Wednesday, November 27, 2013

အနောက်တိုင်း တရားသေဝါဒနှင့် မြန်မာနိုင်ငံ၏ ပုံရိပ် ကောင်းမွန်ရေး စိန်ခေါ်မှု ချစ်ဦးကိုကို

ဘာလင်ခရီးမှာ လေ့လာရေးခရီး စီစဉ်သူတွေက ပရိသတ် အနည်းငယ် တက်ရောက်မည့် Café Talk လေး တစ်ခု လုပ်ချင်ကြောင်း၊ မြန်မာနိုင်ငံ အကြောင်း စိတ်ဝင်စားကြသည့် ဂျာမန် လူမျိုးများ ပါဝင် နားထောင် ဆွေးနွေးကြမည် ဖြစ်ကြောင်း အချိန်ကပ် ပြောလာသည်။ မြန်မာနိုင်ငံအကြောင်း ယေဘုယျ ပြောလျှင် ရပါသည်ဟု ပြောသည့်တိုင် အင်္ဂလိပ်လို ညံ့ရသည့်အထဲ ဗမာလိုပင် လူရှေ့ထွက်ပြီး ဟောတာပြောတာ မလုပ်ဖူးသော ကျွန်တော့်မှာ ခေါင်းနပန်း ကြီးရသည်။ ပိုဆိုးသည်က တစ်နာရီမျှသာ ကပ်၍ ကျွန်တော် ပြောရမည်ဟု လူအပြောင်းအလဲ လုပ်လိုက်ခြင်းကြောင့် ဖြစ်ရာ ဘာမှ ပြင်ဆင်ချိန် မရခဲ့။
ထိုသို့ဖြင့်ပင် လူတွေ တဖွဲဖွဲ ဝင်လာသည့် ကော်ဖီဘားလေး အတွင်း လူခြောက်ဆယ် နီးပါးမျှ ရှိလာသည်။ စစချင်း ဆောက်နှင့်ထွင်း ဆိုသလိုပင် မြန်မာနှင့်ဘားမား ဘယ်ကိစ္စ အမှန်လဲဆိုသော မေးခွန်းနှင့် စလေတော့သည်။
ကျွန်တော်နှင့်အတူ ဖြေရသည့် အမျိုးသမီး နှစ်ဦးက သူတို့ အတွေ့အကြုံကို မူတည်၍ မြန်မာနိုင်ငံထဲမှာ ဖြစ်နေသည့် ဘားမားနှင့် မြန်မာ သဘောထား ကွဲသည့်ကိစ္စ၊ အစိုးရ၏ သဘောထားတို့ကို အချက်အလက်နှင့် အဟအပွင့် မရှိအောင် ထိန်း၍ ဖြေပေးသည်။
ကျွန်တော့်အလှည့် ရောက်လာတော့ မြန်မာ ဖြစ်ဖြစ်၊ ဘားမား ဖြစ်ဖြစ်၊ ထိုကိစ္စက ပြဿနာ မဟုတ်ကြောင်း၊ သမိုင်းကြောင်း အရလည်း မြန်မာ မင်းများ၊ ဗမာ ဘုရင်များဟု ခေါ်ကြသည့်တိုင် မြန်မာ အမည်နှင့်ရော ဗမာအမည်နှင့်ပါ တည်ထောင်ခဲ့သည့် နိုင်ငံတော် မရှိ၊ တရုတ် သမိုင်း မှတ်တမ်းများတွင် မန်းမန် (ခ) မိန်ရ်မဟု ခေါ်ကြပြီး အိန္ဒိယတိုက်သားတို့က ဗြာဟ္မဏဟု ခေါ်ကြကြောင်း၊ အင်္ဂလိပ်တို့က အိန္ဒိယက ဗြဟ္မာကို မွေးစားပြီး ဘားမားဟု ခေါ်ရာမှ လွတ်လပ်ရေး ရပြီး ဘားမား ဖြစ်လာကြောင်း၊ ထို့နောက် တစ်ပါတီ အုပ်ချုပ်ရေးအောက်တွင် မြန်မာဟူသော အမည်ကို ပြောင်းလဲ သုံးစွဲခဲ့ကြောင်း၊ သို့သော် ကျွန်တော်တို့ နိုင်ငံမှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်၍ တရုတ်က ဘယ်လို ခေါ်ခေါ် အိန္ဒိယက ဘယ်လို ခေါ်ခေါ် ကျွန်တော်တို့ နိုင်ငံ အမည်ကို ကျွန်တော်တို့ သတ်မှတ်နိုင်ရေးပင် ဖြစ်ကြောင်း၊ ဘားမားလား၊ မြန်မာလား ဆိုသည့်ကိစ္စမှာ ကျယ်ပြန့်စွာ ငြင်းခုံရမည့် ဒီဘိတ်ဖြစ်သည့်တိုင် လက်ရှိ ကျွန်တော်တို့မျိုးဆက် တော်တော်များများ ကတော့ မြန်မာဟုသာ ပြောကြကြောင်း၊ ကုလသမဂ္ဂ တရားဝင် အသုံးအနှုန်းမှာလည်း မြန်မာသာ ဖြစ်ကြောင်း ရှည်ရှည်လျားလျား ရှင်းပြလိုက်ပါသည်။
