Wednesday, November 27, 2013

အရှုပ်ကိုရှင်းသူ၊ အရှင်းကိုရှုပ်သူ(ဌေးအောင်ကို)




နိုင်ငံရေးမှာ အတိုက်အခံဆိုတဲ့ စကားလုံးကို တွင်ကျယ်စွာ အသုံးပြုနေကြ ပါတယ်။ ပါတီတစ်ခုက အနိုင်ရပါတီ ဖြစ်သွားရင် ကျန်ပါတီက အတိုက်အခံပါတီ အမည်ခံဘဝကို ရောက်သွားရပါတော့တယ်။ တကယ်တော့ ဘယ်လိုပဲ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ၊ ဘယ်သူဖြစ်စေ၊ ဘယ်ပါတီဖြစ်စေ တိုင်းပြည်ရဲ့ အခက်အခဲကို ကူညီ ဖြေရှင်းသွားနိုင်ဖို့သာ အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ရှုပ်နေတာကို ရှင်းဖို့ပါ။ ရှင်းနေတာကို ရှုပ်ဖို့တော့ မဟုတ်ရပါ။

အရှုပ်ကို ရှင်းတဲ့သူချင်း၊ ပါတီချင်း တူညီနေတဲ့ နိုင်ငံများမှ ပြည်သူများဟာ ဘယ်ပါတီကို မဲပေးရမှန်း မသိအောင် မျက်စိလည်ကုန်ပါတယ်။ မင်းသား နှစ်ပါးစလုံးက အကကောင်း ကြလေတော့ ဘယ်မင်းသားကို ပထမ ပေးရမှန်း မသိနိုင်အောင် ဖြစ်ကုန်ကြတာပါ။ နိုင်သူကို ရှုံးသူက ဂုဏ်ယူပါ သတဲ့၊ ရှုံးသူကို နိုင်သူက ပြိုင်ဘက်ကောင်းပါပဲတဲ့။ ကံကောင်းတဲ့ တိုင်းပြည်ပါပဲ။

ကျွန်တော်တို့ တိုင်းပြည်ရော အလားတူ ကံကောင်းပါရဲ့လား။ သေချာတာ ကတော့ နှစ် ၅၀ လုံးလုံး ကံဆိုးခဲ့တာပါပဲ။ နိုင်သူကို ရှုံးသူက အာဏာ လွှဲမပေးနိုင်ဘူးလို့သာ ကြားဖူးလို့ပါ။ မဲပေးလိုက်မိတဲ့ ပြည်သူတွေကို ပြောတော့လည်း စစ်သားရင့်မာကြီး ကိုယ်တိုင်က ပြောလိုက်တာမို့ ပြည်သူ့ တပ်မတော် အပေါ်မှာ ပြည်သူ့ ယုံကြည်မှုတွေ ကျဆင်း သွားခဲ့ရပါတယ်။

ဒါ ပြည်သူပြော ပြောလိုက်တာပါ။ ယုံကြည်မှု တည်ဆောက်တယ် ဆိုတာလည်း အဲဒီတုန်းက ကတိအတိုင်း လွှဲပြောင်းပေးခဲ့ရင် ယခုအချိန်ဟာ ယုံကြည်မှု တည်ဆောက်နေရမယ့် အချိန်မဟုတ်ပါဘဲ တိုင်းပြည်ကြီး အာဆီယံ ၁၀ နိုင်ငံရဲ့ အလယ်အလတ် အဆင့်ကို ရောက်ချင်လည်း ရောက်နေနိုင်တဲ့ အချိန်ဖြစ်ပေမယ့် ယခုတော့ နောက်ဆုံးက ကုန်းထရမယ့် အချိန်ပါပဲ။

