ကရင်လူမျိုး



  • ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။

လူမျိုးစုများ


ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် စော တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နော် တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် မန်း တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နန့်တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။

ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း


ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။

ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်


ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတ၀ှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။ကရင်နှစ် သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ


၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေးရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့ မဟုတတ်) ကရင်ပြည်ပြန်ပေးဖို့ ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ ပေါ်တက်၍ ကရင်လူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင့်ပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆကလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့ သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
  1. ကရင်ပြည်ချက်ခြင်းပြန်ပေး၊
  2. ကရင်တကျပ်၊ ဗမာတကျပ်၊
  3. လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
  4. ပြည်တွင်းစစ်အလိုမရှိ
စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့ များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများသည် ကရင်လူမျိုးများအနေနှင့် အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းဖြစ်သည်။ ကရင်ကံကြမ္မာ ပရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမြိုးသားရေး လှုပ်ရှားမှုသမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာ ဆောင်သည် ပရင်အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ပရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့ ၊ ကရင်အမျိုးသားများ၏ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့ ၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့ ၊ ကရင်ကို ကမ္ဘာက ပိုမိုသိစေသည့်နေ့ ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက်နေ့ အထိ ဖာပွန်မြို့ တွင်ကျင့်ပသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ကရက်မှ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ် (၁) တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်ကရက်ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူ ဆန္ဒပြပွဲဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာလေသည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်း ၁၉၃၇


ဥပဒေကြမ်းအမှတ် ၂၆။ ၁၉၃၇။

နိဒါန်း

ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်းကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထိုသို့သော အကြောင်းကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။
ခေါင်းစဉ်ငယ် ၁။
(၁) ဤဥပဒေကို ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေ ၁၉၃၇ ဟု ခေါ်တွင်စေရမည်။ (၂) ဤဥပဒေသည် ဘုရင်ခံက ကြေညာချက် ထုတ်ပြန်သည့်နေ့မှ အစပြု၍ အထူးသဖြင့် ယခုကြေငြာသော အချိန်မှစ၍ ချက်ခြင်း အာဏာတည်စေရမည်။ (၃) ဤဥပဒေသည် ဗြိတိသျှမြန်မာနိုင်ငံ တ၀ှမ်းလုံးကို အာဏာသက်ရောက်စေရမည်။

ရှင်းလင်းချက် ၁။

(၁) ကရင်အမျိုးသားများဆိုသည်မှာ ၎င်းတို့၏ အမျိုး၊ ဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် မသက်ဆိုင်ဘဲ အားလုံးသော ကရင့်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင် အနွယ်တူ လူမျိုးများ အားလုံးကိုဆိုလိုသည်။

(၂) ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် အခြားသော တိုင်းရင်းသားများ၊ ပြည်သူများ၊ အမျိုးသားများ၏ နှစ်သစ်ကူးနေ့ အတိုင်းပင် အတိအကျ အဓိပ္ပါယ်ရပေသည်။ ကောင်းမြတ်သောနှစ်၏ ပထမနေ့ဖြစ်သည်။ ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် မြန်မာပြက္ခဒိန် ပြာသိုလဆန်း (၁)ရက်နေ့နှင့် ဆီလျှော်သည့်အတိုင်း ကရင်ပြက္ခဒိန်နှစ်အရ ‘သလေး၊ ထိုက်ခေါက်ဖိုး လဆန်ုး (၁)ရက် သို့မဟုတ် (၂) ရက်တွင် ကျရောက်ပေသည်။
နှစ်သစ် အလို့ငှာ ဤနေ့ရက်သို့ ကျရောက်သောအခါ ကရင်အမျိုးသားများသည် ၀ါးအိမ်သစ်များကို တည်ဆောက်ခြင်း၊ ပစ္စည်းဟောင်းများကို ပြုပြင်ခြင်း၊ တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များကို သတ်မှတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဤကိစ္စများကို အားလုံးသောကရင်များက နေရာတိုင်းမှာ အသိအမှတ်ပြုကြသည်။ ရုပ်တုကိုးကွယ်သူ ကရင်များက နတ်များကို ကိုးကွယ်ပသခြင်းဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာ ကရင်များက ဘုရားရှိခိုးခြင်း၊ ကျောင်း ဇရပ်သွားခြင်း၊ သံဃာတော်များထံမှ တရားနာယူခြင်းတို့ဖြင့် လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များက ဆုတောင်း ဘုရားရှိခိုးခြင်း စသည်တို့အပြင်သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ် အားလုံးသည် ကြီးစွာသော စည်းဝေးခြင်းများ ပြုကြလျှက် စုရုံးကြသော သက်ဆိုင်ရာ ဘာသာရေး ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ကရင်များ နေထိုင်ရာ ဒေသတိုင်းတွင် ပြုလုပ်ကြပေသည်။ သို့ဖြစ်၍ ကရင်အမျိုးသားတို့၏ သမိုင်းတွင် ဤနေ့ရက်များသည် အကြီးကျယ်ဆုံးသော ပျော်ပွဲရွှင်ပွဲနေ့များ ဖြစ်ကြပေသည်။

ကြေငြာချက်၏ အကြောင်းအကျိုးများ

တိုင်းရင်းသား လူမျိုးစုများကိုယ်တိုင် ၎င်းတို့၏ ရှေးရိုးစဉ်လာ ထုံးတမ်းဓလေ့များကို စောင့်ထိန်းခြင်း၊ မြင့်မြတ်သော ဘာသာရေးတရားနှင့် စပ်ဆိုင်သောနေ့များကို အသိအမှတ်ပြုခြင်း တို့သည် ဗြိတိသျှအစိုးရ၏ ထာဝရ နိုင်ငံရေး မူဝါဒဖြစ်ပေသည်။ သို့ဖြစ်၍ မြန်မာပြည်လူမျိုးစုတို့၏ ဘာသာရေးနှင့် စပ်ဆိုင်သော နေ့များ၊ မြင့်မြတ်သောနေ့များကို ဗြိတိသျှ အစိုးရက အသိအမှတ် ပြုသည်ကို ကျွန်ုပ်တို့ မြင်တွေ့ကြရသည်။ တိုင်းရင်းလူမျိုးများ မဟုတ်ကြသော တရုတ်၊ ဥရောပသားတို့သည် သူတို့နှင့်အတူ သူတို့၏ ဘာသာရေးနှင့်ဆိုင်သော မြင့်မြတ်သောနေ့များကို ကျွန်ုပ်တို့၏ မြေပေါ်သို့ ဆောင်ယူခဲ့ကြသည်။ ၎င်းကို ဗြိတိသျှ အစိုးရအနေဖြင့် အစိုးရ ရုံးပိတ်ရက်၊ အားလပ်ရက်အဖြစ် အသိအမှတ်ပြုခဲ့ပေသည်။

မြန်မာနိုင်ငံ၏ ဒုတိယအရေးအပါဆုံး တိုင်းရင်းသား လူမျိုးဖြစ်သည့် ကရင်အမျိုးသားများမှာမူ မည်သည့်မြင့်မြတ်သော နေ့နှင့် ဘာသာရေးနှင့်ဆိုင်သောနေ့မျှ အသိအမှတ်ပြုခြင်း မခံရသေးပေ။

အမှန်တကယ် လိုအပ်နေသည်ဖြစ်၍ ကြီးစွာသော သံဝေဂကြီးရလျှက် ကရင်ခေါင်းဆောင်များနှင့် သက်ကြီးသူများ တို့သည် အသိအမှတ်ပြုပေးရန် အားထုတ်ကြိုးပမ်း ခဲ့ကြပေသည်။ ဤကိစ္စကို အစိုးရထံ မေးမြန်းကြ၏။ ထင်ရှားပေါ်လွင်အောင် ဆောင်ရွက်ခဲ့ကြသည်။ သို့မဟုတ် အစိုးရက အသိအမှတ်ပြုရန် အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသည်။
ငြိမ်းချမ်း၍ ဥပဒေကိုစောင့်သိသော၊ သစ္စာရှိသော၊ တခါက ဗြိတိသျှအစိုးရ၏ ချီးမြှင့် မြောက်စားခြင်းကို ခံခဲ့ရသော ကရင်အမျိုးသားများသည် ယခုကဲ့သို့ သိသာစွာ ငြိမ်တိတ်နေသည်မှာ ၀မ်းနည်းဖွယ် ဖြစ်ပါသည်။ သည်ကနေ့ အခြေအနေတွင် အမျိုးသားလှုပ်ရှားမှုဖြင့် ကရင်အမျိုးသားတို့သည် နေရာတကာမှာ လူမသိ၊ သူမသိဖြစ်နေကြရသည်ကို မိမိတို့ဘာသာ မိမိတို့ မြင်တွေ့လာကြရသည်။

သူတို့၏ ပြင်းပြသောဆန္ဒများ၊ အစဉ်မပြတ် အချိန်တိုင်း၌ ရယူလိုမှုနှင့် တရားဥပဒေအရ ညီညွတ်လျှက် ထိုက်သင့်သော တောင်းဆိုမှုများကြောင့် မသိကျိုးကျွံ လျစ်လျူပြုမှုများကို ပျက်ပြယ် စေခဲ့သည်။ ယနေ့ ကရင်အနွယ်ဝင်များနှင့် ကရင့်ရိုးရာရှေးဟောင်း ဓလေ့ထုံးစံများကို ထိန်းသိမ်း စောင့်ရှောက်ရန် မြန်မာပြည်သစ်၏ ဖွဲ့စည်းပုံ ဥပဒေအသစ်အရ အခြားသော တိုင်းရင်းသားလူမျိုးများ နှင့် ရင်းမြစ်တူညီစွာ အရေးပါသော လူမျိုးတမျိုးဖြစ်သည့် အတိုင်း မိမိတို့၏ ရခွင့်ရလမ်းများကို အသိအမှတ်ပြုစေရန် အစိုးရထံမှောက် တင်ပြခဲ့ပေသည်။

ထို့ကြောင့် ကရင်အမျိုးသားတို့သည် မြန်မာနိုင်ငံ၌ ဒုတိယ အရေးပါသော တိုင်းရင်းသားများ ဖြစ်ကြ၍လည်းကောင်း၊ အတိတ် ပစ္စုပ္ပန် ၂-ဋ္ဌာန၌ အစိုးရအပေါ် သစ္စာရှိသော တိုင်းရင်းသားလူမျိုးများ ဖြစ်ကြ၍ လည်းကောင်း၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို မြန်မာလ ပြာသိုလဆန်း (၁) ရက်နေ့ သို့မဟုတ် (၂)ရက်နေ့ကို သတ်မှတ် ပြဋ္ဌာန်းပေးလိုက်သည်။ အမျိုးသားများ၏ ပွဲတော်များ၊ ရိုးရာဓလေ့များကို စောင့်ထိန်းခြင်းသည် မလိုအပ်ဘဲလျှက် အခြားသော တိုင်းရင်းသားများနှင့် တသီးတခြားကွဲလွဲအောင် ဆောင်ရွက်ကြရန် မဟုတ်ပေ။ အမျိုးသားရေးနှင့် စပ်ဆိုင်သော ကွဲလွဲမှုများ၊ သီးခြားရှိမှုများသည် ပြဿနာမဟုတ်ပါ၊ ဂုဏ်သိက္ခာတက်စရာများသာ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများသည် မြန်မာ တိုင်းရင်းသားများသာ ဖြစ်ကြသည်။ အနွယ်တူများအဖြစ်သာ သိရှိနေကြပါသည်။ ကရင် တိုင်းရင်းသားများအနေဖြင့် သူတို့၏ ရှေးဟောင်း ဓလေ့ထုံးတမ်းများကို စောင့်ထိန်းရန်ကိုသာ စသည်ဖြင့် အလိုရှိကြသည်။ အခြားသော တိုင်းရင်းသားများတို့၏ ထုံးဓလေ့များတို့ကို လေးစား လိုက်နာကြရသည့်နည်းတူ မိမိတို့၏ ထုံးဓလေ့ များကိုလည်း လေးစားတတ်ရန်မျှသာ ဖြစ်ပါသည်။ ဤတခုတည်းသော ရည်ရွယ်ချက်ဖြင့်ပင် ဤဥပဒေကြမ်းကို တင်ပြ မိတ်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါသည်။ တမြေထဲနေ၊ တရေထဲ သောက်ကြသူ သားချင်း ညီအစ်ကို မောင်နှမများ၊ မြန်မာ့လွှတ်တော် အဖွဲ့ဝင်များအနေဖြင့် စိတ်ရောကိုယ်ပါ ထောက်ခံကြလိမ့်မည်ဟု ရိုးသားစွာ မျှော်လင့်မိပါသည်။

ဂျွန်ဆင်ဒီဖိုးမင်း(လွှတ်တော်အမတ်၊တောင်ငူမဲဆန္ဒနယ်)

ပထမဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်း


ယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။
တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။
ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။
ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။
ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။
ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။
ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။

ပုံ- စံစီဖိုး၊ ရွှေဘ၊ လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ (၁၉၃၈-ခု၊ ဒီဇင်ဘာလ ၂၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၈-ခုနှစ်၊သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း (၁)ရက်

ကရင်အမျိုးသားအလံတော်



၁၉၃၆ခုနှစ် ဒေါက်တာဘမော်၏ ညွန့် ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်
  1. ကရင်နှစ်သစ်ကူးနေ့ (ကရင်အမျိုးသားနေ့ )
  2. ကရင်အမျိုးသားသီိချင်း
  3. ကရင်အမျိုးသားအလံတော် စသည်တို့ ကို တောင်းဆိုခဲ့ကြသည်၊၊
ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီးသည် ကရင်ခေါင်းဆောင် များနှင့်ကရင်အမျိုးသားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ ကြရန်မေတ္တာရပ်ခံခဲ့ သည်။ ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီး၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရရရှိ ကရင်အမျိုးသားများ ထံမှ အလံပုံစံပေါင်းတစ်ရာကျော်ရောက်ရှိလာခဲ့ သည်။ ။ ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစံတစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမအဆင့် ရွေးချယ်လိုက်သည်။ထိုမှတဆင့် (၁၂)ခုအနက်မှစိတ်ကြိုက်(၃)ခုကို ထပ်မံရွေး ချယ်ခဲ့ သည်။ နောက်ဆုံး(၃)ခုမှ အသင့်တော်ဆုံးအကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤသို့ နောက်ဆုံးအတည်ပြုရွေးချယ်လိုက်သောအလံမှာမန်းဘခင်(၀န်ကြီးဟောင်း) ရေးဆွဲသောအလံ ပုံစံပင်ဖြစ်သည်။ ယခုတရားဝင်အတည်ပြုသုံးစွဲနေသောအလံတော်သည် ဤအလံပင်ဖြစ်သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေ၀န်းနှင့်ဖားစည်ပါရှိ သော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤသို့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေ၀န်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ် အနှစ်သာရကို အလံပုံစံရှင် မန်းဘ ခင်သည် အောက်ပါအတိုင်း အဓိပ္ပယ်နှင့်အနှစ်သာရကို ဖော်ဆော်ထားပေသည်။
  1. အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့်သူရသတ္တိပြည့်စုံခြင်းကို ဖော်ဆော်သည်။
  2. အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ဘ၀နှင့် စိတ်ထားများဖြူစင်သန့် ရှင်း စင်ကြယ်ခြင်းကို ဖော်ဆောင်ထားသည်။
  3. အလံတော်၏အပြာနုရောင်သည် ကရင်အမျိုးသားများ၏ ဖြောင်မတ်တည်ကြည်ခြင်းနှင်သ စ္စာရှိခြင်းကို ဖော်ဆောင်ထားသည်။
  4. အလံတော်၏ တက်သစ်စနေ၀န်းသည် ကရင်အမျိုးသားများ၏ လူမှုရေးဘ၀တိုးတက်သာယာရေးကိုဖော် ဆောင်ထားသည်။
  5. အလံတော်၏ ဖားစည်သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုနှင့်သာယာဝပြောခြင်းကို ဖော်ဆောင်ထားသည်။
ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့်ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့်ယဉ်တွဲ၍ စိုက်ထူကြသည်။

အကြောင်းစုံဆိုရသော် …


ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင် ရင်းနှီးသူများ ရောက်လာကြသည်။ လာရသည့် အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို ဘယ်လိုလဲ၊ အံ့သြစရာပဲ၊ တယ်ဆန်းကျယ်ပါလား၊ ရှင်းပြပါဦး ဆို၍ အသီးသီးမေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေမျှသာ ဖြစ်ခဲ့သည်။ ကျေနပ်မှု ရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာ မပေါ်ခဲ့ပေ။ကရင်လူငယ်တသိုက်လည်း အားရ၀မ်းသာရှိလှသည်။ နှစ်သစ်ကူးနေ့ပွဲ စည်ကားရန်နှင့် နှစ်စဉ်ပိုမိုစည်ကား သိုက်မြိုက်စွာ ပြုလုပ်ရန် ကြိုးပမ်းကြသည်ကို တွေ့မြင်နေရသည်မှာ ၀မ်း မသာဘဲ မရှိနိုင်ပေ။ နှစ်စဉ် ပိုမိုစည်ကားစေရန် ကြိုးစားလျက်ပင်၊ ထို့ကြောင့်လည်း မိုမိုစည်ကားလျက်ပင်တည်း။သို့သော်ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကားရန် ပိုမိုထွန်းတောက် လာမည့်အစား မှေးမှိန်စေသော အကြောင်းအရာတချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်အချို့သည် ကရင်စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။ ကရင်သက္ကရာဇ်ဟာ ယုံမှားစရာဝီစိကိစ္ဆာ ရှိစရာပဲလို့ မြည်လာပေသည်။ ထိုသို့ မြည်သံကား မကျယ်သေး။ ပို၍ မကျယ်မီ ယုံမှားသံသယ ကင်း စင်အောင် ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းဆိုသည့် ကဏ္ဍမှာ ဇန်န၀ါရီလ (၁)ရက်နေ့ ရွေးရမလား၊ ဆရာယုဒသန် ရောက်သောနေ့ကို ရွေးရမလား။ ပြဿနာပေါ်ပေါက်သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတ ပညာရှင်တို့က ယူဆကြသည်။ဤကဲ့သို့ တွေးထင်ကြသူများအား အပြစ်ဆိုစရာ မရှိပေ။ ဤပြဿနာ ရှိသမျှ ကာလပတ်လုံး ကရင်နှစ်သစ်ကူး ပွဲတော်နေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း တောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဖက်သို့သာယိုင်အံ့။ ကျေနပ်လောက်အောင် သံသယ မရှိလောက်အောင် ရှင်းလင်းဖို့ လိုပေသည်။
  1. ပဲခူးနယ်၊ ဟင်္သာတနယ်၊ တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးကြသည်။ သို့သော် မကွယ်ပျောက်သေး။
  2. ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခု ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေးထိုင်ခုတ်ဖို လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့သည် ပြာသိုလဆန်း(၁)ရက်နဲ့ (၂)ရက်တွင် ကျရောက်သည် ဟု ဆိုထားပေသည်။(The Karen New Year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟုပါရှိသဖြင့် Bill ဘီလ် ဥပဒေကြမ်းကို ဖတ်မိလျှင် မည်သည့်နေ့ကို ရွေးချယ်ရမည့်ပြဿနာ မပေါ်နိုင်ပေ။-သတိ- ကရင်နှစ်သစ်ကူးနေ့ ၂-ရက်တောင်း၏။ သို့သော် (၁)ရက်သာ ရ၏။
  3. မြေပြန့်ကရင် ပြာသိုလဆန်း(၁)ရက်၊ သလေး၊ ထိုင်ခုတ်ဖို (၁)ရက်နေ့တွင်ကျင်းပ၏။
  4. ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲ လဆန်း (၁)ရက်နေ့တွင်ကျင်းပ၏။
  5. ဖားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင် ကရင်များ နယုန်လအတွင်း စနေနေ့ကျသော နေ့တနေ့တွင် ကျင်းပ၏။
  6. ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်း လဆန်း ပထမစနေနေ့မှာ ကျင်းပ၏။
(ကိုးကားချက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ် ၁-၂က၊ ခ၊ဂ၊ဃ၊) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးက ရှိခဲ့ဖူးကြောင်း ထင်ရှားလှ၏။ သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ကရင်နှစ်သစ်ကူးပွဲတော်နေ့ အသက်ဝင်လာပုံသေကံမရောက် သက်မပျောက်ဆိုဘိသကဲ့သို့ ပျောက်ကွယ်လု သေလုဆဲဆဲတွင် ကရင်နှစ်သစ်ကူးပွဲတော် သည် တဖန်ပြန်လည်၍ အသက်ဝင်လာ၏။ ဟင်္သာတနယ်၊ တောင်ငူနယ်၊ ပဲခူးနယ်တို့မှ နှစ်သစ်ကူးပွဲတော်ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားသော ကရင်လယ်သမားကြီးတို့ အားနည်းချည့်နဲ့နေသောကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို ရှေးကကဲ့သို့ စည်ကားလှအောင် ဖော်ထုတ်လိုကြ၏။ သူတခွန်း၊ ကိုယ်တခွန်း တစတစနှင့် နိုင်ငံတော်ရက်အားဖြစ်ပြီး တနိုင်ငံလုံးရှိ၊ ရုံးများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော နိုင်ငံတော်ရက်အားဖြစ်စေလို၏။ကရင်နှစ်သစ်ကူးပွဲတော်သည် ရှေးပသဏီ နှစ်ပေါင်းများစွာက နှစ်ပေါင်း ၂၇၀၀ ကျော်လောက်ကပင် ကျင်းပခဲ့ ကြ၏။ တခါတရံ မှေးမှိန်၍ တခါတရံ စည်ကားလှ၏။ အင်္ဂလိပ်ခေတ်တွင် ကံခေ၍ ကွယ်ပျောက်လုနီး ဆင်းရဲလှ၏။ စတိမျှသာ ကျင်းပသော ဘ၀နှင့်ကြုံခဲ့ရ၏။ ဟင်္သာတ၊ ပဲခူး၊ တောင်ငူတွင် အလွန်နည်းလှသော အချို့ကရင် လယ်သမား တို့သည် ပြာသိုလဆန်း (၁)ရက်နေ့ နံနက် နေထွက်တပြူ၌ ကောက်ဦးစားပွဲကျင်းပကြ၏။ ပဲခူးဘုရင်မ ရှင်စောပု လက်ထက်က နှစ်သစ်ကူးပွဲ အလွန်စည်ကားကြောင်းနံနက်လက်ဖက်ရည်ကြမ်းဝိုင်းတွင် လူကြီးများ ပြောကြဆိုကြသည်ကို ငယ်စဉ်ကတည်းက ကြားသိခဲ့ ရသည်။ကရင်နှစ်သစ်ကူးပွဲတော် ပြန်လည်ပေါ်ထွက်ရန်စတင်လာပုံနယ်များမှ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖော်ထုတ်လိုသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိတို့ ကိုယ်စားလှယ် မင်းတိုင်ပင် အမတ်များကို ဆာင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြ၏။ တစ်ယောက်ကစ တရာဆိုဘိ အလားပြန့်နှံ့သွား၏။ မင်းတိုင်အမတ်၊ ကိုယ်စားလှယ်များမှာ နှစ်သစ်ကူး ပွဲတော်ကို ဖော်ထုတ်ပေးရန်တာဝန်ယူကြရ၏။အမျိုးသားထု၏ ဆန္ဒနှင့်ကရင်အမတ် ၁၂ ဦးတို့၏ ကြိုးပမ်းချက်ဒေသအသီးသီးရှိ ကရင်လူထုတို့က မိမိတို့နှစ်စဉ် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်ကို သင်္ကြန်ပွဲတော်၊ ခရစ္စမတ်ပွဲတော်တို့ကဲ့သို့ အစိုးရ အသိအမှတ်ပြု ပြည်ထောင်စု တ၀ှမ်းလုံးရှိ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော အများပြည်သူ အားလပ်ရက် နိုင်ငံတော်ရက်အားဖြစ်စေလိုကြသည်။ ၎င်းကို ဆောင်ရွက်ပေးပါရန် တောင်းဆိုလာကြရာ ကရင်အမျိုးသား ခေါင်းဆောင်များကလည်း မိမိတို့၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် တာဝန်ယူ ကြိုးပမ်းလေတော့သည်။အမတ် ၁၂ ဦးတို့၏ ဆွေးနွေးချက်လွှတ်တော်အတွင်းရှိ ကရင်အမတ် ၁၂ ဦးသည် အမှတ်(၂၅၃)၊ မောင်ဂိုမာရီလမ်း (ယခုအခါဗိုလ်ချုပ်အောင်ဆန်းလမ်း) စောမြတ်သိန်း၏ တိုက်ခန်းတွင် နှစ်သစ်ကူးနေ့ကိစ္စကို တိုင်ပင်ဆွေးနွေးကြ၏။ အချို့အမတ်များသည် စိတ်မ၀င်စားကြပေ။အကြောင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်သည် ခေတ်မမှီဟု ယူဆကြသည်။ လာမည့် ၁၉၃၈ ခုနှစ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း(၁)ရက်သည် န်န၀ါရီလ(၁)ရက်နေ့တွင်သာကျ၏။ ၎င်းအပြင် နောင်လာမည့် နှစ်များတွင်လည်း ကရင်နှစ်သစ်ကူးနေ့သည် ခရစ္စမတ် ဒီဇင်ဘာ (၂၅) ရက်နေ့နှင့် ဇန်န၀ါရီ (၁) ရက် ကမ္ဘာ့နှစ်သစ်ကူးနေ့ရက် ပတ်ဝန်းကျင်တွင်သာ လှုပ်ရှားနေ၍ ကရင်တို့ ပိုက်ဆံကုန်ပြီး လူပင်ပန်းမည်ဟုဆို၏။၎င်းအပြင် သင်္ကြန်သည် ကရင်ဗုဒ္ဓဘာသာများ၏ နှစ်ကူးရက် ဖြစ်သည်။ ခရစ်စမတ်နေ့လည်းရှိသည်။ နယူးရီးယား မလိုပါဟု ဆိုလာကြသည်။ပထမအကြိမ် ဆုံးဖြတ်ချက်မကျ၊ ဒုတိယအကြိမ်တွင် ဂျွန်ဆင် နှင့် စောမြတ်သိန်း တို့ လိုသလိုလုပ်ကြ ဟူ၍ ဆုံးဖြတ်ချက် ကျလာခဲ့သည်။ဆောင်ရွက်ပုံဂျွန်ဆင်နှင့် မြတ်သိန်းတို့သည် လွှတ်တော်အတွင်းဝန်ကြီး မွန်ဝတ်လုံ ဦးဘဒွန်း (B.A. Bar at law) နှင့် ဆွေးနွေး၏။ လွှတ်တော်လုပ်ငန်းတွင် အကျွမ်းအကျင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။ မင်းတို့ ကိစ္စက မလွယ်ဘူး။ အမတ်တဦးက ကန့်ကွက်လျှင် ခက်သွားမည်။ လွှတ်တော်အမတ် ၁၃၂ ယောက်ရှိ၍ မင်းတို့ ၁၂ ယောက်ရှုံးမှာပဲ ဟု အားပေးပြောကြား လိုက်သည်။ထိုအခါ ဂျွန်ဆင်က ဖြစ်နိုင်တဲ့လမ်းကိုရှာပြီး အကြံပေးပါ။ အကူအညီပေးပါ။ ဉာဏ်ထုတ်ပါ လို့ တိုက်တွန်း၏။ ဦးဘဒွန်းက ငါတတ်နိုင်သလောက်ကူညီမယ်၊ နက်ဖြန်လာပါ ဟုဆို၏။ ချိန်းဆိုရက်တွင် ဦးဘဒွန်းက လမ်းတော့ရှိတယ်၊ ဒါလဲ မလွယ်ဘူး ဟုဆိုပြီး အောက်ပါအတိုင်း ရှင်းပြ၏။