နိုင်ငံတစ်ခု၏ Legitimacy ဟု ခေါ်သည့် ဂုဏ်သရေက အရေးကြီးကြောင်း၊ လက်ရှိ တရားဝင် အသိအမှတ် ပြုထားသော အမည်ကို သုံးစွဲလျှင် သင့်လျော်မည် ဖြစ်ကြောင်း၊ ပို၍ အရေးကြီးသည်မှာ ဘားမားလား၊ မြန်မာလား အရေမရအဖတ်မရ မငြင်းဘဲ နိုင်ငံတော် ဆိုသည်ကို မည်သို့ အဓိပ္ပာယ် ဖွင့်ကြမည်နည်း၊ မည်သို့ တည်ဆောက် ကြမည်နည်းဟု စဉ်းစားရမည့် အချိန်သာ ဖြစ်ကြောင်း၊ အကျိုးမ ဖြစ်ထွန်းသည့် ငြင်းခုံမှုများက တိုင်းပြည်ကို နှစ်ပေါင်း များစွာ နောက်ကျ ကျန်စေခဲ့သည်ကို သင်ခန်းစာ ယူရမည်သာ ဖြစ်ကြောင်းလည်း တစ်ဆက်တည်း ပြောပြလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၅ ရွေးကောက်ပွဲ၊ သမ္မတ ဖြစ်နိုင်ခြေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတို့တွင် ဘယ်လို ထင်ပါသနည်းဟု တစ်ဆက်တည်း မေးလာသည်။
နိုင်ငံရေးတွင် မဖြစ်နိုင်တာ ဘာတစ်ခုမှ မရှိကြောင်းကို မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများက သက်သေပြပြီး ဖြစ်ကြောင်း၊ ပြဿနာမှာ နိုင်ငံရေး အင်အားစုများ အကြား ပါဝါခွဲဝေမှု မညှိနှိုင်းနိုင်၍သာ တိုင်းပြည် နောက်ကျ ကျန်နေခဲ့ရကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ လူထုထံမှလာသော အပြောင်းအလဲ မဟုတ်ဘဲ အပေါ်ထပ် အဆောက်အဦမှ လာခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်နိုင်ရေး အတွက် နိုင်ငံရေး အင်အားစုများ အကြား မည်သူက မည်သူ့ကို မည်သို့ အာမခံနိုင်မည် ဆိုသည့် ကိစ္စကို ညှိနှိုင်းနိုင်ကြလျှင် သမ္မတ ရွေးချယ်ရေး ဆိုသည့် ကိစ္စမှာ ပြဿနာဟု မမြင်မိကြောင်း၊ သို့သော် မိသားစုအတွင်း၌ပင် ညှိနှိုင်းရန် ခက်ခဲသည်ဖြစ်ရာ တိုင်းပြည်နှင့်ချီသော ကိစ္စအတွက် ညှိနှိုင်းရန်မှာ စိန်ခေါ်မှု များစွာ ရှိပါသည် ဟူ၍ပင် ကွေ့လည်ကြောင်ပတ် ဖြေလိုက်ရသည်။
