ပြည်တွင်းငြိမ်းချမ်း
ရေးတွေးမိသည်များ (အပိုင်း - ၁)
ကျော်ဝင်း
- စကားဦး
ယနေ့မြန်မာနိုင်ငံတွင်၊ အပြောင်းအလဲသုံးရပ်ကို အားတက်ဖွယ်ရာ၊ တစ်ပြိုင်နက်တည်း မြင်တွေ့နေရပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပြည်တွင်းငြိမ်းချမ်း ရေး ပြန်လည်တည်ဆောက်မှုတို့ ဖြစ်သည်။ အဆိုပါ အပြောင်းအလဲသုံးရပ်မှာ၊ တစ်ခုနှင့်တစ်ခု အပြန်အလှန်ကျေးဇူးပြုနိုင်ကြသလို၊ အပြန်အလှန်အဟန့်အတားပြုနိုင်သည်များလည်း ရှိရာ ဟန် ချက်ညီညီ အကောင်အထည်ဖော်နိုင်ဖို့ အထူးအရေးကြီးလိမ့်မည်ထင်သည်။
အထူးသဖြင့်၊ ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်စွာ တည်ဆောက်နိုင်လျင် နိုင်ငံရေးနှင့် စီးပွား ရေးပြုပြင်ပြောင်းလဲမှုများ ပိုမြိုင်၊ ပိုသွက်၊ ပိုအပြန့်ကျယ်လာနိုင်သလို၊ ပြည်တွင်းစစ်မီး မငြိမ်းနိုင်ပါ ကလည်း၊ ရှေ့အပြောင်းအလဲနှစ်ခုမှ အောင်မြင်မှုများပင်၊ ရေရှည်သဘောမဆောင်နိုင်သည်ကို စဉ်း စားမိပါသည်။ ယခုအခါ၊ အစိုးရရော၊ လူမျိုးစုလက်နက်ကိုင်အင်အားစုများပါ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်းအဖြေရှာနေကြသည်ကို ဝမ်းမြောက်ဝမ်းသာ တွေ့ရှိရပါသည်။ သို့နှင့်တိုင်၊ ဆက် လက်ဖြေရှင်းစရာများလည်း မနည်းမနောရှိလိမ့်ဦးမည်ဟု သဘောရပါသည်။ နှစ်ပေါင်းခြောက်ဆယ် ကျော်၊ အမြစ်တွယ်နေသော နာတာရှည်ဝေဒနာဆိုးကြီးကို၊ နေ့ချင်းညချင်းကုသပျောက်ကင်းဖို့ မလွယ်ကူကြောင်းကိုလည်း ဆင်ခြင်မိပါသည်။
ယခုစာစုမှာ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သော စာရေးသူတွေးမိသည်များသာဖြစ် သည်။ ပြည်တွင်းစစ်နောက်ခံနိုင်ငံရေး မိုးသက်မုန်တိုင်းများကြားတွင်၊ ကာလတစ်ခုဖြတ်သန်းခဲ့ဖူး သော မဆိုစလောက် အတွေ့အကြုံအချို့နှင့်၊ ဖတ်ရမှတ်ရသမျှ စာအုပ်စာတမ်းများကို၊ စုစည်းပြီ၊ ဥာဏ်မီသလောက် စဉ်းစားရချက်များဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု၊ လက် တွေ့ကြိုးပမ်းနေကြသူ အားလုံးအတွက်၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ၊ အထောက်အကူ တစ်စုံ တရာ ရလိုရငြား၊ မှုံဝါးဝါးရည်ရွယ်ချက်ဖြင့် တင်ပြလိုက်ခြင်းဖြစ်ပါကြောင်း…။
၁။ သဘောတရားရေးအရှုပ်အထွေး|တရားသေဝါဒ အန္တရာယ်|
မြန်မာနိုင်ငံ၏ ခေတ်သစ်စာပေမှာ၊ ‘နဂါးနီ’ တွင်သန္ဓေတည်ခဲ့ပြီး၊ ခေတ်သစ်နိုင်ငံရေးမှာလည်း၊ ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးတွင် ပန္နက်ချခဲ့သည်ဟု ယူဆရပါသည်။ သို့နှင့်အမျှ၊ မြန်မာ့နိုင် ငံရေးနှင့် အတွေးအခေါ်လှုပ်ရှားမှုများတွင် လက်ဝဲအိုင်ဒီအိုလိုဂျီ၏ အခန်းမှာ၊ တော်တော်များများစွဲ ခိုင်စူးဝင်နေသလား စဉ်းစားဖို့ရှိသည်။ အမှန်စင်စစ်၊ ကား(လ)မတ်ဆိုသော ပုဂ္ဂိုလ်ကြီး၏ အယူအ ဆမှာ၊ ၁၉ ရာစု ဥရောပ၏ ရှေ့တန်းအရောက်ဆုံး၊ အိုင်ဒီအိုလိုဂျီတစ်ခု ဖြစ်ခဲ့သည့်တိုင်၊ မြန်မာနိုင်ငံ လို၊ ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများတွင် လက်တွေ့အကောင်အထည်ဖော်ရာတွင်မူ၊ “တရားသေ ဝါဒ” နှင့် ပူးတုံခွာတုံ ရှိခဲ့သည်ကများပါသည်။
ယနေ့စစ်အေးအလွန် မြန်မာ့နိုင်ငံရေးတွင်၊ လက်ဝဲသြ ဇာ တစ်စုံတရာ အကျဘက်ရောက်လာသည်မှာ မှန်သော်လည်း၊ “တရားသေ ဝါဒ” ကား အားကောင်း မောင်းသန် ကျန်နေဆဲဟု သဘောရသည်။ ယခုထက်တိုင် မပြီးနိုင် မစီးနိုင်ရှိနေဆဲ ပြည်တွင်းစစ်မီး တွင်အချက်အခြာ နေရာမှရှိသော ‘လူမျိုးစုပြဿနာ’ တွင်လည်း အဆိုပါ လက်ဝဲအစွဲနှင့် တရားသေ ဝါဒအန္တရာယ်ကို တွေ့မြင်နေရဆဲဟု ထင်ပါသည်။ ဤသဘောကို ဆဝါးနိုင်စေရန် မြန်မာ့နိုင်ငံရေးကို ဒုက္ခများစေခဲ့သော၊ ဆက်လက်၍လည်း ဒုက္ခပေးနိုင်စရာရှိသေးသော၊ သဘောတရားရေးဆိုင်ရာ ရှုပ်ထွေးမှုအချို့ကို တင်ပြအပ်ပါသည်။
(က) ဆိုဗီယက် (ရုရှား) အစွဲ
တိုင်းရင်းသားလူမျိုးများအရေးနှင့် ပတ်သက်လျင်၊ အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကာလ ကတည်းက၊ မြန်မာနိုင်ငံရေးခေါင်းဆောင်များ ကိုးကားညွှန်ဆိုခဲ့ကြသည်မှာ၊ စတာလင်၏ ‘မတ်ဝါဒနှင့် အမျိုးသားရေးပြဿနာ’ (Marxism and National Question) စာအုပ်ပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် မေလက ကျင်းပခဲ့သော၊ ဖဆပလပြင်ဆင်မှုညီလာခံတွင်၊ ဗိုလ်ချုပ်အောင်ဆန်း ကိုင် ဆွေးနွေးခဲ့သည်မှာလည်း၊ ဤစာအုပ်ပင်ဖြစ်သည်။ ဤစာအုပ်တွင် စတာလင်က ဆိုဗီယက်ယူနီယံကွန်မြူနစ် ပါတီ (ဘော်ရှီဗစ်)၏ လူမျိုးစုဆိုင်ရာ ပေါ်လစီ Self-determination ဆိုသည်ကို ယခုလို ဖွင့်ဆိုခဲ့ပါ သည်။ “The right of nations (or nationality) freely to secede or enter the federal relation with others” ဟူ၍ဖြစ်သည်။ “ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်အပါအဝင် လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်း ခွင့်” ဟုနည်းလည်ရပါသည်။
အမှန်စင်စစ်၊ ဆိုဗီယက်ကွန်မြူနစ်များ၏၊ အဆိုပါ ‘ကိုယ်ပိုင်ပြဌာန်းခွင့်’ အယူအဆမှာ၊ သူတို့ အခြေအနေနှင့် သူတို့ အဓိပ္ပါယ် ရှိပါလိမ့်မည်။ သူတို့အဓိက ရင်ဆိုင်ခဲ့ရသော ဇာဘုရင်မှာ၊ သီးခြား လွတ်လပ်သော အမျိုးသားနိုင်ငံများကို ဆလ(ဗ်)လူမျိုးကြီးဝါဒဖြင့် ဆွဲစုထားသည်ဖြစ်၍၊ ဇာဘုရင်၏ အင်ပါယာကို ဖြိုခွဲနိုင်ရန် ‘ခွဲထွက်ရေး’ ကြွေးကျော်သံဖြင့် လက်အောက်ခံလူမျိုးများကို လှုံ့ဆော် စည်းရုံးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ကွန်မြူနစ်များအာဏာရပြီး ရေးဆွဲခဲ့သော ဆိုဗီယက်ယူနီယံ၏ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင်လည်း၊ ခွဲထွက်ရေးအပါအဝင် လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်ကို တရားဝင်ဖော်ပြပေးခဲ့သည်။ သို့တစေ ဂျော်ဂျီယာက၊ ဤအချက်ကိုကိုင်ပြီး၊ ခွဲထွက်ဖို့ကြိုးစားလာ သောအခါ၊ တပ်နီတော်နှင့် ရှင်းခဲ့သည်သာဖြစ်ပါသည်။
