Saturday, November 30, 2013

နိုင်ငံရေး အနုပညာ (Written by - မောင်ကြည် )



နိုင်ငံရေးကို အနုပညာဆန်ဆန် လုပ်ခြင်းကို နိုင်ငံရေး အနုပညာဟု ခေါ်ပါသည်။ အနုပညာဆန်သော နိုင်ငံရေးဟုလည်း ပြောလို့ရပါသည်။ တချို့က နိုင်ငံရေးသည် အနုမဟုတ် အကြမ်း။ နိုင်ငံရေးသည် လရောင်အောက်မှာ လမ်းလျှောက်ခြင်း မဟုတ်။ နေပူကျဲကျဲမှာ တိုက်ပွဲဝင်ရခြင်း ဖြစ်သည်ဟု ပြောကြပေလိမ့်မည်။ သူနိုင်ငါနိုင် အပြိုင်ကြဲရသော အလုပ်။ လျင်သူစားစတမ်း နိုင်ရသူ စတမ်းဟု ပြောကြပေလိမ့်မည်။ တချို့ကလည်း နိုင်ငံရေးဆိုတာ လူညစ်ပတ်တွေရဲ့ အလုပ်။ သူတောင်ကောင်းတွေက နိုင်ငံရေးနဲ့ ဝေးဝေးမှာ နေတယ်ဟုလည်း ပြောကြပါလိမ့်မည်။ တချို့ကလည်း နိုင်ငံရေး လုပ်တာထောင် နှုတ်ခမ်းမှာ စင်္ကြံလျှောက်ခြင်းဟု ပြောကြပါလိမ့်မည်။ မည်သို့ဆိုစေ နိုင်ငံရေးကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရပါသည်။ နိုင်ငံရေးကို ရှုထောင်အမျိုးမျိုးကနေ ကြည့်လို့ရပါသည်။

ကျွန်တော်ကတော့ နိုင်ငံရေးကို အနုပညာ ရှုထောင့်ကနေ ကြည့်ချင်ပါသည်။ နိုင်ငံရေးကို အနုပညာဆန်ဆန် လုပ်လို့မရဘူးလား။ အများအကျိုးကို ရှေးရှုသော၊ တရားမျှတသော ငြိမ်းချမ်းသာယာ ၀ပြောသည့် နိုင်ငံတစ်ခုကို ထူထောင်ချင်သော စိတ်ဆန္ဒဖြင့် နိုင်ငံရေးကို လုပ်လို့မရဘူးလား။ ထိုကဲ့သို့သော စိတ်ဓာတ်နှင့်သာ နိုင်ငံရေးကို လုပ်လို့ရမည်ဆိုလျှင် အနုပညာဆန်သည့် နိုင်ငံရေး ဖြစ်လာနိုင်သည် မဟုတ်ပါလား။ နိုင်ငံရေး ကို စိတ်မ၀င်စားဘူးဟု ပြောတတ်သော လူတချို့ကို ပြောချင်ပါသည်။ "မခေါ်ချင်ဘဲ နေလို့ရတယ် မတော်ချင်ဘဲ နေလို့မရဘူး" ဟူသော စကားလိုပါပဲ။ နိုင်ငံရေး မလုပ်ဘဲ နေလို့ရပါတယ်။ နိုင်ငံရေးနဲ့ မပတ်သက်ချင်လို့တော့ မရပါဘူး။ နိုင်ငံရေးအကြောင်း မတွေးဘဲ နေလို့ရပါတယ်။ ငါနဲ့ နိုင်ငံရေး မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ "နိုင်ငံရေး မလုပ်တဲ့ ပြည်သူတွေတောင် နိုင်ငံရေးနဲ့ မကင်းရှင်းနိုင်ပါဘူး" ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးပါသည်။ မိသားစု ရှိတဲ့လူတိုင်း မိသားစုရဲ့ အရေးကိစ္စနဲ့ ပတ်သက်ဆက်နွှယ် နေသလိုပါပဲ။ ကိုယ်က နိုင်ငံရေးနဲ့ မပတ်သက်ချင်ပေမယ့် နိုင်ငံရေးက ကိုယ့်ကိုလာ ပတ်သက်မှာတော့ သေချာပါသည်။