စီစဉ်သူများက တက်ရောက် နားထောင်မည့် ဂျာမန်များမှာ မြန်မာနိုင်ငံအကြောင်း ယေဘုယျသာ သိထားပြီး စိတ်ဝင်စား၍ လာရောက် နားထောင်သူများ ဖြစ်ပါသည်ဟု ဆိုသည့်တိုင် သူတို့ သိသည့် ယေဘုယျမှာ နိုင်ငံတကာ မီဒီယာက ပုံဖော်ထားသည့် မြန်မာနိုင်ငံ၏ ပုံရိပ်များ၊ ထို့ပြင် မြန်မာ နိုင်ငံတွင် အလုပ်လုပ်ဖူးသူများ၊ INGO များမှ ပုဂ္ဂိုလ်များပါ ပါလာသည်ဖြစ်ရာ တဖြည်းဖြည်းနှင့် စကားဝိုင်းက အရှိန်ရလာသည်။
အထူးသဖြင့် အနောက်တိုင်းသားတို့ အမွှန်းတင်လေ့ ရှိသည့် လူ့အခွင့်အရေး ကိစ္စများတွင် သူတို့ မေးသည့် မေးခွန်းများမှာ ပြင်းထန်လာသည်။ ရိုဟင်ဂျာ ကိစ္စနှင့် ဘင်္ဂါလီ ကိစ္စကို ဘယ်လို ထင်ပါသလဲဟု မေးလာသည်။
ဘယ်လိုမှ မထင်ပါ၊ သမိုင်း ပညာရှင်များနှင့် အစိုးရများက ဆုံးဖြတ်ရမည့် ကိစ္စရပ်များ ဖြစ်၍ ဂျာနယ်လစ်များနှင့် လားလားမျှ မဆိုင်ပါဟုသာ တိုတိုပြတ်ပြတ် ဖြေလိုက်ရသည်။
သို့သော် ထိုမျှနှင့် မရပ်။ ဘင်္ဂါလီ ဆိုလျှင်လည်း အချို့မှာ မျိုးဆက်ပေါင်း များစွာ နေလာပြီး ဖြစ်သည့်တိုင် အဘယ့်ကြောင့် နိုင်ငံသား မပေးရသနည်း ဆိုသည့် ကိစ္စကို အမျိုးသမီး တစ်ဦးက လေသံ ခပ်မာမာနှင့် မေးလာသည်။
မြန်မာနိုင်ငံတွင် လူနည်းစု ဘာသာဝင်များနှင့် တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေး ချိုးဖောက် ခံနေရသည်မှာ ခါးသီးသည့် အမှန်တရား ဖြစ်ပါသည်။ သို့နှင့်တိုင် တစ်ဖက်မှ စဉ်းစားရမည့် ကိစ္စမှာ လူများစုတွေရော လူ့အခွင့်အရေး အပြည့်အဝ ရနေသလား ဆိုသည့် ကိစ္စပင်။ အဓိက ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက တရားဥပဒေ စိုးမိုးရေး ကိစ္စဖြစ်သည်။ နိုင်ငံသားမရ ထိုက်သူတွေ ရနေသလို ရထိုက်သူတွေလည်း မရဘဲ ဖြစ်နေသည်။ တည်ဆဲ နိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ထိုက်လျှင် ဖြစ်ရမည် ဖြစ်သည်။ သို့သော် လုပ်ထုံးလုပ်နည်းနှင့် တရားဥပဒေ စိုးမိုးရေး မရှိ၍ ထိုကိစ္စများမှာ ယနေ့ မြန်မာနိုင်ငံ အတွက် အရေးအကြီးဆုံး စိန်ခေါ်မှုများ ဖြစ်လာနေသည်။ မြေယာကိစ္စမှာ ယနေ့ ပွင့်လင်းလာသည့် မြန်မာ့ နိုင်ငံရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်ပါသည်။
ထိုသို့ပြောတော့ ဂျာမန် အမျိုးသမီးကြီး တစ်ဦး လက်ပံတောင်း ကိစ္စနှင့် ဥပမာပေးသည်။ လက်ပံတောင်းမှာ လူ့အခွင့်အရေး ချိုးဖောက် ခံရသူတွေက လူနည်းစုတွေလား လူများစုတွေလား ဆိုသည့် ကိစ္စကို တက်ရောက်လာသူတွေ နည်းနည်း မြင်သွားသလို ရှိသည်။ သို့သော် လတ်တလော အကြမ်းဖက်မှုများ ကိစ္စ၊ ထိုကိစ္စကလည်း အထက်က ဆိုခဲ့သလို တရားဥပဒေ စိုးမိုးရေးသာ ဖြစ်သည်။ အင်္ဂလန်မှာရော ဂျာမနီမှာပါ အမျိုးသားရေး ဝါဒီတွေ ရှိသည့်တိုင် တရားဥပဒေ စိုးမိုးရေး အားကောင်းသဖြင့် လူနည်းစုတွေကို အကာအကွယ် ပေးထားသည်။ ကျွန်တော်တို့ နိုင်ငံမှာက တရားဥပဒေ စိုးမိုးရေး မရှိသဖြင့် လူများစုကိုပင် အကာအကွယ် မပေးနိုင်သည် ဖြစ်ရာ သူတို့ စံနှုန်းနှင့် မည်သို့မျှ တိုင်းမရ။
သူတို့ ထပ်မေးသည်က မြန်မာနိုင်ငံ အနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ၊ INGO များထံမှ ဘာတွေ မျှော်လင့်ထားသနည်း ဆိုသည့်ကိစ္စပင် ဖြစ်သည်။
ကျွန်တော်တို့က ဂျာနယ်လစ်တွေသာ ဖြစ်သည်။ အစိုးရ မဟုတ်၊ ထို့ကြောင့် ဘာတွေ မျှော်လင့်သလဲ ဆိုတာ အစိုးရကိုသာ သွားမေးပါဟု ဘုတော တောရတော့သည်။ သို့သော် ဘုတောပြီးမှ မြန်မာပီပီ အားနာသွားပြီး ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးမှု နည်းသည်၊ နိုင်ငံတကာအသိုင်း အဝိုင်းကို ဝင်ရောက်ဖို့ ကြိုးစားတာ တိုးတက်ချင်၍ ဖြစ်သည်။ နိုင်ငံသား တစ်ဦး အနေနှင့် ဖြေရလျှင်မူ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းကို အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းမှုများနှင့် အင်စတီကျူးရှင်း ဆိုင်ရာ စွမ်းရည်များကို ရယူ လိုပါသည်။ ကျွန်တော်တို့ နိုင်ငံမှာ ရေရှည်တွင် ဂုဏ်သိက္ခာ ရှိသော နိုင်ငံအဖြစ် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် လိုအပ်ပါသည်၊ ထိုကိစ္စများကို နိုင်ငံသား တစ်ဦး အနေနှင့် ပြောခြင်းသာ ဖြစ်ပါသည်ဟု လေပြေ ထိုးလိုက်ရသည်။
ကျွန်တော် သတိထား မိလာသည်က လှေနံဓားထစ်နှင့် တရားသေဝါဒ ဖြစ်သည်။ ထိုစကားရပ်မှာ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့ လူ့အဖွဲ့အစည်းကို သရော်ရာတွင် ထိထိမိမိ ရှိလှသော စကားရပ်။ သို့နှင့်တိုင် သတိထား မိလာသည်က အတွေးအခေါ် ထွန်းကားသော ဥရောပတွင်ပင်လျှင် တရားသေဝါဒ ဆုပ်ကိုင်မှုကို လှစ်ခနဲ မြင်လိုက်သလို ရှိသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အသွင်ပြောင်း အစိုးရတစ်ရပ်၊ ဖွံ့ဖြိုးမှု နှေးကွေး၊ တိုင်းရင်းသား လူနည်းစုများကို အစိုးရတပ်က ထိုးစစ်ဆင်၊ လူနည်းစု ဘာသာဝင်များကို လူများစုက အကြမ်းဖက်၊ ယခုကဲ့သို့ နိမ့်ကျလှသော နိုင်ငံမျိုးကို လူ့ယဉ်ကျေး အသိုင်းအဝိုင်း နိုင်ငံကြီးများနှင့် INGO များက ထောက်ပံ့ရမည် ဆိုသည့် အနောက်တိုင်း တရားသေဝါဒကိုများ ဆုပ်ကိုင်ထားကြသလောဟု သံသယ ဖြစ်လာသည်။ ကျွန်တော်တို့ ဖြေသည့် အဖြေများကို လက်ခံလိုပုံ မရပါ။ မြန်မာနိုင်ငံ ရောက်ဖူးပါသလားဟု မေးလိုက်တော့လည်း ရောက်ဖူးသူ အနည်းငယ်သာ ရှိပြီး မြန်မာ့ နိုင်ငံရေးကို အတွင်းကျကျ သိပုံမပေါ်။