အရှင်းကို ရှုပ်သူများဟာ ဘယ်တော့မှ ပြည်သူ့ဆန္ဒ ခံယူလို့ မရနိုင်ပါဘူး။ ရွေးကောက်ပွဲ ဝင်ရင်လည်း မင်းသားနဲ့ ပုဏ္ဏားလိုပါပဲ။ မင်းသားအတွက် အသည်းကြားက မဲတစ်ပြား၊ ပုဏ္ဏား အတွက်ကတော့ သေချာပါတယ်။ အသည်းထဲက ခဲမဲတွေပဲ ရမယ်ဆိုတာ။ ဒီတော့ ပုဏ္ဏားထံက ပုဏ္ဏားသံ ထွက်လာပြန်ပါတယ်။ “ငါပုဏ္ဏား မှန်နီးကီးတယ်။ ပြည်သူတွေ မဲပေးတာ မှားနီးကီးတယ်” တဲ့။

မိဘပြည်သူတွေကို အထင်အမြင် သေးတတ်သူများ ပါတီမထောင်၊ ခေါင်းဆောင် မလုပ်ဘဲ ကိုယ့်စီးပွားပဲ ကိုယ်လုပ်စေချင်ပါတယ်။ ဒါဆိုရင် အရှင်းကို ရှုပ်တတ်သူများ လျော့ပါးသွားမှာပါ။ ခုဟာက ပြည်သူ့ခလုတ်လို ဖြစ်နေပါတယ်။ ဘာပဲလုပ်လုပ် ရှုပ်နေတော့တာပါပဲ။

ခုပဲ ဖွဲ့စည်းပုံပြင်ဖို့ လုပ်နေပါပြီ။ ကမ္ဘာကအစ ပြင်စေချင်တဲ့ ဖွဲ့စည်းပုံကြီးကို “ပြည်သူက ပြင်ချင်တယ်ဆိုတာ မယုံဘူး” ပြောတဲ့လူက ပြောတယ်။ မနေ့တစ်နေ့က လျှောက်ထားဆဲ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုသူက “ကျွန်တော်တို့က ပြည်သူလူထုကို အခြေခံပြီး အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ကျွန်တော်ကတော့ အယုံအကြည် မရှိဘူး။ လုပ်လည်း မလုပ်ဘူး” တဲ့ဗျာ။

‘မြန်မာပြည်မှာ ပါတီတွေကများ၊ ကွာလတီတွေကနည်း’ ဆိုတာလို ဖြစ်နေတာပါ။ ပြည်သူတွေဟာ သူတို့ ပါးစပ်ထဲက နလပိန်းတုံးတွေ ဖြစ်နေရတယ်။ သူတို့က အသိအတတ်၊ ပြည်သူက ပစိပစပ်၊ သူတို့က အကျော်အမော် ပြည်သူက မတော်တရော်လို့ အောက်မေ့နေပုံပါပဲ။ ဘယ်သူမှ ပညာကုန် မတတ်ပေမယ့် ပြည်သူဆိုတာ မဲရုံထဲမှာ စိတ်ချရတာတော့ ယုံလိုက်ပါ။

မြန်မာ့နိုင်ငံရေး ညစ်ထေးနေရမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ တာဝန်မရှိပါ။ ခေါင်းဆောင်ပိုင်းက စိတ်ဓာတ် မသန့်ရှင်းလို့ပါပဲ။ ယခု ခေါင်းဆောင်ပိုင်းရဲ့ စိတ်ဓာတ် သန့်ရှင်းပြန်တော့ အဟောင်းဆရာရဲ့ အပေါင်းအပါတွေက မကောင်းတာတွေ လုပ်ချင်ပြန်တယ်။ ခေါင်းဆောင်က ရခိုင်ကို သွားတယ်။ “သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်” သီချင်းလို သမ္မတလာမှ မီးရှို့ပြပြန်တယ်။ ကမ္ဘာက ကြားလို့မှ မလျော်တဲ့ကိစ္စပါ။ သမ္မတက “ဒါတိုက်ဆိုင်တာ မဟုတ်ဘူး၊ ပယောဂ” တဲ့။

ယခုအချိန်ဟာ ခေါင်းဆောင်ကောင်းနဲ့ အတိုက်အခံကောင်းတို့ ပေါင်းမိချိန် ဖြစ်ပြီး တိုင်းပြည်ကောင်းဖို့ အတွက် ကြိုးစားကြရမယ့် အချိန်ကို ရောက်နေတာပါ။ သမ္မတက ဘာဖြစ်တယ်။ သူမက ညာဖြစ်တယ်နဲ့ ရွဲ့နေရမယ့်အချိန် ဖဲ့နေရမယ့် အချိန်တွေလည်း မဟုတ်ပါဘူး။

