Written by ပေါ်လင်းဦး
မြန်မာ့ လူ့အဖွဲ့အစည်းသည် သမိုင်းကြောင်း အဆက်ဆက်ကတည်းက ဗဟိုဦးစီး အုပ်ချုပ်မှု အောက် တွင်သာ နေဖူးသည်ဟု ဆိုနိုင်မည်လားမသိ။ ရေမြေ့သခင် ရှင်ဘုရင်ခေတ်ကလည်း ရှင်ဘုရင်ခေတ်မို့ ဗဟို ချုပ်ကိုင်မှုဖြစ်သည်။ နောက် အင်္ဂလိပ်ခေတ် ရောက်တော့လည်း ကိုလိုနီခေတ်မို့ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင် နေခဲ့ရသည်။ ဂျပန်ခေတ် ရောက်တော့လည်း ဖက်ဆစ်မို့ ပိုဆိုးသည်။ လွတ်လပ်ရေးရပြီး ပါလီမန်ခေတ် ရောက်တော့လည်း ဆယ်စုနှစ် တစ်ခုသာ ရှိသည်။ နောက် ဆိုရှယ်လစ် ဗဟိုဦးစီးစနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားရပြန်သည်။
ဆိုရှယ်လစ် ဗဟိုဦးစီးစနစ်ပြီးပြန်တော့ တပ်မတော်အစိုးရ၏ ဗဟိုဦးစီးစနစ်ဖြင့် နှစ်ပေါင်းနှစ်ဆယ် လောက် ပြန်သွားရပြန်သည်။ သို့ဖြစ်ရာ သေသေချာချာ ပြန်ကြည့်လျှင် ယနေ့ မြန်မာ့ လူ့အဖွဲ့အစည်း သည် ဗဟိုချုပ်ကိုင်မှု စနစ်ဖြင့်သာ ကြီးပြင်းခဲ့ရသော အတွေ့အကြုံသာ ရှိသလို ဖြစ်နေသည်။ ဗဟို ဦးစီးမှုအောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသော နိုင်ငံ၏ အတွေ့အကြုံသည် ဤလူ့အသိုင်းအဝိုင်းကို သက်ရောက်မှုများ ရှိနိုင်မည်လောဟု စဉ်းစားစရာ ဖြစ်သည်။
ဗဟို ချုပ်ကိုင်မှု၏ သဘော သဘာဝမှာ အစစအရာရာ ဗဟိုက တာဝန်ယူသည်။ လူ့အဖွဲ့အစည်း တိုးတက်ဖို့ အရေးသည် ဗဟို၏ တာဝန် ဖြစ်သည်။ဦးစီးသူတို့၏ တာဝန် ဖြစ်သည်။ ချုပ်ကိုင်သူတို့၏ တာဝန် ဖြစ်သည်။ တစ်နည်းအားဖြင့် အထက်လူကြီးများ၏ တာဝန် ဖြစ်သည်။ အထက်တွင်သာ တာဝန်ရှိသည်။ ကောင်းတာလည်း အထက်ကြောင့် ဖြစ်သည်။ မကောင်းတာလည်း အထက်ကြောင့် ဖြစ်သည်။ မိမိတွင် ဘာအာဏာမျှမရှိ။ ဘာပါဝါမျှလည်း မရှိ။ဘာမျှ လုပ်ပိုင်ခွင့်မှလည်းမရှိ။ ဘာမျှလည်း ဝေဖန်ခွင့်မရှိ။ ထို့ကြောင့်လည်း ဘာမှလုပ်လို့မရ။ အထက်လူကြီးများကား ပါဝါရှိသည်။ အာဏာရှိသည်။ ဒါကြောင့် သူတို့လုပ်မှသာရမည်။ ထို့ကြောင့် လူ့အဖွဲ့အစည်း တိုးတက်ဖို့အရေး အစစ အရာရာ သူတို့တာဝန် ဖြစ်သည်။ မိမိ၏ တာဝန်မဟုတ်။ မိမိအနေဖြင့် ခိုင်းတာ လုပ်ရုံသာရှိသည်။ တစ်နည်းအားဖြင့် ခိုင်းတာ သက်သက် လုပ်ခြင်းသည် အန္တရာယ်လည်း ကင်းသည်။ ဤအခြင်းအရာ တို့သည် ဗဟို ဦးစီးစနစ်မှ ပေါက်ပွားလာသော နိုင်ငံ တည်ဆောက်ရေးနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် ရှုမြင်ပုံတို့ ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့ လူ့အဖွဲ့အစည်းသည် ယင်း ဗဟို ဦးစီးစနစ်မှ မွေးဖွားပေးလိုက်သော အမူအကျင့်၊ တွေးခေါ်ပုံတို့နှင့်သာ အခြေ စွဲနေသည်ဟုပြောက လွန်မည်ဟု မထင်။
‘ယနေ့ ရာသီဥတု
ဖောက်ပြန်ခြင်းမှာ သစ်ပင် သစ်တော နည်းပါးလာခြင်းကြောင့်ဖြစ်ရာ သက်ဆိုင်ရာ
များက ထိုကိစ္စကို ပေါ့ပေါ့တန်တန် မထားဘဲ အထူး တာဝန်ယူ
ဆောင်ရွက်ပေးသင့်သည်။’ ‘ပညာရေး စနစ် နိမ့်ပါးမှုကြောင့် မျိုးဆက်အသီးသီး
အသိပညာ တိမ်ခဲ့ရသည်ကို ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကောင်းကောင်း နားလည်
သဘောပေါက်သင့်သည်။ တာဝန်လည်း ယူနိုင်ရမည်။’ ‘ယနေ့ မြန်မာ့ယဉ်ကျေးမှု
စံနှုန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များမှ တာဝန်ယူကာ ယဉ်ကျေးမှု
မြှင့်တင်ရေး ကိစ္စများကို ဆောင်ရွက်ပေးသင့်သည်။’ ‘ယနေ့ မြို့ရွာများ
စည်ပင်သာယာ လှပရေးအတွက် သက်ဆိုင်ရာ စည်ပင်ဌာနမှ နေ့စဉ်နှင့်အမျှ အလုပ်
လုပ်ရန်လိုသည်။’ ‘နိုင်ငံသည် နှစ်ပေါင်းများစွာ နည်းပညာများ နောက်ကျ
ကျန်ခဲ့သည်ဖြစ်ရာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အနေ နှင့် ကြီးစွာသော
ယင်းစိန်ခေါ်မှုကို တာဝန်ယူနိုင်ရမည်။’
ဖော်ပြခဲ့ပါ အချက်တို့သည် စာရေးသူတို့ တွေ့ဖူးနေကျ၊ သမားရိုးကျ
စာသားတို့ဖြစ်သည်။ ကြားဖူးနေကျ သမားရိုးကျ စကားတို့ ဖြစ်သည်။စာရေးသူတို့သည်
စွဲနေသော အမြင်တို့ ဖြစ်သည်။ ဖြစ်သမျှ ပျက်သမျှအပေါ် ‘သက်ဆိုင်ရာ၊
တာဝန်ရှိပုဂ္ဂိုလ်’ ဆိုသည့် စကားလုံးကိုသာ ထည်လဲပြောဆို ဖြစ်ခဲ့ကြသည်။ ယခင်
ဗဟို ဦးစီးစနစ်များတွင် ဤအမြင် သဘောထားမှာ မှားသည်ဟု မဆိုသာသော် လည်း
ယခုကဲ့သို့ ခေတ်ပြောင်း စနစ်ပြောင်းတွင် ဤအမြင် သဘောထားအပေါ် ပြောစရာများ