ဥပဒေကြမ်း Bill သွားရိုးလမ်းစဉ်

  1. Bill ရေး၊ မဲဖောက်၊ လွှတ်တော်တွင် တင်သွင်းသည်။
  2. တင်သွင်းသည့်အခါ ကန့်ကွက်သူများလျှင် Bill သေ၏။
  3. တင်သွင်း၍ရသော်လည်း အမတ်တဦးက ရွေးချယ်ကော်မတီသို့ပို့ရန် အကြံပေးနိုင်၏။ ပို့သော် တနှစ်လောက် ကြာ၏။
  4. ၎င်းမှ ပြန်လာသော် ဆွေးနွေးနိုင်သည်။ မဲရှုံးလျှင် Bill သေ၏။
  5. အမတ်တဦးက ပြည်သူ့ထင်မြင်ချက် တောင်းဖို့ အကြံပေးနိုင်၏။ တောင်းက ၂-နှစ်လောက် ကြာနိုင်သည်။ ၎င်းမှပြန်လာလျှင် လွတ်တော်တွင် ဆွေးနွေးရ၏။ မဲရှုံးလျှင် Bill သေ၏။မဲနိုင်လျှင် -
  6. အထက်လွတ်တော်သို့ တက်ပြီး၎င်းမှ -
  7. ဘုရင်ခံထံသို့ ရောက်၏။ အင်္ဂလိပ်စီးပွားရေးကို မထိခိုက်လျှင် လက်မှတ်ထိုး၏။ Bill သည် ACT ဖြစ်လာ၏။

ဥပဒေကြမ်း Bill ဖြတ်လမ်း


၁။ Bill ရေးမဲဖောက်တင်သွင်းသည်။ ၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူမရှိအောင် မလွယ်ပါ။ ၃။ ကန့်ကွက်သူမရှိသော် ၃၊၄၊၅၊၆ အဆင့်ကို ကျော်လွှား၍ Governor in council ဘုရင်ခံနှင့် ၀န်ကြီးစုံညီ အစည်းအဝေးတွင် ၀န်ကြီးများအားလုံး သဘောတူ၊ မေတ္တာရပ်ကာ လွတ်တော်တွင် ကန့်ကွက်သူမရှိသော် Bill ကို လက်မှတ် ထိုး၍ ACT ပြုနိုင်၏။ ACT ဖြစ်လျှင် ကရင်နှစ်သစ်ကူးနေ့သည် ဂေဇက်ဝင် နေ့တနေ့ဖြစ်လာသည်။သွားရိုးသွားစဉ် လမ်းနှင့်မအောင်နိုင်၊ ကန့်ကွက်သူ မရှိအောင် စွမ်းနိုင်သလား ဟုမေး၏။ ကြိုးစားမယ် ဆိုပြီး Canteen စားသောက်ခန်းမသို့ သွားကြ၏။ ဆွေးနွေး၏။ အကြံရ၏။အကြံကောင်းလျှင်တချက်ထိုစဉ်က လွှတ်တော်အမတ်များ လစာမရှိသေး။ လိုချင်ကြ၏။ မည်သူတဦးတယောက်မှ လစာဥပဒေကြမ်းကို မတင်ရဲကြ။ ခဲပေါက်ခံရမှာကြောက်ကြသည်။ အကြံမှာ ဒို့ ကရင်နှစ်သစ်ကူးပွဲ ဥပဒေကြမ်းကို တင်မည်။ မကန့်ကွက်လျှင် အမတ်လစာ ဥပဒေကြမ်းကို တင်မည်ဟု လက်တို့မည်။ ဒီလိုဆို ကန့်ကွက်သူ မရှိဖြစ်ပြီး ဒို့-ကရင်နှစ်သစ်ကူးပွဲ အောင်ရမယ် လို့ တိုင်ပင်တယ်။(၂)ဦး သဘောတူ လစာဥပဒေကြမ်းကို တင်မည်ဟု ခဲကိုအရဲစွန့်ပြီး Challenge (စိန်ခေါ်)လိုက်တယ်။စိန်ခေါ်ပြီးနောက် လွှတ်တော်စားပွဲခန်းတွင် မြတ်သိန်း နှင့် ဂျွန်ဆင် မျက်နှာပွင့်၏။ စားပွဲခန်းမထဲဝင်လျှင် စားပွဲတိုင်းက ဂျွန်ဆင်၊ မြတ်သိန်း၊ လာပါ၊ထိုင်ပါ၊ ကြိုက်တာ အော်ဒါ လုပ်ပါ ဟု ဖိတ်ခေါ်ခဲ့သည်။ စားသောက်ပြီးက Members salary bill ကို တင်ပါ။ မကြောက်ပါနဲ့ လို့ တိုးတိုးအားပေးကြ၏။ Karens’ New Year Day Bill ကို ဦးဘဒွန်းက ရေးပြီး ဂျွန်ဆင်က တင်၏။သခင်အောင်ဆန်းနှင့်တွေ့ဆုံပုံဂျွန်ဆင်နှင့် မြတ်သိန်းတို့ Members salary bill တင်မယ်လို့ သတင်းပြန့်ပွားတယ်။ နှစ်ရက်ကြာမှ ဖေဗီယမ် ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖေဗီယမ်ပါတီ အတွင်းရေးမှူးတို့ ရောက်လာသည်။ ဦးဘခိုင်၊ စောမြတ်သိန်းတို့ အလွန်ရင်းနှီး၏။ စောမြတ်သိန်းလာပါ ဟု မိမိတိုက်ခန်းသို့ ခေါ်သွား၏။ ရောက်သော် သခင်အောင်ဆန်းနှင့် သခင်လှရွှေတို့ကို တွေ့၏။ တဦးနှင့်တဦး နှုတ်ဆက်ကြသည်။ပြီးတော့ သခင်အောင်ဆန်းက စောမြတ်သိန်း Members salary bill တင်မယ်ဆို၊ ဟုတ်ရဲ့လား ဟု မေး၏။သိန်း … ဟုတ်တယ်တင်မယ်ဆန်း … မတင်ပါနဲ့ဗျာသိန်း … ဘာဖြစ်လို့လဲဆန်း … ဗမာ့လွှတ်တော်ကြီး သိက္ခာကျမယ်သိန်း … သိက္ခာမကျပါဘူး၊ လွှတ်တော်တိုင်းမှာ အမတ်တွေ လစာနဲ့ပဲဆန်း … သူတို့ယူတာ ယူပေါ့။ ကျွန်တော်တို့အမတ်တွေ လစာမ ယူရင်ကောင်းမယ်သိန်း … မယူရင် မကောင်းဘူး၊ တိုင်းပြည်နာမယ်ဆန်း … ဘာဖြစ်လို့လဲဗျာသိန်း … ဘတ်ဂျက်ငွေပို ရှိနေတယ်၊ လခမယူရင် ဒီငွေတွေကို အလကားမထားဘူး၊ Queen’s Own Highlander စကော့တလန် တောင်ပေါ် စစ်သားတွေ ခေါ်ယူမယ်၊ ဘုရင်ခံလည်း စကောလောက် မျက်နှာရှိသွားမယ်၊ ခုလည်း King’s Own Highlander ရှိနေပြီဆန်း … ဟုတ်ရဲ့လားဗျာသိန်း … စဉ်းစားကြည့်လေဆန်း … (ခေါင်းကုတ်လျှက်) ခက်တာဘဲ၊ We are between the deep sea and the devil ဟု ပြော၏။သိန်း … We are between the deep sea and the devil on one side and the green field on the eitherဆန်း … ခင်ဗျားကတော့ လုပ်တော့မယ်၊ သခင်ကိုယ်တော်မှိုင်း ဟောပေးလို့ရတဲ့ မဲတွေ အလွဲသုံးစား မလုပ်ပါနဲ့သိန်း … စိတ်ချပါ၊ မလုပ်ပါဘူးဆန်း … ဗျာ … ခင်ဗျား Good တယ်ထင်ရင် Do သာ Do ပါ ဆို၏။၎င်းနောက် ဦးဘခိုင်က လက်ဖက်ရည်နှင့် တည်ခင်း ကျွေးမွေး၏။ ပြီးတော့ နှုတ်ဆက်၍ လူချင်းခွဲကြတော့၏။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြု ဥပဒေကြမ်းကို လွှတ်တော်သို့ ၂၃-၇-၃၇ နေ့တွင် ဂျွန်ဆင် တင်၏။ ဦးဖိုးမျှင်က ထောက်ခံ၏။ စောမြတ်သိန်းက ကန့်ကွက်သူမရှိအောင် ကြိုတင်၍ လှည့်လည်ကာ လက်တို့၏။ဒါတောင်မှပဲ Mr.Leach (European Leader) က စကားပြောသေး၏။ Amendment ပြင်ဆင်ချက်ပါသည်။ စည်းကမ်းမကျ ဟု ဆို၏။ ဥက္ကဋ္ဌကြီးက မင်း Bill ကို ကန့်ကွက်တာလား၊ ပြင်ဆင်ချက်ကို ကန့်ကွက်တာလား ဟု မေးရာ ဂျွန်ဆင်က You are right လို့ ပြောလိုက်ရာ Laughter ဖြစ်သွား၏။ ထိုအခါ Leach က Bill ကို မကန့်ကွက်ပါ။ မည်သူ Bill ကို ကန့်ကွက်မလဲ ဟု ဥက္ကဋ္ဌကြီးက မေးရာ လွှတ်တော်တခုလုံး ငြိမ်နေ၏။ ဤကား Victory အောင်ပွဲပေတည်း။အဆင့် ၃၊ ၄၊ ၅၊ ၆၊ တို့ကို ကျော်လွှား၍ စောဖေသာ(အခွန်ဝန်ကြီး)က အနည်းငယ် လှုပ်ရှားရသည်မှာ ဘုရင်ခံနှင့် ၀န်ကြီးများစုံညီ အစည်းအဝေးတွင် ကရင်နှစ်သစ်ကူး Bill ကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ။ ၀န်ကြီးများ အားလုံးလည်း သဘောတူသောကြောင့် Bill မှ ACT ဖြစ်ဖို့ လက်မှတ်ထိုးရန် မေတ္တာရပ်ခံ၏။ အသင့်ပင် ဘုရင်ခံလက်မှတ်ထိုး၍ ဥပဒေကြမ်းများ ဥပဒေဖြစ်သွား၏၁၉၃၇ ဒီဇင်ဘာလတွင် တာဝန်အရ ပြည်ထဲရေးဌာနက သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း ၁-ရက်သည် ဂေဇက်ဝင် နိုင်ငံတော်ရက်အား ဖြစ်သည်ဟု ကြေညာ၍ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများကို နိုင်ငံတော်တ၀ှမ်းလုံးတွင် ပိတ်စေ၏။ သေလုဆဲဆဲ ဖြစ်နေသော ကရင်နှစ်သစ်ကူးပွဲနေ့သည် လှလှပပကြီး ထည်ဝါစွာ ပြန်လည် ထွက်ပေါ်လာ၏။ ၂၈-၇-၃၇ နေ့တွင် အမတ်လစာ ဥပဒေကြမ်း Members salary bill ကို ဂျွန်ဆင်တင်၏။ ကန့်ကွက်သူမရှိ။ Bill သည် ACT အဖြစ် အလွယ်တကူ ဖြစ်သွားတော့သည်။ သူ့အကျိုးဆောင်၍ ကိုယ့်အကျိုးအောင်သော သာဓကတခုတည်း။ကရင်နှစ်သစ်ကူးပွဲတော်နေ့ ရရှိခြင်း အဖြစ်မှန်ကို တင်ပြရခြင်း အကြောင်းမှာ တောင်းယူရသော နှစ်သစ်ကူးနေ့ မဟုတ်။ အခွင့်ကောင်း ရသော၊ ညဏ်ထုတ်၍ ခဲကိုစိန်ခေါ်ပြီး လွှတ်တော်တွင် မကြန့်ကြာ၊ သောင်မတင်၊ မကြာသော ရက်ပိုင်းကလေးနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်းကို နောင်လာနောက်သားများ သိထိုက်လှသည်ဟု ယူဆ၍ တင်ပြအပ်ပါသည်။ကရင့်သက္ကရာဇ် (၃)မျိုးရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံယူသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။ နောင်သက္ကရာဇ် ၁၀၁ သို့ရောက်သော် ဒွတ်တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းကြ၏။ အစဉ်အတိုင်း သက္ကရာဇ်ကို ရေတွက်လာရာ ၆၂၄-ခုသို့ ရောက်လာသောအခါ သမုန္ဒရီမင်းက ဒေါဒေါရသကိန်းအရ ၆၂၂-နှစ်ကိုဖြို၍ အကြွင်း ၂-ခုထားပြီးရေတွက်စေ၏။သက္ကရာဇ်ဖြိုရာတွင် ကမ်းယံတို့ သဘောမတူ၊ မဖြိုဘဲ ဆက်လက်၍ ရေတွက်ကြ၏။ နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတချပ် လေကြမ်း တိုက်ပြီးလွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြား ဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာ ပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စုသုံးစု ကွဲသွားတော့သည်။ပျူတို့မှာ အထက်အညာသို့ပြောင်းရွေ့၍ ယုန်လွှတ်၊ ပုဂံပြည် စသည်တို့ကို တည်ထောင်ကြ၏။ ဖြိုသက္ကရာဇ်ကို ပျူတို့ယူဆောင်သွား ကြသည်။ သက်တို့မှာ အရှေ့အရပ်သို့ ရွှေ့ပြောင်းသွားကြ၏။ ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏။ မရွှေ့ပြောင်း ကြချေ။ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄-သို့ ရောက်သောအခါ ပုပ္ပါးစောရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂-နှစ်ကိုဖြို၏။ အကြွင်း ၂-ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်၏။ ယခုအခါ ကောဇာ သက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော သက္ကရာဇ် ၁၃၂၄ ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ် မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူတော်မူသည့် နှစ်မှ စ၍ ရေတွက်သောကြောင့် မူရင်းမှာမခြား၊ အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမအကြိမ် ၆၂၂-နှစ်၊ ဒုတိယအကြိမ် ၅၆၂-နှစ်၊ နှစ်ပေါင်း ၁၁၈၄-နှစ်ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းသွားစေရန် ဇယားဖြင့် အောက်တွင် ဖေါ်ပြထားသည်။ကမ်းယံသက္ကရာဇ်၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။၂။ သက္ကရာဇ် ၁၀၁ ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။၃။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။၎။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။၅။ ယခု ကမ်းယံသက္ကရာဇ် ၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂ခုကောဇာသက္ကရာဇ်၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ယူသည့်နှစ်ကစ၏။၂။ သက္ကရာဇ် ၁၀၁ ခုနှစ်တွင်၊ သရေခေတ္တရာပြည်တည်၏၃။ သက္ကရာဇ် ၆၂၄ ခုတွင် သုမုန္ဒရီမင်း၊ ၆၂၂ ခုဖြို၏။ ၂ ကြွင်းထား၏။၎။ ဖြို သက္ကရာဇ် ၅၆၄ ပုဂံတွင် ပုပ္ပါးစော ရဟန်း ၅၆၂ ဖြို၏။ ၂ ခု အကြွင်းထား၏။၅။ ယခု ကောဇာသက္ကရာဖ် ဖြိုသက္ကရာဇ် ၁၃၄၂ ခုဖြစ်၏။ထူးကြီးဝေဠုဝန်၊ ဆရာတော်ကြီး ဦးတေရိန္ဒမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင်တတ်တဲ့ ကရင်ဆရာတော်ကြီး ဖြစ်၏။ ယမ်းကံဟာကရင်ဘဲကွ။ ကရင်အစ အင်းမကတဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က (ပြည်မြို့ တောင်ဘက်မှာ ရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင်သက္ကရာဇ်ပဲ။ မှတ်ထားပါ ဟု မိန့်ကြား၏။ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမှာ မူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ်သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ပြောင်းလဲ ခေါ်ဆိုလာသော အမည်ဖြစ်သည် ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။ (စာမျက်နှာ ၁၀ ပြည်ထောင်စု မြန်မာနိုင်ငံ ရိုးရာယဉ်ကျေးမှု - ကရင်) (Sir Arthur Phayer. Translations of Ethnological Society vol:V)၁၉၁၆ ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္ဗည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း၊ မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။ (စာမျက်နှာ ၁၆ ပြည်ထောင်စုမြန်မာနိုင်ငံ ရိုးရာဓလေ့ ထုံးစံများ - ကရင်)၁၉၃၇-နှစ် ကရင်သက္ကရာဇ် အကြောင်း ဆွေးနွေးစဉ်အခါက စာမျက်နှာ ၁၀၊ ၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးတေရိန္ဒ အား ထင်မြင်မှု ပေါ့ခဲ့သည်။ ထိုYအတွက် လက်ဆယ်ဖြာ ဦးထိပ်တင်၍ ကန်တော့ပါ၏။ထိုစဉ်က အထက်ပါ အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေအမတ် ၁၂ ယောက်တို့ ကမ်းယံသက္ကရာဇ်ဟု ဆုံးဖြတ်မည်ဟု သံသယရှိစရာ မလိုပါ။ ဤကားရှေးက ကရင်သက္ကရာဇ် ရှိခဲ့ကြောင်းပါ။တရုတ်ပြည် အနောက်ပိုင်းရှိ ကြီးမားသော တောင်ကြီးများ ၀န်းရံလျှက်ရှိသည့် ကုန်းပြင်မြင့်၊ ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ ကြ၏။ ထီဆဲမဲ့ယွား ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ ၏။ ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ်၊ အချို့ကရင်များ ယူနန်ပြည်မှ ဘီစီ ခမ ၁၁၂၈ တွင် ရွှေ့ပြောင်းလာ၏။ တပိန်၊ မြစ်ငယ်၊ ဧရာဝတီ အတိုင်း စုံဆင်း၏။ အချို့သံလွင်မြစ် အတိုင်းစုံဆင်း၏။ ဗမာပြည်သို့ ဘီစီ ခမ ၁၁၂၅ တွင် ရောက်၏။ ဒုတိယအသုတ် ဘီစီ ခမ ၇၄၁ တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ ဘီစီ ခမ ၇၃၉ တွင် ဗမာပြည်သို့ ဆိုက်ရောက်ကြ ၏။ (သုတေသီဆရာ ဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ - ကသာ၊ ဦးဖိုးတုတ် - ပညာအုပ်)ပထမအသုတ် ကရင်များ၊ ဗမာပြည် ရောက်သောအခါ လယ်ယာ စိုက်ပျိုးကြ၏ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေနေကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရ ကောက်ဦး စားပွဲကို ကျင်းပကြ၏။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ်၊ စသည်ဖြင့် ရေတွက်ရာမှ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ် မတူကြ။ နှစ်မျိုးဖြစ်နေ၏။ငယ်စဉ်က ပဲခူးနယ် တောင်ပိုင်း ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့တွင် ကောက်ဦးစားပွဲပြုလုပ်ကြ၏။ နံနက် စောစောတွင် အဘိုးတို့ ဘကြီးတို့ သူတို့၏ မိတ်ဆွေ ရွှေကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ (ထူးဖောပါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ် အကြောင်းလဲ ပါ၏။ ပဲခူး တောင်ပိုင်းသက္ကရာဇ်မှာ ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးသည်။ ၁၉၃၇ ခု ကရင်ပြည်ပြဿနာ ပေါ်ပေါက် လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ (၂၇၉၉)ခုရှိနေ၏။ (၂၈၀၀) ပြည့်ရန် တနှစ် လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ် က (၃၁၀) နှစ်ငယ်နေသည်။ ၎င်းကို ဂျွန်ဆင်အားပြရာ ဟုတ်တယ် ဒို့ တောင်ငူသက္ကရာဇ်နဲ့တူတယ် ဟုဆို၏။သက္ကရာဇ်အတွက် ကရင်အမတ် (၁၂)ယောက် စည်းဝေးပွဲလုပ်ရာတွင် ဘယ်လိုလုပ်ကြမလဲ၊ (၂)မျိုးဖြစ်နေ သည်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။သာဓကမှာ Pritured Encyclopedia ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက် မှာ ဒီဇင်ဘာလ (၂၅)ရက်အတွင်း ကျင်းပ၏။ အများသဘောတူညီချက်အရ ဒီဇင်ဘာလ (၂၅)ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။ သို့သော် အကြီးအကဲများ သဘောတူဆုံးဖြတ်၍ အားလုံး ရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။ Pritured Encyclopedia; We know that this could hardly have happened in December because it rams almost containously at the time of the year in Palestine and shepherds would no keep their flocks out in the hills at night in such weather.ခရစ္စမတ် ကမ္ဘာ့သာဓကကိုယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်းကရင်သက္ကရာဇ်ကို ဖြေရှင်းကြ၏။ တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ(၇၃၉)မတိုင်မီ ကစ၍ ကရင် သက္ကရာဇ်ကို ရေတွက်ဖို့ စဉ်းစား၏။ ကရင်အမတ်တဦးက ဒို့သက္ကရာဇ်ကို ပြင်နိုင်သလားဟုဆို၏။သမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။ ဒို့အမတ် (၁၂)ဦးလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ်(၂)ခုကို ကြားချနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး Veto ဗီတို အာဏာသုံးမှုကြောင့် ယခုကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉)မှစ၍ ရေတွက်ကြသည်။ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတရှိသူများက ဘီစီ (၇၃၉)ကို ကရင်သမိုင်းမှတ်တိုင်တခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ်ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်၏ ဂုဏ်အင်္ဂါလက္ခဏာလည်းမရှိ၊ ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ် ၂၅၂၂၊ ကောက်ဦးစားပွဲ ကရင်သက္ကရာဇ် ၂၇၂၀ ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ်နှင့် လက်ခံရန် တင်ပြအပ်ပါသည်။ကရင်သက္ကရာဇ်၊ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ (ယုတ္တာ၊ ယုတ္တိဆင်ခြင်ညှိသော် ၀ီစိကိစ္ဆာ၊ မရှိရာတည့် (ရှိဘွယ်မတည့်) ထုံးရာဇ၀င် သက်သေတင်၍)