ပြောရလျင် ကိုလိုနီခေတ်မတိုင်မီ မြန်မာနိုင်ငံမှာ၊ ဇာဘုရင်၏အင်ပါယာနှင့် အခြေခံအရတူညီ သည်မဟုတ်ပါ။ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုများအနေနှင့် ‘မျိုးတူစု’ (tribe) သာသာ၊ ‘မြို့ပြနိုင်ငံများ’ (City States) အဖြစ် စုစည်းနေထိုင်ခဲ့ကြသည်ကသာ များပါသည်။ တစ်ခါတရံ တိုင်းရင်းသားလူမျိုးတစ်ခုခုက၊ အင်ပါယာအဖြစ်စုစည်းခဲ့ကြသည်များရှိသလောက် ရှိခဲ့သော်လည်း၊ ခေတ်သစ်အမျိုးသားနိုင်ငံအဆင့်ထိ ပီပီပြင်ပြင်ရောက်ခဲ့သည်တော့မဟုတ်ပါ။ ဤသည်မှာလည်း ပဒေသရစ်စနစ်၏ သဘောသဘာဝအတိုင်းပင်ဖြစ်ရာ၊ ခေတ်သစ်အမျိုးသားနိုင်ငံများကို ဆွဲစုထား သော ဇာဘုရင်၏ ခေတ်သစ်အင်ပါယာမျိုး မဟုတ်ပါချေ။ မြန်မာခေါင်းဆောင်များ (အထူးသဖြင့် ကွန်မြူနစ်ခေါင်းဆောင်များ) အနေနှင့် အရေးကြီးသော အဆိုပါခြားနားချက်ကို အလေးမထားဘဲ၊ တရားသေဝါဒ အစွဲဖြင့် ဆိုဗီယက်ပုံစံကို ဆွဲယူခဲ့ခြင်းဖြစ်ပါသည်။ ပဲခူးရိုးမပြိုကွဲသွားသော ၁၉၇၅ ခုနှစ်အထိ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ တရားဝင် လူမျိုးစုပေါ်လစီမှာ၊ ဆိုခဲ့ပါ ဆိုဗီယက်ပုံစံ ကိုယ် ပိုင်ပြဌာန်းခွင့်ပင် ဖြစ်ပါသည်။
(ခ) တရုတ်အစွဲ
အားလုံးသိကြသည့်အတိုင်း၊ တရုတ်ဆိုဗီယက်အကွဲအပြဲတွင် ဗမာကွန်မြူနစ်များအနေနှင့် တရုတ်ဘက်က ရပ်ခံခဲ့ကြပါသည်။ သို့နှင့်အမျှ၊ အရှေ့မြောက် ဗကပ ဗဟို၏ တရားဝင် လူမျိုးစု ပေါ်လစီမှာ၊ ပဲခူးရိုးမကာလလို၊ ဆိုဗီယက်ပုံစံမဟုတ်တော့ဘဲ၊ တရုတ်ပုံစံ ‘ကိုယ်ပိုင်အုပ်ချုပ်ရေး’ (autonomy) ဖြစ်လာခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်၊ မည်သည့်လူမျိုးစုကိုမှ ခွဲထွက်ခွင့်မပြုပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်ပင်မပေးပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ ပေးပြီး၊ ‘တစ်ပြည်တောင်စနစ်’ (Unitary System) ဖြင့်စုစည်းထားပါသည်။
ဤသည်မှာလည်း၊ သူ့အကြောင်းနှင့်သူသာ ဖြစ်ပါလိမ့်မည်။ တရုတ်ကွန်မြူနစ်များအနေနှင့် အစိတ်စိတ်အမွှာမွှာပြိုကွဲနေသော တရုတ်ပြည်ကြီးကို ပြန်လည်စုစည်းရသည်ဖြစ်၍ ‘တစ်ပြည် တောင်စနစ်’ ပုံသဏ္ဍန်ကျင့်သုံးခြင်းဖြစ်တန်ရာသည်။ သို့နှင့်တိုင် မြန်မာနိုင်ငံမှာ၊ တရုတ်ပြည်နှင့် လည်း တူညီသည် မဟုတ်ပါချေ။ တရုတ်ပြည်တွင်၊ အများစု ‘ဟန်လူမျိုး’ ကို ပခုံးချင်းယှဉ်နိုင်သော လူမျိုးစုဆို၍ အတော်ရှားပါသည်။ ယခုလောလောဆယ်ဆိုလျင် ‘တိဗက်’ လောက်သာရှိသည်။ မြန် မာနိုင်ငံတွင်ကား ဤသို့မဟုတ်။ ဗမာလူမျိုးစုနှင့် ယဉ်ကျေးမှုသမိုင်းအရ၊ အပြိုင်ဖြစ်ရုံမျှမက၊ ဗမာ ထက်ပင် သက်တမ်းအရရှေ့ကျသော လူမျိုးစုများရှိနေသည်သာ ဖြစ်ပါသည်။ ဇာအင်ပါယာမတိုင်မီ ရုရှားမှာလို၊ လွတ်လပ်သောခေတ်သစ်အမျိုးသားနိုင်ငံအဆင့်မရှိသည့်တိုင် သီးခြားယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လွတ်လပ်မှုများရှိကြသည့် မျိုးတူစုများဖြစ်ပါသည်။
ပြောရလျင်၊ အဆိုပါခြားနားချက်ကိုလည်း၊ ဗမာကွန်မြူနစ်များ အလေးမထားခဲ့ကြပါချေ။ တရုတ်ပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည်ကိုသာ၊ တရားသေကျကျပေါ်လစီခင်းခဲ့ကြပါသည်။ အမှန် စင်စစ်၊ မြန်မာနိုင်ငံ၏ ပကတိအရှိမှာ၊ ရုရှားနှင့်မတူသလို တရုတ်နှင့်တူသည်လည်းမဟုတ်။ သူ့ထူး ခြားချက်နှင့်သူဖြစ်သည်။ သီးခြားယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လွတ်လပ်မှုများ ကိုယ်စီရှိကြသည့် လူမျိုးစုများ၊ မြန်မာနိုင်ငံဆိုသည့် ပထဝီဒေသကြီးတွင် (များသောအားဖြင့်) တန်းတူရည်တူ၊ စုစည်း နေထိုင်ကြသည့် သမိုင်းအစဉ်အလာဖြစ်သည်။
(ဂ) အမေရိကန်အစွဲ
၁၉၈၉ - ဘာလင်တံတိုင်းပြိုကျပြီးသည့်နောက်တွင်၊ ကမ္ဘာကြီး၏ ရေဘူယျတူရူချက်မှာ၊ ကွန်မြူ နစ်ဝါဒမှ ဒီမိုကရေစီဘက်သို့ လှည့်ပြောင်းသွားခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ အရေးအခင်းမှစ၍၊ အစဉ်အလာလက်ဝဲအိပ်မက်များ မှိန်ဖျော့သွားပြီး၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ဘက် သို့ ဦးတည်လှုပ်ရှားလာခဲ့ပါသည်။ ဤသို့ အိုင်ဒီအိုလိုဂျီတူရူချက် တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပြောင်း သွားသည့်တိုင် မြန်မာနိုင်ငံရေးကို အစဉ်တစိုက်လို၊ ဒုက္ခပေးခဲ့သော တရားသေဝါဒ အန္တရာယ်ကို ကား၊ တွေ့သလောက်တွေ့နေရဆဲရှိသည်။ တိုင်းရင်းသားလူမျိုးစုပြဿနာ အဖြေရှာရေးတွင်၊ အမေရိကန်ပုံစံကို ‘ဗန်းတင်’ လာကြသည်များဖြစ်ပါသည်။
ဆိုရလျင်၊ အမေရိကန်ပြည်ထောင်စု၏ ကနဦးသမိုင်းတွင်လည်း၊ ‘ဖက်ဒရေးရှင်း’လား၊ ‘ကွန်ဖက်ဒရေးရှင်း’ လားဆိုသော၊ အငြင်းပွားမှုများရှိခဲ့သည်သာဖြစ်သည်။ သို့နှင့်တိုင် အမေရိက၏ ဖွဲ့စည်းပုံအခြေအခံဥပဒေတွင် ‘အခြေခံနိုင်ငံသားအခွင့်အရေး’ (Bill of Rights) ဖြင့်၊ ထိန်းထားနိုင် ခဲ့ရာ ပြည်ထောင်စုကြီးကို ယနေ့ထက်တိုင်၊ မပြိုမကွဲ၊ အားကောင်းမောင်းသန်တွေ့မြင်နေရဆဲ ဖြစ် ပါသည်။ ဤအစဉ်အလာကို ထောက်ပြပြီး၊ “မြန်မာ့လူမျိုးစုအရေးကိုလည်း၊ အမေရိကန်ပုံစံ ‘အခြေခံနိုင်ငံသား အခွင့်အရေး’ ဖြင့် မဖြေရှင်းနိုင်ပါသလော… ” မေးခွန်းထုတ်အဆိုပြုလာကြသည်။
မတူပါ။ အမေရိကန်ပြည်ထောင်စုမှာ၊ ကမ္ဘာအရပ်ရပ်မှ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေ ထိုင်ကြသူများဖြင့် စုစည်းထားသည့် ‘ပျံကျလူ့အဖွဲ့အစည်း’ ဟု ဆိုရမည်သာ ဖြစ်ပါသည်။ အမေရိ ကတွင် ပဒေသရဇ်သမိုင်းမရှိ။ အစဉ်အလာ အမျိုးသားယဉ်ကျေးမှု မရှိ။ ဤသို့သောစုဖွဲ့မှုမျိုးကို “နိုင်ငံသားအခွင့်အရေး” ဖြင့် ထိန်းထားနိုင်သော်လည်း မြန်မာနိုင်ငံအတွက်မူ လုံလောက်လိမ့်မည် မဟုတ်ပါချေ။ အစဉ်အလာအမျိုးသားယဉ်ကျေးမှု ကိုယ်စီရှိကြသော မြန်မာ့လူ့အဖွဲ့အစည်းတွင် ‘အမျိုးသားအမှတ်အသားသရုပ’် (national identity) ကို ဥပေက္ခာပြုပြီး၊ ‘အခွင့်အရေး’ (right) တစ်ခုတည်း ပြောနေလျင်၊ ရေမရောသည် ‘တရားသေဝါဒ’ ပင် ဖြစ်ပါလိမ့် မည်။
၂။ စကားလုံးတစ္ဆေ
|ယူနီယံ/ ဖက်ဒရယ်|