ရှိလာသည်။ ဖြည့်စွက်စရာများ ရှိလာသည်။ ဆိုလိုသည်မှာ ဖြစ်ပျက်သမျှအပေါ်
အစိုးရတွင်သာ တာဝန်ရှိသည့်ခေတ် မဟုတ်တော့ချေ။ ထစ်ခနဲရှိ အစိုးရကိုသာ
အပြစ်တင်ခြင်းသည် မှားသည်ဟု မဆိုသာသည့်တိုင် ပြည့်စုံမှု မရှိတော့ချေ။
နိုင်ငံ တည်ဆောက်ရေးသည် အစိုးရတွင်သာမက လူထုတွင်ပါ တာဝန်ရှိလာသည့်ခေတ်
ဖြစ်သည်။သစ်ပင် သစ်တောများ ပြန်လည် စိမ်းလန်းလာရေးသည်လည်း သက်ဆိုင်ရာ အစိုးရပိုင်းတွင် တာဝန်ရှိသလို လူတိုင်း လူတိုင်းတွင်လည်း တာဝန်ရှိသောခေတ် ဖြစ်သည်။ မြို့ရွာ စည်ပင်သာယာ ရေးသည် စည်ပင်သာယာ ဌာန တစ်ခုတည်းတွင် တာဝန်ရှိသည်မဟုတ်။ မြို့သူ မြို့သားအားလုံး တွင်လည်း တာဝန်ရှိသည့်ခေတ် ဖြစ်လာသည်။ ကလေးသူငယ်တိုင်း ပညာသင်ကြားခွင့် ရရှိရေးသည် သက်ဆိုင်ရာ ဝန်ကြီးဌာနတွင်သာမက လူ့အဖွဲ့အစည်း တစ်ခုလုံးတွင် တာဝန်ရှိလာသည်။ AIDS ရောဂါ ကူးစက်မှု ကျဆင်းရေးသည် ကျန်းမာရေး ဝန်ကြီးဌာနတွင် တာဝန်ရှိသလို လူတိုင်းလူတိုင်းတွင် တာဝန်ရှိလာသည့်ခေတ် ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံအတွင်း ဖြစ်သမျှ ပျက်သမျှသည် နိုင်ငံသား တိုင်းနှင့် သက်ဆိုင်သည်ချည်း ဖြစ်သည်။ တိုက်ရိုက် သက်ဆိုင်သည်နှင့် သွယ်ဝိုက် သက်ဆိုင်သည် သာ ကွာသည်။
သို့ဖြစ်ရာ နိုင်ငံသားတိုင်း၏ တစ်ဦးချင်းစီရှိ တာဝန်ယူမှုနှင့် တာဝန်ယူနိုင်စွမ်းသည် လွန်စွာ အရေးပါ လာပါသည်။ သို့သော် တစ်ဦးနှင့် တစ်ဦးကား စွမ်းဆောင်နိုင်ရည်များ မတူကြသည်ဖြစ်ရာ တာဝန်ယူ နိုင်ပုံများမှာလည်း ကွာခြားလိမ့်မည်ဖြစ်သည်။ ဆင်လည်း ဆင်အထွာ ယူနိုင်ရမည်။ ဆိတ်ကလည်း ဆိတ်အထွာ ယူနိုင်ရမည်။ ကြမ်းပိုးကလည်း ကြမ်းပိုးအထွာ ယူနိုင်ရမည်ဖြစ်သည်။ နိုင်ငံရေးပါတီ တစ်ခုခုကိုဝင်မှ နိုင်ငံကို တည်ဆောက်နိုင်သည်မဟုတ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ နိုင်ငံကိုတည် ဆောက်နိုင်သည်မဟုတ်။ ဖောင်ဒေးရှင်းကြီး ထောင်နိုင်မှ Civil Society ကို တည်ဆောက်နိုင်သည် မဟုတ်။ လူမှုရေး အသင်းအဖွဲ့ တစ်ခုခုတွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေမှ နိုင်ငံကို တည်ဆောက် သည် မဟုတ်ချေ။ မိမိ ယုံကြည်ရာ လူမှု အဖွဲ့အစည်းသို့ လစဉ်ဖြစ်စေ တတ်နိုင်သလောက် လှူဒါန်း ထောက်ပံ့ခြင်းသည်လည်း Civil Society တစ်ခုကို တည်ဆောက်ခြင်း ဖြစ်သည်။ ကျောင်းဆရာလည်း ကျောင်းဆရာအလျောက် စေတနာနှင့် အမြင်ကျယ်မှု ပေါင်းစပ်ကာ သင်ကြားပေးနိုင်ခြင်းသည်လည်း နိုင်ငံကို တည်ဆောက်လိုက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးကို အထောက်အကူပြုသော ပို့စ်တစ်ခု ဖေ့စ်ဘုတ်တွင် တင်လိုက်သည်လည်း နိုင်ငံကို တည်ဆောက်ခြင်းပင် ဖြစ်သည်။ တည်ငြိမ်မှုကို အထောက်အကူပြုသော ပို့စ်တစ်ခု Share လိုက်ခြင်းသည်လည်း နိုင်ငံကို တည်ဆောက်လိုက်ခြင်းပင် ဖြစ်သည်။
ခေတ်အဆက်ဆက်၏ ဗဟိုဦးစီးစနစ် တို့သည်လည်း လူထု၏ လိုအပ်ချက်တို့ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်မှု အလွန်နည်းခဲ့သည်ဖြစ်ရာ မြန်မာလူထုသည် ‘အထက် တာဝန်ရှိပုဂ္ဂိုလ်’ ဆိုသည့် စကားလုံးကို အမုန်းတရားနှင့် တွဲ၍ပင် မှတ်ထားသကဲ့သို့ ရှိသည်။ ဗျူရိုကရေစီဆိုလျှင် အလိုလို မုန်းနေတော့သည်။ အမြင် မကြည်ချင်တော့။ ဗျူရိုကရက်ဆိုလျှင် အယုံအကြည် မရှိချင်တော့။ ယနေ့ အစိုးရ ဘာလုပ်လုပ် အကောင်း မပြောနိုင်ကြခြင်းသည်လည်း ထိုအကျင့်နှင့် ဆိုင်မည်လားမသိ။ တွေးချင်စရာတော့ ဖြစ်သည်။
သို့ဖြစ်ရာ ဗဟို
အုပ်ချုပ်မှု၏ နောက်ဆက်တွဲ ပြဿနာမှာ တရားဥပဒေ စိုးမိုးမှုအပိုင်းတွင်
အမည်းစက် ပေါင်း မြောက်မြားစွာ ထင်စေခြင်း ဖြစ်သည်။ ယင်းအမည်းစက်တို့၏
နောက်ဆက်တွဲများမှာ ‘လည်ရင် လည်သလို စားသာခြင်း၊ လုပ်ရဲရင် လုပ်ရဲသလို
အခွင့်အရေးရခြင်း၊ လျှင်ရင် လျှင်သလို နေရာရခြင်း၊ ဝင်တတ်
ထွက်တတ်ဖို့လိုခြင်း’ တို့ဖြစ်သည်။ ‘မသိသူကျော်သွား၊ သိသူ ဖော်စားတွေ’
များလွန်းသည်။ ယင်းဖြစ်စဉ်နှင့်အတူ ကျင့်ဝတ်ဆိုသည်တို့ မြောင်းထဲ
ရောက်သွားတော့သည်။ ပညာရေး ဆိုသည်မှာ လည်း ဘွဲ့လက်မှတ်ထက် အရေးမပါတော့ချေ။
ကျင့်ဝတ်သည် လူ့ ဂုဏ်သိက္ခာကို မပေးနိုင်တော့။ ပညာသည် လူ့ ဂုဏ်သိက္ခာကို