ကျွန်တော်တို့ နိုင်ငံမှာ ၈၈ အရေးအခင်းနောက်ပိုင်း "နိုင်ငံရေး" ဆိုသည့် စကားလုံးကို ပြည်သူအတော်များများက ကြောက်ရွံ့သွားခဲ့ ကြပါသည်။ အာဏာရှင် အစိုးရကလည်း ထိုကဲ့သို့ ကြောက်နေအောင် ခြောက်လှန့်ထားခဲ့ ကြပါသည်။ နောက်ဆုံးတော့ ပြည်သူတွေက နိုင်ငံရေးဆိုတာ ခပ်ဝေးဝေးကနေ ရှောင်ရမယ့်အရာ၊ အန္တရာယ်ရှိတဲ့ အရာဟု မှတ်ထင်ယူဆ ခဲ့ကြပါသည်။ ထိုစဉ်အချိန် တုန်းကတော့ အစိုးရကို ဝေဖန်ချင်လျှင်တောင် ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲ၊ တိုးတိုးတိတ်တိတ်နှင့် မ၀ံ့မရဲ ဝေဖန်ရသည့် အချိန်ကာလပါပဲ။ "နိုင်ငံရေး" ဆိုသည့် စကားလုံး၏ မူရင်းအဓိပ္ပါယ်နှင့် အနှစ်သာရပါ ပျောက်ဆုံးသွားအောင် လုပ်ခဲ့ကြပါသည်။ နိုင်ငံရေးဆိုတာ မလုပ်ကောင်းတဲ့ အရာ၊ မစားကောင်းတဲ့ အသီး၊ ရွံရှာမုန်းတီး စက်ဆုပ်စရာကောင်းတဲ့ အရာဟု ယူဆသည့် အဆင့်သို့ ရောက်ရှိသွားအောင် လုပ်ခဲ့ကြသည်။

တကယ်တော့ "နိုင်ငံရေး" ကကြောက် စရာကောင်းတဲ့ စကားလုံး မဟုတ်ပါ။ ချစ်စရာကောင်းတဲ့ စကားလုံးသာ ဖြစ်သင့်ပါသည်။ မိမိတို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက် စေချင်သူတိုင်း၊ မိမိနိုင်ငံကို ချစ်မြတ်နိုးသူတိုင်းရဲ့ ရင်ထဲအသည်းထဲ နှလုံးသားထဲမှာ "နိုင်ငံရေး" ဆိုတဲ့ စကားလုံးလောက် လှပကာ ဆွဲဆောင်မှုရှိသည့် စကားလုံးကို တခြားဘယ်နေရာမှ ရှာတွေ့လိမ့်မည် မဟုတ်ပါ။