စစ်အေးခေတ်တွင်၊ အခြေခံအကောက်အယူချင်း၊ တူလျင်သော်မှ စကားလုံးအရမတူအောင်၊ တမင်ခွဲခြားသုံးစြွဲကသည်များရှိခဲ့သည်ဟုထင်သည်။ ဥပမာ၊ လက်ဝဲဘက်က၊ နိုင်ငံများ၏စုဖွဲ့မှုကို ‘union’ ဟုသုံးသည်။ (Soviet Union) လက်ယာဘက်က ‘federal’ ဟုသုံးသည်။ (Federal Republic of Germany) မြန်မာ့နိုင်ငံရေးတွင်မူ အဆိုပါဝေါဟာရများကို၊ မိမိတို့ နားလည်သလို အဓိပ္ပါယ်ဖွင့်ဆိုရာမှ အငြင်းပွားစရာပင် ဖြစ်လာရတော့သည်။ အထက်တွင် ဖော်ပြခဲ့ပြီးသော၊ သဘောတရားရေးအရှုပ်အထွေးကို ဗူးလေးရာဖရုံဆင့်စေသည့် စကားလုံးတစ္ဆေ ခြောက်မှုများဖြစ်ပါ သည်။
လွတ်လပ်ရေးမရမီ ၁၉၄၉၊ ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော် ဆွေးနွေးပွဲတွင်၊ အမတ်တစ်ဦးက၊ ဗိုလ်ချုပ်အောင်ဆန်းကို ယခုလိုမေးခဲ့ဖူးသည်။ “မြန်မာဘာသာ တွင် ပြည်တောင်စုဟု သုံးနှုန်းထားပါလျက်၊ အင်္ဂလိပ်ဘာသာတွင်၊ အဘယ့်ကြောင့် Federal မသုံးဘဲ၊ Union ဟုသုံးထားပါသနည်း” - ဟူ၏။ ဗိုလ်ချုပ်ကမူ ‘မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်၍ Union တို့ Federal တို့ကို အဓိကမထားဘဲ၊ မြန်မာဘာသာ ‘ပြည်ထောင်စု’ ဆိုသည်ကိုသာ အတည်ယူကြောင်း ပြန်ကြားခဲ့ပါသည်။ တဖန်၊ လွတ်လပ်ရေးရပြီး၊ ဆယ်နှစ်ကျော်အကြာ၊ ၁၉၆၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော တောင်ကြီးညီလာခံမှ ‘ဖက်ဒရယ်မူ’ ပေါ်ထွက်လာရာ၊ မြန်မာ့တပ်မ တော်က ‘ခွဲထွက်ရေးအန္တရာယ်’ ဟု အဓိပ္ပါယ်ကောက်ပြီး၊ ၁၉၆၂ - အာဏာသိမ်းမှု အထိပင် ဦးတည် သွားခဲ့ရသည်။
အမှန်စင်စစ် ‘ပြည်တောင်စုမူ စစ်-မစစ်’ ဆိုသည်ကို စကားလုံးများအပေါ် ကုပ်ကပ် ငြင်းမနေကြဘဲ၊ လက်တွေ့ကျသော ‘အာဏာခွဲဝေ ကျင့်သုံးပုံ’ နှင့် စိစစ်သည်ကသာ ပို၍ အဓိပ္ပါယ် ရှိလိမ့်မည်ထင်ပါသည်။ Union ဖြစ်စေ၊ Federal ဖြစ်စေ၊ ပြည်ထောင်စု၏ အနှစ်သာရမှာ၊ ဗဟိုနှင့် ဒေသအာဏာခွဲဝေကျင့်သုံးမှုတွင် ရှိလိမ့်မည်ဟု သဘောရသည်။ ဤနေရာတွင်လည်း အစွန်းနှစ် ဘက်ကို ရှောင်နိုင်ရေးက အထူးအရေးကြီးပါလိမ့်မည်။ အကယ်၍ ဗဟိုအစိုးရက၊ လုပ်ပိုင်ခွင့်အာ ဏာ အလွန်အကျွံကိုင်ထားလျင်၊ ပြည်တောင်စု Union သို့မဟုတ် Federal ကိုကျော်ပြီး၊ ‘တစ်ပြည်တောင်’ (Unitary) အစွန်းသိုပရောက်သွားပါလိမ့်မည်။ အလားတူ၊ ဒေသအစိုးရများက၊ အလွန်အကျွံလုပ်ပိုင်ခွင့်များယူထားပြန်လျင်လည်း၊ ဖက်ဒရေးရှင်းကိုကျော်၍ ကွန်ဖက်ဒရေးသို့ ဦးတည်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။ စကားလုံးတစ္ဆေခြောက်မှုများကို ကျော်ပြီး၊ သိမ်မွေ့နက် ရှိုင်းလှသော အဆိုပါ- အာဏာခွဲဝေကျင့်သုံးရေးပြဿနာကို အကြေအလည်ညှိနှိုင်းအဖြေရှာကြဖို့ လိုပါလိမ့်မည်။
၃။ ယ္ခင်အတွေ့အကြုံများ
(က) လူမျိုးပေါင်းစုံညီလာခံများ
ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရေဘုယျအားဖြင့် လူမျိုးပေါင်းစုံညီလာခံသဘောဆောင် သော ကွန်ဖရင့်မျိုးနှစ်ကြိမ်သာကျင်းပနိုင်ခဲ့ပါသေးသည်။ ၁၉၄၇ ပင်လုံညီလာခံနှင့် ၁၉၈၁ - တောင် ကြီးညီလာခံတို့ဖြစ်သည်။ အဆိုပါ ညီလာခံနှစ်ခု၏ အတွေ့အကြုံနှင့် သင်ခန်းစာအချို့ကို ဆက် လက်ဖော်ပြပါမည်။
ပင်လုံညီလာခံ
အမှန်စင်စစ်၊ ပင်လုံညီလာခံမှာ ‘အောင်ဆန်း အက်တလီစာချုပ်’ ၏ အကျိုးဆက်ဟု ဆိုရမည် သာဖြစ်ပါသည်။ အဆိုပါစာချုပ်တွင် “နယ်ခြားဒေသများနှင့် မြန်မာနိုင်ငံပေါင်းစည်းရေးကို၊ နယ်ခြား ဒေသများတွင် နေထိုင်ကြသော၊ တိုင်းရင်းသားများ၏ ဆန္ဒအတိုင်းဖြစ်စေရမည်” ဆိုသော အချက် ပါရှိရာ၊ တိုင်းရင်းသားများ၏ ပေါင်းစည်းရေးဆန္ဒကို ရယူနိုင်ရန် ကြိုးပမ်းရာမှ ထွက်ပေါ်လာသော အကျိုးရလဒ်ပင်ဖြစ်သည်။ ဆိုခဲ့ပါ စာချုပ်အရ၊ “တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို စော လျင်စွာ ကျင်းပပေးမည်” ဆိုသော အချက်လည်းပါရှိရာ ရတတ်သမျှအချိန်အတွင်း၊ တက်သုတ်ရိုက် ဆောင်ရွက်ရသည်ဖြစ်၍ တိုင်းရင်းသားလူမျိုးစုအားလုံးနှင့် အချိန်ယူညှိနှိုင်းဆောင်ရွက်မှုများ မလုပ် နိုင်ခဲ့ပါချေ။
အကျိုးဆက်အနေနှင့်၊ ပင်လုံညီလာခံမှာ၊ တိုင်းရင်းသားအားလုံးပါဝင်သော၊ ကျယ်ပြန့်သည့် ကွန်ဖရင့်ကြီးအထိဖြစ်မလာခဲ့ပါ။ All inclusive မဟုတ်ဟု ဆိုရမည်သာဖြစ်ပါသည်။ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များသာ ပါဝင်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး၊ ကရင်နှင့် ကရင်နီ (ကယား) ကိုယ်စားလှယ်များကမူ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ကြသည်။ ညီလာခံဆုံးဖြတ်ချက် (ပင်လုံစာချုပ်) မှာလည်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ တစ်နည်း ပြည်ထောင်စု စိတ်ဓာတ်ကိုသာ ဖော်ပြနိုင်ခဲ့ပြီး၊ ပေါင်းစည်းရေးဆိုင်ရာ အသေးစိတ်အချက်အလက်များထိ သဘော တူဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ အထူးသဖြင့် အရေးကြီးသည့် ဗဟိုနှင့်ဒေသအာဏာခွဲဝေကျင့်သုံးရေး ဆိုင်ရာမူများကို၊ အသေးစိတ်ညှိနှိုင်းဆွေးနွေးဆုံးဖြတ်မှုများမလုပ်နိုင်ခဲ့ဟု ဆိုရပါလိမ့်မည်။ ထိုထက်၊ ၁၉၄၇ ခုနှစ်၊ ဇွန် ၉ ရက်နေ့က၊ စတင်ကျင်းပခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော်ဆွေးနွေးပွဲတွင် ရှမ်းနှင့်ကရင်နီကိုယ်စားလှယ်က “ပြည်တောင်စုအတွင်းမှ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ဆိုသည်ကို တောင်းဆိုခဲ့ကြရာ၊ ၁၉၄၇ အခြေခံဥပဒေတွင် ‘၁၀ နှစ်ကြာလျှင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည်’ ဆိုသော အချက်ကို ထည့်သွင်းခဲ့ရပါသည်။
မည်သို့ပင်ဆိုစေ၊ ပင်လုံညီလာခံအနေနှင့်- ပြည်ထောင်စုကြီးအဖြစ် ပေါင်းစည်းနေထိုင်ကြမည် ဆိုသော ပင်လုံစိတ်ဓာတ်ကိုမူ တစ်စုံတရာ ပြသနိုင်ခဲ့သည်ဟု ဆိုနိုင်ပါလိမ့်မည်။
တောင်ကြီးညီလာခံ