ကရင်များ ကျေးရွာများကိုတည်ဆောက်ပုံ


ကရင်လူမျိုးတို့ သည် "အူကရိုအဲလ်တက်" ကနေစ၍ ဆင်းလာရာ တဆင့်ပြီးတဆင့် ဗမာပြည်သို့ ရောက်ရှိလာကြသည်အထိ ၎င်းတို့ နှင့် အတူ နှစ်လိုဖွယ်ရာကောင်းသည့် ထုံးတမ်းဓလေ့များကိုပါ ယူဆောင်လာခဲ့ကြသည်။ ပထမဦးဆုံး ၎င်းတို့ သည် မွန်ဂိုလီးယားနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ထိုနေရာမှာ ဧရာဝတီမြစ်ဖျား၏ အထက်ပိုင်းအရပ်တွင် ရှိလေသည်။ ထိုနေရာမှစပြီး အချို့ ကရင်များမှာ ဧရာဝတီမြစ် အတိုင်း ဆင်းလာကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည်။ အချို့ မှာ ဧရာဝတီမြစ်ဝအထိရောက်ရှိကာ မြေပြန့် ဒေသတွင် နေထိုင်ခဲ့ကြသည်။ တနည်းအားဖြင့် BC ၁၁၃၄ နှင့် BC ၁၁၂၂ အကြားရှိနှစ်များအတွင်း ဗမာပြည်အတွင်းသို့ ဝင်ရောက်လာသောအခါ ၎င်းတို့ သည် အုပ်စုများအဖြစ် ဖွဲ့ ပြီးလူစုခွဲကြလေသည်။ အုပ်စုတစ်စုအတွင်းတွင် အဖွဲ့ တစ်ဖွဲ့ စီမကရှိပြီး ဤအဖွဲ့ မှာ အခြေချနေထိုင်နိုင် ရေးအတွက် နေရာကောင်းများကိုရှာဖွေရန် တာဝန်ယူကြရသည်။ ၎င်းတို့ သည် အကွက်အကွင်းကောင်းသည့်နေရာများကို ရွေးချယ်ကြ ပြီး အိုးအိမ်များဆောက်ကာ ရပ်ရွာများတည်ကြလေသည်။ ဤသို့ အားဖြင့် တစ်ရွာပြီးတစ်ရွာတည်ကြလေသည်။ ရွာတစ်ရွာတည်ပြီးလျှင် ဤရွာတွင် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ရွာနီးပတ်ဝန်းကျင်ရှိ မြေများကို ယူထားကြလေသည်။ ဤသည်မှာ တည်ဆောက်လိုက် သည့်ရွာတိုင်းအတွက် ပြုလုပ်ခြင်းဖြစ်သည်။ အိမ်များကိုဆောက်လုပ်ရာတွင် တိုင်များအဖြစ်သစ်ပင်ပျိုးများကို အသုံးပြုသည်။ အချို့ မှာ "၀ါးပိုး" ၀ါးများကို အသုံးပြုသည်လည်း ရှိသည်။ ထိုနည်းတူစွာ အခင်းများကို တင်ရန်အတွက် ဆင့်များကိုလည်း အချို့ က သစ်ပင်ပျိုများ (သို့ ) ၀ါးပိုးဝါးများကိုသာ အသုံးပြုကြ သည်။ အမိုးအတွက်ကိုမူ အချို့ ကသက်ငယ်ကိုသုံးပြီး အချို့ ကအင်ဖက်ကို အသုံးပြုကြလေသည်။ ဓနိရွက်ကိုလည်း သုံးကြပါသည်။ ၀ါး ခြမ်းဖြင့်အိမ်ကို မိုးသည်များလည်းရှိသည်။ ၎င်းတို့ နေထိုင်သည့်အရပ်တွင် မည်သည့်ပစ္စည်းက ပေါနေသည့်အပေါ်မူတည်ပြီး အသုံးပြု ကြခြင်းဖြစ်သည်။ သက်ငယ်ပေါသည့်အရပ်တွင် အိမ်ကိုသက်ငယ်ဖြင့် မိုးလေသည်။ ဓနိပေါသောနေရာတွင် ဓနိရွက်ကိုအများအားဖြင့် အိမ်မိုးရန် အသုံးပြုကြလေသည်။ အချို့ ရွာများသည် အိမ်ခြေများ၏။ အချို့ ရွာများမှာမူ အိမ်အနည်းငယ်သာ ရှိသည်။ ရွာတိုင်းနာမည်အသီးသီးပေးထားသည်။ ရွာ၏နာမည် များကို ဤရွာထဲတွင် နေထိုင်ခဲ့ကြသည့် ဆွေမျိုးအုပ်စုတို့ ၏အကြီးအကဲနာမည်များကို အမှတ်အသားပြုပြီး မှည့်ပေးလေရှိသည်။ တခါတရံ ရွာအနီးရှိစမ်းချောင်းလေး၏နာမည်ကို အမှတ်အသားပြု၍ မှည့်ခေါ်သည်များလည်းရှိသည်။ တခါတရံ သစ်တောအုပ်၏အမည် ဖြင့်ဖြစ်စေ၊ တွေ့ ရှိရသည့် နေရာတစ်ခုခု၏အမှတ်အသားဖြင့်ဖြစ်စေ၊ ၎င်းတို့ ၏ကျေးရွာများ၏ အမည်များကို မှည့်ခေါ်လေ့ရှိသည်။ ဤကဲ့သို့ အမည်များမှည့်ခေါ်ခြင်းမှာ ၎င်းတို့ ၏ဓလေ့ထုံးစံပင်ဖြစ်သည်။ ရွာ၏ပတ်လည်ကိုလည်း ၀ါးချွန်များ (သို့ ) သစ်တုံးချွန်များအား စိုက်ထူကာရံထားကြလေသည်။ ဤကဲ့သို့ ကာရံထားရုံမက ဤအကာအရံ၏အပြင်ပတ်ပတ်လည်တွင် တခါခြံစည်းရိုးတလျှောက် မြောင်း များကိုတူကြသည်။ မြောင်းများမှာ ကျယ်လည်းကျယ်သည်၊ နက်လည်းနက်ပေသည်။ အနည်းဆုံးအကျယ်မှာ "၈" တောင်ရှိသည်။ အနက်မှာမူ "၆" တောင်ရှိသည်။ ရွာ၏အ၀င်အထွက် တံခါးမဂိတ်ပေါက်မှာ နှစ်ပေါက်သာထားရှိသည်။ ရွာဦးတွင်တစ်ပေါက်နှင့် ရွအနောက်ဖက်တွင် ထွက်ပေါက်တစ်ပေါက်ဟူ၍ပင်ဖြစ်သည်။ရွာထဲသို့ ဝင်ရန်နှင့်ထွက်ရန်အတွက် လမ်းများမထားရှိချေ။ မြောင်းအား ဖြတ်ကျော်ရန်အတွက် မတ်တင်နိုင်သည့်တံတားကို ဆောက်လုပ်ထားသည်။ ရန်သူဖြစ်စေ၊ သားရဲတိရစ္ဆာန်များဖြစ်စေ ရောက်ရှိလာပါက ဤတံတားကို ဖယ်ရှားလိုက်ကြသည်။ ဤနည်းဖြင့် ၎င်းတို့ သည် အကာအကွယ်စည်းဝိုင်းအတွင်းလုံခြုံစိတ်ချစွာ ဘေးရန်အပေါင်းမှ ကင်းဝေးအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ရွာတိုင်းတွင် ရွာသူကြီးနှင့်တကွ ရွာသူကြီးကိုကူညီသည့် ရွာလက်ထောက်လူကြီးများ အသီး သီးထားရှိလေသည်။ ဤအကြီးအကဲပုဂ္ဂိုလ်များသည် ရွာသူရွာသားများကို ဘေးရန်အပေါင်းမှ ကင်းဝေးစေရန်အတွက် ကာကွယ်စောင့် ရှောက်ပါမည်ဟု သံဓိဌာန်ချပြီး တာဝန်ကို လက်ခံယူရသည် ဖြစ်သည်။

ကိုးကား
  • စရှောင်ဖန်း(အင်းစိန်)
  • ၂၀၀၆-ထုတ် ပိုးကရင်မဂ္ဂဇင်းမှ
  • ဆရာကြီးစောမြတ်သိန်းလွှတ်တော်အမတ
  • သမိုင်းသုတေသီပညာရှင် စောအောင်လှ ရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)
Read More »

အာဏာပြန်သိမ်းမှာစိုးလို့ ဖက်ဒရယ်ကိစ္စမပြောဘဲ နေရမှာလား(ထက်အောင်ကျော်)


“တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားမှာ စိုးရိမ်ရဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖက်ဒရယ်ကိစ္စ ဆွေးနွေးမှုကို အကြောင်းပြပြီး စစ်တပ်က ဖွဲ့စည်းပုံအရ အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုပါပဲ” လို့ မင်းစိုးလင်းက ပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) မှ အတွင်းရေးမှူး အခုလို စကားပြောနေတဲ့ နေရာက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဖြစ်ပါတယ်။
ဒီလောက် အရေးကြီးတဲ့စကားကို နေပြည်တော်က လွှတ်တော်ထဲမှာ မပြောဘဲ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့အရပ်မှာ ဘာကြောင့် သွားပြောနေတာလဲ ဆိုပြီး မေးခွန်းထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလိုပါ။ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ နော်ဝေ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးစနစ်ကို လေ့လာဖို့ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် ၁၃ ဦးကို မြန်မာ့အရေး စိတ်ဝင်စားတဲ့ နော်ဝေ နိုင်ငံသားတွေ၊ ငြိမ်းချမ်းရေး သုတေသီတွေ၊ ပညာရှင်တွေ၊ NGO ဝန်ထမ်းတွေက မေးမြန်းစဉ် မင်းစိုးလင်းက အခုလို ပြောသွားတာပါ။
နော်ဝေနဲ့ မြန်မာဟာ မိုင်ပေါင်းထောင်ချီ ဝေးတယ်ဆိုပေမယ့် အခုလောလောဆယ် မြန်မာနိုင်ငံမှာ အရှိန်အကောင်းဆုံး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စတွေကို အဓိက အကူအညီ ပေးနေသူဟာ နော်ဝေနိုင်ငံ ဖြစ်ပါတယ်။ Myanmar Peace Center (MPC) မြန်မာ ငြိမ်းချမ်းရေးစင်တာကို အဓိက ကူညီပေးနေတာဖြစ်ပြီး ဒီအကူအညီတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို မြန်မာအစိုးရက ဆက်တိုက် လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝေဖန်သူ တချို့ကတော့ နော်ဝေနဲ့ နိုင်ငံတကာကပေးတဲ့ အကူအညီတွေဟာ MPC နဲ့ အစိုးရ ဝန်ကြီးဌာနတွေဆီပဲ ရောက်နေပြီး ပဋိပက္ခရဲ့ အခြားတစ်ဖက်ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ မရောက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ MPC အဖွဲ့ဝင်တစ်ဦးကတော့ တိုင်းရင်းသား အဖွဲ့တွေဆီကို ဂျပန်နိုင်ငံမှ Nippon Foundation က ထောက်ပံ့ပေးနေတာ ရှိပါတယ်လို့ တုံ့ပြန်ချက်ပေးပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အရင်မဆလခေတ်၊ နဝတခေတ်ကလို မြန်မာ့တပ်မတော် အရာရှိနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကြား တီးတိုးစကား ပြောတဲ့အဆင့် မဟုတ်တောပါ့။
ပြည်တွင်းရေး ကိစ္စသက်သက် မဟုတ်တော့ပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ထဲထဲဝင်ဝင် ဆက်စပ်လာနေပြီ ဆိုတဲ့သဘော ဖြစ်ပါတယ်။
ဒီလိုနိုင်ငံတကာနဲ့ ပိုမိုဆက်စပ်လာချိန်မှာ၊ အစိုးရနဲ့ လွှတ်တော်ကိုယ်တိုင်က နိုင်ငံရေး အမြင်တွေကို လွတ်လပ်စွာ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုတောင် ပြန်ပြင်ဖို့ လွှတ်တော်ကော်မတီ ဖွဲ့ထားပေးစဉ်မှာ ဖက်ဒရယ်ကိစ္စ သိပ်ပြောရင် စစ်တပ်က အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှု ဘာကြောင့် ပေါ်ထွက်လာတာလဲ။
၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ပြင်ရေး၊ သို့မဟုတ် အသစ်ပြန်ရေးဖို့ လိုတယ်ဆိုပြီး အဖွဲ့အတော်များများက အထူးသဖြင့် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေက ပြောဆိုဆွေးနွေးမှုတွေ အရှိန်အဟုန် ကောင်းလာတာကြောင့်လို့ ယူဆရပါတယ်။ တိုင်းရင်းသားတွေဘက်က ဒီလိုပြောဆိုမှု အရှိန်ကောင်းလာသလို အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းကလည်း ၂၀၀၈ ကို ပြန်ပြင်ဖို့ သို့မဟုတ် ပြန်ရေးဖို့ လှုပ်ရှားမှုတွေ တိုးပြီးဆောင်ရွက်လာတာ တွေ့နေရပါတယ်။
“လက်ရှိအနေအထားမှာ အစိုးရက ပြုပြင်ပြောင်လဲရေး တကယ်လုပ်နေပြီလို့ မပြောနိုင်သေးဘူး။ ပြုပြင်ပြောင်းလဲရေးဘက်ကို မျက်နှာမူထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်” လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာ တာဝန်ခံ ကိုမြအေးက ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်ပြီဆိုရင် လတ်တလော လုပ်နေတဲ့ တင်းကျပ်မှုတွေ လျှော့ချရေး လုပ်ငန်းစဉ်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးကအစ နိုင်ငံရေးအရ အရေးကြီးတဲ့ ပြုပြင်မှုတွေကို အစိုးရဘက်က ဆောင်ရွက်ပေးဖို့ လိုတယ်လို့ သူကထောက်ပြပါတယ်။
ဒါက လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးသက်သက်ကို အားမရဘဲ တကယ့်ပြုပြင် ပြောင်းလဲရေးဆီ သွားချင်နေတဲ့ လူတွေရဲ့ဆန္ဒပါ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ စစ်တပ်နဲ့ အစိုးရက ပေးထားသလောက်ကိုပဲ ယူပြီး အဲဒီထက် ပိုမတောင်းသင့်သေးဘူး၊ ပိုတောင်းရင် စစ်တပ်နဲ့ စစ်ဗိုလ်ဟောင်း နိုင်ငံရေးသမားတွေက အာဏာပြန်သိမ်းသွားနိုင်တယ်။ နောက်ပြန်ဆုတ် သွားနိုင်တယ်ဆိုပြီး စိုးရိမ်နေသူတွေလည်း အတော်များလာနေတာ တွေ့ရပါတယ်။
တကယ်တော့ စိုးရိမ်သူတွေဘက်က မမှားသလို ဖက်ဒရယ်တောင်းသူတွေ ဘက်ကလည်း မမှားပါဘူး။ ဒါဖြင့် ဘာမှားနေတာလဲ။ မှားနေတာက နိုင်ငံရေးစနစ်ဟောင်း လက်ကျန်နဲ့ သမားရိုးကျ စဉ်းစားပုံတွေသာ ဖြစ်တယ်လို့ ထင်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် တပ်မတော်အုပ်ချုပ်မှု သို့မဟုတ် အစိုးရ အုပ်ချုပ်မှုအောက်မှာ နေလာရသူတွေဆိုတော့ စစ်တပ်ပြန်လာမှာကို အမြဲတမ်း စိုးရိမ်နေတာ သဘာဝကျပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီစစ်တပ်က တစ်ချိန်လုံး အနိုင်ကျင့်ထားလို့ ဘာမှမပြောနိုင်၊ မဆိုနိုင်ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသားတွေ ဘက်ကလည်း သူတို့ရဲ့ဆန္ဒကို ဒီလိုပွင့်လင်းလာချိန်မှာမှ ထုတ်မပြောရင် ဘယ်အချိန်မှာ သွားပြောရမှာလဲ။
အရေးကြီးတာက တိုင်းရင်းသား အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကြားမှာ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှု ရှိဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီနဲ့ တိုင်းရင်းသား အခွင့်အရေးဟာ ခေါင်းနဲ့ပန်းလို တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ တစ်ခုမရှိရင် တခြားတစ်ခုလည်း ရှင်သန်ဖို့ မလွယ်ဘူး ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ တည့်တည့် ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေ ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ဆိုတာနဲ့ ဒီမိုကရေစီ အင်အားစုတွေ ပြောနေတဲ့ ဖွဲ့စည်းပုံ ပြန်ပြင်ရေး ဆိုတာတွေဟာ တစ်ထပ်တည်း မကျသေးလို့ ဖြစ်ပါတယ်။
လေ့လာဆန်းစစ်သူတွေရဲ့အပြောအတိုင်းဆိုရင် ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ လက်ရှိလွှတ်တော်ထဲက လူအများစု ပြောနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် ဖက်ဒရယ်စနစ် ဆိုတာဟာ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို နည်းနည်းလျှော့ချပြီး ပြည်နယ်-တိုင်းအစိုးရတွေရဲ့လုပ်ပိုင်ခွင့်ကို နည်းနည်း တိုးပေးလိုက်ဖို့လောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ NLD နဲ့ ဒီမိုကရေစီ အင်အားစုတချို့ ပြောနေတဲ့ ဖွဲ့စည်းပုံပြင်ရေး ဆိုတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေ အာမခံချက်ရရေး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားပါတီတွေ၊ ငြိမ်းချမ်းရေး အဖွဲ့အားလုံးနီးပါး တင်ပြနေတာကတော့ လူမျိုးကို အခြေခံတဲ့၊ လူများစုဖြစ်တဲ့ ဗမာကလည်း ပြည်နယ်တစ်ခုအဖြစ် ပါဝင်တဲ့ ဖက်ဒရယ်စနစ်မျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလို မူကွဲသုံးခု ဖြစ်နေတာကိုကြည့်ပြီး နိုင်ငံရေးသမားတွေကြား အချင်းချင်း သဘောထား ကွဲနေကြပြီ၊ ဒါကိုညှိရင်းနဲ့ စစ်တပ်က ကြားကဝင်လာပြီး အာဏာသိမ်းသွားနိုင်တယ်။ ၁၉၆၂ အာဏာသိမ်းတုန်းကလည်း ဒီလို ဖက်ဒရယ်မူ ဆွေးနွေးမှုကိုပဲ အကြောင်းပြပြီး သိမ်းသွားတာ မဟုတ်လားဆိုတဲ့ စိုးရိမ်မှုတွေ လွန်ကဲလာနေတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုအမြင်မတူတာကိုက ဒီမိုကရေစီရဲ့သဘာဝပဲ ဆိုတာကို မျိုးဆက်သစ် နိုင်ငံရေးသမားတွေ လက်ခံဖို့ လိုပါတယ်။ ဒီလိုမတူတဲ့ အမြင်တွေကို ဆွေးနွေးငြင်းခုံဖို့ လွှတ်တော်ဆိုတာ ပေါ်လာတာပေါ့။ စီမီနာတွေ၊ ဆွေးနွေးပွဲတွေဆိုတာ ဒါတွေကို ငြင်းခုံဖို့ပေါ့။ အခုတော့ ကိုယ့်အမြင်၊ ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆွေးနွေးတာကိုပဲ စစ်တပ်ပြန်လာမှာကို ဖိတ်ခေါ်နေသူတွေအဖြစ် မြင်လာတာမျိုးကတော့ ‘စစ်တပ်ပေးသလောက်နဲ့ပဲ ကျေနပ်ပါတော့’ ဆိုတဲ့ အယူအဆမျိုး ဖြစ်နေပါတယ်။
အနှစ်ပြန်ချုပ် ရရင်တော့ အခုလို နိုင်ငံရေး ပွင့်လင်းစကာလဟာ ကိုယ့်အမြင်၊ ကိုယ့်ယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရမယ့် အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုထုတ်ပြောတာဟာ နည်းလမ်းတကျ ဖြစ်ဖို့လိုပြီး အဖြေတစ်ခုခု ရတဲ့ဘက်ဆီ ဦးတည်ဖို့ လိုပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား မတူတဲ့ သဘောထားတွေကိုညီအောင် အတင်းညှိတာမျိုး မဟုတ်ဘဲ မတူကွဲပြားတာတွေကို အပြန်အလှန် အသိအမှတ်ပြုဖို့၊ အပြန်အလှန် လေးစားနားလည်မှု ရဖို့ဆီ ဦးတည်သင့်ပါတယ်။
ဒီဆွေးနွေးချက်တွေအပေါ် တပ်မတော်ဘက်က စိုးရိမ်တယ်ဆိုရင်လည်း ဘာကြောင့် စိုးရိမ်တယ် ဆိုတဲ့အကြောင်း တပ်မတော်ဘက်ကလူတွေ ကိုယ်တိုင်ဝင်ရောက် ဆွေးနွေးသင့်ပါတယ်။ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်ကနေ ပြည်နယ်-တိုင်းလွှတ်တော် အသီးသီးအထိ ရှိနေတဲ့ တပ်မတော် ကိုယ်စားလှယ်တွေက တပ်ရဲ့အမြင်ကို ပွင့်လင်းစွာ ဆွေးနွေးဖို့ လိုပါတယ်။ အရပ်ဘက်ကလူတွေ ဆွေးနွေးနေစဉ် တပ်မတော်ဘက်က ဘာမှဝင်မပြောဘဲနဲ့ (ဘောလုံးစကားနဲ့ ပြောရရင်) လူကျွံဘော ထောင်ဖမ်းပြီး ပြစ်ဒဏ်ဘောရအောင် လုပ်တာမျိုး။ အာဏာပြန်သိမ်းနိုင်ဖို့ ကျားချောင်းသလို အကွက်ချောင်းနေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အဲဒီလိုချောင်းတဲ့ ခေတ်လည်း ကုန်သွားပြီလို့ ထင်ပါတယ်။
သေချာတာကတော့ ၂၀၁၃ ဟာ ၁၉၆၂ ခုနှစ် မဟုတ်တော့ပါ။ ၂၀၁၃ ရဲ့ ဇာတ်ကောင်တွေဟာ ၁၉၆၂ က ဇာတ်ကောင်တွေ မဟုတ်တော့ပါ။ ၂၀၁၃ ရဲ့ နိုင်ငံရေးသမားတွေဟာ ၁၉၆၂ က နိုင်ငံရေးသမားတွေ မဟုတ်တော့သလို ၂၀၁၃ စစ်သားတွေဟာလဲ ၁၉၆၂ တပ်မတော်သားတွေ မဟုတ်တော့ပါဘူး။ အတိတ်ကို သင်ခန်းစာယူရမှာ ဖြစ်ပေမယ့် အတိတ်မှာ တစ်ခါဖြစ်ခဲ့ဖူးတာနဲ့ အမြဲတမ်း အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ကောက်ချက်ဆွဲပြီး ဖက်ဒရယ်ကိစ္စ ဆွေးနွေးဖို့ ကြောက်နေမယ် ဆိုရင်တော့ ‘စစ်တပ်က ပေးသလောက်နဲ့ပဲ ကျေနပ်ပါတော့’ ဆိုတဲ့ အဆင့်ကိုကျော်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
http://thevoicemyanmar.com
Read More »

