Thursday, October 17, 2013

အာဏာပြန်သိမ်းမှာစိုးလို့ ဖက်ဒရယ်ကိစ္စမပြောဘဲ နေရမှာလား(ထက်အောင်ကျော်)


“တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားမှာ စိုးရိမ်ရဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖက်ဒရယ်ကိစ္စ ဆွေးနွေးမှုကို အကြောင်းပြပြီး စစ်တပ်က ဖွဲ့စည်းပုံအရ အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုပါပဲ” လို့ မင်းစိုးလင်းက ပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) မှ အတွင်းရေးမှူး အခုလို စကားပြောနေတဲ့ နေရာက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဖြစ်ပါတယ်။
ဒီလောက် အရေးကြီးတဲ့စကားကို နေပြည်တော်က လွှတ်တော်ထဲမှာ မပြောဘဲ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့အရပ်မှာ ဘာကြောင့် သွားပြောနေတာလဲ ဆိုပြီး မေးခွန်းထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလိုပါ။ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ နော်ဝေ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးစနစ်ကို လေ့လာဖို့ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် ၁၃ ဦးကို မြန်မာ့အရေး စိတ်ဝင်စားတဲ့ နော်ဝေ နိုင်ငံသားတွေ၊ ငြိမ်းချမ်းရေး သုတေသီတွေ၊ ပညာရှင်တွေ၊ NGO ဝန်ထမ်းတွေက မေးမြန်းစဉ် မင်းစိုးလင်းက အခုလို ပြောသွားတာပါ။
နော်ဝေနဲ့ မြန်မာဟာ မိုင်ပေါင်းထောင်ချီ ဝေးတယ်ဆိုပေမယ့် အခုလောလောဆယ် မြန်မာနိုင်ငံမှာ အရှိန်အကောင်းဆုံး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စတွေကို အဓိက အကူအညီ ပေးနေသူဟာ နော်ဝေနိုင်ငံ ဖြစ်ပါတယ်။ Myanmar Peace Center (MPC) မြန်မာ ငြိမ်းချမ်းရေးစင်တာကို အဓိက ကူညီပေးနေတာဖြစ်ပြီး ဒီအကူအညီတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို မြန်မာအစိုးရက ဆက်တိုက် လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝေဖန်သူ တချို့ကတော့ နော်ဝေနဲ့ နိုင်ငံတကာကပေးတဲ့ အကူအညီတွေဟာ MPC နဲ့ အစိုးရ ဝန်ကြီးဌာနတွေဆီပဲ ရောက်နေပြီး ပဋိပက္ခရဲ့ အခြားတစ်ဖက်ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ မရောက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ MPC အဖွဲ့ဝင်တစ်ဦးကတော့ တိုင်းရင်းသား အဖွဲ့တွေဆီကို ဂျပန်နိုင်ငံမှ Nippon Foundation က ထောက်ပံ့ပေးနေတာ ရှိပါတယ်လို့ တုံ့ပြန်ချက်ပေးပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အရင်မဆလခေတ်၊ နဝတခေတ်ကလို မြန်မာ့တပ်မတော် အရာရှိနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကြား တီးတိုးစကား ပြောတဲ့အဆင့် မဟုတ်တောပါ့။
ပြည်တွင်းရေး ကိစ္စသက်သက် မဟုတ်တော့ပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ထဲထဲဝင်ဝင် ဆက်စပ်လာနေပြီ ဆိုတဲ့သဘော ဖြစ်ပါတယ်။
ဒီလိုနိုင်ငံတကာနဲ့ ပိုမိုဆက်စပ်လာချိန်မှာ၊ အစိုးရနဲ့ လွှတ်တော်ကိုယ်တိုင်က နိုင်ငံရေး အမြင်တွေကို လွတ်လပ်စွာ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုတောင် ပြန်ပြင်ဖို့ လွှတ်တော်ကော်မတီ ဖွဲ့ထားပေးစဉ်မှာ ဖက်ဒရယ်ကိစ္စ သိပ်ပြောရင် စစ်တပ်က အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှု ဘာကြောင့် ပေါ်ထွက်လာတာလဲ။
၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ပြင်ရေး၊ သို့မဟုတ် အသစ်ပြန်ရေးဖို့ လိုတယ်ဆိုပြီး အဖွဲ့အတော်များများက အထူးသဖြင့် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေက ပြောဆိုဆွေးနွေးမှုတွေ အရှိန်အဟုန် ကောင်းလာတာကြောင့်လို့ ယူဆရပါတယ်။ တိုင်းရင်းသားတွေဘက်က ဒီလိုပြောဆိုမှု အရှိန်ကောင်းလာသလို အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းကလည်း ၂၀၀၈ ကို ပြန်ပြင်ဖို့ သို့မဟုတ် ပြန်ရေးဖို့ လှုပ်ရှားမှုတွေ တိုးပြီးဆောင်ရွက်လာတာ တွေ့နေရပါတယ်။
“လက်ရှိအနေအထားမှာ အစိုးရက ပြုပြင်ပြောင်လဲရေး တကယ်လုပ်နေပြီလို့ မပြောနိုင်သေးဘူး။ ပြုပြင်ပြောင်းလဲရေးဘက်ကို မျက်နှာမူထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်” လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာ တာဝန်ခံ ကိုမြအေးက ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်ပြီဆိုရင် လတ်တလော လုပ်နေတဲ့ တင်းကျပ်မှုတွေ လျှော့ချရေး လုပ်ငန်းစဉ်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးကအစ နိုင်ငံရေးအရ အရေးကြီးတဲ့ ပြုပြင်မှုတွေကို အစိုးရဘက်က ဆောင်ရွက်ပေးဖို့ လိုတယ်လို့ သူကထောက်ပြပါတယ်။
ဒါက လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးသက်သက်ကို အားမရဘဲ တကယ့်ပြုပြင် ပြောင်းလဲရေးဆီ သွားချင်နေတဲ့ လူတွေရဲ့ဆန္ဒပါ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ စစ်တပ်နဲ့ အစိုးရက ပေးထားသလောက်ကိုပဲ ယူပြီး အဲဒီထက် ပိုမတောင်းသင့်သေးဘူး၊ ပိုတောင်းရင် စစ်တပ်နဲ့ စစ်ဗိုလ်ဟောင်း နိုင်ငံရေးသမားတွေက အာဏာပြန်သိမ်းသွားနိုင်တယ်။ နောက်ပြန်ဆုတ် သွားနိုင်တယ်ဆိုပြီး စိုးရိမ်နေသူတွေလည်း အတော်များလာနေတာ တွေ့ရပါတယ်။