၁၉၆၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က တောင်ကြီးမြို့တွင် ကျင်းပခဲ့သော ပြည်နယ်ပေါင်းစုံညီလာ ခံမှာ၊ ပင်လုံထက် ပို၍ all inclusive သဘောဆောင်ပါသည်။ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင် - ကိုယ်စားလှယ်များပါဝင်ခဲ့ကြ၍၊ အဓိက လူမျုးစုအားလုံးပါဝင်သည်ဟု ဆိုနိုင်သည်။ ဤညီလာခံကြီးမှပင်၊ ‘ရှမ်းမူ’ ခေါ် ‘ဖက်ဒရယ်မူ’ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အမှန်စင်စစ် ဖက်ဒရယ်မူမှာ ခွဲထွက်ရေးကို တောင်းဆိုသည်တော့မဟုတ်ပါချေ။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ဥပဒေ) မှာပြည်ထောင်စုမူဟု ဆိုသော်လည်း လက်တွေ့တွင် တစ်ပြည်တောင်သဘော ဖြစ်နေ၍ ပြည်တောင်စုမူစင်စစ်ဖြစ်စေရန်၊ ပြန်လည်ပြင်ဆင်ရေးဆွဲရန် အဆိုပြုခြင်းသာဖြစ်ပါသည်။
ဖက်ဒရယ်မူက၊ အဆိုပြုခဲ့သော အရေးကြီးသည့် မူအချို့မှာ-
၁။ ဗမာပြည်နယ်ဖွဲစည်းရေး (ရှစ်ပြည်နယ်မူ)
၂။ အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်) သို့ ပြည်နယ်တိုင်းမှ၊ တူညီသော ကိုယ်စားလှယ် အရေအတွက် စေလွှတ်ရေး။
၃။ လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (အထက်နှင့်အောက်လွှတ်တော်) ကိုအာဏာတူ ပေးရေး။
၎။ ဗဟိုအစိုးရ (ပြည်တောင်စုအစိုးရ) ကိုအောက်ပါဌာနများလွှဲအပ်ပြီး၊ ကျန်ရှိသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပြည်နယ်များသို့လွှဲအပ်ရေး
- နိုင်ငံခြားဆက်သွယ်ရေး
- ကာကွယ်ရေး
- ဘဏ္ဍာရေး
- ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်ဝေရေး
- စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
- ရထား၊ လေကြောင်း၊ ရေကြေင်းဆက်သွယ်ရေး
- တရားစီရင်ရေး
- ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး
၅။ ပြည်ထောင်စုဘဏ္ဍာတော်မျှတစွာ ခွဲဝေရေးဖြစ်သည်။
အဆိုပါ ဖက်ဒရယ်မူကို၊ ဖဆပလ နှင့် ပမညတ တို့က ဖက်ဒရေးရှင်းကိုကျော်ပြီး၊ ကွန်ဖက် ဒရေးရှင်းသို့ ဦးတည်သွားနိုင်စရာရှိသည်ဟု ဝေဖန်ခဲ့ကြသည်။ အာဏာရပါတီ - ပထစ၏ သဘော ထားကိုမူ မသိရတော့ပါချေ။ သတ်မှတ်ရက်ချိန်းမတိုင်မီတပ်မတော်က အာဏာသိမ်းလိုက်သော ကြောင့်ဖြစ်ပါသည်။
(ခ) တွေ့ဆုံဆွေးနွေးမှုများ
လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရအဆက်ဆက်ကြား၊ သီးခြားတွေ့ဆုံဆွေးနွေး ကြသည်များ၊ အခါအားလျောက်စွာရှိခဲ့ပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးလောက်နှင့်၊ အချိန်တစ်ချိန်တည်းမှာပင် သီခြားဆွေးနွေးကြသည်မျိုးကိုမူ၊ နှစ်ခါသာတွေ့ရသည်။ တော်လှန်ရေး ကောင်စီခေတ်ဦး ၁၉၆၃ ခုနှစ် နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းဖြစ်သည်။
၁၉၆၃၊ တွေ့ဆုံဆွေးနွေးမှုများ
ထိုစဉ်က၊ တော်လှန်ရေးကောင်စီအစိုးရနှင့်၊ တွေ့ဆုံဆွေးနွေးခဲ့ကြသော လက်နက်ကိုင်အဖွဲ့ အစည်းများမှာ-
၁။ ကွန်မြူနစ်ပါတီ (ဗမာပြည်) [အလံနီ]
၂။ ရခိုင်ပြည်ကွန်မြူနစ်ပါတီ
၃။ ရှမ်းအမျိုးသားတပ်ပေါင်းစုနှင့် ရှမ်းပြည်လွတ်မြောက်ရေးတပ်
၎။ ကချင်လွတ်လပ်ရေးကောင်စီ
၅။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
၆။ သုံးပါတီ (ကေအင်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)
၇။ မဒညတ (အထက်ပါသုံးပါတီ၊ ဗကပနှင့်ချင်းဦးစီအဖွဲ့)
၈။ ကရင်တော်လှန်ရေးကောင်စီ
ကရင်တော်လှန်ရေးကောင်စီ တစ်ခုတည်းနှင့်သာ၊ ငြိမ်းချမ်းရေးသဘောတူညီချက်ရခဲ့ပါသည်။
၁၉၈၉/၉၀ တွေ့ဆုံဆွေးနွေးမှုများ
နိုင်ငံတော်ငြိမ်ဝပ်မိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရအနေနှင့် ၁၉၈၉ ခုနှစ်မှစ၍၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှု များလုပ်ခဲ့ရာ၊ ၁၇ ဖွဲ့နှင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်များရရှိခဲ့ပါသည်။ အဆိုပါအဖွဲ့ များတွင် ယခင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကွဲထွက်လာသော၊ ကိုးကန့်အဖွဲ့၊ ဝအဖွဲ့များပါသလို၊ ကေအင်ယူပါတီမှခွဲထွက်လာသော ဒီမိုကရက်တစ်ကရင် ဗုဒ္ဓဘာသာတပ်မတော် (DKBA) လည်း ပါသည်။ ‘ကချင်လွတ်လပ်ရေးအဖွဲ့’ (KJO) လို၊ အင်အားကြီးအဖွဲ့များပါသလို ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ကလလတ) ၊ ကယမ်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက် ရေးအဖွဲ့ (ရရလဖ) တို့လို အဖွဲ့ငယ်များလည်းပါသည်။ ရှမ်းပြည်နယ်တပ်မတော် (SSA) လို၊ ကရင်နီတိုးတက်ရေးပါတီလို၊ မွန်ပြည်သစ်ပါတီလို အင်အားအသင့်အတင့်ရှိသော အဖွဲ့များလည်း ပါသည်။
အချို့သောအဖွဲ့များမှာ၊ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရပြီးမှ၊ ပြန်ပျက်သွားသည် များလည်းရှိသည်။ KIO/KIA နှင့်ဆိုလျင်ယခုချိန်ထိ၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲရှိသည်။
(ဂ) ခြုံငုံသုံးသပ်ချက်များ
ဆိုခဲ့ပြီးသော အတွေ့အကြုံများကို၊ အခြေခံပြီး၊ စာရေးသူ ဥာဏ်မီသလောက် ခြုံငုံသုံးသပ် ကြည့်ပါမည်။
၁။ ရေရှည်တည်တန့်ခိုင်မြဲသော၊ ငြိမ်းချမ်းရေးသို့ ဦးတည်နိုင်ဖို့ဆိုလျင်၊ အင်အားစုအားလုံး ပါဝင်သော အဖြေရှာမှုမျိုးဖြစ်ဖို့လိုလိမ့်မည်ထင်ပါသည်။ ပင်လုံညီလာခံတွင်၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံမပါဝင်နိုင်ခဲ့ခြင်း၊ တောင်ကြီးညီလာခံအပြီး ဖက်ဒရယ်မူဆွေးနွေးပွဲများတွင်၊ တပ်မတော် ကိုယ်စားလှယ်မပါခြင်း စသည်တို့မှာ နောက်ဆက်တွဲဝမ်းနည်းဖွယ်ရာများ၏ အကြောင်းရင်းခံဖြစ် လေမည်လား စဉ်းစားမိသည်။
၂။ ၁၉၆၃ တွေ့ဆုံဆွေးနွေးမှုများတွင်၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သဘောတူ ညီချက်မရခဲ့သည့် အဓိကအဖုအထစ်မှာ ‘ခွဲထွက်ခွင့်’ ကိစ္စဖြစ်မည်ထင်သည်။ ၁၉၄၇ အခြေခံဥပဒေ တွင်၊ ‘ပြည်တောင်စုစနစ်’ ဟုဖော်ပြထားသော်လည်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် ‘တစ်ပြည်တောင်သဘော’ ဖြစ်နေသည်ဟု၊ လူမျိုးစုများဘက်မှ ထင်မြင်နိုင်စရာရှိပေသည်။ အစိုးရ ဘက်မှ၊ အဆိုပါခံစားချက်ကိုချေဖျက်ပေးနိုင်ရန်၊ လက်တွေ့ကျကျပြသနိုင်ဖို့လိုပါလိမ့်မည်။ ပေါင်း စည်းမှုက၊ ပြိုကွဲမှုထက်၊ အားလုံးအတွက် ပိုအကျိုးများစေနိုင်ကြောင်းကိုလည်း၊ အခိုင်အမာပြသနိုင် ဖို့ လိုမည်ထင်သည်။
