန်ခြင်းပြုကြလိမ့်မပေါ့ဗျာ။ သူတို့သုံးသပ် ရင်း ဆုံးဖြတ်ခြင်းပြုကြလိမ့်မပေါ့ဗျာ။ ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးက သတင်းထောက်တွေ နဲ့ တွေ့ ဆုံမေးမြန်းခန်းမှာ သူ့ရဲနိုင်ငံရေးသဘောထားတွေကို ရှင်းပြသွားတာ ကြားရတယ်။ တွေး စရာတွေ၊ ရေး စရာတွေအများကြီးပဲ ရလိုက်သဗျာ။ ဒေါ်စုက စိတ်ထားဝတိံသမားဆိုတော့ နှလုံးကြီးကြီး၊ ဦးနှောက်ကျယ် ကျယ် သဘောထားတွေ ပြောသွားတယ်ဗျာ။ အတိုက်အခံဆိုတဲ့ အသုံးအနှုန်းကို သူသိပ်မကြိုက်ဘူးတဲ့။ ဒီမိုကရေစီလွှတ်တော်စနစ်မှာ အတိုက်အခံသဘောတရား လိုအပ်တယ် တော့ ပြောသဗျ။ သူ့အနေနဲ့ တိုက်လည်း မတိုက်ချင်၊ ခံလည်း မခံချင်ဘူးတဲ့။ ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုလို့ လိုလားတယ်တဲ့။ ကျုပ်က အငေးသမား၊ အတွေးသမားလေ။ ဥက္ကဌကြီးစကားကို အောက်ခြေမှာ ကြားနေရတဲ့စကားနဲ့ ယှဉ်တွဲစဉ်းစားနေမိသဗျ။ အောက်ခြေစကားက အဘရေ၊ ကျွန်တော်တို့ပါတီထဲမှာ ကြံ့ဖွံ့နဲ့ ခရိုနီ အနုတ်အဖွဲ အသေးအမွှားလေးတွေ အတော်ထွေးလားလုံးလား ဖြစ်နေသဗျ တဲ့။ ကောင်းကင်ပါ တီ နိုင်ငံရေးမှာ အတိုက်အခံစိတ်ဓာတ်မပြင်းဘဲပူးပေါင်းဆောင်ရွက်ခြင်းက သိပ်ကောင်းပေတာပေါ့ ဗျာ။ မြေကြီး ပါတီ စည်းရုံးမှာတော့ ‘ပူးပေါင်း’ မျက်နှာပဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေရရင် မစွံဘူးဗျ။ ပါတီအောက်ခြေထုမှာ နိုင်ငံရေး ‘ခွင်’၊ စည်းရုံးရေး ‘ခွင်’ တွေ ပျက်မှာပြိုမှာစိုးရသဗျ။ သဘောတရားတွေ အသာထားလိုက်ကြပေါ့ဗျာ။ ဥက္ကဌရဲ့ လက်တွေ့ကျတဲ့ စကားကိုပဲ မှတ်ထားလိုက်ကြစို့ရဲ့။ ဥက္ကဌက မှန်မှန်ကန်ကန်ပြိုင်ရအောင် မျှမျှတတလုပ်ပေးပါတဲ့။ ဒီစကားက သမ္မတရွေးကောက်ပွဲအတွက်သာ အရေးကြီးတာ မဟုတ် ဘူးဗျာ။၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတစ်ခုလုံးအတွက်လည်း အရေးကြီး တယ်ဗျာ။ ကျုပ်တို့ပြည်ထောင်စုကြီး ဖွဲ့စည်းကြတဲ့အချိန်မှာ ကျုပ်တို့ရဲ့နိုင်ငံရေးဒဿန အခြေခံ က ‘ခွင့် တူညီမျှ ဝါတဖြူစင်’ ဗျ။ ‘တရားမျှတ လွတ်ခြင်းနဲ့မသွေ’ ဗျ။ နိုင်ငံတော်သီချင်းထဲက အဆိုအမိန့်၊ စကားအသုံးအနှုန်းတွေဗျ။ ခွင့်တူညီမျှရင်၊ တရားမျှတရင်၊ လွတ်လပ်ရင် (လက်ပြန်ကြိုးအမျိုးမျိုးချည်တဲ့ ၂၀၀၈ အခြေခံဥပဒေထဲ ကန့်သတ်၊ပိတ်ပင်၊ ချုပ်ချယ်၊ ဖိနှိပ်၊ စိုးမိုး၊ ဟန့်တားချက်တွေက လွတ်လပ်ရင်- -၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာဒီချုပ်အောင်ပွဲကြီးခံမှာ ကျိန်းသေပေါ့ဗျာ။ - ၂၀၁၅ လွှတ်တော် သုံးရပ်ရဲ့ သမ္မတရွေးမြှောက်ပွဲမှာ ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သမ္မတအောင် ပွဲ ခံ၊ အောင်လံ စိုက်မှာမြေကြီးလက်ခတ်မလွဲပေါ့ဗျာ။ - ဒီနေ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်က ၂၀၀၈ အခြေခံ ဥပဒေကြီးကို ချိုကျိုးနားရွက်ပဲ့ မသန်ချည့်နဲ့အဖြစ်ကနေ ဒေါင်ဒေါင်မြည် စစ်စစ်မှန်မှန် ဖက်ဒရယ် ဒီမိုကရေစီဥပဒေကြီးအဖြစ် ပြောင်းလဲပြင်ဆင်ဖြည့်စွက် ဖြုတ်ပယ်ရန် လိုအပ်တဲ့ အချိန်မှန်သမျှ ကို ပြည့်ပြည့်စုံစုံ ကုန်ကုန်စင်စင် ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့တကွ နိုင်ငံရေးအင်အားစု အားလုံးရဲ့တာဝန်ပဲ ဖြစ်ပေသပေါ့ဗျာ။ အဲဒါက ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပေါ့ဗျာ။ ။
 ဟံသာဝတီဦးဝင်းတင် ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၉)။
Read More »

နွားနှင့် သပိတ် (ညိုမြ)


လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော် ကြ၏။ မျိုးချစ် စိတ်ရှိအပ်ကြောင်း ကို ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။