တကယ်တော့ စိုးရိမ်သူတွေဘက်က မမှားသလို ဖက်ဒရယ်တောင်းသူတွေ ဘက်ကလည်း မမှားပါဘူး။ ဒါဖြင့် ဘာမှားနေတာလဲ။ မှားနေတာက နိုင်ငံရေးစနစ်ဟောင်း လက်ကျန်နဲ့ သမားရိုးကျ စဉ်းစားပုံတွေသာ ဖြစ်တယ်လို့ ထင်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် တပ်မတော်အုပ်ချုပ်မှု သို့မဟုတ် အစိုးရ အုပ်ချုပ်မှုအောက်မှာ နေလာရသူတွေဆိုတော့ စစ်တပ်ပြန်လာမှာကို အမြဲတမ်း စိုးရိမ်နေတာ သဘာဝကျပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီစစ်တပ်က တစ်ချိန်လုံး အနိုင်ကျင့်ထားလို့ ဘာမှမပြောနိုင်၊ မဆိုနိုင်ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသားတွေ ဘက်ကလည်း သူတို့ရဲ့ဆန္ဒကို ဒီလိုပွင့်လင်းလာချိန်မှာမှ ထုတ်မပြောရင် ဘယ်အချိန်မှာ သွားပြောရမှာလဲ။
အရေးကြီးတာက တိုင်းရင်းသား အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကြားမှာ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှု ရှိဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီနဲ့ တိုင်းရင်းသား အခွင့်အရေးဟာ ခေါင်းနဲ့ပန်းလို တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ တစ်ခုမရှိရင် တခြားတစ်ခုလည်း ရှင်သန်ဖို့ မလွယ်ဘူး ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ တည့်တည့် ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေ ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ဆိုတာနဲ့ ဒီမိုကရေစီ အင်အားစုတွေ ပြောနေတဲ့ ဖွဲ့စည်းပုံ ပြန်ပြင်ရေး ဆိုတာတွေဟာ တစ်ထပ်တည်း မကျသေးလို့ ဖြစ်ပါတယ်။
လေ့လာဆန်းစစ်သူတွေရဲ့အပြောအတိုင်းဆိုရင် ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ လက်ရှိလွှတ်တော်ထဲက လူအများစု ပြောနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် ဖက်ဒရယ်စနစ် ဆိုတာဟာ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို နည်းနည်းလျှော့ချပြီး ပြည်နယ်-တိုင်းအစိုးရတွေရဲ့လုပ်ပိုင်ခွင့်ကို နည်းနည်း တိုးပေးလိုက်ဖို့လောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ NLD နဲ့ ဒီမိုကရေစီ အင်အားစုတချို့ ပြောနေတဲ့ ဖွဲ့စည်းပုံပြင်ရေး ဆိုတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေ အာမခံချက်ရရေး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားပါတီတွေ၊ ငြိမ်းချမ်းရေး အဖွဲ့အားလုံးနီးပါး တင်ပြနေတာကတော့ လူမျိုးကို အခြေခံတဲ့၊ လူများစုဖြစ်တဲ့ ဗမာကလည်း ပြည်နယ်တစ်ခုအဖြစ် ပါဝင်တဲ့ ဖက်ဒရယ်စနစ်မျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလို မူကွဲသုံးခု ဖြစ်နေတာကိုကြည့်ပြီး နိုင်ငံရေးသမားတွေကြား အချင်းချင်း သဘောထား ကွဲနေကြပြီ၊ ဒါကိုညှိရင်းနဲ့ စစ်တပ်က ကြားကဝင်လာပြီး အာဏာသိမ်းသွားနိုင်တယ်။ ၁၉၆၂ အာဏာသိမ်းတုန်းကလည်း ဒီလို ဖက်ဒရယ်မူ ဆွေးနွေးမှုကိုပဲ အကြောင်းပြပြီး သိမ်းသွားတာ မဟုတ်လားဆိုတဲ့ စိုးရိမ်မှုတွေ လွန်ကဲလာနေတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုအမြင်မတူတာကိုက