ဖြစ်နိုင်ခြေက အစပြုကြပါ ( ဘမောင်ညို )


လက်ရှိ မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှာ တစ်နေ့တစ်မျိုး မရိုးလောက်အောင် ဖြစ်ထွန်းမှုတွေ တွေ့နေရတာ ဖြစ်ပါတယ်။ အစိုးရပိုင်းက ပြောဆိုမှုများ၊ လွှတ်တော်ဘက်မှ ပြောဆိုမှုများ၊ တိုင်းရင်းသားများရဲ့ စုဖွဲ့မှုများ၊ NLD အပါအဝင် အတိုက်အခံများရဲ့ ပြင်ဆင်နေမှုများ စသဖြင့် အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။
အခု အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အုပ်စုများရဲ့ ဦးတည်ချက်ဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်နေပါတယ်။ အဖွဲ့ ၁၈ ဖွဲ့ပါ WGEC နဲ့ အဖွဲ့ ၁၁ ဖွဲ့ပါ UNFC တို့ရဲ့ လှုပ်ရှားမှုများ၊ SNLD ဦးဆောင်တဲ့ ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်တဲ့ တိုင်းရင်းသားအရေး ဆွေးနွေးညှိနှိုင်းမှု သုံးကြိမ်၊ SNDP (ကျားဖြူပါတီ) ရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ၊ ရခိုင်နှစ်ပါတီရဲ့ စုဖွဲ့မှုသတင်းများနဲ့ အခြားသော တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုများစွာကို တွေ့မြင်နေကြရပါတယ်။
တစ်ဖက်ကလည်း ပြည်ထောင်စုလွှတ်တော်မှာ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ’ ဆိုတာကို ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် အစည်းအဝေး ထိုင်ခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ သုံးသပ်ရေး ကော်မရှင်ရဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အပေါ် လေ့လာတင်ပြချက် ဆိုတာကိုလည်း သြဂုတ်လဆန်းပိုင်းက တွေ့ကြရတယ်။
ယနေ့အခြေအနေ၊ အခင်းအကျင်းများကို ကြည့်ရတာဟာ ၁၉၆၁- ၆၂ က အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ ထင်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ဖို့ ဥပဒေအရ ပြည်နယ်များ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ၁၀ နှစ်ကျော်လွန်လာခဲ့တဲ့ နောက်ပိုင်း ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားရေးဌာန ဝန်ကြီး ဒေါက်တာအေးမောင်က အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အခြေခံဥပဒေကို ပြင်ဆင်ရာတွင် အစအဆုံး ပြင်ဆင်ရန် မဟုတ်ဘဲ ရှိပြီးသားမူကို မပျက်စေရန် ဘောင်ခတ်ပေးရန် တင်ပြပြီး (၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များအပေါ် အခြေခံစဉ်းစားပြီး ပြင်ဆင်ကြရန် အဆိုပြုခဲ့တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရကို လိုအပ်သလို အကြံပေးနိုင်ရန် ‘အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ’ ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တယ်။
၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်မှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စပ်ခွန်ချို ဦးဆောင်ပြီး ရှမ်းခေါင်းဆောင်များ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စတင်ဆွေးနွေးခဲ့တယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ ‘ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ပြင်ဆင်ရေးစာတမ်း’ ကို အတည်ပြုခဲ့တယ်။ ဒီစာတမ်းဟာ နောင်မှာ ဖက်ဒရယ်မူအဖြစ် ကျော်ကြား လာမယ့် စာတမ်းပဲ ဖြစ်ပါတယ်။
ဒီဖက်ဒရယ်မူကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ပြည်လမ်း အသံလွှင့်ရုံမှာ နိုင်ငံရေးပါတီများ၊ အစိုးရ အဖွဲ့ဝင်များနဲ့ ဆွေးနွေးခဲ့တယ်။ တတိယအကြိမ် ဆွေးနွေးဖို့ မတ်လ ၇ ရက်နေ့ကို ချိန်းဆိုထားပေမယ့် မတ်လ ၂ ရက်နေ့မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဒေါက်တာအေးမောင် တင်ပြရန်ရှိတဲ့ အာဏာရ ပ.ထ.စ အစိုးရရဲ့ သဘောထားကို မတင်ပြလိုက် ရတော့ပါဘူး။ ဒါကတော့ ၁၉၆၂ ခုနှစ်က ဖက်ဒရယ်မူရဲ့ အရုပ်ဆိုးစွာ ဇာတ်သိမ်းခဲ့ပုံကို အကျဉ်းချုပ် တင်ပြတာ ဖြစ်ပါတယ်။
"ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။"
အခုတစ်ကြိမ်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပွဲကတော့ စည်နေပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ရှမ်းမူကို အသေဆုပ်ကိုင်ပြီး ရပ်ခံနေတဲ့ အင်အားစုအချို့ ရှိနေသလို မတူတဲ့ လမ်းကြောင်းများကို တင်ပြတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် အလွန်ခက်ခဲအောင် ရေးဆွဲထားတဲ့အတွက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ခြင်းထက် အသစ်ပြန်လည် ရေးဆွဲခြင်းက ပိုကောင်းမယ်လို့ ဆိုနေသူတွေလည်း ရှိလာပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည် ရေးဆွဲမလားဆိုတာ ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်လာပါတော့တယ်။
အခုတစ်ကြိမ်မှာလည်း ၁၉၆၂ ခုနှစ်တုန်းကလိုပဲ အစိုးရဘက်ကရော၊ တိုင်းရင်းသားများနဲ့ အတိုက်အခံဘက်ကပါ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လေ့လာသုံးသပ်နေကြတာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ ကော်မတီရဲ့ အစီရင်ခံစာဟာ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ထွက်ပေါ်လာရမှာ ဖြစ်တယ်။ အလားတူ NLD နဲ့ တိုင်းရင်းသားပါတီ အချို့ရဲ့ ညှိနှိုင်းမှုဟာလည်း သုံးကြိမ် ရှိခဲ့ပြီ ဖြစ်ပါ တယ်။ ကျားဖြူပါတီရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုကတော့ ပြီးဆုံးသွားပြီလို့ သိရတယ်။
ဒီအခြေအနေကြားမှာပဲ ပြီးခဲ့တဲ့ လအတွင်းက တစ်ဖက်နိုင်ငံမှာ ကျင်းပတဲ့ UNFC ရဲ့ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲဖို့ အခိုင်အမာ ရပ်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဒီလိုတစ်လမ်းသွား ရပ်တည်ချက်ဟာ တကယ်တော့ အပြု သဘောဆောင်ပါရဲ့လား။ ဒီလိုရပ်ခံနိုင်ဖို့အတွက် လိုအပ်တဲ့ စုရုံးပြင်ဆင် မူအား ကိုယ့်မှာ ရှိပါရဲ့လား၊ ပြင်ဆင်ခြင်း နည်းလမ်းနဲ့ သွားလို့ မရဘူးဆိုတာကော တကယ်ဟုတ်ပါရဲ့လား စတဲ့ စဉ်းစားစရာတွေ အများအပြား ထွက်ပေါ်လာပါတယ်။
ဒီလိုအရေးကြီးလှတဲ့ ကိစ္စကြီးတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ဆိုတာ လက်ရှိအခြေအနေကို နိုင်ငံရေးအရ အကဲဖြတ်မှုနဲ့ များစွာ သက်ဆိုင်ပါတယ်။ မြန်မာရဲ့ လက်ရှိအနေအထားဟာ ဗဟိုဦးစီးချုပ်ကိုင်မှု ဖြေလျှော့တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒီအခြေအနေကမှ တစ်ဆင့် ကနဦးဒီမိုကရက်တစ် အကူးအပြောင်း အဆင့်ကို ရောက်အောင် အတော်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။
နောက်ကြောင်းပြန်တယ် ဆိုရာမှာ ဘက်တစ်ဖက်တည်းကချည်း မဟုတ်ဘဲ ဘက်နှစ်ဖက်စလုံးက နောက်ကြောင်းပြန်နိုင်တာ ဖြစ်ပါတယ်။ ရှမ်းမူအတိုင်း အသေဆုပ်ကိုင်ထားခြင်း၊ ဖွဲ့စည်းပုံဥပဒေသည် အသစ်ရေးဆွဲရန်မှတစ်ပါး အခြားလမ်းမရှိလို့ ယူဆခြင်းတွေဟာလည်း ကိုယ့်ဘက်က နောက်ကြောင်းပြန်ခြင်း တစ်မျိုးပါပဲ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ဆိုကြရာမှ အလျှော့အတင်း အပေးအယူ ညှိနှိုင်းမှုများနဲ့ အစပြုရမှာပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်က နိုင်ငံတော်အစိုးရကို အကြံပြုဖို့ဖွဲ့စည်းထားတဲ့ ‘ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကော်မတီ’ ဟာ အစီရင်ခံစာတစ်စောင် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအစီရင်ခံစာမှာ အုပ်ချုပ်ရေး ဆိုင်ရာနဲ့ အရင်းအမြစ် ခွဲဝေရေး (သစ်တော၊ သတ္တုတူးဖော်ခွင့်များ) ဆိုင်ရာတွေ ပါဝင်တဲ့အချက်၂၄ ချက် လိုက်လျောထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအချိန်က ခေတ်စားတဲ့ ကျန်ရှိနေသောအာဏာ (Resedue Power) ကိုပါ ပေးအပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာလည်း လွှတ်တော်ရဲ့သုံးသပ်ချက် ထွက်ပေါ်လာရန် ရှိနေပြီး NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်းမှုမှလည်း ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ရှိနေပါသည်။ ကျားဖြူပါတီရဲ့ အဆိုပြုချက်တွေဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီအချိန်မျိုးမှာ တစ်ကြောင်းဆွဲပုံစံကို တင်ပြလာခြင်းဟာ နိုင်ငံရေးအရ ရှေ့ကိုဆက်မတိုးနိုင်အောင် ဖြစ်သွား စေပါလိမ့်မယ်။
တစ်နေ့က လက်နက်ကိုင်အဖွဲ့ သေးသေးလေးတစ်ခုက ဗိုလ်မှူးကြီး ဆိုသူတစ်ဦးရဲ့ ရေဒီယို အင်တာဗျူး တစ်ခုလည်း ကြားလိုက်ရပါတယ်။
အမျိုးသား တွေ့ဆုံဆွေးနွေးပွဲကြီးမှာ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်ဖွဲ့၊ လက်နက်ကိုင် အုပ်စုများကတစ်ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ NLD ပါတီ အပါအဝင် အခြားပါတီများက တစ်ဖွဲ့စီ စုစုပေါင်း လေးပွင့်ဆိုင် အချိုးညီ ဆွေးနွေးရမယ်ဆိုပြီး ပြောပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့ အချိုးအစားတွေကို တောင်းဆိုခြင်းတွေဟာ အကျိုးမများဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။
ယနေ့ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေ အများအပြား ရှိပါတယ်။ ဥပမာ- တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွက် အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာငွေ ခွဲဝေရေးတွေမှာ အခွင့်အာဏာတွေ ပိုမိုရရှိလာနိုင်ပါတယ်။ လက်ရှိတိုင်းနဲ့ ပြည်နယ်အစိုးရများ ကိုယ်တိုင်က တင်ပြထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲ ဖြစ်နေတဲ့ အချက်ပေါင်း ၁၅၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေဟာ အချို့ ဇယား (၁) မှ ဇယား (၂) သို့ ပြောင်းလဲပေးရမှာတွေလည်း ဖြစ်နိုင်ပါတယ်။ ဇယား (၁) ပါ နယ်ပယ်အသီးသီးမှ ဥပဒေပြုပိုင်ခွင့် အချက် ၁၂၃ ချက်အနက်မှ အချို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုခွင့်ထဲကို လွှဲပြောင်းပေးအပ်နိုင်ရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ဖက်ဒရယ်အသွင် ပိုဆောင်လာစေမှာ ဖြစ်ပါတယ်။
ဒီတလောမှာပဲ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ်ဆိုတဲ့ စာတမ်းတစ်စောင် ထွက်တာ တွေ့ရပါတယ်။ ဒီစာတမ်းဟာ MDRI လက်အောက်ရှိ CESD နဲ့ အာရှဖောင်ဒေးရှင်းတို့ ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီး နှစ်ခုတို့မှာ ကွင်းဆင်း လေ့လာ ရရှိချက်တွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံရေးအရ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းနဲ့ ဘဏ္ဍာငွေရ/သုံးဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းဆိုပြီး မျက်နှာစာသုံးဖက်မှ ဆန်းစစ် လေ့လာထားတာ တွေ့ရတယ်။ ခြုံလိုက်ရင် ဒီစာတမ်းမှာ လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဗဟိုဦးစီးစနစ်ဟာ ပြင်းထန်စွာ တည်ရှိနေတာဖြစ်ပြီး အပိုင်းလိုက်၊ အပိုင်းလိုက် ဖြေလျှော့မှုတွေ လုပ်သွားဖို့ အခိုင်အမာ သုတေသနပြု တွေ့ရှိချက်တွေနဲ့ တင်ပြထားတာ တွေ့ရတယ်။ ဒီလိုအစီရင်ခံစာတွေဟာ ဆန္ဒစွဲမပါတဲ့ တင်ပြချက်တွေ ဖြစ်တဲ့အတွက် အစိုးရပိုင်း အနေနဲ့ ကြိုဆိုလက်ခံရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။
ဒါကြောင့် အခုအချိန်ဟာ အရှိကိုအရှိအတိုင်း လက်ခံပြီး ရိုးသားစွာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာဖို့ မျှော်လင့်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒီအဆင့် (ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး) ကို အရင်ဖြတ်သန်းပြီးမှ နောက်တစ်ဆင့်ကို ဖြတ်သန်းကြရမှာပါ။ ဖွဲ့စည်းပုံဥပဒေကို အားလုံးအသစ် ပြန်လည် ရေးဆွဲမယ်ဆိုရင် အဲဒီကြားကာလဟာ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့ ကြားကာလ ဖြစ်လာပါလိမ့်မယ်။
လူဦးရေ နှစ်ယောက်နဲ့ တစ်ပိုင်းလောက်ပဲရှိတဲ့ အဖွဲ့အစည်းလေးတွေက သူတို့ရဲ့အပြောင်းအလဲကာလ ပါဝင်ခွင့်အတွက် အသည်းအသန် ရပ်တည်နေချိန်မှာ အင်မတန် ကြီးမားတဲ့ အင်စတီကျူးရှင်းကြီးတွေရဲ့ ရပ်တည်ခွင့်တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေကို အဲဒီ အဖွဲ့ကြီးတွေက လက်ခံနိုင်ပါ့မလား ဆိုတာ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ခြေက အစပြုတာ အကောင်းဆုံးပဲလို့ ယူဆမိပါတယ်။
Credit The Voice Weekly
Read More »

မဏ္ဍိုင်ငါးခု ပွတ်တိုက်မှု (ဌေးအောင်ကို)



နိုင်ငံတော်သမ္မတ မိန့်ခွန်းမှာ ‘ပဉ္စမမဏ္ဍိုင် မိဘပြည်သူ’ လို့ သုံးစွဲလိုက်တဲ့ နောက်မှာတော့ မဏ္ဍိုင်ငါးခုဆိုတဲ့ အသုံးအနှုန်းဟာ တွင်ကျယ်လာတယ်လို့ သဘောရပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ မီဒီယာနဲ့ မိဘပြည်သူများပါပဲ။ မဏ္ဍိုင်ငါးခုဟာ နိုင်ငံတော်မှာ လက်ငါး ချောင်းပမာ တာဝန်ကိုယ်စီ ရှိလာပြီး လှုပ်ရှားဆောင်ရွက် လုပ်ကိုင်ကြတဲ့ အခါမှာလည်း လက်ငါးချောင်း လှုပ်ရှားရာမှာ ပွတ်တိုက်မှု ရှိသလိုမျိုးပဲ မဏ္ဍိုင်ငါးခုရဲ့ ပွတ်တိုက်မှုတွေလည်း မလွဲမသွေ ရှိလာပါတယ်။ ဘယ်အထိ ရှိလာသလဲဆိုရင် မီဒီယာ အချင်းချင်းမှာလည်း ဘယ်ဘက်လက်ညှိုးနဲ့ ညာဘက်လက်ညှိုးတို့ရဲ့ ပွတ်တိုက်မှု ဆိုတာမျိုးတွေ ရှိလာတာပါပဲ။

ပွတ်တိုက်မှု ဆိုတာကို ဇွတ်မိုက်မှုလို့တော့ တန်းပြီးပြောလို့ မရနိုင်သေးပါဘူး။ ပွတ်တိုက်မှု ပုံသဏ္ဌာန်တွေကို အရင်လေ့လာရဦးမှာပါ။ ဘာတွေ ပွတ်တိုက်နေတာလဲ၊ ဘာကြောင့် ပွတ်တိုက်နေတာလဲ၊ ဘယ်လို ပွတ်တိုက်နေတာလဲ။ ဘယ်လောက်ကြာ ပွတ်တိုက်မှုမျိုးလဲ။

စက်တင်ဘာလ ၃ ရက်နေ့ကစတဲ့ လောလောလတ်လတ် ပွတ်တိုက်မှုလေး တစ်ခုကတော့ သမ္မတကိုယ်တိုင် မီဒီယာဥပဒေတစ်ရပ် ပေါ်ထွက်လာရန် လမ်းညွှန်ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သမ္မတက ကျပ်သိန်းငါးရာ လှူဒါန်းမည် ဖြစ်ကြောင်းကို ကြားသိရာမှ အစပြုလာခဲ့ရတဲ့ မီဒီယာချင်း ပွတ်တိုက်မှုပါပဲ။

တစ်နှစ်တာ ကာလအတွင်း အစိုးရထံမှ ဘာအထောက်အပံ့မှ မရယူပါဘဲ အထွေထွေစရိတ်ကို အဖွဲ့ဝင်များ ထည့်ဝင်ငွေနဲ့သာ စိုက်ထုတ်သုံးစွဲ လည်ပတ်နေတဲ့ စာနယ်ဇင်းကောင်စီဟာ ယခုလှူဒါန်းငွေ လက်ခံခြင်းအပေါ်မှာ ဝေဖန်ခံရတာနဲ့ ပတ်သက်ပြီး “သမ္မတ အလှူငွေကို လက်ခံလို့ စာနယ်ဇင်းကောင်စီကို ဝေဖန်တဲ့သူတွေဟာ မီဒီယာအကျိုးအတွက် လုပ်တဲ့နေရာမှာ ဉာဏ်အား၊ လူအား၊ ငွေအား၊ ဘာတွေပါဖူးသလဲ ဆိုတာ မေးဖို့ကောင်းတယ်” လို့ အတွင်းရေးမှူးက ဆိုလိုက်ပါတယ်။ “ဝေဖန်သူများဟာ ဘယ်အချိန်မဆို ကောင်စီသို့ စုံစမ်းမေးမြန်းနိုင်တယ်၊ အဝေးက ဝေဖန်နေရင် အထင်အမြင် လွဲနိုင်တယ်” လို့လည်း ဆိုပါတယ်။

သတင်းစာ အယ်ဒီတာချုပ် တစ်ယောက် ထောက်ပြပုံက “စာနယ်ဇင်းကောင်စီ အနေနဲ့ သတင်းမီဒီယာ ဆိုင်ရာ ဥပဒေကိစ္စရပ်များ အတွက် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အငြင်းပွားနေချိန်မှာ သမ္မတရဲ့ အလှူငွေကို လက်မခံသင့်ဘူး။ ဒီအချိန်မှာ မယူသင့်သေးဘူး” လို့ ဆိုပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူးကတော့ “လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ ရပါတယ်၊ ဒါပေမဲ့ လက်တွေ့ လာလုပ်ကြည့်ပါ။ ပြီးမှ ဝေဖန်ကြပါ” တဲ့။