ထိုသို့ ပြောဆိုကြွေးကြော် အော်ဟစ်ကြသူတို့အား တကယ့်မြင့်မြတ်သည့် မျိုးချစ်ပုဂ္ဂိုလ်ကြီး တွေဟု အကြောင်းမသိသူများက ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီးများသာ ဖြစ် ကုန်သည်။ သူတို့သည် လူစည်စည်ရှိသော အရပ်များတွင် စင်မြင့်ထက်သို့တက်၍ စွာလောင်စွာလောင် လုပ်ကြ၏။ ဟုမ္မရူး ဒိုင်အာကီ နောင်လာမည့် အုပ်ချုပ်ရေးစသဖြင့် လျှာ အရိုးမရှိသည့် ဖိုးပြောချင် ဖိုးအော်ချင်များပင်။ သို့သော် သူတို့ အပေါင်းအဖော်များနှင့် ပင်ကိုယ်နေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်း သတိမရကြကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမ သားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်း တို့ကိုသာ ပွားများကြလေသည်။

မျိုးချစ်စိတ်အမှန်ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန်ဘဝကို တကယ်နာကျည်းသူ ဖြစ်က ထိုသို့ မနေနိုင်ရာ။ ဘယ်နံရောအခါမဆို မျိုးချစ်မီးလောင်ကျွမ်းလျက် အမျိုး၏ နစ်နာချက်များ ကိုသာ အနုလုံ ပဋိလုံ စမြုံ့ပြန်စိစစ်ကာ ... စားလျှင်လည်း အမိမြန်မာပြည် အိပ်လျှင်လည်း မြန်မာပြည် အမိ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည် စာရေးလျှင် လည်း ပြည်အမိမြန်မာဟူ၍ သို့သာလျှင် ဖြစ်စေရာ၏။ အနှီသို့သော ပုဂ္ဂိုလ်များကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး ငွေပန်းကုံးများ စွပ်ကြသင့်ပေသည်။
...............................................

ကျွန်ုပ်သည် ဤမည်သော တက္ကသိုလ်သပိတ် စုံစမ်းရေးကော်မတီလူကြီးများရှေ့ဝယ် အလွန် မကောင်းဆိုးဝါးသော တက္ကသိုလ်အကြောင်းချင်းရာတို့ကို သိသမျှ ယထာဘူတ သက်သေခံပြီးသည်၏ အခြားမဲ့၌ (၁) တနှစ်ကျော်မျှ ခွဲခွာလာခဲ့ ရသော မိဘနှစ်ပါးကို ဖူးမျှော်လိုခြင်း (၂) အကြင်အညာဒေသ တွင် သပိတ်အခြေအနေ မည်သို့မည်ပုံရှိသည်ကို စုံစမ်းလျက် အကယ်၍ လိုလေသေးရှိက  မိမိဇာတိ ချက်ကြွေ တောအရပ်တဝိုက်တွင် တောသူတောင်သားတို့အား သပိတ်တရားရေအေး တိုက်ကျွေး လိုခြင်း ဟူသော ဆန္ဒနှစ်ပါး ဖိစီးလှသည်ဖြစ်၍ ခေါင်းဆောင် အကြင်နောင်နု၊ နောင်အုန်း၊ ဘိုင်ရှစ်တို့ အား ဆယ်ရက်အတွင်း ပြန်ခဲ့ပါမည် စိတ်ချပါဟု အဖန်ဖန်ကျိန်ဆို ခွင့်ပန်ပြီးသကာလ ထိုမည်သော သပိတ်ပြန်ကြားရေးဌာန ကိုလည်း ကိုကျော်ညိမ်းအား ခေတ္တလွှဲအပ်ခဲ့ပြီးသော် တတိယတွဲသို့ ခုန်တက် ကာ အညာသို့ ဆန်ခဲ့လေသောဟူ၏။

အညာနိုင်ငံ၌ကား သပိတ်ရေး သာယာပါပေ၏။ မင်းဘူး၊ မုံရွာ၊ ပခုက္ကူ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး စသော အညာမြို့များ၌ ကျောင်းတိုင်းလိုလိုပင် ကောင်းကောင်းမွန်မွန် သပိတ်မှောက်လျက် ရှိကြ၏။ အစိုးရကျွန်များမှတပါး သပိတ်ကို ချီးကြူး ထောက်ပံ့ကြသူချည်းသာတည်း။ သောတာပန်ရွာ တွင်လည်း လွန်လေပြီးသောအခါက ရွှေတောင်ကြားပါတီဝင် မင်းတိုင်ပင် တဦးဖြစ်လေသူ တီပီအက်စ် “ဖေဖေ”မှတပါး သပိတ်ကို အားရကြသူချည်းပင်။ “မင်းတို့ သတ်သေမေဒ ပေးရတာနဲ့ ရာစုတ်အုပ်က ညှင်းတာက တော်သေးတယ်။ ဒို့တက္ကသိုလ်မှာ ဘာမှ သုံးမကျဘူး ... လကားပါကွာ ... လခွေးလိုဘဲ။ လုပ်ပုံ ကိုင်ပုံတွေက စွန်ပါဘူး ...” ဟု ကျွန်တော်က ပြောပြသောအခါ စာရင်းငှား စံရွှန်းနှင့် သာဗြေ့တို့က ဂွမ်းနုဆီစိမ်သကဲ့သို့ တအိအိ ခေါင်းညိမ့်ကြပေ၏။

သာယာသော တညနေခင်းတွင် သန့်ပြန့်သော လေညှင်းကိုရှူရှိုက်ရင်း တဖြည်းဖြည်း လမ်းလျှောက်ထွက်လာခဲ့၏။ ကျောက်ဆောင်အိုင်စောင်းကို ကျော်လွန်လျက် ဦးကျွန်းသရက်ခြံဝသို့ ဆိုက်လေတော့သည်။ ကြည်နူးဘွယ့် နေဝင်ချိန် တည်း။ အုန်းပင်ထက်ဝယ် အုန်းလက်တို့သည် ဖြည်းညှင်းစွာ လှုပ်ရှားလျက် ရှိကုန်၏။ ကွယ်လုဆဲနေရောင်ခြည်သည် သရက်ခြံပေါက်ဝတွင် မြက်စား လျက်နေသော အမည်မသိ နွားကြားကြီး တကောင်အား တမျိုးပင် လှပဖွံ့ဖြိုး ကြက်သရေ တိုးအောင် လွှမ်းမိုးလျက် ရှိနေလေသည်။ ကျွန်တော်သည် ထိုနွားကြီးသို့ ချဉ်းကပ်တော့၏။