သို့သော် မီဒီယာ အားကောင်းသော လူ့အဖွဲ့အစည်းတွင် နေထိုင်ရသော သူတို့အတွက် သူတို့ရသည့် အင်ဖော်မေးရှင်းဖြင့် ထိုကဲ့သို့ တရားသေဝါဒကို ကိုင်စွဲပြီး စွပ်စွဲလာခြင်းကိုမူ နားလည်ပေး၍ ရသည်။ ပုံမှန်အားဖြင့် အနောက်တိုင်းသားများမှာ လက်တွေ့ကျကျ သိမြင်လျှင် လက်ခံနိုင်စွမ်း အနည်းနှင့်အများ ရှိကြသည်သာ ဖြစ်ပါသည်။ ထိုကိစ္စကို အနောက်တိုင်း အစိုးရများနှင့် ပြည်သူများ အကြား အကွာအဟဖြင့် ချိန်ထိုးကြည့်နိုင်မည် ဖြစ်ပါသည်။ ဆိုရပါမူ မြန်မာနိုင်ငံ၏ အပြောင်းအလဲများ၊ လက်တွေ့ နိုင်ငံရေးဘဝနှင့် နိုင်ငံတော်သမ္မတ၏ လစ်ဘရယ် အမွှန်းခန်းများပါသော မိန့်ခွန်းများကို အနောက်နိုင်ငံ အစိုးရများက အပေါင်းလက္ခဏာ အဖြစ် ကြိုဆို လက်ခံနိုင်ကြသည့်တိုင် အနောက်တိုင်း ပြည်သူများကတော့ သူတို့ လက်လှမ်းမီသည့် မီဒီယာများမှ ရရှိသည့် သတင်းများဖြင့်သာ တိုင်းတာ ကြပါသည်။
ကျွန်တော် တွေးမိသည်က အနောက်တိုင်းသားများ တရားသေဝါဒ ကိုင်စွဲခြင်းကြောင့် သူတို့တွင် ဘာမှ ထိခိုက်စရာ မရှိသော်လည်း ကျွန်တော်တို့ တိုင်းပြည်၏ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေတာတော့ သေချာသည်။ သူတို့ဆီမှာက အစိုးရက ဆုံးဖြတ်ခြင်း မဟုတ်၊ ပြည်သူလူထုက တိုက်ရိုက် ဆုံးဖြတ်ခြင်း ဖြစ်ပြီး ပြည်သူ၏ မဲတစ်မဲက အစိုးရ အပြောင်းအလဲ အတွက် အဆုံးအဖြတ် ပေးနိုင်သည်။ ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေကို သူတို့ ပြည်သူတွေထံမှ ရသော အခွန်ဖြင့် ဆိုင်ရာ အစိုးရများက ထောက်ပံ့ ကူညီခြင်း ဖြစ်သည်။ ထိုပြည်သူများ အမြင်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်မှာ တစ်မျိုးတစ်မည် ဖြစ်နေလျှင် နိုင်ငံတကာကို ကူညီ ထောက်ပံ့မှုများ လျှော့ချမည့် အစိုးရမျိုးကို ရွေးချယ်ပေလိမ့်မည်။ ယခု အန်ဂျလာမာကယ် ပြန်လည် အနိုင်ရခြင်းတွင် အိမ်နီးချင်း နိုင်ငံများကို အားနာနေရခြင်းထက် ဂျာမန်လူထု၏ အကျိုးစီးပွားကို အာရုံပို၍ စိုက်မည်ဆိုသော ပေါ်လစီက များစွာ အဆုံးအဖြတ် ပေးခဲ့ပါသည်။