ပြည်သူ့အသံကိုလည်း နားမထောင် ခေါင်းဆောင်ရဲ့ အပြောကိုလည်း နားမစွဲ ကြားထဲက ဖျက်မြင်းလုပ်နေသူ၊ အရှင်းကို ရှုပ်နေသူတွေရဲ့ရန်က တိုင်းပြည်ကို ကာကွယ်ရမှာပါ။ သူတို့က လက်နက်လည်း ကိုင်မထားလေတော့ တပ်မတော်နဲ့လည်း တိုက်လို့မရ၊ ပြည်သူ့အသည်းက ညီတူမဲတွေနဲ့သာ တိုက်ထုတ်လို့ ရပါလိမ့်မယ်။ ရှုံးမဲ၊ ဗုံးခွဲတွေဟာ သတိထားစရာတွေပါပဲ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့လည်း တိုက်ရိုက် အချိုးကျနေတာပါ။ သင့်မြတ်ရေးဟာ ပြည်တွင်း ငြိမ်းချမ်းရေးလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်ပုံစံ ပြည်ထောင်စုကို လိုချင်နေကြတယ်။ မပေးသရွေ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမှာမို့ အပေးအယူ မျှတစွာနဲ့ ပေးဖို့သာ ကြိုးစားကြရမှာပါ။ ဗမာ လူမျိုးကြီးဝါဒ လုပ်လို့မရပါ။

ဖွဲ့စည်းပုံထဲမှာ တပ်မတော်ဆိုတဲ့ စကားလုံး ၁၂၂ လုံး ပါဝင်တယ်လို့ ထောက်ပြကြတာ ရှိပါတယ်။ ယခင်က လုံးဝမပါရှိဘဲ ယခုဒီလောက် များပြားစွာ နေရာယူထားတာမို့ အပြောင်းအလဲ ကာလမှာ ထည့်သွင်းထားရတာ ဆိုရင်လည်း ဒီကိစ္စကို မထိနဲ့လို့ ပြောဆို၊ ငြင်းဆိုနေမယ့်အစား အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးခြင်းဖြင့် ပြည်သူ့ ယုံကြည်မှုကို ရယူစေလိုပါတယ်။

နိုင်ငံတကာ အမြင်အရရော ပြည်သူ့ဆန္ဒအရပါ အနှေးနဲ့အမြန်ပဲ ရုပ်သိမ်းပေးရမယ့် ကိစ္စလည်း ဖြစ်နေပါတယ်။ လူနည်းစုက ပညာရှင် အမြင်လိုလို ဘယ်လိုပဲ ဘေးတီး ပေးနေစေကာမူ ပြည်သူနဲ့ ဆန့်ကျင်လို့ မရစကောင်းတာမို့ ပြည်သူချစ်တဲ့ တပ်မတော်ကြီးအဖြစ်သာ လျှောက်လှမ်းသင့်ပါတယ်။ လူမှန် နေရာမှန် အလှမှန်တဲ့ တပ်မတော်ကြီးကိုပဲ မြင်လိုပါတယ်။

နိုင်ငံရေးရဲ့ အလှဟာ နိုင်ငံရေးသမားကောင်းတွေရဲ့ ခေါင်းဆောင်မှုပါပဲ။ ကာကွယ်ရေးရဲ့ တကယ့် အလှတရားဟာ စစ်သားကောင်းတွေရဲ့ ခေါင်းဆောင်မှုပါပဲ။ ပညာရေးရဲ့ အလှတရားကို စစ်သားက ဦးဆောင်ပြလို့ မရနိုင်ပါဘူး။ တကယ့် ပညာတတ်တွေကသာ ဦးဆောင်ရမယ့် အရာပါပဲ။ ခြေမရဲ့အလှဟာ လက်မမှာ လာလှလို့ ဖြစ်နိုင်တဲ့အရာ မဟုတ်ပါ။