“ဗျို့နွားကြီး ဘာလုပ်နေသလဲ ... မြက်စားနေသလား”ဟု ကျွန်တော်ကပင် စ၍ ယုတ်တရက် နှုတ်ဆက်လိုက်ပေ၏။ နွားကြီးကား စိုစိမ်းသော မြေစာပင်များဝယ် စိတ်ရောပစပ်ပါ ဝင်စားချက် ကောင်းလှ၏။

`ယခု ကျွန်တော်တို့ ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကားနေရင်း ကျောင်းထုတ်ခံရလွန်းလို့ ...´
နွားကြီးသည် စားမြဲစားနေ၏။

“နဲနဲမှ မတရားဘူးဗျာ။ တကယ်ဆိုရင် ကျွန်တော်တို့ဟာ နိုင်လိုမင်းထက် မုဆိုလိနီကလေးတွေလဲ မဟုတ်ပါဘူး။ ကျောင်းကို စာသင်ဘို့ လာကြတာပါ။ စော်ကားဘို့လဲ မဟုတ်ဘူး။ စော်ကားတာကို ခံနေဘို့လဲ မဟုတ်ဘူး။ ကိုစိုးမြင့်ကို ဆာမထူးလို့ ကျောင်းထုတ်သတဲ့။ ထုတ်ပစ်ပုံကလည်း ရှင်းရှင်းလင်းလင်းမဟုတ်ဘူး။ ပြန်သွင်းမလိုလို ဘာလိုလိုနဲ့ လေးငါးလလောက် ကျောင်းတက်ခွင့် မပေးဘဲ ညှင်းထားတယ်။ ကုန်ကုန်ပြောကြစို့။ အခု ကိုစိုးမြင့် တံတားကလေးကို ရောက်နေပီလေ။ အနှာ ဘလူ့လက်ချက်လဲ စဉ်းစားကြည့်ပေတော့။ ဆရာ့ဝတ်တရားဆိုတာ တပည့်ကို အညွန့်ချိုးဘို့ ဘဲလားလို့”

“နို့ပြီး ကိုအောင်မြင့်ဆိုတဲ့ ကျောင်းသားကိုလဲ အသုံးမဝင်တော့တဲ့ နို့တစ်စက္ကူကို သင်ပုန်းပေါ်က ခွာမိလို့တဲ့။ ကျောင်းထုတ် ပြန်ရော။ မတရားသဖြင့် ကျောင်းထုတ်ခံရတဲ့အတွက် ကျောင်းစရိတ်တွေကို တရားစွဲပီး လျော်ကြေး တောင်းမယ်လုပ်တော့မှ ကျောင်းမထုတ်ရသေးပါဘူး။ အောင်မြင့်က နားကြား လွဲလို့ အင်္ဂလိပ်စကားကိုကောင်းကောင်းနားမလည်လို့နဲ့ လုပ်လာတယ်။ ဘာဟုတ်မလဲ ... ညိုမြတို့ သိတာပေါ့။ အနှီနေ့က အင်္ဂလိပ်ပါမောက္ခအခန်းကိုရောက်တော့ ကိုအောင်မြင့်နာမည်ကို ကျောင်း စာရင်းက ဖျက်ပစ်ဘို့ အမိန့်စာရွက်ကို ဆရာကပြလို့ ဘတ်ခဲ့ရတယ်။ ခုထုတ် ခုသွင်းမို့ မျက်နှာဖြူဆရာ တယောက်ကတောင် ဒို့သခင်မျိုးတွေ ဘယ့်နှယ် ဖြစ်ကုန်ပီလဲတဲ့။

“ကျွန်တော်တို့ အရိုအသေပေးပြီး တင်မြှောက်ထားတဲ့ သမဂ္ဂဥက္ကဌကိုနုကို ကျောင်းထုတ်တာကတော့ ဘာဖြစ်လို့ ထုတ်ထုတ် ကျွန်တော်တို့အားလုံးကို စော်ကားတာနဲ့ အတူတူပေါ့။ ဟုတ်ကဲ့မှုတ်လား”
နွားကြီးသည် ရှေ့သို့ ခြေတလှမ်းတိုး၍ မြက်များကို ဆက်လက်စားနေ၏။

“နောက်ဆုံး ကျောင်းထုတ်ခံရတာကတော့ ကိုအောင်စန်းပေါ့။ အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာပိုင်းမှာ ညစ်ညမ်းတဲ့ ဆောင်းပါးတို တခု ထည့်မိလို့တဲ့ ။ ရန်ကုန်တိုင်းသတင်းစာ အယ်ဒီတာက သူ့မှာ အနှာကိုဘတ်ပြီး တုန်လှုပ်ချောက်ချား သွားရှာဆိုကိုး။ ကျောင်းထုတ်ဘို့ မြှောက်ပေးရှာတယ်။ အစိုးရ ကတော့ ဘာမျှ အပြစ်မဆိုပါဘူး။ မိန်းမများကတောင် ထိုဆောင်းပါးဟာ ညစ်ညမ်းသော်လဲ ကောင်းစေ ချင်စိတ်ထားက ပိုမိုထင်ရှားလို့မို့ ဘာမှ အရေးယူဘို့ မလိုဘူးတဲ့။ ကျောင်းအုပ်ကြီးကတော့ မထုတ်ဘဲ မနေနိုင်ရှာဘူးပေါ့လေ။ ကျောင်းအုပ်ပေမဲ့ စိတ်ကတော့ နွားသတ်ကုလားလိုဘဲ။ ထုတ်ပုံကလဲ မှတ်ဘို့ ကောင်းတယ်။ အိုးဝေမဂ္ဂဇင်းထွက်ပီး တလလောက်ကြာလို့ စာမေးပွဲနဲ့ကပ်နေမှ ထုတ်ဘို့ဆုံးဖြတ် ထားတယ်။ စာမေးပွဲ မလုပ်ခင် တရက် နှစ်ရက်မှာတော့ ကိုအောင်စန်းအတွက် အခြားမခံချင်တဲ့ ကျောင်းသားတွေဟာ ကူညီကြံဖန်နိုင်ဘို့ ခဲယဉ်းကြမယ် ပေါ့။ သူတို့ တွက်ပုံချက်ပုံက သိပ်ဟုတ်တာ။ အကြမ်းဘတမ်းမဟုတ်ဘဲ သေသေချာချာ နားနားနေနေနဲ့ လည်လှီးတဲ့ သဘောပေါ့။ တပည့်နဲ့ ဆရာ ဆိုတာ တက္ကသိုလ်မှာ အနှာလို ဖြစ်နေကြတာကလား”။
နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ်စားလျက် မြိန်လျက်ပင်။