၃။ ၁၉၈၉/၉၀ ဆွေးနွေးမှုများမှ ရရှိခဲ့သော၊ အပစ်အခတ်ရပ်ဆဲရေးများ ဘာ့ကြောင့်ရေရှည် မခံသည်ကို၊ ပြန်လည်ဆန်းစစ်ဖို့လိုမည်ထင်ပါသည်။ ထိုစဉ်က အစိုးရ၏ချဉ်းကပ်မှုမှာ၊ နိုင်ငံရေး ထက် စီးပွားရေး မျက်နှာစာတစ်ခုတည်းကိုသာ အလေးထားခဲ့သည်လားစဉ်းစားမိသည်။ လက်နက် ကိုင်တိုက်ပွဲ ရည်ကြာလာသည်နှင့်အမျှ၊ လက်နက်ကိုင်အင်အားစုများမှာ၊ မိမိတို့တပ်ဖွဲ့များ ဆက် လက်ရှင်သန်စေရန်၊ စီးပွားရေးလုပ်ကြရသည်များရှိပါသည်။ အစိုးရအနေနှင့် အဆိုပါ ‘စစ်စီးပွားရေး’ ကို၊ ‘ငြိမ်းချမ်းရေးစီးပွားရေး’ ဖြစ်အောင်ကြိုးပမ်း ဖန်တီးပေးခဲ့သည်ကိုတွေ့ရသည်။ ဆိုလိုသည်မှာ ခေါင်းဆောင်များကို စီးပွားရေးလုပ်ကွက်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်သည့်သဘောပင်ဖြစ် သည်။ သို့တစေ အောက်ခြေ တပ်သားထုနှင့် ဒေသခံလူထုအတွက်မူ၊ ထင်သာမြင်သာ အကျိုးကျေး ဇူးများဖန်တီးမပေးနိုင်ခဲ့ဟု ယူဆရပါသည်။ ဤအချက်က၊ ဒုတိယတန်းခေါင်းဆောင်များနှင့် အောက် ခြေတပ်သားထုကို၊ စစ်ပွဲဆီသို့ပြန်လှည့်သွားစေရန်၊ စေ့ဆော်မှုတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်ပေ သည်။
ဖွံ့ဖြိုးမှုနောက်ကျခြင်းမှာ၊ မြန်မာပြည်- ပြည်တွင်းစစ်၏ အကြောင်းတရားဆိုသည်ထက်၊ အကျိုး ဆက်ဖြစ်ဖို့က ပိုများသည်ဟု သဘောရပါသည်။ ပြည်တွင်းစစ်၏ အဓိကအကြောင်းရင်းခံဖြစ်သော၊ နိုင်ငံရေးပြသနာများကို မဖြေရှင်းနိုင်လျင် ရရှိပြီး၊ အပစ်အခတ်ရပ်ဆဲရေးမှ၊ အချိန်မရွေးသေနတ်သံ ပြန်ထွက်နိုင်သည်ကို သတိချပ်ဖို့ လိုမည်ထင်ပါသည်။ ရေရည်တည်တန့်ခိုင်မြဲမည့် ငြိမ်းချမ်းရေးနှင့် လည်း ဝေးနေဦးမည် ဖြစ်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေး
တွေးမိသည်များ (အပိုင်း - ၂)
ကျော်ဝင်း
၎။ လတ်တလောပြဿနာများ
ယခုအခါ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါးနှင့် ပဏာမ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါသည်။ သို့နှင့်တိုင်၊ အရေးကြီးသော နိုင်ငံရေးပြဿနာများကိုမူ ဆက်လက်ဆွေးနွေးနေကြဆဲဖြစ်သည်။ ‘ကချင်လွတ်လပ်ရေးအဖွဲ့’ (KIO)နှင့်မူ၊ အပစ်အခတ်ရပ်ဆဲ ရေး သဘောတူညီချက်မရသေးရုံမျှမက၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲရှိနေသည်။
KIO နှင့် အမြန်ဆုံးအပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရဖို့လိုသလို၊ KIO အပါအဝင်၊ လူ မျိုးစုလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့်လည်း၊ ရေရှည်တည်တန့်ခိုင်မြဲသော ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန်၊ နိုင်ငံရေးအရ အဖြေရှာကြဖို့ အထူးအရေးကြီးပါသည်။ ဤနေရာတွင်၊ စာရေးသူလို သာမန်ပြည်သူတစ်ယောက်အနေနှင့် “မည်သို့သောတိုးတက်မှုများရနေပြီ”၊ “မည်သို့သောအခက် အခဲနှင့် ပြဿနာများရှိနေသည်” - စသည်များကို သိလှသည်မဟုတ်ပါ။ သိခွင့်ရှိသည်လည်းမဟုတ် ပါ။ ဥာဏ်မီသလောက်၊ စဉ်းစားရသမျှ ပြဿနာအချို့ကိုသာ မှန်းဆဖော်ပြလိုက်ရပါသည်။
(က) ငြိမ်းချမ်းရေးလမ်းပြမြေပုံ
အစိုးရဘက်မှ၊ ပြည်တွင်းငြိမ်းချမ်းရေးကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဟု၊ တရား ဝင်ထုတ်ပြန်ကြေငြာထားပြီးဖြစ်သည်။
ပထမအဆင့်မှာ၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်ရာ၊ ပြည်နယ်၊ တိုင်းဒေသ ကြီး အစိုးရကြား အပစ်အခတ်ရပ်ဆဲရေးသဘောတူညီမှုရဖို့ဖြစ်သည်။ ဤအဆင့်တွင်၊ နှစ်ဘက်အ ပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးကို အရေးကြီးဆုံးအဖြစ်သဘောယူသည်။ ဒုတိယအဆင့်မှာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနှင့် ပြည်တောင်စုအစိုးရ (ဗဟိုအစိုးရ) ကြား၊ ပိုမိုကျယ်ပြန့် သော ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်ဖို့ ဖြစ်သည်။ ဤအဆင့်တွင် လူမှုစီးပွားရေး၊ ယဉ်ကျေးမှုရေး နှင့်၊ နိုင်ငံရေးပြဿနာများအပါအဝင်၊ အခြားဆက်စပ်နေသော၊ ပြဿနာရပ်များကို ကိုင်တွယ်ဖြေ ရှင်းကြမည်ဖြစ်သည်။ တတိယအဆင့်တွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှ ကိုယ်စားလှယ်များ နှင့် အခြားသော ‘အကျိုးရှင်များ’ (Stakeholder) စုစည်းပြီး၊ ရေရှည်တည်တံ့ခိုင်မြဲမည့် နိုင်ငံရေး သဘာတူညီချက်တရပ်၊ ဖော်ထုတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းကြဖို့ဖြစ်သည်။ ဤအဆင့်တွင် လိုအပ်ပါ က၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိပါ၊ ဆွေးနွေးညှိနှိုင်းကြဖို့ရှိပါသည်
အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုရရှိပြီး၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်လျင်၊ ရေဘူယျအားဖြင့် ပထမအဆင့်ကို ကျော်လွန်ပြီး၊ ဒုတိယအဆင့်ကို စတင်နေပြီဟု နားလည်ရပါသည်။ KIO နှင့်မူ၊ အပစ်အခတ်ရပ်ဆဲရေးသဘောတူညီမှု မရသေးသည့်တိုင်၊ ဗဟိုအစိုး ရအဖွဲ့ကိုယ်စားလှယ်များနှင့်ပါ၊ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းနေပြီဖြစ်၍၊ ပထမနှင့်ဒုတိယအဆင့်ကို တစ်ပြိုင်နက်အကောင်အထည်ဖော်နေသည့်သဘောဟု ယူသော်ရမည်ထင်ပါသည်။ သို့နှင့်တိုင် ဘာ့ကြောင့် ရလဒ်ကောင်းများထွက်မလာဘဲ၊ စစ်ရေးအရှိန်မြင့်လာရသည်ကိုမူ စဉ်းစားစရာဖြစ်နေ တော့သည်။ KIO တွင်၊ ၎င်းတို့ကိုယ်ပိုင်၊ သီးခြားလမ်းပြမြေပုံရှိနေသလော။ အကယ်၍ ရှိခဲ့လျင်၊ ပွင့် ပွင့်လင်းလင်းဖော်ထုတ်ဆွေးနွေးကြဖို့လိုမည်ထင်သည်။ တတိယအဆင့်ဆွေးနွေးပွဲတွင်၊ KIO အပါအဝင်၊ လူမျိုးစု လက်နက်ကိုင် အားလုံးစုံစုံညီညီတက်ရောက်နိုင်ဖို့ အထူးအရေးကြီးသော ကြောင့် ဖြစ်ပါသည်။
(ခ) မူပိုင်းဆိုင်ရာပြဿနာ