နိုင်ငံရေးလုပ်တာ ကုသိုလ်ကောင်းမှု လုပ်တာပါ။ နိုင်ငံရေးဆိုတာ ပရဟိတ လုပ်ငန်းပါ။ နိုင်ငံရေးလုပ်တာ အများကောင်းစားအောင် လုပ်တာပါ။ နိုင်ငံရေးဆိုတာ နိုင်ငံကြီးသား ပီသတဲ့သူတွေ လုပ်တာပါ။ နိုင်ငံရေးလုပ်တာ ပြည်သူတွေ အေးချမ်းပျော်ရွှင်အောင် လုပ်တာပါ။ နိုင်ငံရေးလုပ်တာ လောကကြီးကို ငြိမ်းချမ်းစေချင်လို့ပါ။ နိုင်ငံရေးလုပ်တာ လူ့အဆင့်အတန်းကို မြှင့်တင်တာပါ။ နိုင်ငံရေးလုပ်တာ ဘ၀ကူးကောင်းအောင် လုပ်တာပါ။ နိုင်ငံရေးလုပ်တာ သံသရာအကျိုး သယ်ပိုးတာပါ။ နိုင်ငံရေးဆိုတာ နေ့စဉ်လုပ်ရမယ့် အလုပ်ပါ။ နိုင်ငံရေးဆိုတာ လူတိုင်းလုပ်ရမယ့် အလုပ်ပါ။ နိုင်ငံရေးလုပ်တာ ထူးဆန်းအံ့သြစရာ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ ရိုးရိုးသားသား လုပ်ရတာပါ။ နိုင်ငံရေးလုပ်တာ ကလိမ်ကကျစ်ကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်တာ အတ္တနဲ့ ပရကို မျှတအောင်လုပ်တာ။ နိုင်ငံရေးလုပ်တာ လူ့သဘာဝပါ။
ဆရာကြီး ဒဂုန်တာရာက "နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ" ဟု ပြောဖူးပါသည်။ ဆရာကြီးက နိုင်ငံရေးကို ငြိမ်းချမ်းရေး ရှုထောင့်ကနေ ကြည့်တဲ့သူပါ။ တစ်နည်းပြောရရင် နိုင်ငံရေးကို အနုပညာဆန်ဆန် တွေးခေါ်ပြလိုက် တာပါပဲ။ နိုင်ငံရေးဆိုတာ အနုပညာ ဆန်လို့ရတယ်ဟု ပြောလိုက်တဲ့ သဘောပါပဲ။

နိုင်ငံရေးကို အနုပညာဆန်ဆန် တွေးခေါ်ပြသူ နောက်တစ်ဦးကတော့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ သူမရဲ့ နိုင်ငံရေး သဘောတရားကို ၁၁၊ ၁၁၊ ၂၀၁၃ ရက်နေ့ထုတ် ဒီလှိုင်းစာစောင်မှာ ဟောဒီလို တွေ့ရပါသည်။ "အချို့က နိုင်ငံရေးလုပ်တာ လူလည်လုပ်နိုင်မှ ဖြစ်တယ်လို့ ယုံကြပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်ရင် ကလိမ်ကကျစ် လုပ်ရတယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ အဲဒါကို ကျွန်မ သဘောမတူပါဘူး။ နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့် လုပ်တာဟာ နိုင်ငံရေး ပရိယာယ် ကြွယ်ဝခြင်း မရှိတာ၊ "ရိုး" တာထက် "အ" တာလို့ မြင်သူတွေလည်း ရှိပါတယ်။ ဒါကိုလည်း ကျွန်မ သဘောမတူပါဘူး" တဲ့။ "မုသားမပါ လင်္ကာမချော" လို့ ပြောပြီး အများမိုးခါးရေသောက်လို့ လိုက်သောက်နေကြတဲ့ ခေတ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဆိုတာ ညစ်ပတ်စရာ မလိုဘဲ သန့်သန့်ရှင်းရှင်း ရိုးရိုးသားသား လုပ်လို့ရတယ် ဆိုတာကို အတိအလင်း ကြေညာလိုက်တဲ့ သဘောပါပဲ။ တကယ်တော့ အဲဒါ အနုပညာဆန်တဲ့ နိုင်ငံရေး (၀ါ) နိုင်ငံရေး အနုပညာပါပဲ။

ဘက်ပေါင်းစုံမှာ ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အနုပညာဆန်တဲ့ နိုင်ငံရေးမျိုး ထွန်းကားစေချင်ပါသည်။ ထိုကဲ့သို့သော နိုင်ငံရေးမျိုးကို လူတိုင်းစိတ်ဝင်စားစေ ချင်ပါသည်။ လူတိုင်းစိတ်ဝင်စား ကြမှသာ အများမျှော်လင့် နေသည့် "ဒီမိုကရေစီ ပန်းတိုင်" သို့ ရောက်ရှိနိုင်ပါ လိမ့်မည်။
Credit To  Eleven Media Group

Related Articles:

Post a Comment