“သဟကြောင့် ကျွန်တော်တို့ သပိတ်မှောက်ခဲ့တယ်လေ။ ဘာဖြစ်သေးလဲ။ မှောက်တယ် မှောက်တယ် ပေါ့။ ကိုယ့်ကို လူမထင်တဲ့သူကို ကိုယ်ကပြန်ပီး လူထင်နေဘို့ကိစ္စက ခဲယဉ်းသားဘဲ။ ဟုတ်ကဲ့မှုတ် လား။ အခုတလောတော့ ဆရာတွေနဲ့ ကောက်ဘဲ။ ကျွန်တော့် ပါမောက္ခ ဝရုတ်ဆီက စာရတယ်။ “မင်းတို့ သပိတ်မှောက်ကောင်စီက ကောင်တွေဟာ မျောက်တွေ ဘဲတွေတဲ့။ အခြား ပါမောက္ခက တော့လဲ ကျေးဇူးကန်း ခွေးကောင်လေးတွေ ငါ့အိမ်က လက်ဘက်ရေကိုတော့ လာသောက် သွားတယ်တဲ့။ နစ်နာချက် ဘာမှမရှိဘူးတဲ့။ ဘုရင်ခံက စုံစမ်းရေးကော်မတီ မခန့်သင့်ဘူးတဲ့။ သိပ်ဟုတ်တဲ့ အာစရိတွေဘဲ။ ဆရာလဲဆရာ မျက်နှာကလဲ မမဲတော့ ဒီစကားမျိုးပြော အားရှိမှာပေါ့နော်”
ယုတ်တရက်နွားကြီးသည် နောက်ချေးများ ယိုနေသည်ကိုမြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်တန့်ထား ရ၏။

“ကျွန်တော်တို့ အခုလို သပိတ်မှောက်တာကို ဒီကောင်ကန်းကလေးတွေဟာ မွေးကထဲက ဥပဒေကြူး လွန်တဲ့ သူပုန်ဝသီ ပါလို့”တဲ့။ နောက်တခါ လမ်းပေါ်မှာလှဲအိပ်ရင် ဥပဒေကြူးလွန်မှုနဲ့ ဆော်ပစ်လိုက် မယ်တဲ့ ... ဟုတ်ကဲ့မှုတ်လား။ အနှာ့ကြောင့် ဒီလိုလူစားတွေကို ဘာမှ ထူးထူးထွေထွေ ပြန်မပြော နေချင်ပါဘူးဗျာ။ ဟိုသူတို့ အင်္ဂလိပ်လူမျိုး ဆစ်တနီစမစ်ရေးတဲ့ စာကိုသာ ရွတ်ပြလိုက်ချင်တော့တယ်”

“အိုင်ယာလန်သည် အဘယ်ကြောင့်ဤမျှဆူပူနေသနည်း။ အကြောင်းရင်းဇစ်မြစ်ကို သိလျက်နှင့်ပင် တိမ်မြုပ်၍ သင်တို့သည် ချော်တောငေါ့ကာ ထင်ရာပြောဘို့သာ တတ်ကြ၏။ သင်တို့ ဖိစီးနှိပ်ကွပ် သည်ကို မခံနိုင်ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတကောင်ကို ကြိုးနှင့်တုတ်၍ ရက်ရက်စက်စက်ရိုက်နှက်လျှင် ထိုမြင်း သင့်ကိုပြန်၍ ကန်ကြောက်က မြင်းကို အဆိုးဆိုမည်လော။ ခွေးတကောင်ကိုနှစ်ရှည်လများ ညှင်းဆဲနှိပ်စက်ခဲ့ပြီးလျှင် ထိုခွေး သင့်ကိုမြင်တိုင်း ဟောင်သောကြောင့် ခွေးကိုရူးသည်ဆိုအံ့လော။ အိုင်ယာလန်တိုင်းသားတို့သည် ပဋိသန္ဓေအားဖြင့် ယုတ်ညံ့သော သဘော ရှိကြ၍ အလွန်ဆူဆူပူပူ လုပ်တတ်သည်ဟု သင်က မစွပ်စွဲမီ သင်သည် သူတို့အား တန်းတူမိတ်ဆွေ လူလူချင်းဟု သဘောထားခဲ့ဘူးပါသလား မေးချင်၏။ သင်သည် သူတို့၏ ကူးသန်းရောင်းဝယ်ရေးတွင် သူတို့အကျိုးကို ကြည့်ရှုကာကွယ်ခဲ့ဘူးပါ၏လော။ သင်သည် သူတို့၏ အမျိုးဘာသာသာသနာကို လေးစားခဲ့ပါ၏လော။ သူတို့၏ လွတ်လပ်ရေးကို သင်၏လွတ်လပ်ရေးကဲ့သို့ ခင်မင် လိုလားခဲ့ပါ ၏လော။ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမျှဂရုမစိုက်ခဲ့။ သင်ကား သူတို့မြေယာများကို သိမ်းခဲ့၏။ သူတို့ကို သတ်ပစ်ခဲ့၏။ တကျွန်းသို့ ပို့ခဲ့၏။ သူတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို မပေးခဲ့။ သို့စဉ်လျက် အိုင်ယာလန် တိုင်းသားများ ဆူပူ၍ သင်တို့ကို မုန်းသောအခါ ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ ပင်ကိုယ်သဘောထား ယုတ်ညံ့သောကြောင့် ဟူ၍လည်းကောင်း အမျိုးကိုကပင် ခေတ်မမှီ နိုင်အောင် ရိုင်းစိုင်းလျက် ယဉ်ကျေးသိမ်မွေ့ခြင်းငှာ လုံးလုံးမစွမ်းနိုင်ကြသူများ ဖြစ်သည်ဟု သင်ဆိုရက် လေသည် ...”