စာနယ်ဇင်းကောင်စီရဲ့ သက်တမ်း တစ်နှစ်ပြည့်ချိန်မှာ သမ္မတထံ ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီအတွက် လိုအပ်တဲ့ ရုံးခန်းအဆောက်အအုံ ပုဂ္ဂလိက သတင်းစာတွေ ရေရှည်ရပ်တည်နိုင်ရေး ကူညီမယ်လို့ သမ္မတက ပြောကြားလိုက်ပါတယ်။ အစိုးရ သတင်းစာတွေနဲ့ ယှဉ်ရတဲ့အခါ ကာလရှည်ကြာ လုပ်ကိုင်လာပြီး ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်ကာ အစိုးရရဲ့ အခွင့်အာဏာနဲ့ ဖြန့်ချိရေး ကွန်ရက်ရှိမှု အားသာချက်တွေကို ယှဉ်ပြိုင်နေရချိန်ပါပဲ။ အယ်ဒီတာချုပ် တစ်ယောက် ပြောသလို အားသာချက်က ဆယ်ချက်တစ်ချက်ပါ။

ဒီကိစ္စ စက်တင်ဘာ လဆန်းရက်မှာ ပေါ်ထွက်လာတော့ သြဂုတ်လဆန်းရက်က ပွတ်တိုက်မှုလေး ကိုလည်း ပြေးပြီး အမှတ်ရစေပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကျင်းပ ပြုလုပ်ရာမှာ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများကို ဖိတ်သင့်မဖိတ်သင့် ဆိုတဲ့ကိစ္စပါပဲ။ ၂၀၀၇ မျိုးဆက်ကျောင်းသား အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြားတာကတော့
“သွေးစွန်းတဲ့ လက်တွေနဲ့ အသက်သွေးချွေး ပေးဆပ်ခဲ့သူတွေ ဒီနေ့တစ်ရက် မှာတော့ အတူယှဉ်တွဲ မထိုင်လိုပါ နောက်ရက်စွဲများကို မဆိုလိုပါ” လို့ ဖွင့်ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး မူဘောင်အတွင်းမှာ ကျင်းပလိုတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လက်မခံတဲ့အတွက် ရန်ကုန်မှာ ကျင်းပတဲ့ပွဲကို မတက်ရောက်တော့ဘဲ ဖိတ်ကြားထားခြင်း မရှိတဲ့ပွဲကိုပဲ တက်ရောက်တော့မယ်လို့ ဆိုလိုက်တာပါပဲ။

ဒါကို ဘယ်ဘက်က မှန်တယ် မှားတယ်လို့ ဆိုလိုမှာ မဟုတ်ဘဲ ဒီပွတ်တိုက်မှုဟာ ပွဲကျင်းပရက် သုံးရက်တာရဲ့ အယူအဆရေးရာ ပွတ်တိုက်မှုလို့ပဲ ဆိုချင်ပါတယ်။ ဒီအတွက် အစရှိ အနောင်နောင် ဆိုတာလို နောက်နောင် များမှာလည်း ဒီလိုပွတ်တိုက်မှုမျိုး ဆက်လက်ဖြစ်ပွား သွားနိုင်တယ်လို့တော့ ပြောလို့ မရပါဘူး။ ဒါဟာ သဘာဝကျတဲ့ ဖြစ်တတ်တဲ့ ဒီမိုကရေစီ အမြင်ပိုင်းဆိုင်ရာ အယူအဆရေးရာသာ ဖြစ်တယ်ဆိုတာ နှစ်ဖက်စလုံးက လက်ခံကြမှာပါပဲ။

ဒီပွဲကျင်းပတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ မှတ်ချက်ပြု ပြောဆိုရာမှာတော့ “ဒီပွဲကို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သော်လည်းပဲ မှန်ကန်တဲ့ နိုင်ငံရေး စေတနာတွေကြောင့် အေးချမ်းစွာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုလိုက်ပါတယ်။

ကိုမြအေးက “သမ္မတရဲ့ ပြောကြားမှုကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ ဆန္ဒမှာလည်း မတူညီမှုများကြားမှ တူညီတဲ့ အချက်တွေကို ပူးပေါင်းလုပ်ဆောင် လိုခြင်းသာ ဖြစ်ပါတယ်၊ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရဲ့ ဖြစ်ပေါ်တိုးတက်မှု တစ်ရပ်လို့ ကျွန်တော်မြင်တယ်” လို့ပြောပါတယ်။

ဒီငွေရတုပွဲမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ပြီး လွှတ်တော် ဥက္ကဋ္ဌများကလည်း သဝဏ်လွှာ ပေးပို့ကာ ဒီပွဲကို အသိအမှတ် ပြုခဲ့တာဟာလည်း ထူးခြားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ပြုပြင်ပြောင်းလဲရေးမှာ အကြမ်းဖက်တဲ့ နည်းနဲ့သွားရင် ကိုယ်လိုချင်တာ မြန်မြန်ရရင်လည်း ကုစားရမယ့် ဒဏ်ရာတွေများမယ်။ အကြမ်းမဖက်ဘဲသွားရင် အချိန်တစ်ခု ယူရနိုင်ပေမယ့် ကုစားရမယ့် ဒဏ်ရာတွေ နည်းမယ်” လို့ ဒီပွဲမှာ တက်ရောက် ပြောဆိုပါတယ်။

အယူအဆရေးရာ ပွတ်တိုက်မှုများဟာ နှိုင်းရဓမ္မတရား ပေါ်မှာ အခြေခံ ဝေဖန်ဆွေးနွေးကြရာမှ ဖြစ်လာတတ်ကြပြီး ပုထုဇဉ် သဘာဝအရ မိမိကိုင်စွဲတဲ့ ဝါဒအယူအဆကိုပဲ ဦးစားပေး အမှန်တရားအဖြစ် ရှုမြင်ကြတာဟာလည်း ဆန်းတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ တကယ့် ပရမတ္ထကျတဲ့ အမှန်တရား ဆိုတာကလည်း လောကုတ္တရာကိစ္စ ဖြစ်နေပြန်ပါတယ်။

အောင်ဆန်းအက်တလီ၊ နုအက်တလီ စာချုပ်တွေနဲ့ လွတ်လပ်ရေး ကြိုးပမ်းရယူတဲ့ ကာလမှာလည်း တိုက်ယူလို့ရတဲ့ လွတ်လပ်ရေး မဟုတ်ခဲ့လို့ ရွှေရည်စိမ် လွတ်လပ်ရေး အဆင့်ပဲလို့ သတ်မှတ်တဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်က နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင် တစ်ဦးအဖြစ်နဲ့ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်ဆိုတဲ့ ကတိနဲ့အတူ ပြည်သူ့ထောက်ခံမှုရယူပြီး လွတ်လပ်ရေးကိုလည်း ရယူနိုင်ခဲ့တာပါ။

“ဝန်ကြီးဌာနများနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လယ်ယာမြေ ပြဿနာ ဖြေရှင်းပုံ နှေးကွေးနေလို့ တောင်းဆိုဆန္ဒပြမှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီး ရိုးသားတဲ့ တောင်သူများ ဥပဒေကြောင်းအရ အရေးယူခံရခြင်းတွေကို တွေ့နေရပါတယ်”

ဒီစကားကိုတော့ ပြည်ထောင်စုလွှတ်တော် နာယကက ပြောလိုက်တာပါ။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှစ်ခုရဲ့ကြားက ပွတ်တိုက်မှု တစ်ခုပါ။ ရံဖန်ရံခါ ပွတ်တိုက်မှုတွေ နဲ့အတူ စာနယ်ဇင်း စာမျက်နှာပေါ်မှာ နေရာယူ ဖော်ပြနေကြပြီး ဒီအတိုင်းဆိုရင် ဆက်လက်ပြီး ပွတ်တိုက်မှုတွေ အရှိန်လျော့သွားစရာ မမြင်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“တကယ်တော့ တချို့ ဥပဒေတွေက လိုက်နာဖို့ ခက်တဲ့ဟာတွေဆိုတော့ အလိုလို ဥပဒေချိုးဖောက် ဖြစ်သွားတာပေါ့။ အဲဒါတွေကို ပြုပြင်ခြင်းအားဖြင့် လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုနိုင်မယ်။ ဆန္ဒပြမှုတွေကတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိနေမှာပဲ၊ စည်းမျဉ်းစည်း ကမ်းတွေကိုက လိုအပ်ချက်တွေ ရှိနေတဲ့အခါကျတော့ တရားမဝင် ဆန္ဒပြမှုတွေအဖြစ် ရောက်ရောက်သွားကြတယ်” တဲ့။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌက ပြောလိုက်တာပါ။ မိဘပြည်သူနဲ့ တရားစီရင်ရေး ဥပဒေပြုရေးတို့ရဲ့ ပွတ်တိုက်မှုတွေကို ဖော်ပြနေပါတယ်။ ပုဒ်မ (၁၈) ဖျက်သိမ်းပစ် ဆိုတဲ့ ပြည်သူတွေရဲ့တောင်းဆိုမှုကို အထဲထည့်တဲ့ နည်းနဲ့ပဲ ဖြေရှင်းနေသေးတော့ တောင်းရင်း အထဲရောက်သွားရင်းနဲ့ တောင်းထဲထည့်ခံရတဲ့ ဘဝက မလွတ်မချင်း တောင်းထဲကလည်း တလှုပ်လှုပ် အပြင်ကလည်း တလှုပ်လှုပ်နဲ့ ခရီးဆက်ကြရပေဦးမယ်။

“တရားဥပဒေရဲ့အထက်မှာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘာသာမှ စိုးမိုးမှု မရှိရပါဘူး။ ဖြစ်ခဲ့တာတွေက တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်ရတာ ဆိုပေမယ့် တပည့်မကောင်း ဆရာ့ခေါင်း ဆိုတာလို ရဟန်းတော်တွေ ဘက်ကလည်း ဝင်ရောက် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်”
‘သင့်မြတ်ကြသူများ စကားဝိုင်း’ မှာ နာယက ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်ပါ။ ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ ဒီမိုကရေစီ ကူးပြောင်းစအချိန်မှာမှ ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် ပဋိပက္ခနဲ့ အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်းအပေါ်မှာ အဖြေရှာဖို့ လိုကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများကို မထိန်းသိမ်းနိုင်ခြင်းဟာ ရဟန်း သံဃာတော်များတွင်လည်း တာဝန်မကင်းကြောင်း နာယကဆရာတော် အရှင်ဓမ္မစာရကပဲ ဆက်လက် မိန့်ကြားလိုက်ပါတယ်။

ဘာသာရေး ပွတ်တိုက်မှု အဆင့်ကို လွန်မြောက်ပြီး အစွန်းရောက် တိုက်ခိုက်မှုတွေ မပေါ်ပေါက် ရလေအောင် ထိန်းသိမ်းမှုတွေ လိုအပ်နေပြီ ဖြစ်ပါတယ်။ ကိုယ့်ပေါင်ကို ဘယ်သူမှတော့ လှန်ပြီး မထောင်းချင်ကြရိုး အမှန်ပါ။ ဘာသာရေး သူရဲကောင်းများဟာ ခန္တီစပါရမီတွေနဲ့ ပြည့်ဝနိုင်ကြပါစေလို့ပဲ ဆုမွန်ကောင်း ချွေလိုက်ရပါတယ်။

မဏ္ဍိုင်ငါးခု ပွတ်တိုက်မှုတွေကို ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြလို့ ပြည့်စုံနိုင်မှာ မဟုတ်ပါ။ စာမြည်းသဘောအရပဲ ရေးသားဖော်ပြရင်း ကွင်းဆက်တရားတွေကို ရှာဖွေလေ့လာရင်း ချောမွတ်စေတဲ့ သစ်သားထည်တစ်ခု ဖြစ်လာအောင် ရွေပေါ်ကောင်းနဲ့ လက်သမားကောင်းတို့ရဲ့ ပွတ်တိုက်မှုမျိုးကို အားပေးရမည် ဖြစ်သော်လည်း အကြမ်းပတမ်း ပွတ်တိုက်မှုမျိုး တွေကိုတော့ဖြင့် ယောင်မှားစရာ မလိုဘဲ ရှောင်ရှားဖို့သာ လိုမှာ ဖြစ်ပါကြောင်း။

Credit The Voice Weekly
Read More »

နိုင်ငံခြားသားခံယူခြင်းနှင့် မျိုးချစ်စိတ်ပြဿနာ ( ထက်အောင်ကျော် )


ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က နော်ဝေနိုင်ငံသား ခံယူခြင်း အခမ်းအနားတစ်ခု အော်စလို မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီမြို့တော်ခန်းမဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတစ်လွှားက ထင်ရှားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေကို ဆုချီးမြှင့်တဲ့ နေရာပေါ့။ ဒါပေမဲ့ ဒီတစ်ခါ ကိုယ်တက်ရမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဘယ်လ် ဆုရှင်တွေကို ကြိုဆိုတဲ့ အခမ်းအနားမဟုတ်။ မြန်မာနိုင်ငံသား ဘဝကနေ နော်ဝေနိုင်ငံသားအဖြစ် ခံယူရမယ့် အခမ်းအနားဆိုတော့ စိတ်ထဲမှာ သိပ်ဘဝင်မကျလှပါ။
“ယူချင်လွန်းလို့ ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့ ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့ သူကရှင်းပြပါတယ်။
ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။
တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတစ်ရပ် အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊ အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့် လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင် တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ ဆိုက်လာခဲ့တယ် ဆိုပါတော့။
၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။
ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။
ဒီလူတွေထဲက ဘယ်လောက်များများ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံက လူတွေအပြောတိုင်း ဆိုရင် ‘နိုင်ငံခြားသား’ အဖြစ် ခံယူထားသလဲဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ အခုတစ်လော မြန်မာနိုင်ငံဆီ ပြန်လည်တဲ့လူတွေ များလာနေတဲ့အတွက်၊ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံခြားသား ခံယူပြီးမှ ဒီလိုပြန်လည်နိုင်တဲ့အတွက် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူ ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေလောက်ပြီ ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဧပြီလကုန်ပိုင်းမှာ နော်ဝေနိုင်ငံသား စာအုပ် ရတဲ့အတွက် မေလထဲမှာ မြန်မာနိုင်ငံဆီ သွားလည်ခွင့် Visa ရခဲ့ပြီး ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ပြည်တော်ပြန် ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ တခြားလူတွေထဲမှာလည်း ကျွန်တော့်လို မြန်မာနိုင်ငံ ပြန်ချင်လို့ နိုင်ငံခြားသား ခံယူလိုက်ရသူတွေ ရှိနိုင်သလို အခြားအကြောင်း အမျိုးမျိုးကြောင့် ခံယူလိုက်ရသူတွေ ရှိနိုင်ပါတယ်။
သေချာတာတော့ နိုင်ငံခြားသား ဖြစ်ချင်လွန်းလို့၊ သို့မဟုတ် မြန်မာနိုင်ငံသား မဖြစ်ချင်တော့လို့၊ မြန်မာနိုင်ငံကို မချစ်တော့လို့ နိုင်ငံခြားသားအဖြစ် ခံယူလိုက်သူကတော့ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒီလိုရှည်လျားထွေပြား နိဒါန်းချီ နေရသလဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသားအဖြစ် ခံယူလိုက်ရသူတွေကို မျိုးချစ်စိတ်မရှိ သူတွေ၊ အမေကျော်ဒွေးဒေါ် လွမ်းသူတွေအဖြစ် ဝေဖန်သံတွေ ကြားလာနေရလို့ ဖြစ်ပါတယ်။
တချို့ဝေဖန်သူ တွေကတော့ နိုင်ငံခြားသားအဖြစ် မခံယူဘဲ PR (Permanent Resident- အမြဲတမ်း နေထိုင်ခွင့်) အဖြစ်ပဲ ယူထားပြီး မြန်မာနိုင်ငံ ပြန်လည်ရင်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးမြန်း သိရှိသလောက်ကတော့ PR သမားတွေ မြန်မာနိုင်ငံ ပြန်လည်မယ်ဆိုရင် နိုင်ငံသားအဖြစ် ခံယူထားသူလို ပုံမှန်လမ်းကြောင်းအတိုင်း Social Visa နဲ့ မသွားနိုင်သေးဘဲ သံရုံးအရာရှိတွေ၊ မြန်မာနိုင်ငံက အစိုးရအရာရှိတွေရဲ့ ခွင့်ပြုချက် စောင့်ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခါ နိုင်ငံခြား ခရီးသွားလက်မှတ် (Travel Document) ကိုင်ပြီး မြန်မာနိုင်ငံဆီ အဝင်အထွက် လုပ်နေသူ တွေဟာလည်း အလားတူ သက်ဆိုင်ရာ သံရုံးနဲ့ အစိုးရ အရာရှိတွေဆီက ခွင့်ပြုချက်ရပြီးမှ သီးခြားစာရွက်မှာ အထူး Visa စာရွက်ကပ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သံရုံးတွေ၊ အစိုးရအရာရှိတွေ၊ အာဏာပိုင်တွေနဲ့ ဘာမှစကားပြောစရာ မလိုဘဲ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ ခရီးသွားချင်တယ်ဆိုရင် နိုင်ငံသားလက်မှတ် ရှိသူတွေက အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဒါက အခုမြန်မာနိုင်ငံဆီ ပြန်လည်ခွင့်ရပြီဆိုတဲ့ အနေအထားရောက်မှ နိုင်ငံခြားသား ခံယူသူတွေရဲ့အခြေအနေကို ပြောတာပါ။
ဒီမတိုင်ခင်ကတည်းက နော်ဝေမှာ ခုနစ်နှစ် ပြည့်ပြီးသူတွေ၊ တခြားနိုင်ငံ အသီးသီးမှာ သတ်မှတ်အချိန်နဲ့ သတ်မှတ် ဘာသာစကားရပြီးလို့ နိုင်ငံခြားသား ခံယူလိုက်သူတွေလည်း အများကြီး ရှိမှာပါ။ ဆိုလိုတာက နိုင်ငံခြားသား ခံယူတာဟာ မြန်မာနိုင်ငံ ပြန်လည်ခွင့်ရဖို့ တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။
ဒါဖြင့် ဘာကြောင့် နိုင်ငံခြားသားအဖြစ် ခံယူကြတာလဲ။ တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် နိုင်ငံခြားသား ခံယူပြီးသူတွေက မြန်မာနိုင်ငံဆီ ပြန်မလာ တော့ဘူးလား။ ဒါကလည်း တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်တာပါပဲ။ ဒီလူတွေ မြန်မာနိုင်ငံဆီ ပြန်လာရင် PR (Permanent Resident - အမြဲတမ်း နေထိုင်ခွင့်) အဖြစ်နဲ့ နေကြမှာလား။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်ရမှာလား။ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိမလဲ။ ဒါကတော့ တစ်ဦးချင်းနဲ့ မဆိုင်တော့ဘဲ သူတို့ကို ပြန်လက်ခံမယ့် အစိုးရတွေ၊ ပါလီမန်တွေနဲ့ ဆိုင်သွားပါပြီ။ ဒီအတွက် PR စနစ်နဲ့ ပြည်တော်ပြန်တွေကို ငါးနှစ်တာ နေထိုင်ခွင့်ပေးမယ့် ဥပဒေတစ်ရပ် ပါလီမန်မှာ အတည်ပြုဖို့ ပြင်နေတယ်လို့ ကြားရပါတယ်။
ဒီလိုပြန်လာတဲ့ လူဦးရေက ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။ သူတို့အတွက် ဒီလောက်အထိ စဉ်းစားပေးစရာ လိုလို့လားဆိုပြီး မေးခွန်းထုတ် သူလည်းရှိရင် ရှိနိုင်ပါတယ်။ တစ်ခါ ဒီလူတွေက ပြန်လာမယ်ဆိုလည်း အပြီးပြန်လာတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထွက်သွားတယ်ပြောပြီး နိုင်ငံရေး အခြေအနေကောင်းတော့ ဘာကြောင့် အပြီးပြန်မလာရဲ သေးတာလဲ ဆိုပြီးလည်း မေးနိုင်ပါတယ်။ ပြီးတော့ ဒီလူတွေက နိုင်ငံခြားမှာ အနေကြာသွားလို့ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူတွေနဲ့အတူ မနေနိုင်တော့ ဘူးလား။ ဒီလူတွေက မျိုးချစ်စိတ် မရှိတော့လို့ မြန်မာနိုင်ငံဆီ ပြန်မလာတော့ တာလားပေါ့။
‘ဘဝဟာ တစ်ခါတစ်ခါ စိတ်နာဖို့ ကောင်းပါတယ်’ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပါရဲ့။ မျိုးချစ်စိတ် ရှိလွန်းလို့ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အခုတော့ မျိုးချစ်စိတ် မရှိလို့ နိုင်ငံခြားသား ခံယူသူတွေအဖြစ် စွပ်စွဲခံ နေရပါရော့လား။ ၂၅ နှစ်ဆိုတဲ့ ကာလဟာ လူတွေရဲ့စဉ်းစားပုံနဲ့ တွေးခေါ်ပုံတွေကိုပါ ပြောင်းလဲသွားစေနိုင်သလား။
အတိတ်မှာ အမှားတွေ ကျူးလွန်ခဲ့သူတွေက ယူနီဖောင်း လဲလိုက်ရုံနဲ့ အာဏာကို ဆက်ကိုင်ထားနိုင်တဲ့အခါ အဲဒီလူတွေကိုပဲ အောင်ပွဲရသူတွေအဖြစ်၊ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက် ကြတော့မှာလား။ အဲဒီလို အမှားကျူးလွန် ခဲ့သူတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့သူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရ သူတွေကိုတော့ အောင်ပွဲရအောင် မဆောင်ရွက်နိုင်သူတွေ၊ မျိုးချစ်စိတ် မရှိလို့ ပြည်ပထွက်သွားသူတွေ အဖြစ် စွပ်စွဲကြတော့မလား။
အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံခြားသား ခံယူမှုဆိုတာ အခြေအနေအရ၊ သက်ဆိုင်ရာ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ဖြစ်သွားရတဲ့ အနေထားလို့ ဆိုချင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးပါ။ ပြန်လာသူတွေကို မဖမ်းပါဘူးလို့ အာမခံချက် ပေးထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှမတွေ့ရသေးပါ။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဝန်ကြီးနဲ့ပိုင်မှ၊ သမ္မတရုံးဝန်ကြီးနဲ့ သိမှ၊ လွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်မှ၊ သံအမတ်နဲ့ခင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။
ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆီ အပြီးပြန်လာရဲသူ ဘယ်ရှိပါ့ဦးမလဲ။ နိုင်ငံခြားသား ခံယူထားမှုကိုလည်း ဘယ်စွန့်လွှတ်ရဲဦးမလဲ။ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်လို့ ပြောနေတဲ့ PR ဥပဒေ၊ အမြဲတမ်း နေထိုင်ခွင့် ဥပဒေ ထွက်လာပြီး ငါးနှစ်တာ နေထိုင်ခွင့်ရမယ် ဆိုရင်တော့ ပြည်ပရောက်နေသူ အတော်များများ ပြန်လာကြမယ်လို့ ထင်ပါတယ်။
အခုလောလောဆယ် အချိန်မှာတော့ အတွင်း-အပြင်၊ နိုင်ငံသား-နိုင်ငံခြားသား စသဖြင့် အချင်းချင်း အငြင်းပွားမှုကို အဆုံးသတ်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ အားလုံးပါဝင် လက်တွဲ ဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအာဏာယူမယ့် လူတွေ အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဖြစ်ဆိုတဲ့ ဘောင်တွေနဲ့ စည်းခြားထားတာကို သဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ တိုင်းပြည် တည်ဆောက်ရေး အတွက် ဆောင်ရွက်ဖို့ ပြန်လာသူတွေ ကိုတော့ ဒီလိုစည်းဘောင် မခြားထားသင့်ဘူးလို့ ထင်မိပါတယ်။
တစ်ချိန်တည်းမှာပဲ နယ်စည်းခြားပြီး ဘာလူမျိုး၊ ဘာနိုင်ငံသားဆိုတဲ့ ခွဲခြား သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ခေတ်၊ လူသားအားလုံးကို ကမ္ဘာသူ ကမ္ဘာသားအဖြစ် အားလုံးတန်းတူ ခံယူနိုင်တဲ့ ခေတ်မျိုး အမြန်ရောက်လာစေဖို့လည်း မျှော်လင့်နေမိပါတယ်။
Credit The Voice Weekly
Read More »

ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၅ ဆရာဖေမြင့်၏ဆောင်းပါး ....