ဒီမိုကရေစီ ခေါင်းဆောင်က တွေ့ဖို့ကြိုးစားတာ လေးငါးခါ ရှိသော်လည်း ပေးမတွေ့ဘူးဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ ဒီသတင်းမှန်ရင် ပေးတွေ့ခြင်းသာ တိုင်းပြည်အတွက် မမှားတဲ့ ဆေးပါပဲလို့ တိုက်တွန်း လိုပါတယ်။ ပြည်သူတွေဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူကို လက်ကိုင် ထားကြတာမို့ မတွေ့လိုသူဘက်မှာ ပြည်သူရဲ့ ရပ်တည်မှုဆိုတာ မရှိလို့ပါပဲ။

ဒီတိုင်းပြည်မှာ အားလုံးညီညွတ်မှသာ (ဗိုလ်ချုပ် ပြောသလို စားဖားတွေ ညီညွတ်တာကို မဆိုလိုပါ) အားလုံး ညီညာမှသာ ပြည်သာတော့မှာပါ။ အိမ်နီးချင်း တိုင်းပြည်တွေကို အမီလိုက်နိုင်မှာပါ။ ခုတော့ အိမ်နီးချင်း တိုင်းပြည်များမှာ သူ့ကျွန်သွားပြီး ခံနေရတုန်းပါပဲ။

နောက်ထပ် အသံထွက်နေတာကတော့ သူမ မပါရအောင် ရေးဆွဲထားတဲ့ ပုဒ်မကိစ္စပါပဲ။ ဒီနေရာမှာ ရှင်းတာကို ရှုပ်ပြထားတာက ဗိုလ်ချုပ် လက်ထက်က ဆွဲထားတဲ့ အတိုင်းလိုလို ပြောဆိုနေမှုပါပဲ။ ၁၉၄၇ ခု ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၉ (က) မှာ ‘မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ နှစ်ပါးသော် လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်း ဖြစ်သော’ လို့သာ ဖော်ပြထားပြီး ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွေးမ၊ သမက်ဆိုတာတွေ ယခုလို ထည့်သွင်း ရေးဆွဲထားတာ လုံးဝမတွေ့ရပါ။

ဗိုလ်ချုပ် ဒီကနေ့အထိ ရှိခဲ့ရင်လည်း သူ့ခေတ်က ထည့်သွင်းရေးဆွဲ မထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုသာ ဖယ်ရှားမှာပါ။ သူကိုယ်တိုင် နိုင်ငံရေးလုပ်တော့ တပ်ကနေ ထွက်လိုက်တာကို ကြည့်ရင် နိုင်ငံရေးနဲ့ ကာကွယ်ရေးကို မရောထွေးစေချင်တာ ထင်ရှားနေလို့ပါပဲ။

မဆလတစ်ဖြစ်လဲ ပါတီကလည်း ပြင်မပေးနိုင်တဲ့ အသံကို ထွက်လိုက်ပြီး သူ့ကျွန်ဘဝကို မရောက်ရအောင်လို့ ဆိုပါတယ်။ သူတို့ရဲ့ခေါင်းဆောင် ဖြစ်ခဲ့တဲ့ မဆလပါတီ ဥက္ကဋ္ဌကြီးကိုယ်တိုင် တိုင်းတစ်ပါးသူနဲ့ လက်ဆက်ခဲ့ဖူးပြီး ဒီကိစ္စကြောင့် သူ့ကျွန်ဘဝကို မရောက်ခဲ့တာလည်း အထင်အရှားမို့ ယခုလို ပြောဆိုလိုက်တဲ့ အပေါ်မှာလည်း အံ့အားသင့်မိပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအမြင်၊ နိုင်ငံတကာအမြင်၊ ဒီမိုကရေစီအမြင်တွေ ရှင်သန်နေသူတိုင်း ပြည်သူ့ဆန္ဒကိုသာ အလေးထားကြ စမြဲပါ။ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို မလေးစားတတ်သူဟာ နိုင်ငံသားအားလုံးရဲ့ ထောက်ခံမှုကို မျှော်လင့်လို့ မရပါဘူး။ ၁၉၉၀ တုန်းက သက်သေပြခဲ့ပါပြီ။ ပိတ်ပင်သူကို မတရားသူလို့သာ ပြည်သူက မြင်ပါတယ်။