နီလာရောင် ပြေးလျက်နေသော ကောင်းကင်ကိုမော့လျက် ကျွန်တော်သည် စိတ်ပါလက်ပါ ထို ဆစ်တနီစမစ်၏စာကို ရွတ်လေပြီးသည်၏။ အဆုံး၌ ကြည့်လိုက်ရာ သရက်ပင်များကြားတွင် နွားနီ မလေးတကောင်နောက်သို့ သုတ်ခြေတင်၍ သွားလေသော နွားကြီးကို မြင်လိုက်ရပါသည်။

လာလမ်းဖြင့်ပြန်ခဲ့သော ကျွန်တော်ကား စိတ်မကောင်းချေ။ နွားကြီးကို သပိတ်အကြောင်း ပြောရသည်မှာ ကျွဲပါးစောင်းတီး ရှိလှ၏။ ဂရုစိုက်ပုံလည်း မပေါ်။ နားလည်ဟန်လည်း မရှိ။ ဟောရ ပြောရသူတွင်ကား မောလှ၏။ အို ... နွားတွေ ... နွားတွေ ... နွားတို့သည်ကား အဟိတ် တိရစ္ဆာန်များသာ ဖြစ်ကုန်၏။ အန္ဓများသာ ဖြစ်ကုန်၏။ သပိတ်ကိုလည်း နားမလည်။ တရားကိုလည်း နားမဝင်။ ဒင်းတို့၏ဝါဒနှင့် လုပ်ငန်းကား သံသရာ တလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ရန်သာ တတ်ကြလေတော့သတည်း။     ။

ညိုမြ 

နေရာမှ ကူးယူဖော်ပြသည်။
Read More »

သတင်းစာဟောင်း ဂျာနယ်ဟောင်း ( လူထုဒေါ်အမာ)


စာကြည့်တိုက်ကြီးတွေများများနဲ့ ကောင်းကောင်းမရှိတဲ့ ဗမာပြည်၊ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဗမာပြည်မှာ သတင်းစာအဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေကို မပျောက်မပျက် သိမ်းထားနိုင်တဲ့ လူတွေ ရှိသေးတယ်ဆိုတာ နဲနဲနောနော ၀မ်းသာဘို့ကောင်း တာ မဟုတ်ဘူး။ 'လိုရစေကြိုးနှယ်ခွေ' ဆိုတဲ့ သဘောမျိုး ပိုးမထိုး ခြမကိုက်အောင် သိမ်းကြရမှာဘဲ။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ဖော်ထုတ်တဲ့အခါ ဒါတွေက သိပ်အသုံးကျတာ မဟုတ်လား။

အကြောင်းအရာ တစုံတခုကို ကိုယ်က ပြောချင်တယ်ဆိုရင် အဲဒီ အကြောင်းအရာနဲ့ ပါတ်သက်ပြီး၊ ဘယ်နေ့ထုတ် ဘယ်သတင်းစာက ဘယ်လိုရေးသား ဖော်ပြတယ်ဆိုတာကိုများ ဆွဲထုတ်ပီး ကိုးကား ပြနိုင်တယ်ဆိုရင် ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက အပုံကြီး ခိုင်မာ တောင့်တင်းသွားတော့တာကိုး။ ဒါကြောင့် တတ်နိုင်ရင် သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ မဂ္ဂဇင်းဟောင်းတွေကို သိမ်းကြရတယ်။ ပိုးမထိုး ခြမကိုက်အောင်လဲ အတတ်နိုင်ဆုံး စောင့်ရှောက်နေကြပါတယ်။

ဒီလိုအဖိုးတန် အသုံးဝင်ရာမှာ တခုတော့ သတိထားရပါတယ်။ ကိုယ်သုံးတဲ့ သတင်းပါတဲ့ သတင်းစာ ဂျာနယ် မဂ္ဂဇင်းဟာ ဘယ်လိုအမျိုဒအစားထဲက ဖြစ်တယ်ဆိုတာကို တော့ ကိုယ်ကိုယ်တိုင်ကလဲ သတိထားဘို့ လိုတယ်။ အထူးသဖြင့် ကိုယ်ကပြန်ပီး အသုံးချမယ်၊ အကိုးအကားပြုမယ် ဆိုရင်ပေါ့။ ဒါမှလဲ ကိုယ့်အကိုးအကားဟာ လေးနက်မှု ရှိပါတယ်။ဒီလိုမဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင်က ဒီ စာနယ်ဇင်း အဟောင်းဟာ ဘယ်အရည်အသွေး ရှိတယ်ဆိုတာ မသိဘဲ သုံးရင် ကိုယ့်စာဟာ တန်ဘိုးတက်သင့်သလောက် မတက်ဘူး။ သိတော့သိတယ် ဒါပေမယ့် မဖော်ပြဘဲ သုံးတယ်ဆိုရင်လဲ ရိုးသားမှု မရှိတဲ့ အနေအထားမို့ မလုပ်သင့် မလုပ်အပ်ဘူး။

ဒီစကားကို ရှင်းပါအုံးမယ်။ပါလီမန်ဒီမိုကရေစီခေါ်တဲ့ အရင်းရှင်ဒီမိုကရေစီခေတ်၊ ဗြိတိသျှကျွန်ဘ၀ခေတ်တွေ တုန်းက သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဆိုတာ အသွေးအရောင် အမျိုးမျိုးနဲ့ ထုတ်ဝေကြတာ ဖြစ်တယ်။ ပါလီမန်ဒီမိုကရေစီက အလုပ်သမား လယ်သမားတွေကို တကယ်ကိုယ်စားပြုတဲ့ လက်ဝဲပါတီမျိုးကို တရားဝင် ရပ်တည်ခွင့် မပေးပေမဲ့၊ အရင်းရှင် ကိုယ်စားပြု၊ မြေရှင်ကိုယ်စားပြု ပါတီတွေကိုတော့ ဆိုင်းဘုတ်အမျိုးမျိုးနဲ့ ဘယ်နှစ်ပါတီဖွဲ့ဖွဲ့၊ ဘယနှစ်မျိုးဘဲ ပေါ်ပေါ် ထွက်ပေါ် ရပ်တည်ခွင့် ပေးပါတယ်။ ဒါတွေအတွက် ၀ါဒဖြန့်စရာလဲ စာနယ်ဇင်းအမျိုးမျိုးကို လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရှိပါတယ်။ ဒါကြောင့် သတင်းစာဆိုရင်လဲ အစောင်ပေါင်းမြောက်မြားစွာ၊ ဂျနယ်ဆိုရင်လဲ အမျိုး အမည် အများကြီး၊ မဂ္ဂဇင်းဆိုရင်လဲ စုံစေ့အောင်၊ ရေတွက်လို့ မလွယ်လောက်အောင် အများကြီး ထွက်ပေါ်ခဲ့တယ်။ နို့ပေမဲ့ ထွက်တဲ့ စာနယ်ဇင်းတိုင်း စောင်ရေတွေ အများကြီး ရိုက်နှိပ်ကြရသလား ဆိုတော့ မဟုတ်ပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုအပေါ် သြဇာရှိသလား ဆိုတော့ မဟုတ်ပါဘူး။ သတင်းစာတစောင်ဘဲ၊ ဂျာနယ်တစောင်ဘဲဆိုပေမဲ့ မည်ကာမတ္တဘဲ ပြည်သူလူထုအပေါ် သြဇာမရှိပါဘူး။ လူတွေရဲ့ အမြင်ကို လှည့်စားဖျက်ဆီးဘို့ အတွက် ကြိုးပမ်းထားတာတွေဘဲ ဖြစ်ပါတယ်။ အဖြူပေါ် အမဲထင်ပီး စာနဲ့ရေးထားတာဆိုရင် မှန်လိမ့်မယ်လို့ ရိုးအ,သေးတဲ့လူတွေက ထင်ကြလေရဲ့ ဆိုပြီး ပြည်သူကို မှိုင်းတိုက်ဘို့ ကြိုးစားခဲ့ကြမှုတွေပါ။ ဒါမျိုးကိုဘဲ တနေရာကနေပီး ကိုးကားရာမှလဲ အသုံးကျတယ် မှုတ်လား။