(ပေါင်းစည်းရေး/ခွဲထွက်ရေး)
တိုင်းရင်းသား လူမျိုးများအရေး၏ မူပိုင်းဆိုင်ရာတွင် အရေးကြီးဆုံးဖြစ်ဖွယ်ရှိသည်မှာ၊ ‘ပြည် တောင်စုကြီးအဖြစ်၊ ဥမကွဲသိုက်မပျက်ပေါင်းစည်းနေထိုင်ကြမည်လော’ သို့မဟုတ် “လွတ်လပ် သောနိုင်ငံများအဖြစ် သီးခြားရပ်တည်ကြမည်လော” ဆိုသော ကိစ္စတွင်ရှိလိမ့်မည်ဟု သဘောရပါ သည်။ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင်၊ လူမျိုးစုလက်နက်ကိုင်အင်အားစု များနှင့် သဘောတူညီချက် မရခဲ့သည်မှာ၊ ဤပြဿနာအပေါ်အဖြေမရှာနိုင်သောကြောင့်ဟု ထင် သည်။ ယခုအခါ၊ လူမျိုးစုလက်နက်ကိုင်အင်အားစုတိုင်းက၊ ‘ခွဲထွက်ရေး’ ကိုစွန့်လွှတ်ခဲ့ကြပြီဖြစ်ရာ၊ ပြဿနာ၏အဖြေကို ရရှိပြီးဖြစ်သည်ဟု ယူဆရပါသည်။ ဆိုရလျင် မူပိုင်းဆိုင်ရာပြဿနာ၏ သော့ ချက်အကျဆုံးကိစ္စကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်၍၊ ရရှိပြီး၊ ပေါင်းစည်းရေးစိတ်ဓာတ် (တစ်နည်း- ပင်လုံ စိတ်ဓာတ်) ဖြင့် ကျန်ပြဿနာများကို ညှိနှိုင်းအဖြေရှာနိုင်လိမ့်မည်စု မျှော်လင့်ရပါသည်။ (ဤအပိုင်း ကို- ရှေ့အခန်း- ထင်မြင်ချက်များမှ ဆက်လက်ဆွေးနွေးပါမည်။)
(ဂ) လက်နက်ကိုင်တပ်ကိစ္စ
(စစ်ဘောင်သွင်းခြင်း/စစ်ဘောင်လျှော့ခြင်း)
စစ်ဖြစ်ပြီဆိုလျင် နိုင်ငံရေးကိုစစ်ဘောင်သွင်းကြရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ (militarization of politics) မြန်မာနိုင်ငံတွင်လည်း၊ ပြည်တွင်းစစ်ကို အကြောင်းခံပြီး၊ ဤအတိုင်းပင် ဖြစ်ခဲ့ရသည်။ နိုင်ငံရေးခေတ်တစ်ခေတ်ပင်ဆုံးခန်းတိုင်ခဲ့ပြီး၊ တပ်မတော်ကိုယ်တိုင်က၊ နိုင်ငံရေးကို တာဝန်ယူသည်အထိဖြစ်ခဲ့ရသည်။ အလားတူ၊ လူမျိုးစုနိုင်ငံရေးပါတီများမှာလည်း၊ စစ်အသွင်ဆောင် ၍၊ စစ်ဘောင်သွင်းလိုက်ရပါသည်။
ယခုငြိမ်းချမ်းရေး၊ ပြန်လည်တည်ဆောက်တော့မည်ဆိုသောအခါ၊ ဆိုခဲ့ပါ စစ်ဘောင်သွင်းထား သည့် အနေအထားးမှ ပြန်ဖြေလျော့ဖို့လိုလာသည်။ နိုင်ငံရေးမှ စစ်ဘောင်ပြန်လျှော့ဖို့ဖြစ်ပါသည်။ (Demilitarization of politics) တည့်တည့်ဆိုရလျှင်၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများကို၊ နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းဖို့ဖြစ်သည်။ ဤကိစ္စမှာ၊ မူပိုင်းဆိုင်ရာပြဿနာမဟုတ်သည့် တိုင်၊ ‘မူ’ နှင့်နက်နက်ရှိုင်းရှိုင်းဆက်စပ်နေသောပြဿနာဖြစ်လေရာ၊ ဂရုဓမ္မထား၍ ဖြေရှင်းဖို့လိုပါ သည်။
ယခုလောလောဆယ်တွင်၊ ဤပြဿနာနှင့် ပတ်သက်လျင်၊ လိပ်ခဲတည်းလည်း အခြေအနေ အ ချို့ကို၊ မကျော်လွှားနိုင်ဖြစ်နေဆဲဟုထင်သည်။ အစိုးရဘက်မှ၊ ‘နိုင်ငံတစ်ခုတွင် တပ်မတော်တစ်ခု သာရှိရမည်’ ဟု ရပ်တည်ထားရာ၊ သဘာဝကျသော ရပ်ခံမှုဟု ဆိုရပါလိမ့်မည်။ လူမျိုးစုအဖွဲ့အစည်း များဘက်မှလည်း၊ ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို စွန့်လွှတ်ဖို့၊ သို့မဟုတ် တစ်ခုတည်းသော စစ်ဦးစီးမှုအောက်တွင် ထည့်သွင်းဖို့ ဝန်လေးနေကြသည်မှာ၊ သူ့ဟာနှင့်သူသဘာဝကျသည်ဟု ဆို ရမည်သာဖြစ်သည်။ နှစ်ပေါင်းမြောက်များစွာ လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများအနေနှင့်၊ ယုံကြည်မှုအပြည့်အဝမရသေးခင်၊ လက်နက်စွန့်လိုက်လျင် - ၎င်းတို့ဆက်လက်ရပ်တည်ရှင်သန်နိုင် ပါ့မလား- စိုးရိမ်မကင်းတွေးမိကြမည်သည်ဖြစ်ပါသည်။
အကယ်၍သာ၊ နိုင်ငံရေးအရ၊ မူပိုင်းဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်လျင်မူ၊ ယခုထက် ယုံကြည် မှုပိုမိုခိုင်မာလာနိုင်စရာရှိပါလိမ့်မည်။ သည်တော့မှ၊ ဆိုခဲ့ပါ ပြဿနာကို ဆက်လက် ညှိနှိုင်းအဖြေရှာ ကြလျင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား စဉ်းစားမိသည်။ သို့အတွက်၊ လက်နက်ကိုင်တပ်ကိစ္စ နှင့် မူပိုင်းဆိုင်ရာ နိုင်ငံရေးကိစ္စများကို ခွဲမစဉ်းစားဘဲ၊ ချိတ်ဆက်စဉ်းစားကြ လျင် လိပ်ခဲတည်းလည်း အခြေအနေ အချို့ကိုကျော်လွှားနိုင်လိမ့်မည်ဟုသဘောရ သည်။
ဤနေရာတွင်ထောက်ကွက် တစ်ခုရှိလာနိုင်သည်မှာ၊ အစိုးရ အနေနှင့်ရော၊ Demilitarize လုပ်ဖို့ မလိုပါသဘောဆိုသော ပုစ္စာဖြစ်သည်။ သီအိုရီသဘောအရဆိုလျင် ‘လိုသည်’ ဟုဖြေရပါလိမ့် မည်။ လက်တွေ့သဘောအရဆိုလျင်၊ ထည့်သွင်းစဉ်းစားဖွယ်ရာများစွာရှိနေပါသည်။ လက်ရှိဒီမိုက ရေစီအပြောင်းအလဲဖြစ်စဉ်သည်ပင်၊ မြန်မာ့နိုင်ငံရေးကို စစ်ဘောင်လျှော့ချလိုက်သည့်သဘော ဖြစ်ရာ၊ ဤဖြစ်စဉ်ကြီးကို တပ်မတော်ကိုယ်တိုင်က နားလည်မှုရှိရှိ ထောက်ခံအားပေးဖို့လိုပါသည်။ ဤသို့ ထောက်ခံအားပေးနေသရွေ့ မြန်မာ့နိုင်ငံရေးမှာ Demilitarization ဖြစ်စဉ်ထဲ ရောက်နေပြီဟု ယူဆနိုင်စရာရှိပါသည်။
(ဃ) အပစ်အခတ်ရပ်ဆဲရေး/ယုံကြည်မှုတည်ဆောက်ရေး
တစ်ဘက်နှင့်တစ်ဘက်၊ စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ကြသည်မှာ၊ ယုံကြည်မှုပြိုကွဲခြင်း၏ အဆုံး စွန်လက္ခဏာပင်ဖြစ်သည်။ စစ်ပွဲဖြင့် ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်သည်မျိုး- သမိုင်းတွင်၊ တစ်ခါမှ မရှိခဲ့ဖူးပါ။ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ဆိုလျင်၊ စစ်ပွဲတွေရပ်ဖို့လိုပါသည်။ အနိမ့် ဆုံးအားဖြင့် အပစ်အခတ်ရပ်ဆဲကြဖို့လိုပါသည်။ တစ်ဘက်နှင့်တစ်ဘက်သံသယများရှိနေကြသည့် အခြေအနေတွင်၊ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုရဖို့ ခက်ခဲနိုင်သည်ကို သဘောပေါက်ပါ သည်။ သို့တစေ ဆက်လက်တိုက်ခိုက်နေကြမည်ဆိုလျင် ရှိပြီးသံသယတွေ လျှော့ပါးမသွားရုံမျှမက၊ ပို၍သာ ဆိုးဝါးလာဖို့များပါသည်။ အပစ်အခတ်ရပ်ဆဲရေးမှာ၊ မူပိုင်းဆိုင်ရာ ပြဿနာမဟုတ်ဘဲ၊ နည်း နာကိစ္စသာဖြစ်လေရာ၊ သိပ်တင်းခံမနေကြဖို့ အင်အားစု အသီးသီးကို မေတ္တာရပ်ခံလိုပါသည်။
၅။ ထင်မြင်ချက်အချို့