အတ္တနောမတိများ

ဒီမိုကရေစီ ရရှိရေး ဒို့ အရေး

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လျှင် စစ်မှန်သော ဒီမိုကရေစီ မဖြစ်ဘဲ အယောင်ဆောင် ဒီမိုကရေစီသာ ဖြစ်နေမည် ဖြစ်ကြောင်း၊ တရားမျှတမှုမရှိသော ၎င်းင်းဖွဲ့စည်းပုံ အောက်တွင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည်ဆိုက ထိုရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ကြောင်း၊ မမျှတမှုများရှိသော နိုင်ငံတွင် ပြဿနာအမျိုးမျိုး ပေါ်ပေါက် လာမည် ဖြစ်ကြောင်း၊ စသဖြင့် ပြင်းထန်သော ဝေဖန်သံများ NLDခေါင်းဆောင်ထံမှ မကြာမီက ထွက်ပေါ်လာခဲ့ရာ ယခင် ဒေါ်အောင်ဆန်းစုကြည်ကို အမှတ်ရမိ၏။

တူတာတွေ တွဲလုပ်ရန် လွှတ်တော်ထဲ ၀င်ရောက် သွားခဲ့ရာက တူတာထက် မတူတာက များနေသည်ကို တွေ့ရှိကာ သည်စကားသံများ ထွက်ပေါ်လာသည်ဟု ယူဆမိသည်။
စင်စစ်၊ ဒီမိုကရေစီ လိုလားသော မည်သည့် ပုဂ်္ဂိုလ်မဆို လွှတ်တော် လမ်းကြောင်းထဲတွင် စဉ်းစားကြည့်မည် ဆိုလျှင် ရှေ့မှာ လမ်းပိတ်နေသော အနေအထားကို မြင်ရလိမ့်မည် ဖြစ်သည်။
၊မြန်မာပြည် ဒီမိုကရေစီ ကူးပြောင်းမှု ရှေ့သို့ တိုးတက်ဖို့ ဆိုလျှင် နိုင်ငံရေးတွင် အခြေခံကျသော ပြောင်းလဲမှုတွေ လုပ်ရတော့မည်။

အဲသည်မှာ အဓိကသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းပုံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ သို့မဟုတ်၊ အာဏာရှင်စနစ်ကို တစ်စုံတစ်ရာ ပျော့ပျောင်းသော အနေအထားတစ်ရပ်ဆီသို့၊ ရွှေ့ပြောင်းရန် အတွက် စီမံ ဖော်စပ်ခဲ့သည့် အာဏာ-ဒီမို နှစ်မျိုးစပ် ဖွဲ့စည်းပုံမျိုးဟု ဆိုနိုင်သည်။ ၎င်း၌ အာဏာရှင် ကဏ္ဍ ဘယ်လောက်ပါ၍၊ ဒီမို အနှစ်သာရ ဘယ်ရွေ့ဘယ်မျှ ရှိသည်ကို အငြင်းပွားနိုင်ကြသော်လည်း လောလောဆယ် တွင် သူသူငါငါ တညီတညာ ပြောဆိုနေကြသည်က ၎င်းင်းဖွဲ့စည်းပုံကို ပြင်ဆင်ရမည်ဟူ၍ ဖြစ်၏။
သည်တွင်၊ တချို့က ဟိုအချက် သည်အချက်တွေ ပြင်ချင်သည်ဟု ဆိုသည်။ တချို့ကတော့ နည်းနည်း ပြင်၍ မရ၊ အများကြီး ပြင်ရမည်။ ထို့ကြောင့် အသစ်ရေးတာ ကောင်းသည်ဟု ဆိုနေသည်။

ပြင်တာရော အသစ်ရေးတာပါ၊ နည်းနည်း ပြင်တာနှင့် များများ ပြင်တာ (သို့မဟုတ် တစ်အုပ်လုံး ပြင်တာ)ပဲ ဖြစ်ရာ၊ သည်အတွက်တော့ သိပ်အငြင်းအခုံ မပွားသင့်ဟု ထင်သည်။
သို့သော်၊ အဲဒါက တစ်ကဏ္ဍ ဆိုပါတော့။

တခြား ပြဿနာရှိသည်က၊ အရပ်ကသာ ပြင်ချင်တာ အသစ်ရေးချင်တာတွေ ရှိနေသည်။ ပိုင်ရှင်များက ဘယ်လောက် ပြင်ချင်သလဲ၊ ပြင်ဖို့ လိုမည်ကော ထင်သလား၊ မထင်ဘူးလား၊ ဟူသော အချက်ဖြစ်သည်။

ပိုင်ရှင်များ ဆိုသည်က၊....
အဲ၊ တကယ် တရားနည်းလမ်းတကျ ပြောလျှင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပိုင်ရှင်သည် ပြည်သူလူထုပဲ ဖြစ်ရလိမ့်မည်။
သို့သော်၊ လူထုက ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာနှင့် ကိုယ်စားလှယ်တွေ ရွေးပေးထားခဲ့ရာ ထို့ပြင်၊ လူထုမရွေးဘဲ သူ့အလိုအလျောက် နေရာယူထားသည့် ကိုယ်စားလှယ် များလည်း ရှိနေရာ၊ ပြင်ဆင်ရေး မပြင်ဆင်ရေးကိစ္စသည် အဲသည် ကိုယ်စားလှယ်များလက်ထဲမှာ ရှိသလို ဖြစ်နေ သည်။
သူတို့က မပြင်ချင်ဘူး၊ သို့မဟုတ် ဒါလေးပဲ ပြင်မယ်ဗျာ၊ ကျန်တာ မပြင်နိုင်ဘူး၊ လွှတ်တော်မှာ ကျွန်တော်တို့က အများစု၊ ကျွန်တော်တို့ သဘောပဲဟု ဆိုလျှင် ဘာတတ်နိုင်မည်နည်း။

အများစုသဘော ဆိုတော့လည်း ခွကျနေသည်။

သို့သော်၊ အများပြည်သူက အဆိုပါ ကိုယ်စားလှယ် တွေနှင့် မိမိတို့ သဘောချင်း မတိုက်ဆိုင်ပါ၊ ၎င်းင်းတို့သည် ကိုယ်စားလှယ်များဟု ဆိုသော်လည်း မူလပိုင်ရှင်စစ်စစ် ဖြစ်သော မိမိတို့၏ သဘောဆန္ဒနှင့် ဖီလာ ဆန့်ကျင် ဖြစ်နေပါသည်၊ ထို့ကြောင့်၊ ၎င်းင်းတို့ကို ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပယ်ဖျက်လိုပါသည်ဟု ဆိုလျှင်ကော၊ ယခု အခြေအနေမှာ အဲဒါ လုပ်ခွင့်ရှိသလား၊ လုပ်နိုင်သည့် နည်းလမ်းရှိသလား၊ လုပ်နိုင်သော အခြေအနေရှိသလား။
စဉ်းစားစရာ။

နိုင်ငံတကာကတော့ သည်တိုင်းပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ စတင်နေပြီဟု ရှုမြင်ကာ ဆက်ဆံ အားပေးလျက် ရှိသည်။ တကယ်တမ်း ကူးပြောင်းနေကြတာ မှန်လျှင်တော့ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် ၀မ်းမြောက် စရာ ဖြစ်သည်။
သို့သော်၊
ဘာတွေကို ကြည့်ကာ အသွင်ကူးပြောင်းပြီဟု ရှုမြင်ခဲ့ကြသလဲ၊ ပြန်စဉ်းစားကြည့်ပါ။
နိုင်ငံရေးအကျဉ်းသားများကို (အတော် တွန့်တွန့် ဆုတ်ဆုတ်နှင့် တဖြည်းဖြည်း) လွှတ်ပေးခဲ့ခြင်း၊
အတိုက်အခံများ ရွေးကောက်ပွဲဝင်နိုင်အောင် ယခင် ကန့်သတ်ထားသော စည်းမျဉ်းတချို့ကို ပယ်ဖျက်ပေးခဲ့ခြင်း၊
စာနယ်ဇင်းများ ကြိုတင် စိစစ်ခံရန် မလိုဘဲ ရေးသား ခွင့်ပြုခြင်း၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြင်ဆင်နေခြင်း၊ စတာတွေကို ကြည့်ကာ တိုးတက်တာပဲ၊ အသွင်ပြောင်း နေတာပဲဟု မှတ်ချက်ချခဲ့ကြခြင်း ဖြစ်သည်။

အဲဒါတွေ အားလုံးသည် တကယ် တိုးတက်ကောင်းမွန် သော အရာများ ဖြစ်တာ မှန်ပါ၏။
သို့သော်၊ အဲဒါတွေ အားလုံးပင် စိတ်ကောင်းစေတနာ ကောင်းတွင် အရင်းခံသလား၊ နိုင်ငံတကာ အမြင်ကောင်း အောင် ဟူသော သဘောသက်သက်ဖြင့် ဆောင်ရွက်တာ လား ခွဲခြားရန် ခက်သည့် “အပြုအမူကောင်းများ”သာ ဖြစ်ရာ၊ အကယ်၍ မကောင်းချင်တော့ဘူး ဆိုပါက အချိန်မရွေး နဂိုပုံစံသို့ ပြောင်းလဲသွားနိုင်ပါသည်။

သည်အတိုင်း ဆက်လက် တည်ရှိရမည်ဟု အာမခံ နိုင်သည့် ခိုင်မာသော အခြေခံ မရှိ။
သည်ဟာတွေကို လည်းကောင်း၊ သည်ဟာတွေထက် ပိုအရေးကြီးသည့် တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူ့အခြေခံရပိုင်ခွင့် လွတ်လပ်ခွင့်များ ခံစားနိုင်ရေး စတာတွေကို တကယ် အာမခံနိုင်ရန်အတွက်က၊
တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာ ဤနိုင်ငံ အနှံ့အပြားမှ၊ အများပြည်သူ့ သဘောဆန်္ဒများကို သယ်ဆောင်လာမည့် ကိုယ်စားလှယ်စစ်စစ်များ ကျယ်ပြန့် ပြည့်စုံစွာ ပါဝင်သည့် အမျိုးသား ညီလာခံသစ်တစ်ရပ် ကျင်းပကာ လွတ်လပ်စွာ နှီးနှော တိုင်ပင် ရေးဆွဲပြဋ္ဌာန်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ် တည်ရှိဖို့၊
အဲသည် ဖွဲ့စည်းပုံအရ ရွေးကောက်တင်မြှောက်သည့် အစိုးရ(တို့)သည် အဲသည် ဖွဲ့စည်းပုံကို စကားလုံးရော၊ အဓိပ်္ပာယ်အနှစ်သာရအရပါ လေးစားလိုက်နာဖို့၊
ပြည်သူက တာဝန်လွှဲအပ်ထားသည့် အစိုးရသည် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်စွာ၊ ဆန့်ကျင် ကွဲလွဲစွာ ဆောင်ရွက်ခဲ့သည်ရှိသော်၊ အစိုးရထဲတွင် မပါဝင်သည့် အခြား ပါတီအဖွဲ့အစည်းတို့မှ ပြည်သူ့ ကိုယ်စားလှယ်များ၊ ပြည်သူများ၊ ပြည်သူကြားက လူထု အဖွဲ့အစည်းများ၊ စတုတ္ထမဏ္ဍိုင်ဟု ခေါ်သော စာနယ်ဇင်း များက ဝေဖန် ထိန်းကွပ်ဖို့၊ လိုအပ်လျှင် တာဝန်မှ ရုပ်သိမ်း ပယ်ဖျက်ရန် လုပ်ဆောင်ဖို့၊...စတာတွေ လိုသည်။

အဲသည် အနေအထားတွေ တည်ရှိလာမှသာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်၌ ပြောင်းလဲပြီးသော အခြင်းအရာတို့ တည်တံ့ခိုင်မာ၍ ပြောင်းလဲမှု ဖြစ်စဉ်သည် လည်း ရှေ့သို့ တိုးတက်ဖြစ်ပေါ်သကဲ့သို့ နိုင်မည် ဖြစ်သည်။


၂၀၁၀ တုန်းက သည်တိုင်းပြည်တွင် လူမပြောင်းသော်လည်း မူပြောင်းပြီဟု ဆိုခဲ့ကြသည်။
အစပထမမှာတော့ ဘာမှ မပြောင်းတာနှင့်စာလျှင် နည်းနည်း ပြောင်းလျှင်လည်း အင်း၊ ပြောင်းသည်ဟု ယူဆကြရသည်ပေါ့။
သို့သော်၊ ၂၀၁၅ လောက် ရောက်လျှင်တော့ လူရော မူပါ ပြောင်းလဲတာ စတင် မြင်တွေ့ရဖို့ သင့်ပါပြီ။ သို့မှသာ၊ ကူးပြောင်းမှုဖြစ်စဉ်သည် တကယ် တိုးတက် ရွေ့လျား နေသည်ဟု ဆိုနိုင်ပါမည်။

သည်အတွက်၊ ရှေ့မှာ ပြောခဲ့သလို တိုင်းပြည်၏ အခြေခံပန္နက်ဖြစ်သည့် ဖွဲ့စည်းပုံ ပြင်ဆင် ပြောင်းလဲရေးကို အချိန်မဆွဲဘဲ ဆောင်ရွက်ဖို့ လိုပါသည်။

သို့သော်၊ အရပ်ရပ်က တောင်းဆိုနေတာကို မသိ ကျိုးကျွန်ပြုကာ ဖွဲ့စည်းပုံကို လူထုက ပြင်ချင်တာ ဟုတ်ရဲ့ လား၊ လူထုဆိုတာက ဒါကို တကယ်ကော စိတ်ဝင်စားရဲ့ လား။လူထုဆိုတာမှာ ဒါတွေ နားလည်လောက်အောင်၊ အသိဉဏ်ကော ရှိသလား၊ လူထုနာမည်သုံးပြီး ကိုယ် လိုရာတွေ ပြောနေကြတာလား၊ စသဖြင့် အချို့ အချို့ ပုဂ်္ဂိုလ်တွေ ငြင်းဆန်နေကြတာ တွေ့နေရသည်။
အဲသည် ငြင်းဆန်သူများသည် ဒီမိုကရေစီ ဂိတ်တံခါးမှာ စောင့်ကြပ် ပိတ်ဆို့နေသူများ ဖြစ်သည်။
၎င်းပုဂ်္ဂိုလ်များ စဉ်းစားသင့်ပါသည်။

လူထုသည် ၁၉၈၈ ကတည်းက ဒီမိုကရေစီကို တစ်ခဲနက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါသည်။
နိုင်ငံ တည်ဆောက်ပုံစနစ်အရ ပြောသော် ဒီမိုကရေစီ ဖွဲ့စည်းပုံကို လိုလား တောင်းဆိုကြတာ ဖြစ်ပါသည်။

ဒါကိုမှ ဟုတ်ရဲ့လားဟု ဇဝေဇ၀ါဖြစ်နေလျှင် လူထုကို တရားဝင် ကြေညာပြီး မေးကြည့်ပါ။ ခင်ဗျားတို့ သဘော ဆန်္ဒက ဘယ်လိုပါလဲဟူ၍။
အဲဒါဆိုလျှင် တစ်တိုင်းပြည်လုံးရှိ လူထုထံက အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် တောင်းဆိုသံကို ထပ်မံ ကြားသိရပါလိမ့်မည်။
“ဒီမိုကရေစီ ရရှိရေး ဒို့ အရေး”...
“အရေးတော်ပုံ....အောင်ရမည်..."

၃၀၊ ၉၊ ၂၀၁၃
ဖေမြင့်
Read More »