ဥပမာဆိုပါတော့ ရန်ကုန်မြို့မှာ ကုလားဗမာရိုက်ပွဲကြီး ဖြစ်နေတယ်။ အဲဒီရိုက်ပွဲနဲ့ ပါတ်သက်ပီး ကုလားငွေနဲ့ ထုတ်ဝေနေတဲ့ စောင်ရေ (၁၀၀၀-၉၀၀)မှ မရှိတဲ့ သတင်းစာလေးတစောင်က ဒီအဓိကရုဏ်းနဲ့ ပါတ်သက်လို့ ဘယ်လိုရေးတယ်လို့ အိန္ဒိယသတင်းစာအချို့က ကိုးကားရင် ကမ္ဘာမှာလဲ ဒီအာဘော်က ပြန့်လွင့်နိုင်တယ် မဟုတ်လား။ အဲဒီလို အသုံးချရအောင်၊ ဒီလို နာမည်ခံသတင်းစာလေးတွေ ထုတ်ဝေကြတာ ဖြစ်တယ်။ ဒါကြောင့် ဟိုခေတ်ကဆိုရင် သတင်းစာတချို့က ထွက်နေတယ်ဆိုရုံ သတင်းစာတစောင်လို့သာ ဆိုရတယ်၊ တနေ့မှ စောင်ရေ ၃၀၀ နဲ့ ၅၀၀ ကြားသာ ရိုက်နှိပ်နေတာမျိုးလဲ ရှိတယ်။ဒီလောက်စောင်ရေနဲ့ဟာ စီပွါးရေးအရ ရပ်တည်နိုင်သလားလို့ အဲဒီခေတ်ကို အသိမီ လိုက်သူများက မေးချင်လိမ့်မယ်။ အံ့သြနေလိမ့်မယ်။ ရပ်တည်နေခဲ့ပါတယ်။ တချို့များ အဲဒီ စောင်ရေမျိုးနဲ့ ၁၅ နှစ်၊ နှစ် ၂၀ကြာအောင် ထုတ်ဝေနေတာတောင် ရှိပါတယ်လို့ ဖြေကြား ပါမယ်။သူတို့ ရပ်တည်ပုံက အစိုးရကဖြစ်စေ၊ တခြား ငွေကြေးပေးကမ်းနိုင်သူတွေက ဖြစ်စေ၊ တိုက်စရိတ် ကာမိတဲ့အပြင် တိုက်ရှင်များ စားသုံးနိုင်လောက်တဲ့ ငွေကြေးမျိုးထိ ရရှိစေနိုင်တဲ့ ကြော်ငြာများ ထည့်ပေးထားပါတယ်။ အဲဒီငွေကြေးနဲ့ဘဲ ဒီသတင်းစာမျိုးက ထုတ်ဝေထွက်ပေါ် နေတယ်။ ဒါကြောင့် သူ့မှာ သတင်းစာဆိုပေမဲ့ သတင်းစုံစုံလင်လင်မပါဘူး။ သတင်းထောက် တွေ ဘာတွေကို ငွေကုန်ကြေးကျခံပီးခန့်မထား၊ သတင်းဝယ်ယူမှု မပြုဘဲကိုး။ သတင်းသာ စုံစုံစောစောစီးစီး မပါသလား။ ဆောင်ပါးတော့ ဖတ်ချင့်စဖွယ် အပါသား မဟုတ်လားလို့လဲ မမေးစေချင်ဘူး။ လူရိုသေ ရှင်ရိုသေ ကလောင်မျိုးက ဒီလိုသတင်းစာမျိုးမှာ ၀င်မရေးလိုဘူး။ ငွေကြေးရမှရေးတဲ့ ကလောင်ကောင်းတွေကလဲ ငွေကြေးမပေးလို့ မရေးကြဘူး။ အဲဒီတော့ ကလောင်နာမည်တလုံး ဖြစ်မလာသေးလို့ နာမည်ရချင်တဲ့ ကလောင်ရှင်ရဲ့ ဆောင်းပါးမျိုး၊ အဆင့်အတန်းမမီလို့ ဘယ်ကမှ လက်မခံတဲ့ ဆောင်းပါးမျိုးဘဲ ပါပါတယ်။အဲဒီလို သတင်းစာမျိုးတွေ မန္တလေးမှာလဲ ရှိခဲ့တယ်။ ရန်ကုန်မှာလဲ ရှိခဲ့တယ်။ ဒီသတင်းစာဟာ ရှင်းရှင်းဆိုရရင် ကိုလိုနီသမားရဲ့ အလိုတော်ရိ သတင်းစာသက်သက်ဘဲ၊ ဒါကြောင့် သူတို့သြဇာ ပြည်သူကြားမှာ ဘာမှမရှိဘူး။ သူတို့ ဘာရေးနေနေ ဘယ်သူကမှ အရေးယူ အချိန်ကုန်ခံပီး ဖတ်မနေကြဘူး။သူတို့ စီပွါးရေးအတွက် လုပ်စားနေကြတဲ့ ကြေးစားသတင်းစာလို့ဘဲ လူတွေက နားလည်ထားကြတယ်။ ဒါက တမျိုးပါ။