ရှေ့ပိုင်းတွင်ဆိုခဲ့ပြီးသည့်အတိုင်း၊ တိုင်းရင်းသားလူမျိုးများအရေးနှင့်ပတ်သက်လျင် သဘောတ ရားရေးအရှုပ်အထွေးများရှိသလို၊ စကားလုံးတစ္ဆေခြောက်မှုများလည်းရှိနေဆဲဖြစ်ပါသည်။ ဤသို့ဆို လျင်၊ ဘာလုပ်ကြမည်နည်း။ ရေရှည်တည်တန့်ခိုင်မြဲမည့် ပြည်ထာင်စုကြီးဖြစ်ပေါ်လာစေရန် ဘယ် လိုစနစ်၊ ဘယ်လို ပုံသဏ္ဍန်ဖြင့်စုစည်းကြမည်နည်း။ ပွင့်ပွင့်လင်းလင်းဝန်ခံရလျင်၊ အဆိုပါမေးခွန်းအ တွက်၊ စာရေးသူတွင်၊ တိတိပပအဖြေရှိသည်မဟုတ်ပါ။ အစိုးရရော၊ လူမျိုးစုအဖွဲ့အစည်းအသီးသီး ရှိပေါ်လစီမိတ်ကာများထည့်သွင်းစဉ်းစားနိုင်စေရန်၊ စာရေးသူဖတ်ဖူးသော အယူအဆတစ်ခုကိုသာ တင်ပြလိုပါသည်။ ခေတ်ပြိုင်ပညာရှင်တစ်ဦးဖြစ်သူ ‘လာရီဒိုင်းမွန်း’ ၏ အယူအဆဖြစ်ပါသည်။ ဤအယူအဆမှာလည်း- မြန်မာပြည်အတွက်၊ တစ်ခုတည်းသော အဖြေမှန်ဟု ဆုလိုသည်မဟုတ်ပါ။ မြန်မာ့ပကတိအရှိနှင့် ပေါင်းစပ်ကျင့်သုံးဖို့ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားကြဖို့တင်ပြရခြင်းသာဖြစ်ပါသည်။ အကယ်၍ အဆိုပါ အယူအဆကို၊ မြန်မာ့ပကတိအရှိနှင့် ပေါင်းစပ်ကျင့်သုံးတော့မည်ဆိုလျင် အသေး စိတ်ညှိနှိုင်း အဖြေရှာကြရမည့် ‘အာဂျင်ဒါ’ များလည်း မလွဲမသွေရှိပါလိမ့်ဦးမည်။ ဤ အာဂျင်ဒါ- များ ကိုလည်း စာရေးသူဥာဏ်မီသမျှတင်ပြအပ်ပါသည်။ ဆိုခဲ့ပါအတိုင်းညှိနှိုင်းအဖြေရှာကြရာတွင်၊ ပါဝင် ပတ်သက်သူတိုင်း၊ ထားရှိသင့်သည်ဟု၊ စာရေးသူမြင်သော၊ သဘောထားများကိုလည်း ဖော်ပြလိုက် ပါသည်။ အချုပ်ဆိုရလျင်- ‘စာရေးသူ၏ထင်မြင်ချက်အချို့’ ဆိုပါစို့ … ။
(က) လာရီဒိုင်းမွန်း၏အဆို
(Nation State/State Nation)
စတင်းဖို့(ဒ်) တက္ကသိုလ်မှ ပါမောက္ခလာရီဒိုင်းမွန်းက၊ မြန်မာနိုင်ငံလို၊ လူမျိုးစု တစ်ရာကျော် မှီတင်းနေထိုင်ကြသော၊ တိုင်းပြည်မျိုးအတွက်၊ သမားရိုးကျ Nation State ဆိုသည်ထက်၊ State Nation ပုံစံစုဖွဲ့မှုမျိုးက၊ ပို၍ရေရှည်တည်တန့်ခိုင်မြဲစရာရှိသည်ဟု အဆိုပြုပါသည်။ (The Need for a Political Pact- by Larry Diamond, Journal of Democracy Volume 23.2012)
Nation State ကို ‘အမျိုးသားနိုင်ငံ’ ဟူ၍ ဘာသာပြန်ရှိပြီး ဖြစ်ပါသည်။ ရေဘူယျအားဖြင့် အမျိုး သားတစ်ခု၊ လူမျိုးတစ်မျိုးက ဦးဆောင်သော နိုင်ငံတော်ပုံသဏ္ဍန်ပင်ဖြစ်သည်။ State Nation ကား ဤသို့မဟုတ်။ တစ်ခုမကသော အမျိုးသားများ၊ တစ်နည်းလူမျိုးပေါင်းစုံဖြင့် စုဖွဲ့ထားသော၊ နိုင်ငံတော်ပုံသဏ္ဍန်ဖြစ်သည်။ လာရီဒိုင်းမွန်း၏ ဖွင့်ဆိုချက်ကို အရင်းအတိုင်းဖော်ပြရလျင် “a state made up of many nationality groups in which the central state nonetheless still manages to engender strong identification and loyalty from (its) citizens”
ဤစာပိုဒ်ကိုပင်၊ အတတ်နိုင်ဆုံး- အတိအကျဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ “တစ်မျိုးမက သော၊ လူမျိုးစုအုပ်စုများစွာဖြင့်၊ စုဖွဲ့ထားသော နိုင်ငံတော်တစ်ရပ်ဖြစ်ပါသည်။ သို့တစေ၊ နိုင်ငံသား အားလုံး (လူမျိုးစုအားလုံး) ၏သစ္စာခံမှုနှင့် ခိုင်မာသော ကိုယ်စားပြုမှုကို ဖန်တီးနိုင်ရန် ဗဟိုအစိုးရ ကပင် စီမံခန့်ခွဲရမည်ဖြစ်ပေသည်။”
အဆိုပါ State Nation စုဖွဲ့မှုတွင်၊ လူမျိုးတစ်ခုတည်း၏ အမှတ်အသားသရုပ် (single identity) ဖြင့်သွားလို့မဖြစ်။ လူမျိုးစုအားလုံးကို ကိုယ်စားပြုမည့် ‘ဗဟုသဘောဆောင်သည့်တိုင်၊ သဟဇာတမျှ သည့် အမှတ်အသားသရုပ်များ’ (multiple but complementary identities) ကို သိမှတ်လက်ခံရ မည်ဟု ဆိုသည်။ ဗဟိုအစိုးရတစ်ခုတည်းက၊ လုပ်ပိုင်ခွင့်အာဏာကို ချုပ်ကိုင်ထားရမည်မဟုတ်ဘဲ၊ အရေးကြီးသည့် လုပ်ပိုင်ခွင့်အချို့ကို ဗဟိုမှ ဒေသသို့ခွဲဝေပေးဖို့လိုလိမ့်မည်။ (devolution of power) ဟုလည်း ဆိုပါသည်။ တစ်ပြိုင်နက်တည်းမှာပင်- ဒေသအာဏာပိုင်များအနေနှင့်လည်း ‘ခွဲထွက်ရေး’ ဆိုသည်ကိုရာသက်ပန်စွန့်လွှတ်ဖို့လိုလိမ့်မည်ဟု ဖွင့်ဆိုရှင်းပြပါသည်။
စာရေးသူနားလည်သလောက်ဆိုရလျင်၊ ပါမောက္ခလာရီ၏ State Nation ဖွင့်ဆိုချက်မှာ၊ ဆိုဗီ ယက်ပုံစံ ‘ခွဲထွက်ရေးအပါအဝင်ကိုယ်ပိုင်ပြဌာန်းခွင့်’ နှင့်မတူပါ။ သို့တစေ ခွဲထွက်ရေးမှအပဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်သဘောများကားပါရှိပြီးဖြစ်သည်။ သို့တိုင်အောင် ပါမောက္ခလာရီက သူ၏ ဖွင့်ဆို ချက်တွင် ‘ကိုယ်ပိုင်ပြဌာန်းခွင့်’ (self-determination) ဆိုသော ဝေါဟာရကိုမူမသုံး။ ‘ပိုမိုကျယ်ပြန့် သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ (more autonomy) ဟူ၍သာသုံးသည်။ သို့အတွက် တရုတ်ပုံစံကညွှန်း သော ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထက်၊ ပိုမြင့်သည်ဟု နားလည်ရပါသည်။’ (တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် မှာ၊ လုပ်ပိုင်ခွင့်သဘောထက်၊ ပုဂ္ဂိုလ်သဘောဆောင်သည်။ ဥပမာ တရုတ်ကွန်မြူနစ်ပါတီမကြိုက် သော၊ ဒလိုင်းလားမားကိုပယ်၍၊ သူတို့လိုလားသော ပန်ချင်လားမားကိုသာ ခွင့်ပြုသလိုမျိုး။) တစ် ပြိုင်နက်တည်းမှာပင် အမေရိကန်ပုံစံလို၊ Bill of rights တစ်ခုတည်းနှင့်ဆွဲစုထားသည်လည်း မဟုတ်ပါ။ မြန်မာ့ ရေ-မြေ နှင့် ပိုနီးလေမည်လား စဉ်းစားမိသည်။ ထို့ထက်- ယူနီယံ၊ ဖက်ဒရယ် ပညတ်များကို ရှေ့တင်မထား၍၊ စကားလုံတစ္ဆေများကိုလည်း၊ ရှောင်နိုင်စရာရှိလိမ့်မည်ထင်သည်။
(ခ) အာဂျင်ဒါများ
(ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဇယား ၁၊၂၊ ၃)