ဒီမိုကရေစီအပြောင်းအလဲ စုဖွဲ့မှုများ - နှင့် ဖြစ်တန်ရာ အကျိုးဆက်များ - ကျော်ဝင်း

အပြောင်းအလဲကာလ၊ နိုင်ငံရေးအင်အားစုများ
        ဒီမိုကရက်တိုင်ဇေးရှင်း(ဒီမိုကရေစီအပြောင်းအလဲ)ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော“အို-ဒေါ်နယ်”နှင့်“ရှမစ်ထာ”တို့၏အလိုအရ အာဏာပိုင်စနစ်မှ ဒီမိုကရေစီ စနစ်သို့အရွှေ့တွင်အောက်ပါနိုင်ငံရေးအင်အားစု လေးမျိုး သို့မဟုတ် ငါးမျိုးကို တွေ့ရလေ့ရှိပါသည်။(O’Donnell,1979.O’Donnell and Schmitter,1986)
၁။ပြုပြင်ပြောင်းလဲရေးသမားများ(Reformers)
၂။သဘောထားတင်းမာသူများ(Hardliners)
          (ဤနှစ်စုလုံးမှာ ယခင်အာဏာပိုင်စနစ်ဟောင်းမှလာသူများဖြစ်သည်။အပြောင်းအလဲကိုလိုလားသူများနှင့် ခုခံသူများဟုဆိုနိုင်သည်။ရေဘုယျအားဖြင့်၊ အပြောင်းအလဲကြောင့် ကိုယ်ကျိုးစီးပွါးများထိခိုက်နစ်နာနိုင်စရာ ရှိသူများမှာ “သဘောထားတင်းမာသူများ”ဖြစ်လေ့ရှိသည်ဟုဆိုပါသည်။)
၃။သဘောထားပျော့ပြောင်းသူများ(Moderates)
၎။အရင်းအမြစ်မှမြေလှန်ပြောင်းလဲလိုသူများ၊သို့မဟုတ်“ရယ်ဒီကယ်များ”(Radicals)
(ဤနှစ်စုလုံးမှာ၊အတိုက်အခံဒီမိုကရက်တစ်အင်အားစုများထဲမှဖြစ်သည်။ဒီမိုကရေစီရည်မှန်းချက်အပေါ်ကွဲလွဲကြသည်တော့မဟုတ်။ဒီမိုကရေစီရရှိရေးဆိုင်ရာ၊မဟာဗျူဟာ၊နည်းဗျူဟာများ၊မတူကြခြင်းသာဖြစ်သည်။သဘောထားပျော့ပြောင်းသူများမှာ၊ရယ်ဒီကယ်တွေလောက်ဒီမိုကရေစီရည်မှန်းချက်မမြင့်ဟုမဆိုနိုင်ပါချေ။)
၅။လက်နက်ကိုင်တပ်ဖွဲ့များ(ArmedForces)
          (ယခင် အာဏာပိုင်စနစ်ဟောင်း၏ ဗဟိုချက်မ နေရာတွင်ရှိခဲ့သောအင်အားစုပင် ဖြစ်သည်။သို့နှင့်တိုင် အပြောင်းအလဲကာလတွင်မူ၊လက်နက်ကိုင်တပ်ဖွဲ့များ ကိုယ်တိုင်သည်ပင်၊ “ပြုပြင်ပြောင်းလဲရေးသများများ” (သို့မဟုတ်)“အပြောင်းအလဲကိုလိုလားသူများ”ဖြစ်နိုင်သလို၊“သဘောထားတင်းမာသူများ”(သို့မဟုတ်) “သဘောထားတင်းမာသူများနှင့်နီးစပ်သူများ”လည်းဖြစ်နိုင်သည်။မည်သည့်ဘက်နှင့်မှမနီးစပ်တော့ဘဲ “လွတ်လပ်သော အင်အားစု”(autonomous force)အဖြစ် ရပ်တည်သွားသည်လည်းရှိနိုင်ပါသည်။
          ဆိုခဲ့ပါသရုပ်ခွဲစိစစ်ချက်ကို၊မြန်မာ့ဒီမိုကရေစီအပြောင်းအလဲပေါ်တင်ကြည့်လိုက်လျှင်၊တစ်သွေမတိမ်း မဟုတ်သည့်တိုင်နီးစပ်တူညီမှု အချို့ရှိလိမ့်မည်ဟုယူဆရပါသည်။သမ္မတဦးသိန်းစိန်ကမူသူ၏ တစ်နှစ်ပြည့်မိန့်ခွန်းမှာပင်၊“ကျွန်တော်တို့အစိုးရမှာ ခေါင်းမာဂိုဏ်း ၊အပျော့ဂိုဏ်းကွဲနေတာမျိုး မရှိပါဘူး” ဟု အခိုင်အမာပြောခဲ့သည်။လက်ရှိအပြောင်းအလဲဖြစ်စဉ်ကို ၊စတင်ဖွင့်ပေးလိုက်သည်မှာ  ယခင်တပ်မတော် အစိုးရခေါင်းဆောင် (နိုင်ငံတော်အကြီးအကဲလည်းဖြစ်)ကိုယ်တိုင်ဖြစ်ရာ မည်သူမျှပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်မည့်သူမရှိနိုင်ဟုယူဆရပါသည်။(ICG- Report,2012)သို့တစေ ပြောင်းလဲလာသည့် အခြေအနေအောက်တွင် မိမိတို့ အကျိုးစီးပွါးများကိုဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် အတွင်းမှဝင်၍ ပေါ်လစီပုံဖျက်မှုများ၊လက်တွေ့အကောင်အထည်ဖော်မှုပိုင်းတွင်နှေးကွေးလေးလံစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းကြသည်များကား ရှိကောင်းရှိနိုင်ပေသည်။(FroncisFukuyana,2012)
          နဂါးနီခေတ်လောက်မှစ၍ တစ်လျှောက်လုံးလောက်ပင်လက်ဝဲအိုင်ဒီအိုလိုဂျီ တစ်ဘက်သတ်လွှမ်းမိုး တွင်ကျယ်ခဲ့သော မြန်မာ့နိုင်ငံရေးတွင်ကားရယ်ဒီကယ်အစွဲများ နက်နက်ရှိုင်းရှိုင်းပင်ရှိနိုင်ပါသည်။ ပြောရ လျှင၂၀၁၀ရွေးကောက်ပွဲကာလအထိ  မြန်မာ့ဒီမိုကရေစီအင်အားစုများကြားတွင် ထိပ်တိုက်ရင်ဆိုင်ရေးရယ်ဒီကယ်လမ်းကြောင်းကသာ အပေါ်စီးရသလို ရှိနေခဲ့သည်။ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းလောက်မှ သဘောထားပျော့ပြောင်းသူများ၏ ညှိနှိုင်းအဖြေရှာရေး လမ်းကြောင်းကို လူထုကတစ်စုံတစ်ရာသဘောပေါက် လက်ခံလာကြခြင်းဖြစ်သည်။
          မြန်မာ့တပ်မတော်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်ဖြစ်ရာ “လာခြင်းကောင်းသောတပ်မတော်”ဟုဆိုနိုင်ပါသည်။သို့နှင့်တိုင်၁၉၆၂ နောက်ပိုင်း မှစ၍၊အာဏာနိုင်ငံရေး၏ဗဟိုချက်မ ဖြစ်လာခဲ့ရာ၊ လူထုကြားတွင်ရှိခဲ့သောတပ်မတော်အပေါ် ယုံကြည်မှုမှာ တစ်စစ ယိုယွင်းလာခဲ့ရသည်။ ယနေ့အပြောင်းအလဲကာလတွင်ကား တပ်မတော်အနေနှင့်မည်သည့်နိုင်ငံရေးပါတီနှင့်မှ ပတ်သက်ဆက်စပ်မှု မရှိတော့ပဲ သီးခြားလွတ်လပ်သည့် အင်အားစု အဖြစ် ရပ်တည်တော့မည့်ခြေလှမ်းများတွေ့လာရပေသည်။လက်ရှိတပ်မတော်၏ အနေအထားမှာ“ဒို့တာဝန်အရေးသုံးပါး” နှင့်“အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး”အခြေခံပေါ်တွင်သာ ရပ်တည်သွားလိမ့်မည်ဟု မှန်းဆရပါသည်။သေချာသည့်အချက်ကိုဆိုရလျှင်၊တပ်မတော်အနေနှင့်“နိုင်ငံရေးမှတစ်စစ ဆုတ်ခွါရေးဖြစ်စဉ်”(demilitarizalionprocess) ကိုအစပြုနေပြီဖြစ်သည့်တိုင် မြန်မာ့နိုင်ငံရေးတွင်မူ သော့ချက်အခန်းမှာသာကာလတစ်ခုဆက်လက်ရှိနေဦးမည့်သဘော ဖြစ်ပါသည်။
စုဖွဲ့မှုများနှင့်ဒီမိုကရေစီအပြောင်းအလဲ
ဆိုခဲ့ပြီးသောအပြောင်းအလဲကာလ နိုင်ငံရေးအင်အားစုများကြား မည်သို့သော စုဖွဲ့မှုနှင့် မည်သို့သော ဆက်ဆံရေးများမှအောင်မြင်သည့် ဒီမိုကရေစီ အပြောင်းအလဲတစ်ရပ်ထွက်ပေါ်လာနိုင်ပါသနည်း။ အရှေ့ ဥရောပ နှင့်လက်တင်အမေရိကအတွေ့အကြုံများအရ ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားပျော့ပြောင်းသူများကြားကျယ်ပြန့်နက်ရှိုင်းသော နားလည်မှု ရှိမှသာလျင် ဒီမိုကရေစီ အပြောင်းအလဲ တစ်ရပ်လမ်းပွင့်သွားနိုင်စရာရှိပါသည်။ပို၍တိတိကျကျ ဆိုရပါက အောင်မြင်သော ဒီမိုကရေစီအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာဖို့ဆိုလျှင်အောက်ပါအခြေအနေသုံးရပ်ရှိဖို့လိုပါသည်။
၁။ပြုပြင်ပြောင်းလဲရေးသမားများနှင့်သဘောထားပျော့ပြောင်းသူများကြား၊ အကြေအလည်ညှိနှိုင်း ဆွေးနွေးပြီး၊နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်လောက်သည့် အခြေအနေ။
၂။အထက်ပါအနေအထားမျိုးဖြစ်တည်လာစေရန်ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့် ၄င်းတို့၏ တစ်ချိန်ကလုပ်ဖော်ကိုင်ဘက်သဘောထားတင်းမာသူများ၏သဘောတူညီချက်ကိုရယူနိုင်လောက်သည့်အခြေအနေ။အနိမ့်ဆုံးအားဖြင့်သဘောထားတင်းမာသူများကိုအထိုက်အသင့်ပျော့ပြောင်းလာစေရန်ထိန်းနိုင်သိမ်းနိုင်လောက်သည့်အခြေအနေ။
          ၃။သဘောထားပျော့ပြောင်းသူများဘက်မှလည်း၎င်းတို့နှင့်လက်တွဲဖော် ရယ်ဒီကယ်အင်အားစုများကို ထိပ်တိုက်ရင်ဆိုင်မှူများအထိ ကျွံမသွားစေရန်ထိန်းထားနိုင်လောက်သည့် အခြေအနေ - တို့ဖြစ်ပါသည်။ ယုတ္တိ သဘောအရဆိုရလျှင် ဆိုခဲ့ပါအခြေအနေသုံးရပ်အနက်ဒုတိယနှင့်တတိယအခြေအနေတို့ လက်ဦးမဆွက တည်းကရှိနှင့်နေဖို့ လိုပါသည်။သို့မှသာလျှင်ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထား ပျော့ပြောင်း သူများအနှောက်အယှက်အဟန့်အတားကင်းကင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ (Adam Przeworski ,1991)
ဆိုခဲ့ပါ အခြေအနေသုံးရပ် လက်တွေ့ကျကျဖြစ်ပေါ်လာရေးတွင် အဆုံးအဖြတ်အခန်းမှရှိနေသည် မှာလက်နက်ကိုင်တပ်ဖွဲ့များ၏ ရပ်တည်ချက်ပင်ဖြစ်သည်။လက်နက်ကိုင်တပ်ဖွဲများကိုယ်တိုင်ကပြုပြင် ပြောင်းလဲရေးသမားများ ဖြစ်နေလျင်မူ အကောင်းဆုံးပင်ဖြစ်သည်။(ဥပမာ-ပေါ်တူဂီ) အကယ်၍ဤအတိုင်းမဖြစ်ပါက အနိမ့်ဆုံးအားဖြင့် ပြုပြင်ပြောင်းလဲရေးသမားများနှင့် နီးကပ်သော ဆက်ဆံရေးရှိဖို့လို သည်။သဘောထားတင်းမာသူများကို ထိန်းချုပ်ထားနိုင်သည့်အနေအထားလည်း ရှိဖို့လိုပါသည်။သို့အတွက်ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့် ၄င်းတို့၏ လုပ်ငန်းစဉ်များကို အောင်အောင်မြင်မြင်ရှေ့ဆက်နိုင်စေရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နားလည်မှုအရယူနိုင်ဖို့ အထူးအရေးကြီးပါသည်။တစ်ပြိုင်နက်တည်းမှာပင်သဘောထားပျော့ပြောင်းသူများအနေနှင့်လည်းမိမိတို့၏ပူးပေါင်းဆောင်ရွက်လိုသောဆန္ဒကို သဘောထားတင်းမာသူများနှင့်လက်နက်ကိုင်တပ်ဖွဲများယုံကြည်လာအောင် ပြသနိုင်ဖို့ အရေးကြီးပါသည်။ ရယ်ဒီကယ်သမားများအာရုံညွတ်လေ့ရှိသော လမ်းပေါ်ဆန္ဒပြပွဲများ ၊စက်ရုံသပိတ်များကို မထိန်းနိုင်လျှင် ယုံကြည်မှုတည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်နိုင်ပေသည်။(Stefan Nowak ,1981)
ဖြစ်တန်ရာအကျိုးဆက်များ
          နိုင်ငံတကာအတွေ့အကြုံများအရ ဒီမိုကရေစီအပြောင်းအလဲအတွက် အရေးအကြီးဆုံး အင်အားစုနှစ်ရပ်မှာ ယခင်အာဏာပိုင်စနစ်ဟောင်းမှလာသော “ပြုပြင်ပြောင်းလဲရေးသမားများ” နှင့်အတိုက် အခံ ဒီမိုကရက်တစ်အင်အားစုများထဲမှဖြစ်သော“သဘောထားပျော့ပြောင်းသူများ”ပင်ဖြစ်သည်။
          ပြုပြင်ပြောင်းလဲရေးသမားများတွင်မဟာဗျူဟာအရ ရွေးချယ်စရာလမ်းနှစ်သွယ်ရှိသည်။ယခင်လုပ် ဖော်ကိုင်ဖက် သဘောထားတင်းမာသူများနှင့်လက်တွဲပြီး အာဏာပိုင်မဟာမိတ်ဖွဲမည်လော...၊ သို့မဟုတ် သဘောထားပျော့ပြောင်းသူများနှင့်လက်တွဲပြီးဒီမိုကရက်တစ်မဟာမိတ်ဖွဲ့မည်လော...။ အလားတူ သဘောထားပျော့ပြောင်းသူများအတွက်လည်း ရွေးချယ်စရာမဟာဗျူဟာ လမ်းနှစ်သွယ်ရှိပါသည်။အာဏာ ပိုင်စနစ်ကို အပြီးအပြတ်ဖြိုဖျက်ရန်အတွက် ရယ်ဒီကယ်များနှင့်မဟာမိတ်ဖွဲ့ပြီး ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကိုရွေးမည်လော....၊သို့တည်းမဟုတ်ပြုပြင်ပြောင်းလဲရေးသမားများနှင့် လက်တွဲပြီး ညှိနှိုင်းပြေ လည်ရေးလမ်းကြောင်းကို ရွေးမည်လော....။ဒီမိုကရေစီအပြောင်းအလဲ၏ကံကြမ္မာမှာ၊အဆိုပါ အင်အားစု နှစ်ရပ်၏ ရွေးချယ်မှုအပေါ်မူတည်ပါလိမ့်မည်။ဤသို့မဟာဗျူဟာလမ်းကြောင်းများရွေးချယ်ကြရာတွင် အပြောင်းအလဲ၏အဆုံးအဖြတ် နေရာတွင်ရှိသော လက်နက်ကိုင်တပ်ဖွဲ့၏ဖြစ်တန်ရာရပ်တည်မှုကို မှန်မှန်ကန်ကန် တွက်ဆနိုင်ရေးမှာလည်း အထူးအရေးကြီးပါလိမ့်မည်။
အောက်ပါဇယားမှာဆိုခဲ့ပါမဟာဗျူဟာ ရွေးချယ်မှုမှလာသော ဖြစ်တန်ရာ စုဖွဲ့မှုလေးမျိုးနှင့် ၄င်းတို့၏ အကျိုးဆက်ရှုမြင်ကွင်းလေးရပ်ကို ညွှန်းပါသည်။(Adam Przeworski,1991)


ရှုမြင်ကွင်း (၁)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်ယခင်လုပ်ဖော်ကိုင်ဘက်သဘောထားတင်းမာသူများနှင့် မဟာမိတ်ဖွဲ့ပြီး ၊သဘောထားပျော့ပြောင်းသူများကလည်း၎င်းတို့နှင့် လက်တွဲဖော် ရယ်ဒီကယ်သမားများနှင့် မဟာမိတ်ဖွဲ့ထားလျှင်ပဋိပက္ခသံသရာဆုံးလိမ့်မည်မဟုတ်ပါ။လက်နက်ကိုင်အင်အားစုအနေနှင့်ကြားနေလျှင်ပင်ပုံစံဟောင်း အာဏာပိုင်စနစ်မှ ရွေ့နိုင်ဖွယ်ရာ မမြင်ပါချေ။
ရှုမြင်ကွင်း (၂)
          ပြုပြင်ပြောင်းလဲရေးသမားများဘက်မှသဘောထားပျော့ပြောင်းသူများနှင့် လက်တွဲပြီး ၊သဘောထား ပျော့ပြောင်းသူများ ကိုယ်တိုင်ကလည်းပြုပြင်ပြောင်းလဲရေးသမားများနှင့် လက်တွဲဖို့သဘောထား ရှိမည်ဆိုလျှင် ၊ အောင်မြင်သောဒီမိုကရေစီအပြောင်းအလဲအတွက် အာမခံချက်ရှိနိုင်ပါသည်။အာမခံချက်ရှိ သော ဒီမိုကရေစီသို့ဦးတည်ဖို့များသည်။နှစ်ဘက်လုံးအနေနှင့် လက်နက်ကိုင် အင်အားစုများနှင့် နားလည် မှုရှိဖို့တော့လိုပါသည်။
ရှုမြင်ကွင်း (၃)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်သဘောထားပျော့ပြောင်းသူများနှင့် လက်တွဲထားသော်လည်း သဘောထားပျော့ပြောင်းသူများကိုယ်တိုင်ကရယ်ဒီကယ်သမားများကို မလွန်ဆန်နိုင်လျှင် (သို့မဟုတ်) ရယ်ဒီကယ်သမားများနှင့်မဟာမိတ်ပြုထားလျှင်လက်နက်ကိုင်အင်အားစု နှင့် ထိပ်တိုက်တိုးနိုင်စရာပိုများ ပါသည်။ကံကောင်းထောက်မ၍ ဒီမိုကရေစီရလျှင်သော်မှရေရှည်ခံနိုင်ဖွယ်ရာ မရှိပါ။အာမခံချက်မရှိသော ဒီမိုကရေစီသာဖြစ်ပါလိမ့်မည်။
ရှုမြင်ကွင်း (၄)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်သဘောထားတင်းမာသူများနှင့်လက်တွဲ မဖြုတ်ရှိနေစဉ်မှာပင် သဘောထားပျော့ပြောင်းသူများဘက်မှပြုပြင်ပြောင်းလဲရေးသမားများနှင့် မဟာမိတ်ပြုနိုင်လျင်မူ၊ “တစ်စုံတရာပျော့ ပြောင်းသောအာဏာပိုင်စနစ်” (liberalized autocracy) ရနိုင်ပါသည်။သို့တစေ ဤအခြေအနေမှာ မတည်ငြိမ်ပါ၊အကောင်းသို့မဟုတ် အဆိုးတစ်ခုခုသို့ ဦးတည်သွားနိုင်သည်။
ဘာအကောင်းဆုံးလဲ
          သေချာသည့်အချက်ကိုဆိုရလျှင်ယခင်အာဏာပိုင်စနစ်ဟောင်းမှ ပြုပြင်ပြောင်းလဲရေးသမားများ ဖြစ်စေ ၊ အတိုက်အခံဒီမိုကရေစီအင်အားစုမှ သဘောထားပျော့ပြောင်းသူများဖြစ်စေ ၊ မည်သည့်အင်အားစု မဆို၊ နိုင်ငံရေးအာဏာရယူလိုကြမည်သာဖြစ်ပါသည်။နိုင်ငံရေး၏ သဘောသဘာဝမို့ အပြစ်မဆိုသာပါ။ အဆိုပါ ပြုပြင်ပြောင်းလဲရေးသမားများနှင့်သဘောထားပျော့ပြောင်းသူများအတွက် ဆိုခဲ့ပါရှုမြင်ကွင်းလေးရပ် ထဲမှ မည်သည့်ရှုမြင်ကွင်းကအာဏာရဖို့အလားအလာ ပိုရှိနိုင်သည်ကို တွက်ဆကြည့်ပါမည်။ ဤအတွက် ရှုမြင်ကွင်းတစ်ခုစီ၏နောက်တွင်“ကွင်းစ ၊ ကွင်းပိတ်” ဖြင့်ဖော်ပြထားသော ဂဏန်းနှစ်လုံးမှာ ညွှန်ကိန်းများပင် ဖြစ်သည်။ရှေ့ဂဏန်းမှာပြုပြင်ပြောင်းလဲရေးသမားများအတွက်ဖြစ်ပြီး ၊ နောက်ဂဏန်းမှာ သဘောထား ပျော့ပြောင်းသူများအတွက်ဖြစ်သည်။ဂဏန်းကြီးလေ အာဏာရဖို့အလားအလာ ပိုကောင်းလေဖြစ်သည်။ ဥပမာ - “၄” သည်အလားအလာအကောင်းဆုံး၊ “၁” သည်အလားအလာအနည်းဆုံး -ဟူလို (ဇယားကိုပြန် ကြည့်ပါရန်)
          ရှုမြင်ကွင်း(၁)မှာပြုပြင်ပြောင်းလဲရေးသမားများအတွက်ရော၊သဘောထားပျော့ပြောင်းသူများအတွက် ပါ အာဏာရဖို့အလားအလာနည်းပါသည်။အထူးသဖြင့် သဘောထားပျော့ပြောင်းသူများအတွက်ဆိုလျှင် မရှိ သလောက်ပင်နည်းသည်။ထို့ထက်အရေးကြီးသည်မှာ၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေမည့် ရှုမြင်ကွင်းဖြစ် ပါသည်။
          ပြုပြင်ပြောင်းလဲရေးသမားများအတွက်၊ အာဏာရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၄)ပင်ဖြစ်သည်။ သို့တစေမှာ ဤရှုမြင်ကွင်းမှာလှုပ်နေသည်ဖြစ်၍ ၊ အာဏာရလျှင်ပင် တည်ငြိမ်သော အစိုးရဖြစ်ဖို့ ခက်ခဲနိုင် ပါသည်။ဒီမိုကရေစီအပြောင်းအလဲမှာလည်း ရှေ့မတိုးနောက်မဆုတ် အီလည်လိုက်နေဖို့များပါသည်။ (frozentransition)
          သဘောထားပျော့ပြောင်းသူများအတွက်အာဏာရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၃)ဖြစ်ပါသည်။ သို့တိုင်အောင် ဤရှုမြင်ကွင်းမှာနောက်ကြောင်းပြန်နိုင်ခြေအများဆုံးဖြစ်၍ အကောင်းဆုံးဟု မဆိုနိုင်ပါ။ အကယ်၍ နောက်ကြောင်းပြန်လျှင်သဘောထားပျော့ပြောင်းသူများအတွက် အာဏာရဖို့အသာထား တရားဝင်နိုင်ငံရေးအင်အားစု တစ်ခုအဖြစ်ရပ်တည်ဖို့ပင်ခက်သွားနိုင်သည်။
          ပြုပြင်ပြောင်းလဲရေးသမားများအတွက်ရောသဘောထားပျော့ပြောင်းသူများအတွက်ပါ အာဏာရနိုင် ခြေဆတူဖြစ်ပြီး အာမခံချက်ရှိသော ဒီမိုကရေစီရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၂) ပင်ဖြစ်ပါသည်။ဤနေရာ တွင် အာမခံချက်ဆိုသည်မှာပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားပျော့ပြောင်းသူများအတွက် သာမက၊ လက်နက်ကိုင်အင်အားစုအပါအ၀င် အားလုံးအတွက် အာမခံချက်ရှိရမည်ဖြစ်ပါသည်။လက်နက်ကိုင် အင်အားစုများအနေနှင့်လွတ်လပ်သော ပရော်ဖက်ရှင်နယ်အင်အားစုအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်သလို သဘောထားတင်းမာသူများအနေနှင့်လည်းအမျိုးသားရေးအင်အားစု တစ်ရပ်အဖြစ် ဥပဒေဘောင်အတွင်း လွတ်လွတ်လပ်လပ်လှုပ် ရှားခွင့်ရှိရမည်ဖြစ်သည်။ဆိုရလျှင်နိုင်ငံရေးအင်အားစု အားလုံးအတွက် အကောင်းဆုံးရှုမြင်ကွင်းဖြစ်၍ နတ်လူ သာဓုခေါ်စေနိုင်မည့်အခင်းအကျင်းဖြစ်ပါသည်။
          မြန်မာ့နိုင်ငံရေးအင်အားစုများအနေနှင့်အဆိုပါအကောင်းဆုံးရှုမြင်ကွင်းသို့ ဦးတည်နိုင်စေရန် အမျှော် အမြင်ရှိရှိ ဗျူဟာခင်းနိုင်ကြပါစေသတည်း.......။

                                                                                     
Read More »