တချို့ သတင်းစာဂျာနယ်များကတော့၊ သတင်းစာတစောင်၊ ဂျာနယ်တစောင် မဖြစ်မနေ ထုတ်ဝေမယ်ဆိုပီး၊ စိတ်အားထက်ထက်သန်သန်နဲ့ စတင်ထုတ်ဝေတာတော့ မှန်ရဲ့။ နို့ပေမဲ့ ငွေရေးကြေးရေးကြောင့် ဖြစ်စေ၊ အရေးအသားကြောင့် ဖြစ်စေ ဒီသတင်းစာ၊ ဒီဂျာနယ်ကို သက်ဇိုးရှည်အောင် မတတ်နိုင်ဘူး။ဒါကြောင့် ထွက်လာပီး ၃ လနဲ့ ပိတ်လိုက်ရ၊ ၆ လနဲ့ ပိတ်လိုက်ရ၊ တနှစ်လောက်ခံတယ် ပျက်သွားရော ဆိုတာမျိုးဖြစ်ကုန်လို့ သတင်းစာတစောင်၊ ဂျာနယ်တစောင်ဆိုတဲ့နာမည်၊ မှတ်ပုံတင်တခုတော့ဖြင့် ကျန်ရစ်ပါရဲ့၊ ပြည်သူ့ကြားမှာ ကြာကြာသြဇာသက်ရောက်မှု ရှိမသွား ရလို့ မေ့ပျောက်သွားကြတယ်။

တချို့ ဂျာနယ်၊ တချို့ သတင်းစာကတော့ နိုင်ငံရေးတကွေ့မှာ တခုသော အရင်းရှင်နိုင်ငံ ရေးပါတီတရပ်က သူတို့အတွက် ၀ါဒဖြန့်ဘို့ သက်သက်ရည်ရွယ်ပီး ထုတ်ဝေတဲ့ သတင်းစာ ဂျာနယ်ဖြစ်တယ်။ ဒါမျိုးကလဲ သက်ဇိုးမရှည်တတ်ဘူး။ နိုင်ငံရေး နောက်တကွေ့ မရောက်ခင် ပျောက်ကွယ်သွားတတ်တယ်။ ဒီသတင်းစာမျိုးကတော့ နိုင်ငံရေးရာသီအလိုက်ပေါက်တဲ့ မှို သတင်းစာမျိုးပေါ့။အချို့ သတင်းစာကျတော့ သက်တမ်းရှည်တယ်။။ လူကြားမှာလဲ သြဇာတိက္ကမကြီး တယ်။ နို့ပေမယ့် ဒီသတင်းစာမျိုးထဲကကိုဘဲ သတင်းစာရဲ့ ပေါ်လစီဟာ ထွက်ကတဲကစပီး နောက်ဆုံးအထိ တသမတ်ထဲ ရှိချင်မှ ရှိတတ်တယ်။ အကြောင်းအမျိုးအမျိုးကြောင့် အပြောင်းအလဲတွေ ရှိတယ်။

ဥပမာ ဆိုပါတော့ သူရိယသတင်းစာကြီး။ သက်တမ်းဟာ အနှစ် ၃၀ ကျော် ၄၀ နီးပါးရှည်ခဲ့တယ်။ ပြည်သူကြားမှာ သြဇာကြီးခဲ့တယ်။ နို့ပေမယ့် သူရိယ သတင်းစာထဲမှာ ပါတဲ့ သတင်းကိုဖြစ်စေ၊ ခေါင်းကြီးကို ဖြစ်စေ၊ ဆောင်းပါးကို ဖြစ်စေ ကိုးကား ဖော်ပြချင်တယ် ဆိုရင်ဖြင့် ခုနှစ်သက္ကရာဇ်ကိုသာမက သူရိယသတင်းစာက ဘယ်ပေါ်လစီကို ကိုင်စွဲနေချိန်မှာ ဖြစ်တယ်ဆိုတာကိုပါ ဖော်ပြထိုက်ပါတယ်။သူရိယသတင်းစာဟာ ၁၉၁၁ ခုက စထွက်တယ်။ ၁၀ နှစ် ၁၁ နှစ်ကြာ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ တို့ရဲ့ ၀ါဒ အမျိုးသားလွတ်လပ်ရေးကို ကိုင်စွဲတယ်။ တိုင်းရင်းသားပညာတတ် လူတန်းစားရဲ့ အမြင်ကို ထင်ဟပ်တယ်။ နောက် ဂျီစီဘီအေ နှစ်ခြမ်းကွဲပီး ၂၁ ဦး ဒိုင်အာခီကို လက်ခံတဲ့အချိန်၊ သူရိယကို အုပ်စီးတဲ့ ဦးဘဖေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ ၂၁ ဦးခေါင်းဆောင်ကြီးတွေ ဖြစ်သွားတဲ့ အချိန်မှာ သူရိယဟာ ဗြိတိသျှ ကိုလိုနီသမားနဲ့ လက်တွဲရေး 'ပူးသတ်' ၀ါဒကို ကိုင်စွဲခဲ့တယ်။ ဂျီစီဘီအေတခြမ်းကို ဆန့်ကျင်တယ်။ ၁၉၃၀ ခုနှစ်လွန်တော့ ဦးဘဖေကြီးက သွေးသစ်လောင်းပါသော်ကောလို့ ဦးစောကို လက်သပ်မွေး လာတယ်။ အကြံကြီးလှတဲ့ ဦးစောက ဦးဘဖေရဲ့ မြှောက်စားချက်ကို အခွင့်ကောင်းယူပြီး ဦးဘဖေကြီးကို ငြမ်းသဖွယ် အသုံးချတယ်။ သူရိယကို အပိုင်စီးတယ်။ သူအာဏာရရေး အတွက် လုံးလုံးအသုံးချတယ်။ ဒီအချိန်မှာ သူရိယဟာ တိုးတက်တဲ့ လူငယ်များ ဆန့်ကျင်ရေးသတင်းစာ လုံးလုံးဖြစ်လာတယ်။