လက်တွေ့အကောင်အထည်ဖော်ကြရမည့် အပိုင်းတွင်မူ အသေးစိတ်ညှိနှိုင်းအဖြေရှာစရာများ၊ မနည်းမနောရှိပါလိမ့်မည်။ ဤနေရာတွင်၊ ဗဟိုအစိုးရ (ပြည်တောင်စုအစိုးရ) နှင့်ဒေသအစိုးရ (တိုင်းဒေသကြီး/ပြည်နယ်အစိုးရ) တို့ကြား၊ မည်သို့မည်ပုံ လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်ကြမည်ဆို သော ပြဿနာမှာ သော့ချက်အကျဆုံးဖြစ်ဖွယ် ရှိပါသည်။ ဤကိစ္စနှင့် ပတ်သက်လျင်၊ လက်ရှိ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဇယား ၁၊ ၂၊ နှင့် ၃ တို့တွင် တရားဝင် ဖော်ပြပြီးဖြစ်ပါသည်။ ဤသည်ပင် အစိုးရ၏ ရပ်တည်ချက်ဟု ယူဆရပါသည်။ တစ်နည်း၊ ပေးထားချက်ဟု နားလည်ရပါ သည်။ အဆိုပါပေးထားချက်များ (ဇယား ၁၊ ၂၊ ၃ - ပါ ပြဌာန်းချက်များ) ကိုအခြေခံပြီး၊ လူမျိုးစုများ၏ လိုလားချက်များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဆွေးနွေးကြလျင်၊ နှစ်ဘက်လက်ခံနိုင်မည့် ‘ကြားအ ဖြေ’ တစ်ခု ရလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ဤသို့ဆွေးနွေးကြရာတွင် ရေဘူယျအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသဖြင့် ဘက် ပေါင်းစုံ အာဂျင်ဒါများ ရှိပါလိမ့်မည်။ စာရေးသူစဉ်းစားမိသလောက်ဆိုရလျင် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ခွဲထွက်ရေးကို စွန့်လွှတ်ပြီးဖြစ်၍၊ နိုင်ငံရေးအာဂျင်ဒါတွင် တင်းတင်းမာမာ ဖြစ်စရာမရှိလှဟု ထင်ပါသည်။ ယဉ်ကျေးမှုအာဂျင်ဒါမှာလည်း၊ အနည်းငယ်မျှ သဘောထားကြီးရုံနှင့် အဖြေရနိုင်စရာရှိလိမ့်မည်ဟု သဘောရပါသည်။ စိတ်ရှည်လက်ရှည် ညှိနှိုင်း ဆွေးနွေးကြရမည်မှာ၊ စီးပွားရေးအာဂျင်ဒါတွင်ရှိလိမ့်မည်ထင်သည်။ အထူးသဖြင့် ‘အရင်းအမြစ်များ ခွဲဝေသုံးစွဲမှု’ (Resource allocation) ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတအရင်းအမြစ်အ များစုမှာ၊ လူမျိုးစုများ အများဆုံးနေထိုင်ရာနယ်စပ်ဒေသများတွင် တည်ရှိနေရာ၊ ဤကိစ္စပြေလည် အောင် မဖြေရှင်းနိုင်လျင် ရေရှည်ခံမည့် ငြိမ်းချမ်းရေးဖြစ်ဖို့လွယ်မည်မထင်ပါ။ ခေတ်ပြိုင်ပညာရှင် တစ်ဦးဖြစ်သူ၊ ‘ပေါ(လ)ကိုလီယာ’ ၏ “အရင်းအမြစ်ခွဲဝေသုံးစွဲမှု ပြဿနာကြောင့် ပြည်တွင်းစစ်များ ဖြစ်တတ်သလို၊ ရှိပြီးပြည်တွင်းစစ်များကိုလည်း တာရှည်စေတတ်သည်” ဆိုသော သတိပေးချက်ကို အလေးအနက်စဉ်းစားကြဖို့ဖြစ်ပါသည်။
ဤနေရာတွင်၊ အထူးသတိချပ်ကြစေချင်သည်မှာ၊ ‘အန္တရာယ်အစွန်းများကို၊ သတိကြီးကြီးဖြင့် ရှောင်နိုင်ကြဖို့ဖြစ်ပါသည်။’ အထက်တစ်နေရာတွင်၊ ဆိုခဲ့ပြီးသည့်အတိုင်း၊ ဗဟိုအစိုးရလုပ်ပိုင်ခွင့်ကို အလွန်အကျွံ ချိန်ခွင်လျှာတင်းလိုက်လျင် တစ်ပြည်တောင်စနစ် ဖြစ်သွားနိုင်ပါသည်။ အလားတူ၊ ဒေသအစိုးရလုပ်ပိုင်ခွင့်လိုအပ်သည်ထက်များသွားပါကလည်း၊ ဖက်ဒရေးရှင်းကိုကျော်၍ ကွန်ဖက် ဒရေးရှင်းသို့ ဦးတည်သွားနိုင်သည်ကို အထူးဂရုဓမ္မထားကြဖို့ဖြစ်သည်။ အင်အားစုအားလုံးလက်ခံ ပြီးဖြစ်သော၊ ဘုံတူညီချက် (ပင်လုံစိတ်ဓာတ်) ဖြင့် အဆိုပါအစွန်းနှစ်ဘက်ကို ရှောင်နိုင်မှသာ၊ အများ ညီ ကြားအဖြေ တစ်ခု ထွက်ပေါ်နိုင်စရာရှိပါသည်။
(ဂ) သဘောထားများ
(စာရေးသူ၏အတ္တနောမတိ)
၁။ ‘စစ်ပွဲသည်အဖြေမဟုတ်’ ဆိုသည်ကို၊ အင်အားစုအားလုံး နက်နက်ရှိုင်းရှိုင်းခံယူထားစေလိုသည်။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လွတ်လပ်ပျော်ရွှင်မှုကို သာမက၊ တိုင်းပြည်၏ ကံကြမ္မာကိုပါ၊ စတေးခဲ့ရသည်မှာ၊ သမိုင်းသက်သေပင်ဖြစ်သည်။ သို့အတွက်၊ မည်သို့သော အခက်အခဲနှင့် မပြေလည်မှုများကြုံရသည်ဖြစ်စေ၊ စစ်ပွဲဖြင့်ဖြေရှင်းသည့်နည်းကို၊ အပြီးအပြတ်စွန့်လွှတ်ကြစေချင်သည်။
၂။ ပြည်တွင်းစစ်-ဆိုသည်မှာ၊ ညီအကိုချင်းစစ်ခင်းကြရသည်ဖြစ်ရာ၊ အရှုံးအနိုင်ပေါ်စေသော၊ ‘အကြွင်းသုညဂိမ်း’ (Zero-sum-game) မျိုး မဖြစ်သင့်ပါ။ မည်သည့်ဘက်က ရှုံးသည်ဖြစ်စေ၊ တိုင်းရင်းသားအားလုံး၏အရှုံး၊ တိုင်းပြည်၏အရှုံးပင်ဖြစ်သည်။ သို့အတွက်၊ ‘အကြွင်းသုည မဟုတ် သည့်ဂိမ်း’ (Non-zero-sum-game) ပို၍တိတိကျကျဆိုရလျင်- ‘နှစ်ဘက်လုံးအနိုင်ရစေမည့်ဖြေရှင်း နည်း’ (win-win solution) ဖြစ်ဖို့လိုပါသည်။
ဤသို့ဖြစ်ဖို့ဆိုလျင် ဘက်အသီးသီးအနေနှင့်၊ မိမိတို့နှစ်သက်ရာ “မျှော်လင့်တန်ဖိုးများ” (expected values) ကို အသေကိုင်ထား၍ မဖြစ်ပါ။ “လက်ရှိအခြေအနေထက်ပိုကောင်း” (better- off) လျင်ပင် မဆိုးလှဟု နှလုံးသွင်းပြီး၊ အပြန်အလှန် အပေးအယူလုပ်ကာ၊ ‘ကြားအဖြေ’ (compromise) တစ်ခုရှာကြရမည် ဖြစ်ပါသည်။ ဤသဘောထားမျိုး၊ အင်အားစုတိုင်းတွင် ရှိစေချင် ပါသည်။
၃။ သဘောကွဲလွဲမှုတစ်ခုခုကို၊ ညှိနှိုင်းအဖြေရှာကြရာတွင်၊ တစ်ကြိမ်နှင့်မရလျင်၊ အကြိမ်ကြိမ်အထပ် ထပ်ဆွေးနွေးကြမည်ဆိုသော၊ သဘောထားမျိုး၊ အာလုံးတွင်ရှိစေချင်သည်။ အကြိမ်ကြိမ်ညှိနှိုင်း သည့်တိုင်၊ အဖြေမရပါက၊ ကွဲလွဲချက်အတိုင်းအသာထားပြီး၊ ရရှိပြီး ‘ဘုံတူညီချက်များ’ (common ground) ကိုပူးတွဲအကောင်အထည်ဖော်ကြရင်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ကြရပါလိမ့် မည်။ ပိုမိုအားကောင်းသောယုံကြည်မှုဖြင့်၊ နောက်တစ်ကြိမ် ဆွေးနွေးကြလျင်၊ နှစ်ဘက်အမြင် ပိုနီးလာနိုင်စရာရှိပါလိမ့်မည်။ ဤသဘောထားဖြင့်၊ အင်အားစု အားလုံး ဆွေးနွေးပွဲစားပွဲဝိုင်းတွင်၊ ခြေမြဲလက်မြဲရှိစေချင်သည်။
စာရေးသူအနေနှင့် အများကြီး မတောင်းဆိုပါ။ ဆိုခဲ့ပါ သဘောထားသုံးရပ်ကိုတော့၊ ခေါင်း ဆောင်အားလုံးတွင် ရှိစေချင်သည်။ စာရေးသူ၏ အတ္တနောမတိ သက်သက်ဖြစ်ပါသည်။
- ပန်ကြားချက်
ယခုစာစုကို၊ မေတ္တာရပ်ခံပန်ကြားချက်ဖြင့် နိဂုံချုပ်ပါမည်။
စာရေးသူ၏ အသက် ၆၁ နှစ်ပြည့်ပါတော့မည်။ မြန်မာနိုင်ငံလူ့သက်တမ်းအရဆိုလျင်၊ သိပ်ကြာ ကြာနေရတော့မည်မထင်ပါ။ စာရေးသူတို့ နိုင်ငံကို၊ ဒုက္ခပင်လယ်ဝေစေခဲ့သော ပြည်တွင်းစစ်ကြီးဆို လျင်၊ စာရေးသူထက်ပင်၊ အသက်ကြီးပါသေးသည်။ စာရေးသူမမွေးခင်ကတည်းက လောင်မြိုက်နေ ခဲ့သော ပြည်တွင်းစစ်မီးကို၊ စာရေးသူသက်တမ်းအတွင်း အပြီးအပြတ်ငြိမ်းစေချင်ပါပြီ။ ဤသည်မှာ တစ်ဦးတစ်ယောက်တည်း၏ ဆန္ဒမဟုတ်ပါ။ စာရေးသူတို့ မျိုးဆက်တစ်ခုလုံး၏ တစ်သက်တာအိပ် မက်ဖြစ်ပါသည်။ နောင်အနာဂတ် မျိုးဆက်များအတွက် မျှော်လင့်ချက်လည်းဖြစ်ပါသည်။
ဤအိပ်မက်နှင့်ဤမျှော်လင့်ချက်ကို လက်တွေ့အကောင်အထည်ဖော်ပေးကြပါ- ဟု၊ အင်အား စုအသီးသီးမှ၊ ခေါင်းဆောင်အားလုံးကို မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
ကျော်ဝင်း
ဆရာကျော်ဝင်းပေ့မှကူယူချင်ဖြစ်ပါသည်။
Post a Comment