ကိုယ်စား မပြုတော့ပေ။ ငွေသည်သာ လူ့ ဂုဏ်သိက္ခာကို ကိုယ်စားပြု သည်။
သို့ဖြစ်ရာ ဂုဏ်သိက္ခာကို ကိုယ်စားပြုသော ငွေအတွက် ကျင့်ဝတ်ကို
ချရောင်းသူများ ရှိလာကြ သလို တချို့မှာကား စားဝတ်နေရေးအတွက် ကျင့်ဝတ်ကို
ချရောင်းလိုက်သူများ ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ခေတ်ကာလ ဖြတ်သန်းမှု တစ်ခုတွင် လူ့ အဖွဲ့အစည်း
အတော်များများ ကျင့်ဝတ်ကို ဥပေက္ခာ ပြုလာကြသည်မှာ အမှန်ပင်ဖြစ်သည်။
ပွင့်ပွင့်လင်းလင်းဆိုရသော် ယနေ့တွင်ကား ကျောင်းဆရာ လူတန်းစားသည်လည်း
ကျောင်းဆရာမို့ နာမည် ပျက်လာသည်။ ဆရာဝန်လည်း ဆရာဝန်မို့ နာမည်ပျက်သည်။
စည်ပင်လည်း စည်ပင်မို့ နာမည်ပျက်သည်။ ယာဉ်ထိန်းရဲသည်လည်း ယာဉ်ထိန်းရဲမို့
နာမည်ပျက်သည်။ ကား စပယ်ယာလည်း စပယ်ယာမို့ အပြောက မလွတ်။ မြန်မာ့
သံချပ်နှင့် မြန်မာ့ လူရွှင်တော်များ ပြက်လုံးထုတ်လျှင် ထိုထို ပုဂ္ဂိုလ်တို့
မပါရင်မပြီး။ လာဘ်ပေး လာဘ်ယူဆိုလို့ အစိုးရ ဌာနဆိုင်ရာတွင်သာ ရှိသည်မဟုတ်။
ပုဂ္ဂလိက လုပ်ငန်းမှာလည်း စေတနာ လေးပါဖို့ ပေးရ ကမ်းရသည်။ မျက်နှာ
လုပ်ရသည်။ “ငါးရာလောက် ပိုပေးလိုက်ပါလား။ ညီမ ဖိနပ်ကို
အရင်ချုပ်ပေးလိုက်မယ်” ဆိုသော ဖိနပ်ချုပ်သမား၏ ပြောဟန် ကာတွန်း တစ်ကွက်ကို
မှတ်မိသေး သည်။သို့ဖြစ်ရာ စနစ် တစ်ခု၏ ဖြတ်သန်းမှုအောက်တွင် ပညာရေးလည်း ပညာရေးမို့ ပြောစရာများ ဖြစ်ခဲ့ရ သည်။ ကျန်းမာရေးလည်း ကျန်းမာရေးမို့ လူထု အမြင်စောင်းခဲ့ရသည်။ သစ်တောလည်း သစ်တောမို့၊ ကာကွယ်ရေးလည်း ကာကွယ်ရေးမို့၊ ပြည်ထဲရေးလည်း ပြည်ထဲရေးမို့၊ သတ္တုတွင်းလည်း သတ္တုတွင်း မို့၊ သမဝါယမလည်း သမဝါယမမို့ ငြိုငြင်စရာများ ရှိခဲ့ရသည်။ ကုန်ကုန်ပြောရလျှင် ဘာသာရေး၊ သာသနာရေး နယ်ပယ်ပင် ကျင့်ဝတ် လျစ်လျူပြုမှုကြောင့် လက်ညှိုးထိုးစရာများ ရှိလာသည်။ မေးငေါ့စရာများ ဖြစ်လာသည်။