အစိုးရချင်း ဆက်ဆံရေးကို ဦးစားပေးခဲ့၍ မဟာအိမ်နီးချင်း နိုင်ငံနှင့် ပြည်သူများ အပေါ်တွင် ကျွန်တော်တို့ ပြည်သူလူထု၏ အမြင်တစ်မျိုး ရှိသည့် အချက်ကိုလည်း သတိပြုနိုင်ပါလိမ့်မည်။ အစိုးရချင်း ဆက်ဆံရေးမှ ပြည်သူချင်း ရင်းနှီး ချစ်ကြည်ရေး ဆိုသည့် မူဝါဒမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှု ကြီးသော ထိုနိုင်ငံများ၏ အီလစ်များက မြန်မာနိုင်ငံတွင် မည်မျှ လာရောက် ရင်းနှီးမြှုပ်နှံမည်၊ လူမှုရေး အကူအညီများ မည်မျှပေးမည် ဆိုသည့် အချက်ကို အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။ ယခင်က ပွင့်လင်းမြင်သာမှု မရှိခဲ့၍၊ မီဒီယာကို အကျိုးရှိစွာ အသုံးချရန်ထက် ပိတ်ပင်ရန် ကြိုးစားခဲ့၍ နိုင်ငံတကာတွင် တိုင်းပြည်ပုံရိပ် ကျဆင်းခဲ့သလိုပင် ယခုလည်း မီဒီယာကို အကျိုးရှိစွာ အသုံးချရန်ထက် မိမိ အခက်အခဲကို ဖုံးကွယ်၍ သိက္ခာဆည်ရန် ကြိုးပမ်းနေမှု များကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာ ပြည်သူတွေက တစ်မျိုး မြင်လျက်ပင် ရှိပါသေးသည်။ ထို့အတွက် သူတို့ အစွဲကျွတ်ရန် မြန်မာနိုင်ငံတွင် လက်တွေ့ အပြောင်းအလဲများ ဖြစ်နေပါပြီ ဆိုသော သေချာသည့် ပုံရိပ်မျိုး ဖြစ်ရန် ကြိုးစားရမည်မှာ မြန်မာနိုင်ငံ၏ တာဝန်သာ ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းကို ဂုဏ်သိက္ခာရှိစွာ ဝင်ရောက်မည့် နိုင်ငံတစ်နိုင်ငံ အနေနှင့် နိုင်ငံတကာက ကိုယ့်ကို ဘယ်လို မြင်စေချင်တာလဲ ဆိုသည့် ကိစ္စမှာ ကိုယ်က လုပ်ဆောင်ရမည့် ကိစ္စသာ ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ အပြောင်းအလဲများ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပါသည်။ နိုင်ငံတကာ အစိုးရများကလည်း သဘောပေါက် လက်ခံလာပြီ ဖြစ်ပါသည်။ သို့နှင့်တိုင် စဉ်းစားရမည့် အချက်မှာ နိုင်ငံတကာ ပြည်သူများ အမြင်မပြောင်းသေးသည့် ကိစ္စကို ကျွန်တော်တို့ အနေနှင့် မည်သို့ လုပ်ဆောင်ကြမည်နည်း ဆိုသည့် ကိစ္စသာ ဖြစ်သည်။ တိုင်းပြည်၏ ပုံရိပ်ကောင်းဖို့ အစိုးရတွင် တာဝန်ရှိသလို နိုင်ငံတကာ ပြည်သူများထံ သတင်းစကားပါးဖို့ ကျွန်တော်တို့ မီဒီယာများနှင့် ပြည်သူများကလည်း ဝိုင်းဝန်းကြရန် လိုပေလိမ့်မည် ဖြစ်ပါသည်။
ချစ်ဦးကိုကို
Credit To The Voice Weekly

Related Articles:

Post a Comment