တစ်ပါတီ အာဏာရှင်၊ စစ်အာဏာရှင်ခေတ်က အစွဲအလမ်းကြီးတွေနဲ့ ၂၀၁၅ ပြိုင်ပွဲဝင်ရင် ‘ထင်သာထင်၊ မဝင်ဘူး ကျောင်းအမရေ’ ဆိုသလိုပဲ ဖြစ်မှာပါ။ အာဏာရှင် ခေါက်ရိုးကျိုးနေသူများ အတွက် ၂၀၁၅ မှာ နေရာ မရှိနိုင်ပါ။ ရွေးကောက်ပွဲနားနီးမှ ငွေထုပ်ကြီးကြီးနဲ့ ပြည်သူကို ပေါက်ရင်လည်း ငွေယူပြီး မဲပေးဖို့ဆိုတာ ဘယ်လိုမှ မရေရာတဲ့ ကိစ္စသာ ဖြစ်ပါတယ်။

လုပ်သင့်တာကတော့ မရှုပ်သင့်တာပါပဲ။ ဂုဏ်သိက္ခာမဲ့ စကားမဆိုဖို့ပါပဲ။ ပြည်သူ ကြည်ဖြူအောင် စွမ်းဆောင်နိုင်ဖို့ပါပဲ။ ကိုယ့်ထက်သာ မုဒိတာစိတ် ပွားတတ်ဖို့ပါပဲ။ ဒါမှ ကိုယ်ရှုံးနိမ့် သွားခဲ့ရင်တောင် ကိုယ့်ထက်သာတဲ့သူက တိုင်းပြည်ကို ထူထောင်ခွင့် ကြုံတာမို့ ကိုယ့်ထက်သူက ပိုမိုရွက်ဆောင်နိုင် တော့မှာပါလားဆိုတဲ့ မုဒိတာအတွေးနဲ့ ကျေနပ်စေလိုပါတယ်။

ကိုယ်က ပြည်သူတွေ ဘာတစ်ခုမှ မသိနိုင်ဘူးလို့ ထင်မြင်နေခိုက်မှာ တကယ်တမ်း မသိတာက ဒီမိုကရေစီ အလေ့အကျင့် နည်းခဲ့ပြီး အာဏာရှင်ခေတ်မှာ သူကြီးဖြစ်ခဲ့၊ ပြည်သူကို ဖိနှိပ်ခဲ့ဖူးတဲ့ မိမိသာ ဖြစ်နေတာ၊ ပြည်သူက ဒီမိုကရေစီကို လိုလားတဲ့ မိမိတို့ကို တော်လှန်ခဲ့တာ ဒီမိုကရေစီအတွက် အသက်စွန့်ရန် ဝန်မလေးသူများကို ရွေးချယ်ခဲ့တာတွေ သတိမူမိဖို့ပါပဲ။

ပြောချင်တာကတော့ အရှုပ်ကိုရှင်းဖို့၊ အရှင်းကို မရှုပ်မိစေဖို့ပါ။ ကိုယ့်အတွက် မပြိုင်၊ တိုင်းပြည်အတွက် ပြိုင်ဖို့ပါ။ ကိုယ်နိုင်လည်း တိုင်းပြည်အတွက်၊ သူနိုင်လည်း တိုင်းပြည် အတွက်ပဲလို့ သဘောထားမှန်ဖို့ပါ။ သူရှုံးရင်လည်း ကရုဏာပွားဖို့၊ သူနိုင်ရင်လည်း မုဒိတာပွားဖို့ပါ။ နိုင်ငံသား အချင်းချင်း တရားသော အောင်နိုင်ခြင်း၊ သိက္ခာရှိသော ရှုံးနိမ့်ခြင်းနဲ့ ပါဝင်ယှဉ်ပြိုင် စေဖို့ပါ။ ဒါမှလည်း ဒီတိုင်းပြည်ရဲ့ ကံကြမ္မာ မြန်မကြာ ကောင်းစားစေမှာ ဖြစ်ပါကြောင်း။
Credit To The Voice Weekly

Related Articles:

Post a Comment