ဆိုလိုသည်မှာ ယနေ့ လူ့အဖွဲ့အစည်းတွင် ကျင့်ဝတ်အပိုင်းကို လျစ်လျူပြုမှုများ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ သို့နှင့်တိုင် ယင်းအနေအထားသည် အဖွဲ့အစည်းဝင် အားလုံးကို ဆိုလို၍တော့ မရပါ။ ရှိရှိသမျှကို ဝါးလုံးရှည်ဖြင့်လည်း မရမ်းသင့်ပါ။ ရှိရှိသမျှကို ခြုံငုံ ရမ်းကား စော်ကားခြင်းငှာလည်း မလုပ် သင့်ပါ။ နေရာတိုင်းတွင် ဦးလုပ်စား၊ ဒေါ်လုပ်စား၊ မောင်ပေါ်ပင်၊ မရေပေါ်ဆီ များရှိသလို မှန်သော အလုပ်၊ မှန်သော စကား၊ မှန်သော သစ္စာဖြင့် ပုဂ္ဂိုလ်များ ရှိနေသည်မှာ အမှန်ဖြစ်သည်။ ခြုံငုံ ရမ်းကား သည့် အပြောအဆိုများအပေါ် ဟုတ်သော မှန်သော ပုဂ္ဂိုလ်အပေါင်းက မခံချိမခံသာ ခံပြင်းတတ်ကြ သည်။ ထို့ကြောင့်လည်း ခွန်းတုံ့ ခွန်းလှယ် အပြန်အလှန် ပက်ကြသည်ကို မီဒီယာများတွင် တွေ့ရလေ့ ရှိသည်။ ဤတွင် ပြောစရာရှိသည်ကား အများက ဝိုင်းပြောနေပြီ ဆိုကတည်းက ဟုတ်သင့်သလောက် ဟုတ်လို့ ဖြစ်ပါလိမ့်မည်။ မှန်သင့်သလောက် မှန်လို့သာ ဖြစ်ပါလိမ့်မည်။ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကာကွယ်လိုခြင်းသည် ကျင့်ဝတ် အားနည်းသူများကို ရှေ့နေလိုက်ပေးခြင်း သဘော မဖြစ်ရန်တော့ လိုသည်။ ယင်းသို့ ခံယူနိုင်မှသာ မှန်ကန်စွာ အဖက်ဆယ်နိုင်ရေး လမ်းကြောင်းကို ရှာတွေ့လိမ့်မည်။
သို့ဖြစ်ရာ ကိုယ့်အဖွဲ့အစည်း ဂုဏ်ရှိဖို့ ကိုယ့်တာဝန် ဖြစ်လာသည်။ ကိုယ့်အသင်းအပင်း သိက္ခာရှိဖို့ ကိုယ့်တာဝန် ဖြစ်လာသည်။ ကိုယ့်အသိုင်းအဝိုင်း အရည်အသွေးရှိဖို့ ကိုယ့်တာဝန် ဖြစ်လာသည်။ ထိုမှတစ်ဆင့် ကိုယ့်နိုင်ငံကောင်းဖို့ ကိုယ့်တာဝန် ဖြစ်လာသည်။
သို့ဖြစ်ရာ ‘အထက်၊ သက်ဆိုင်ရာ’ ဆိုသူတို့ကို အပြစ်တင်ရုံ၊ လွှဲချရုံသက်သက် ခေတ်ကုန်ပြီဖြစ်၍ မိမိယူနိုင်သည့် တာဝန်ကို စတင် ယူကြရန်သာ တိုက်တွန်းရတော့မည်ဖြစ်သည်။ ဤတွင် သန်း ၆၀ လုံးသော ပြည်သူများ တစ်ပြိုင်နက်အားဖြင့် တာဝန်ယူခြင်း သဘောကို နားလည်ရန်၊ လက်ခံရန် ခက်ခဲနိုင်ပါသည်။ သို့ဖြစ်ရာ အနည်းဆုံး ယနေ့ ‘ပညာတတ်ဟု ခံယူထားသူများ’ အနေဖြင့်တော့ မှန်ကန် သင့်တော်သော ပုံစံဖြင့် တာဝန်ယူမှုအား စကို စရပါတော့မည်။ မိမိယူနိုင်သည့် တာဝန်ကို မယူဘဲ ဝေဖန်ရေး၊ လေကန်ရေး သက်သက်ဖြင့်တော့ မဖြစ်သင့်တော့ချေ။