လူငယ်နဲ့ မာန

မာနကို တိုက်ရိုက်အဓိပ္ပာယ်အနေနဲ့ ထောင်လွှားခြင်းဆိုပြီး သိထားကြပါတယ်။ သို့သော်လည်းပဲ ဒါလောက် နဲ့တော့ မပြည့်စုံဟု ထင်မိပါတယ်။ ဒါပေမယ့် ထောင်လွှားမှုကအဓိကဖြစ်နေတော့ ဒါလေးကိုပဲ ဦးစားပေးပြီး ပြောချင်ပါတယ်။ အထူးသဖြင့်တော့ မထောင်လွှား၊ မပလွှားသင့်တာကို ထောင်လွှား ပလွှားခြင်းကြောင့် မလိုလား အပ်တဲ့ ဆိုးကျိုးတွေ တစ်ခုပြီးတစ်ခု တန်းစီပြီးတော့ ဖြစ်ပေါ်တတ်တာကြောင့် ဒါလေးကို မီးမောင်းထိုးပြလိုတဲ့အတွက် ကြောင့် လူငယ်နဲ့ မာနဆိုတာလေးကို ရေးသားလိုက်ပါတယ်။
    အထူးသဖြင့်တော့ ပြိုင်ဆိုင်မှုလွန်ကဲရင် မကောင်းမှုတွေဟာ သက်ရောက်မှုအားပြင်းစွာနဲ့ ပေါ်ပေါက်လာတတ် ပါတယ်။ တီဗွီကလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲမျိုးစုံဟာလည်း ဒါကို အခြေတည်ပြီးရိုက်ပြတာများပါတယ်။ အချစ်ကြောင့်၊ အလုပ်ကြောင့်၊ ပညာကြောင့်၊ စီးပွားရေးကြောင့်ဆိုပြီး အရေးကိစ္စတော်တော်များများမှာ ပြိုင်ဆိုင်မှု တွေက လွန်လွန်ကဲကဲဖြစ်တာကို ပုံဖော်ထားတဲ့ ဇာတ်လမ်းများဖြစ်ပါတယ်။
    ဆရာတော်တစ်ပါးပြောဖူးတယ်။ မာနဆိုတာ ပထမကတော့ မာတယ်ထင်ပေမယ့်၊ နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနဲ့ မာပြီးတော့ နသွားတတ်တယ်တဲ့။ ဟုတ်ပါတယ်။ မာနဆိုတာ မာပြီးရင် နသွားတတ်ပါတယ်။ ဒီမာနနဲ့ တွဲပြီးပါလာတာကတော့ မာန်တက်တယ်။ မာန်ြ<ွကတယ်ဆိုတာပါပဲ။ြေ>ွမတွေ ပါးပြင်းထောင်တာကို ဥပမာ ပေးရမယ်ဆိုရင်တော့ သူတို့လည်း ထောင်စရာလေးရှိနေသေးလို့ ပါးပြင်ထောင်တာပေါ့၊ ထောင်စရာ အစွယ်မရှိတော့ ရင် အလိုလိုနေရင်း အလမ္ပာယ်ဆရာရဲ့လက်ထဲမှာ ခွေခွေလေးနေနေရတတ်သလိုပါပဲ။ မာန်ထောင်စရာလေးရှိနေ သေးရင်တော့ ဒီအစွယ်လေးနဲ့ အမောက်ထောင်ထောင်ပြနေပေမယ့်၊ အစွယ်လေးကျိုးသွားပြီဆိုရင်တော့ မာန်ထောင်မှုလည်း အလိုလိုပျော့ခွေသွားတတ်ပြီး မာရင်းကနေ နသွားတတ်တာဆိုတာပါပဲ။
    ခုနကပြောခဲ့တဲ့ စကားထဲမှာ မာန်တက်တယ်။ မာန်ြ
    ဒီတော့ အေးစက်မာကြောသွားရတဲ့ ဆက်ဆံရေးတွေကနေ ငါ့လောက်သူ မလုပ်နိုင်ဘူး၊ မအောင်မြင်နိုင်ဘူး။ ငါ့လောက် မတော်ဘူး။ ငါ့လောက် အကျိုးဖြစ်ထွန်းမှုမရှိပါဘူး။ ဒီကောင်လောက်ကတော့ အပျော့ဘဲဆိုတဲ့ ပုံစံနဲ့ ငါကိုရှေ့တန်းတင်ပြီး မာနေတဲ့ မာန်တွေကို မလိုအပ်ဘဲ ထောင်ပြခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေတန်းစီ ပြီး ဆုံးရှုံးမှုတွေ တစ်ခုပြီး တစ်ခု တန်းစီကျရောက်လာတော့တာပေါ့။ ဒီတော့ စီးပွားအတူလုပ်၊ သို့မဟုတ် သူ့အကျိုး ကိုယ့်အကျိုးအတူ ဆောင်ရွက်ဖက်ကနေ အေးစက်မာကြောနဲ့ ဆက်ဆံရေးတွေနဲ့ တဖြည်းဖြည်း တင်းမာလာရင်း နောက်ဆုံး တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေ၊ နောက်ပြောင်မှုတွေကနေတဆင့် အသက်ပါထိခိုက်နိုင်တဲ့အထိ ဖြစ်လာ တတ်တာဟာ ဒီမာနလေးကြောင့်ပါပဲ။
    မိမိရဲ့သူငယ်ချင်းတွေထဲမှာလည်း လူငယ်တွေ အပြိုင်အဆိုင် လွန်ကဲမှုကနေတဆင့် နောက်ဆုံးမြောင်းထဲကို ထိုးကျသွားတာတွေ ရှိနေတတ်တယ်။ တချို့ကတော့ လုပ်ငန်းကျွမ်းကျင်မှုကြောင့်၊ ပညာကြောင့်၊ ရုပ်ရည်ကြောင့် ဆက်ဆံရေးကောင်းမွန်တာကြောင့် အမျိုးမျိုးပါပဲ နေရာအသီးသီးကို တက်လာကြတယ်။ ဒီတော့ အတူတူလုပ်နေရင်း ကနေ သူကငါလောက်မတော်ဘဲ ဘာဖြစ်လို့ ငါ့ထိပ်မှာရှိနေရတာလဲ၊ ငါ့လောက်မတော်တဲ့လူကို ငါ့ခေါင်းပေါ်ကနေ နင်းလျှောက်စေတာဟာ မဖြစ်သင့်ဘူး။ ဒီလိုနဲ့ တစ်ဦးကိုတစ်ဦး ပြိုင်ကြဆိုင်ကြရင်း မြောင်းထဲကို ထိုးကျသွားတော့ တာပေါ့။ ဒါကြောင့် ဒီမာနဟာ လူငယ်တွေအနေနဲ့ လူငယ်ပီပီ စိတ်ခံစားမှုရှိပေမယ့် ကိုယ့်စိတ်ကို ရင့်ကျက်တဲ့ တည်ဆောက်မှုတွေနဲ့ ပုံသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ထိပ်မရောက်ခင်မှာပဲ တဖုတ်ဖုတ်နဲ့ ပြုတ်ကျရင်း ပြန်ပြီးတော့ မထနိုင်တော့တဲ့အထိ အထိနာပြီး ဘဝကို အရှုံးပေးသွားရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ မာနထောင်လွှားမှုမျိုးကိုတော့ ရှောင်ပါ။
    ပြိုင်ဆိုင်မှုတိုင်းကိုတော့ မကောင်းဘူးလို့ မသတ်မှတ်လိုပါဘူး။ သို့သော်လည်း ကောင်းတဲ့ပြိုင်ဆိုင်မှုတွေမှာ တစ်ဦးကိုတစ်ဦး မထိခိုက်ဘဲ၊ ချစ်ခင်မပျက်ဘဲ၊ မိတ်မပျက်ဘဲ ပညာရေး၊ စီးပွားရေးမှာ မသိမသာပြိုင်ဆိုင်မှုမျိုးကို တော့ လုပ်သင့်ရင်လုပ်ပါ။ ဒါကတော့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုပါပဲ။ သို့သော်လည်း ဒီလိုပြိုင်ဆိုင်တာကို ကိုယ့်ရဲ့ ပြိုင်ဘက် မသိစေပါနဲ့၊ ကိုယ့်လမ်းကိုသာ အေးအေးဆေးဆေး လျှောက်ရင်း မသိမသာ သူ့ထက်သာအောင် လုပ်ဆောင် မှုမျိုးကိုတော့ အားပေးချင်ပါတယ်။
    မာနဆိုတာတွေ ကျမ်းဂန်မှာတော့ အမျိုးမျိုး သူ့နေရာသူ ဖွင့်ပြထားတာ တွေ့ရပါတယ်။ အဲဒါတွေကို အကျဉ်းချုံ့ပြီးတော့ အနည်းငယ်ဆီ မိတ်ဆက်ပေးလိုပါတယ်။ တချို့ကတော့ အမျိုးအနွယ်ဇာတ်အားဖြင့် ထောင်လွှားမှု တွေဖြစ်လာတတ်ပါတယ်။ ငါက ချမ်းသာတဲ့အမျိုးကနေ ဆင်းတတ်လာတာ။ ငါတို့အမျိုးက ချမ်းသာတယ်ဆိုပြီး  ဆင်းရဲသူတွေကို မထီမဲ့မြင်လုပ်ချင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မာနမျိုးပေါ့။ ဒီတော့ လူကို လူလိုမမြင်နိုင်တော့ဘူး ငါက ချမ်းသာတယ်။ သူတို့က ဆင်းရဲတယ်ဆိုပြီး ထောင်လွှားမှုတွေကနေတဆင့် မလိုလားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာခဲ့တယ်။
    တချို့ကတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းပုံစံမျိုးနဲ့ ထောင်လွှားခြင်းဆိုတာတွေလည်း ရှိတတ်ပြန်ပါတယ်။ တကယ့်ကို ကိုယ့်ကိုယ်ကို သူတော်ကောင်းဆိုရင် ဒီထောင်လွှားမှုမျိုးဟာ မကောင်းတဲ့အကျိုးကိုပေးတတ်တာကြောင့် မသူတော်ဖြစ်နေတာကို သူကိုယ်တိုင်မသိတော့ဘူး။ ကိုယ့်ကိုယ်ကို ကောင်းတယ်တာလောက်တော့ မဆိုးသေးပါဘူး။ ဒါပေမယ့် အခြားလူတွေကို ပုတ်ခတ်လာမယ်၊ ဝေဖန်လာမယ်။ ပြစ်တင်လာမယ်ဆိုရင်တော့ ဒီသူတော်ကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ထောင်လွှားလိုက်မိတဲ့မာနဟာလည်း နောက်ဆုံးတော့ ကိုယ့်ဂုဏ်ကိုဖော် မသူတော်ဖြစ်သွားရတတ် ပါတယ်။ ဒါဟာလည်း မကောင်းတဲ့ အကြောင်းတရားဖြစ်တဲ့ ထောင်လွှားမှုပါပဲ။
    အချို့ကတော့ အတိတ်ကံပေးမှုကြောင့် ရလာတဲ့ ရုပ်ရည်အဆင်းလေး ဗန်းပြပြီး ထောင်လွှားမှု၊ မောက်မာ မှု၊ မော်ြ
    တချို့ကတော့ ပညာတတ်တယ်ဆိုပြီး ထောင်လွှားမှု လုပ်တတ်ပါတယ်။ တကယ်က ပညာတတ်တယ်ဆိုတာ အဲဒီ ထောင်လွှားမှုမျိုးတွေကို မကောင်းမှန်းသိပြီး ရှောင်ကျဉ်မှသာ ပညာတတ်ဖြစ်ပါလိမ့်မယ်။ ငါကတော့ ဘာဘွဲ့ကြီး ရထားတယ်။ ငါရတဲ့ ဘွဲ့ကြီးနဲ့ ဒီနေရာနဲ့တန်သလားဆိုပြီး ထောင်လွှားပြီးတော့ မောက်မာမှု၊ တင်းမာမှုတွေကနေ နောက်ဆုံး ပညာတတ်သူလည်း မြောင်းထဲရောက်သွားရတာပါပဲ။ ဒါကြောင့် ကိုယ်တတ်တဲ့ ပညာဟာ ထောင်လွှား ဖို့၊ မောက်မာဖို့ မဟုတ်ဘူးဆိုတာ သိပြီး ပညာကို အကျိုးကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
    နောက်တစ်ခုကတော့ လုပ်ငန်းခွင်တွေမှာဖြစ်တတ်တဲ့ ထောင်လွှားမှုပါပဲ။ ဒါကတော့ တော်တော်များများ တွေ့နေရတဲ့ မာနပါပဲ။ ငါက ဒီလုပ်ငန်းကို ကျွမ်းကျင်တယ်။ ပိုင်နိုင်တယ်။ ဒါကြောင့် ဒီနေရာက ငါနဲ့သာထိုက်တန် တယ်။ ဘာမှ မသိတဲ့၊ မတတ်တဲ့၊ မကျွမ်းကျင်တဲ့လူကို နေရာပေးတာကတော့ အဓိပ္ပာယ်မရှိဘူးဆိုပြီး ထောင်လွှားရင်း ကန့်လန့်တိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်က သူထက်သာနေပေမယ့် သူလောက် နေရာမရခြင်းဟာ ကိုယ့်ရဲ့ မသိမသာ ညံ့ဖျင်းမှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့် ငါသူ့ထက် ဘာတွေ ညံ့ဖျင်းနေတာလဲဆိုတာ သိအောင် အဖြေရှာပြီး ပတ်ဝန်းကျင်ကို မထိခိုက်တဲ့နည်းနဲ့ စိတ်ထားမှန်မှန်နဲ့ ကြိုးစားမယ်၊ လုပ်ဆောင်မယ်ဆိုရင် ကိုယ်လည်း နေရာရပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့လေ ဒါကတော့ ခေါင်းဆောင်ပိုင်းနဲ့လည်း အရေးကြီးတာ ပေါ့။ ခေါင်းဆောင်ပိုင်းက အရည်အချင်းမရှိဘဲ တစ်ဖက်သတ်ယုံကြည်မှုမျိုးတွေနဲ့ တော်သည်၊ ညံ့သည်ဆိုတာကို မဆုံးဖြတ်နိုင်ရင်တော့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိကကတော့ ကိုယ့်ဘက်က စိတ်ထားကောင်းခြင်းဆိုတဲ့ စိတ်ဓာတ်မွန်မြတ်မှုကို မွေးပြီး တော်တည့်မှန်ကန်စွာ လုပ်ဆောင်ဖို့ကတော့ အရေးကြီးပါတယ်။
    ဆိုတော့ များစွာရှိနေတဲ့ မကောင်းတဲ့ ထောင်လွှားခြင်း မာနဆိုတာတွေဟာ ကိုယ့်အတွက် ဘာမှကောင်းကျိုးကို မပေးနိုင်တဲ့အတွက် ဖြေလျော့နိုင်အောင် လုပ်ဆောင်ဖို့၊ မာနဆိုတာ မာတယ်ထင်ပေမယ့် တချိန်မှာတော့ ပျော့ခွေ သွားရင်း နောက်ဆုံး နသွားတတ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါကြောင့် မာနကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အမွေဆိုးတွေကို မခံရအောင် ကိုယ်တိုင်တိုက်ထုတ် ဖြေရှင်းနိုင်မှသာလျှင် ဒီထောင်လွှားမှု၊ မောက်မာ မှု။ြ

မောင်မင်းစိုး
Read More »

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း - ကျော်ဝင်း

အစွဲ နှင့် ခေါင်းဆောင်မှု

မြန်မာ့နိုင်ငံရေး ဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန်သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးကမှတ်ချက်ပြုဖူးသည်။ဤအချက်ကဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်စေရေးအတွက် ခက်ခဲနိုင်သလို၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေးအတွက် အထောက်အကူ ဖြစ်စေ သည်ဟုလည်း သူက ကောက်ချက်ချခဲ့သည်။စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဥာဏ်မီ သလောက်ဆိုရလျင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့်ကောက်ချက်မှာ သွေးထွက်အောင်မှန်သည်ဟု ထင်ပါသည်။                                                                                                      
တစ်ခုတော့ရှိသည်။အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုက ၊ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲကို ဖေါက်ထွင်းစဥ်းစားနိုင်လျင်မူ၊ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။ဥပမာ-ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေးကြိုးပမ်း မှုနောက်ဆုံး အဆင့်။ထိုစဉ်ကာလ ၊ပြည်တွင်းမှာရော၊နိုင်ငံတကာတွင်ပါ သြဇာကြီးလှသော၊ လက်ဝဲရယ်ဒီကယ်လှိုင်းကြီးကိုကျော်ပြီး၊လွတ်လပ်ရေးအရယူပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ခေါင်းဆောင်မှုမျိုး ဖြစ်သည်။
သို့နှင့်တိုင် ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်း လွတ်လပ်ရေးခေတ်ဦးမှာပင် ၊လက်ဝဲ လက်ယာ အပြုတ်တိုက် ရယ်ဒီကယ်လှိုင်းများကို မကျော်လွှားနိုင်ရာမှ၊ပြည်တွင်းစစ်၊ဇတ်နာကြီး နှင့် တိုးခဲ့ရသည်။ အကျိုးဆက်ကား၊အားယူခါစ ဒီမိုကရေစီ နိုင်ငံရေးစနစ် သက်တမ်းကုန်သွားခြင်းပင်။ သည်လိုနှင့် ဆယ်စုများစွာ ပျောက်ဆုံးသွားခဲ့ရသော ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းနိုင်ဖို့၊ မနည်းကြိုးစားရုန်းကန် နေရဆဲမှာပင်၊ ရယ်ဒီကယ် အန္တရာယ်လှိုင်းများကား ဆုံးပဲမဆုံးနိုင်။တစ်ကျော့ တဖန် ပြန်လည်အားသစ်လာသည်ကို တွေ့နေရသည်။                                

ဓလေ့နှစ်မျိုး

ဤနေရာတွင်၊စကားလုံးများနှင့် ဆက်စပ်နေသော သဘောထားများကို၊ပြန်ရှင်းဖို့လိုမည် ထင်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက်အရ၊“ရယ်ဒီကယ်” ဆိုသည်မှာ၊“အရင်းအမြစ်မှတော်လှန်ပြောင်းလဲ
လိုသော”ဟုအဓိပ္ပါယ်ရသည်။နိုင်ငံရေးအရဆိုလျှင်၊သဘောထားမတူသူချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ရည်ရွယ်သော၊ ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေးဓလေ့ပင် ဖြစ်သည်။ဆိုရလျင် ပြည်တွင်းစစ် “ချသမိုင်း“ကြီးကို မွေးထုတ်လိုက်သည်မှာ ဤဓလေ့ပင်ဖြစ်သည်။

ကြည့်ပါ။ ၁၉၄၈ နောက်ပိုင်း၊အစိုးရအဆက်ဆက်၏ ရည်မှန်းချက်မှာ၊သူပုန်သကန်အမြစ်ဖြုတ် ရေးဖြစ်သည်။အပြန်အလှန်အနေနှင့်၊တောတွင်းလက်နက်ကိုင် အင်အားစုအသီးသီး၏ ရည်မှန်းချက် မှာလည်း၊ အစိုးရဖြုတ်ချရေးပင်ဖြစ်သည်။သူ့အကြောင်းနှင့်သူ အစိုးရတွေပြောင်းသွားသော်လည်း ၊ “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကြောင့် ပြုတ်ကျသွားသော အစိုးရဆို၍ တစ်ခုမှမရှိ။တစ်ဘက် က သူပုန်လည်းအမြစ်မပြတ်။တိုင်းပြည်သာ စုတ်ပြတ်သွားခဲ့ရသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသာ စတေးခဲ့ရသည်။ရယ်ဒီကယ် ဓလေ့ဖြင့်၊ပြည်တွင်းစစ် မရပ်နိုင်သည့်သာဓက။ဒီမိုကရေစီ ရေစုန်မျော ခဲ့ရသည့် သင်ခန်းစာ။

ဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်ဖို့ဆိုလျင် “သဘောထားမတူသူများ၊ အတူလက်တွဲညှိနှိုင်း ဆောင်ရွက်ကြရမည့် ယဉ်ကျေးမှု” တစ်နည်း ၊ “ဒီမိုကရက်တစ်ဓလေ့“ထွန်းကားဖို့လိုပါလိမ့်မည်။ ခက်နေသည်မှာ၊မြန်မာ့နိုင်ငံရေး ဓလေ့တွင်၊အဆိုပါ “ဒီမိုကရက်တစ်ဓလေ့”ထက်၊ရယ်ဒီကယ်ဓလေ့က ပိုစွဲခိုင်နေခြင်းပင်။ပြောရလျင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းရောက်မှ ဒီမိုကရက်တစ် ဓလေ့ကို ခပ်ရေးရေး စတွေ့လာရသည်။ဒီကြားထဲမှပင်၊ရယ်ဒီကယ်လှိုင်းများကား ၊အခါခွင့်သင့်တိုင်း ၊   တ၀ုန်းဝုန်း ရိုက်ခတ်ဆဲ....။ဥပမာ - လက်ပံတောင်းကိစ္စ ၊မန္တလေး ရှစ်လေးလုံးငွေရတု...စသည်ဖြင့်..။ ဟော- အခု နောက်တစ်ကြိမ်လာပြန်ပြီ။

ပြင်ရေးလား / အသစ်လား

ပြည်တွင်းငြိမ်းချမ်းရေး၊ ကြိုးပမ်းမှု၊ အဆင့်တစ်ဆင့်သို့ ရောက်လာချိန်၊ လွှတ်တော်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့ပြီး၊ကြိုးပမ်းလာချိန်...၊(ပို၍ အရေးကြီးသည်မှာ) မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၊တည်တည်ငြိမ်ငြိမ်ရှေ့ဆက်နိုင်ရေးအတွက် အထူးလိုအပ်နေချိန်...။ ဤမျှအရေးကြီး၊အကဲဆတ်လှသော အခြေအနေမှာပင်၊ ဆိုခဲ့ပါ ဓလေ့နှစ်ရပ် တစ်ပြိုင်နက် ပေါ်လာသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်၊သဘောထား မတူသူများ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည်ဆိုသော “ဒီမိုကရက်တစ်ဓလေ့” နှင့် ၊ “၂၀၀၈ အခြေခံဥပဒေဖျက် ၊ အသစ်ပြန်ရေးရမယ်“ ဆို သော ထိပ်တိုက်ရင်ဆိုင်ရေး “ရယ်ဒီကယ်ဓလေ့” တို့ဖြစ်သည်။ နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင်  ရယ်ဒီကယ် အစွဲသန်သော၊ မြန်မာနိုင်ငံအတွက်၊ဒုတိယလမ်းကြောင်း (အသစ်ပြန်လည်ရေးဆွဲရေး)မှာ၊ လူကြိုက်များနိုင်သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆ၀ါးမိပါသည်။ သို့ တစေ သမိုင်းအတွေ့အကြုံများ အရ၊အန္တရာယ်ရှိနိုင်သည်။ လက်ရှိဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်းဖြစ်သွား နိုင်သည်။ စေတနာ မှန်သော၊ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုအနေနှင့် ဘာကိုရွေးကြမည်နည်း။

တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များက၊လက်တွေ့ကျသော၊ပထမ လမ်းကြောင်းကို ရွေးလိုက်ကြသည်ကို ကြားရဖတ်ရသောအခါ ကျေးဇူးတင်ဝမ်းမြောက်ရသည်။ အထူး သဖြင့် ၀ါရင့်သမ္ဘာရင့် တော်လှန်ရေးသမားကြီး ၊ KNU ဗဟိုကော်မတီဝင် ၊ဖဒိုမန်းငြိမ်းမောင် လို ပုဂ္ဂိုလ် မျိုး ကိုယ်တိုင်က ၊ ဒီမိုကရက်တစ်ဓလေ့ဖြင့် ရပ်တည်ပြလိုက်ရာ၊ သူ့စေတနာနှင့် သူ့အမျှော်အမြင်ကို လေးစားအားကျရသည်။“လ္ဘက်ရည်ဆိုင်၊ဘီယာဆိုင်တွေထဲက၊နိုင်ငံရေး မီးရှူးမီးပန်းများကို မှုစရာမလို တော့ပြီ...” တွေးမိတော့ပျော်သွားသည်။  သို့သော်.......။

မေတ္တာရပ်ခံချက်

ပွင့်ပွင့်လင်းလင်းဆိုရလျင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂ /၀၉ /၂၀၁၃) ကိုဖတ် ရသောအခါ စောစောက အပျော်တွေလွင့်စင်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က၊ ဆိုခဲ့ပြီး သော၊ လမ်းကြောင်းနှစ်ရပ် ၊ဓလေ့နှစ်ခု တွင်။ တိတိပပ အဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကိုရ ယူမည်” ဟုဆိုသည်။ “ ဘာလဲ....ဘယ်လိုလဲ”

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့်သဘောလား။ဤသို့ဆိုလျှင် ဘယ်သူက လုပ်ပေးမည် နည်း။ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။စာရေးသူ နားလည်သလောက်ဆိုရလျင် ၊ NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲ ကော်မရှင်မဟုတ်၊အစိုးရမဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစား ကြရမည်မှာ  “ ဆန္ဒခံယူပွဲတိုင်းသည်၊လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော...” ၊“လူထု ဆန္ဒအမှန်ကို ရရှိလျင်ပင်ထား ၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို  ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော...”။ “မဟာဗျူဟာချမှတ်ရန် အတွက်လူထုတွင် တာဝန် ကောရှိပါ၏လော....”။ရာစုဝက်ကျော်မျှ ၊ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေးချွတ်ခြုံကျနေ သော၊နိုင်ငံရေးသားကြောဖြတ်ခံရသော၊စားဝတ်နေရေးအတွက် ကျားကုပ်ကျားခဲ ရုန်းကန်နေကြရ သော၊ အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည်ထင်ပါသည်။

စာရေးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီးမျှော်လင့်ထားပါသည်။အထူးသဖြင့် လက်ဝဲရယ်ဒီကယ် အစွဲသန်သော မြန်မာ့နိုင်ငံရေးတွင်၊ ရှားရှားပါးပါး “လစ်ဘရယ်စိတ်အခံရှိသူ” ဟု မြင်ထားသည်။ သူမကိုယ်တိုင်ရေးသော ဆောင်းပါးတစ်ပုဒ်အရ၊ “တော်လှန်ရေးကာလ နှင့် တည်ဆောက်ရေးကာလ” ကို ကောင်းစွာခွဲခြား သိမြင် နိုင်သူဟု ယုံကြည်ထားပါသည်။ လက်ပံတောင်းအရေးကို ကိုင်တွယ်ခဲ့သော ၊ အမျှော်အမြင်ဖြင့် ယခုကိစ္စကို ပြန်လည်စဉ်းစားပေးပါ ဟု လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ကျော်ဝင်း
၂၉ .စက်တင်ဘာ.၂၀၁၃
Read More »