ဒါကြောင့် သတင်းစာတစောင်တောင်မှ အချိန်အခါလိုက် ထားရှိတဲ့ ပေါ်လစီအပြောင်း အလဲတွေ ရှိနေတာမို့  နောက်လူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီပွါးရေးအတွက် သတင်းစာ ဟောင်းတွေကို ပြန်လည်ကိုးကားဖော်ပြတယ်ဆိုရင် အဲဒီသတင်းစာဟာ ဘယ်သူတွေက ဦးစီးထုတ်ဝေတဲ့ ဘာပေါ်လစီရှိတဲ့ သတင်းစာ၊ ပြည်သူကြားမှာ သြဇာတိက္ကမ ဘယ်လောက်ရှိ တဲ့ သတင်းစာကိုပါ သိမှ ကိုးကားသင့်တယ်။ ကိုးကားရာမှာလဲ အဲဒီသတင်းစာရဲ့ အရေအရောင်ကို ဖော်ပြသင့်တယ်။ ဒီလိုမဟုတ်ဘဲ သာမန်ဆွဲသုံးရင်တော့ အကျိုးထက် အပြစ်ဖြစ်နိုင်တယ်။ သိရက်နဲ့ လုပ်ရင်လဲ မရိုးသားမှု ကြီးလွန်းတယ်လို့ဘဲ ဆိုရလိမ့်မယ်။ 

သတင်းစာတွေရဲ့ ထိပ်မှာ 'မကြောက်မညှာ မှန်ရာရေးမည်' ဆိုတဲ့ စာတန်းမျိုး၊ 'မည်သည့်ပါတီ၊ မည်သည့်ဂိုဏ်းဂဏနှင့်မျှ မဆိုင်' ဆိုတဲ့ စာတန်းမျိုး၊ 'အမျိုးဘာသာ သာသနာအတွက်' ဆိုတဲ့ စာတန်းမျိုး ထဲ့တတ်ကြတယ်။ ဒီလို ထဲ့တာဟာ အဓိပါယ်တစုံတရာ အလေးအနက် မရှိပါဘူး။ ဖတ်တဲ့လူတွေ ယုံအောင် ထဲ့တာပါ။ ဘာဆိုင်းဘုတ်ကြီး တပ်ထားထား၊ သတင်းစာမှန်ရင် ကိုယ်ရပ်တည်တဲ့ လူတန်းစားဘက်ကနေ ရေးတာ၊ ဘက်လိုက်တာပါဘဲ။ ခေါင်းကြီးပိုင်းမှာမှ ဘက်လိုက်မှုက ရှိတာမဟုတ်ဘူး။ သတင်းရေးရာ၊ ခေါင်းစဉ်တပ်ရာ၊ နေရာပေးရာ အစခပ်သိမ်း၊ ကိုယ်မလိုရင် မလိုသလို၊ လိုရင် လိုသလို ဘက်လိုက်ပီး ဖော်ပြတာချည်းပါဘဲ။

ဆောင်းပါးကျတော့ သာဆိုးပါတယ်။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဆန့်ကျင်တဲ့ ဆောင်းပါးမျိုး လုံးဝထဲ့မပေးဘူး။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဘောင်ဝင်မှာ ထဲ့တယ်။ 'ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်သည်' ဆိုပေမဲ့ သတင်းစာရဲ့ မူလပေါ်လစီကို မဆန့်ကျင်ကြဘူး။ဒါကြောင့် သတင်းစာသမိုင်းကို ရေးကြဘို့ ကြိုးစားမယ်၊ ပြန်လည်ဖော်ထုတ်မယ် ဆိုတဲ့ အခါမှာလဲ ဘယ်သတင်းစာက ဘယ်နိုင်ငံရေးပါတီအတွက် ဘယ်သူထောက်ပံ့တဲ့ ငွေကြေးနဲ့ ထွက်ပေါ်လာတာ၊ ဘယ်ဝါဒအတွက် ရေးထားတာဆိုတဲ့ သတင်းစာရဲ့ ရှင်သန်ရာ အသက် သွေးကြောကိုလဲ တိတိကျကျဖော်ထုတ်ဖို့ လိုပါလိမ့်မယ်။စစ်ကြီးမဖြစ်ခင် ဗြိတိသျှကျွန်ဘ၀တုန်းကဆိုရင် ဘယ်သတင်းစာဟာ ဘယ်သူ့ငွေနဲ့ ထုတ်တာ၊ ဘယ်ဘက်က ရေးပေးဘို့ ထုတ်တာ ဆိုတာတွေ သိတဲ့လူတွေ အများကြီးပါ။ ဖုံးကွယ်လို့ မရပါဘူး။

ဒါကြောင့် ရှေးမီ နောက်မီ လူကြီးတွေဆီက မေးမြန်းမှတ်သားတာ၊ သတင်းစာတစောင်အတွက် ဒီသတင်းစာရဲ့ အာဘော်ကို ကာလအမျိုးအမျိုးမှာ ဖမ်းယူတာမျိုး လဲ လုပ်ဆောင်သင့်ပါတယ်။ခွဲရေးတွဲရေးခေတ်မှာ ကုလားငွေနဲ့ ထုတ်တဲ့ သတင်းစာက ဘယ်ဟာဘယ်ဟာ၊ ဘယ်သတင်းစာက ဘယ်ကုန်တိုက်ကြီးတွေရဲ့ ကြော်ငြာနဲ့ တသက်လုံး ဘယ်လိုရပ်တည် ခဲ့တယ် ဆိုတာတွေ ပြောပြနိုင်သူတွေ ရှိပါသေးတယ်။ဒါကြောင့် သတင်းစာ ဂျာနယ်အဟောင်းကို ဖော်ထုတ်ကိုးကားတဲ့အခါ အဲဒီ စာနယ်ဇင်းဟာ ဘယ်လူတန်းစားက ဘာအတွက် ထုတ်ဝေတာ ဆိုတာကိုပါ ဖော်ပြ ကိုးကားနိုင်အောင် ကြိုးစားကြပါစို့။

အမာ။
{ ဦးဝင်းတင် စီစဉ်တည်းဖြတ်တဲ့၊ ဟံသာဝတီတိုက်ထုတ်၊ "ပြည်သူတို့၏စကားပြန်" စာအုပ်၊ ပထမအကြိမ်၊ ဒီဇင်ဘာ ၁၉၇၄ မှ ကူးယူဖော်ပြပါတယ်။ }


Read More »