ဤတွင် အထူး သတိချပ်ရန်
ကိစ္စလည်း ရှိသေးသည်။ ဗဟို ဦးစီးမှုအောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသော
အတွေ့အကြုံကြောင့် ယနေ့ မြန်မာ့ လူ့အဖွဲ့အစည်း၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ်
ရှုမြင်ပုံသည် နှစ်မျိုးကွဲနေသည်ဟု ဆိုချင်ပါသည်။ နံပါတ် (၁) မှာ ယခု
တင်ပြခဲ့ပြီးဖြစ်သော အနုတ်ဘက်ကို အစွန်းရောက်သောပုံစံ ဖြစ်သည်။ ဝေဖန်သည်။
လေကန်သည်။အပြစ်တင်သည်။ အပြစ်ဖို့သည်။ သို့နှင့်ကား မိမိမှာ မဆိုင်သလို
နေသည်။ ဖာသိဖာသာ နေသည်။ မည်သည့် တာဝန်မျှ မယူ။ နံပါတ် (၂) ကား
အပေါင်းဘက်ကို အစွန်းရောက်သောပုံစံ ဖြစ်သည်။ ထိုသူတို့ကား နိုင်ငံ
တည်ဆောက်ရေးအတွက် တာဝန် မသိသလို၊ မဆိုင်သလို နေသူများမဟုတ်။ တာဝန်ယူရကောင်း
မှန်းသိသည်။ တာဝန်ယူလိုစိတ်လည်း ရှိသည်။ သိုသော် အခြေအနေ
အချိန်အခါတို့နှင့် ဆီလျော်အောင် သုံးသပ်နိုင်မှုမရှိဘဲ စွတ်ရွတ် လုပ်သူများ
ဖြစ်သည်။ မျက်ကန်း တာဝန်ယူသူများ ဖြစ်သည်။ မိမိကိုယ်မိမိ နိုင်ငံ
တည်ဆောက်သည်ဟု ထင်ချင် ထင်လိမ့်မည်။ အမှန်မှန်ကား ယင်းလုပ်ရပ်ကြောင့်
နိုင်ငံအရွေ့ ကန့်လန့် ကန့်လန့် ဖြစ်ရသည်။ ဂဂျိုးဂဂျောင် ဖြစ်ရသည်။
ထိုသူတို့ကား အမှားကို အမှန်ထင်နေသူများဖြစ်သဖြင့် လုပ်လေ၊ လွဲလေသာ
ဖြစ်လိမ့်မည်။ ယင်းတို့၏ စေတနာကို လေးစားသော်လည်း လုပ်ရပ်ကို ကြိုဆိုရန်
ခက်ခဲသည်။
သို့ဖြစ်ရာ ပြောင်းလဲလာသော ခေတ်တွင် နိုင်ငံသားတိုင်း
တာဝန်ယူလိုသည့်စိတ် ရှိရန်နှင့် တာဝန်ယူနိုင်စွမ်းလည်း မြင့်မားရန်
မဖြစ်မနေ လိုအပ်သလို တာဝန်ယူပုံ မလွဲရန်လည်း အထူး လိုအပ်လှပါသည်။ စာရေးသူ
အမြင်ဖြင့် တင်ပြရသော် ယနေ့ လူ့အဖွဲ့အစည်းတွင် နိုင်ငံ တည်ဆောက်ရေးနှင့်
ပတ်သက်၍ ‘လုံးလုံး တာဝန်မယူသောသူ’ နှင့် ‘အဆင်ခြင်မဲ့ မျက်ကန်း တာဝန်
ယူလိုသောသူ’ ဟူ၍ နှစ်မျိုး နှစ်စားကို အင်အား ကြီးကြီးမားမား
မြင်နေရပါကြောင်း တင်ပြလိုက်ရ ပါသည်။Credit To The Voice Weekly
Post a Comment