ဒီမိုကရေစီရဲ့သဘာဝပဲ ဆိုတာကို မျိုးဆက်သစ် နိုင်ငံရေးသမားတွေ လက်ခံဖို့ လိုပါတယ်။ ဒီလိုမတူတဲ့ အမြင်တွေကို ဆွေးနွေးငြင်းခုံဖို့ လွှတ်တော်ဆိုတာ ပေါ်လာတာပေါ့။ စီမီနာတွေ၊ ဆွေးနွေးပွဲတွေဆိုတာ ဒါတွေကို ငြင်းခုံဖို့ပေါ့။ အခုတော့ ကိုယ့်အမြင်၊ ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆွေးနွေးတာကိုပဲ စစ်တပ်ပြန်လာမှာကို ဖိတ်ခေါ်နေသူတွေအဖြစ် မြင်လာတာမျိုးကတော့ ‘စစ်တပ်ပေးသလောက်နဲ့ပဲ ကျေနပ်ပါတော့’ ဆိုတဲ့ အယူအဆမျိုး ဖြစ်နေပါတယ်။
အနှစ်ပြန်ချုပ် ရရင်တော့ အခုလို နိုင်ငံရေး ပွင့်လင်းစကာလဟာ ကိုယ့်အမြင်၊ ကိုယ့်ယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရမယ့် အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုထုတ်ပြောတာဟာ နည်းလမ်းတကျ ဖြစ်ဖို့လိုပြီး အဖြေတစ်ခုခု ရတဲ့ဘက်ဆီ ဦးတည်ဖို့ လိုပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား မတူတဲ့ သဘောထားတွေကိုညီအောင် အတင်းညှိတာမျိုး မဟုတ်ဘဲ မတူကွဲပြားတာတွေကို အပြန်အလှန် အသိအမှတ်ပြုဖို့၊ အပြန်အလှန် လေးစားနားလည်မှု ရဖို့ဆီ ဦးတည်သင့်ပါတယ်။
ဒီဆွေးနွေးချက်တွေအပေါ် တပ်မတော်ဘက်က စိုးရိမ်တယ်ဆိုရင်လည်း ဘာကြောင့် စိုးရိမ်တယ် ဆိုတဲ့အကြောင်း တပ်မတော်ဘက်ကလူတွေ ကိုယ်တိုင်ဝင်ရောက် ဆွေးနွေးသင့်ပါတယ်။ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်ကနေ ပြည်နယ်-တိုင်းလွှတ်တော် အသီးသီးအထိ ရှိနေတဲ့ တပ်မတော် ကိုယ်စားလှယ်တွေက တပ်ရဲ့အမြင်ကို ပွင့်လင်းစွာ ဆွေးနွေးဖို့ လိုပါတယ်။ အရပ်ဘက်ကလူတွေ ဆွေးနွေးနေစဉ် တပ်မတော်ဘက်က ဘာမှဝင်မပြောဘဲနဲ့ (ဘောလုံးစကားနဲ့ ပြောရရင်) လူကျွံဘော ထောင်ဖမ်းပြီး ပြစ်ဒဏ်ဘောရအောင် လုပ်တာမျိုး။ အာဏာပြန်သိမ်းနိုင်ဖို့ ကျားချောင်းသလို အကွက်ချောင်းနေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အဲဒီလိုချောင်းတဲ့ ခေတ်လည်း ကုန်သွားပြီလို့ ထင်ပါတယ်။
သေချာတာကတော့ ၂၀၁၃ ဟာ ၁၉၆၂ ခုနှစ် မဟုတ်တော့ပါ။ ၂၀၁၃ ရဲ့ ဇာတ်ကောင်တွေဟာ ၁၉၆၂ က ဇာတ်ကောင်တွေ မဟုတ်တော့ပါ။ ၂၀၁၃ ရဲ့ နိုင်ငံရေးသမားတွေဟာ ၁၉၆၂ က နိုင်ငံရေးသမားတွေ မဟုတ်တော့သလို ၂၀၁၃ စစ်သားတွေဟာလဲ ၁၉၆၂ တပ်မတော်သားတွေ မဟုတ်တော့ပါဘူး။ အတိတ်ကို သင်ခန်းစာယူရမှာ ဖြစ်ပေမယ့် အတိတ်မှာ တစ်ခါဖြစ်ခဲ့ဖူးတာနဲ့ အမြဲတမ်း အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ကောက်ချက်ဆွဲပြီး ဖက်ဒရယ်ကိစ္စ ဆွေးနွေးဖို့ ကြောက်နေမယ် ဆိုရင်တော့ ‘စစ်တပ်က ပေးသလောက်နဲ့ပဲ ကျေနပ်ပါတော့’ ဆိုတဲ့ အဆင့်ကိုကျော်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
http://thevoicemyanmar.com

Related Articles:

Post a Comment