Friday, December 27, 2013

၂၀၁၃ အဆုံးမသတ် ၂၀၁၄ ရင်လေးဖွယ်ရာ ကျော်ဝင်း

ပြင်/သစ် မှသည် ၂၅ ရာခိုင်နှုန်းသို့


မကြာမီ ရက်ပိုင်းအတွင်း ၂၀၁၃ ကုန်ဆုံး၍ ၂၀၁၄ သို့ ရောက်ပေတော့မည်။ သို့တိုင်အောင် ၂၀၁၃ ဒီဘိတ်ကား မဆုံးသေး။ ၂၀၁၄ တွင် ပို၍ပင် သည်းသန် ပြင်းထန်လာဖို့ ရှိသည်။
အစိုးရသစ် သက်တမ်း ၂ နှစ်ခွဲ အရောက်တွင် ‘၂၀၀၈ အခြေခံဥပဒေ’ ကို အခြေတည် ငြင်းခုံရသော ဒီဘိတ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြင်မလား ..သစ်မလား ဆိုသော ပြင်/သစ်ကိစ္စ။ ၂၀၁၃ နိဂုံးရက်များ ရောက်တော့ သစ်ရေးထက် ပြင်ရေးက ပိုအပေါ်စီး ရလာဟန် ရှိသည်။ သည်တွင် အသစ်သမားများက ပြင်ရေးဘောင်ထဲမှ အသစ်နီးပါး ပြင်ဆင်နိုင်ရန် တာစူ လာကြသည်။ အထူးသဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ။
စာရေးသူ အနေနှင့် မူအားလုံးကို နားလည်နိုင်ပါသည်။ ‘စံကိုက် ဒီမိုကရေစီ’ အညွှန်းဖြင့် မိမိတို့ဆန္ဒကို ဖော်ထုတ်ကြသည် ဖြစ်၍ အပြစ်မရှိပါ။ အပြစ်လည်း မတင်ထိုက်ပါ။ သို့တစေ မဟာဗျူဟာ ရှုထောင့်မှ ကြည့်လျှင်မူ ထည့်သွင်း စဉ်းစားစရာတွေ မနည်းမနော ရှိလိမ့်မည်ဟု သဘောရသည်။ လက်တွေ့ အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာတစ်ရပ် ချမှတ်နိုင်ဖို့ဆိုလျှင် ‘နှုန်းစံ’ တွေဖြင့် စလို့မဖြစ်။ ပကတိအရှိမှ အစပြုရမည် မဟုတ်ပါလော။

ထွက်ပေါက် မဟာဗျူဟာ


၂၀၀၈ အခြေခံ ဥပဒေအကြာင်း ပြောတော့မည်ဆိုလျှင် ဤအခြေခံ ဥပဒေ ရေးဆွဲခဲ့ရသော အချိန်ကာလနှင့် အခြေအနေကို ပြန်နှလုံးသွင်းကြဖို့ လိုပါလိမ့်မည်။ ဤကာလမှာ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတွင် အမှောင်မိုက်ဆုံးခေတ် တစ်ခေတ်ဟု ဆိုနိုင်သည်။ အစိုးရနှင့် လူထုကြား၊ တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှု ပျောက်ဆုံးနေချိန်။ နိုင်ငံတကာ မိသားစုနှင့် အဆက်ပြတ် အထီးကျန်ဘဝ။ ဆိုရလျှင် ‘တရားနည်းလမ်းကျမှု’ (Legitimacy) အနိမ့်ဆုံးအမှတ် ကျရောက်နေချိန်ဟု ဆိုရပါလိမ့်မည်။
ဤအခြေအနေဆိုးကြီးကို ဘယ်သူမှ နှစ်သက်ပျော်ပိုက်ကြမည် မဟုတ်ပါ။ ထိုစဉ်က အစိုးရ ကိုယ်တိုင်လည်း ဘဝင်ကျဖွယ်ရာ မရှိဟု ယူဆရပါသည်။ သို့အတွက်ကြောင့်လည်း အဆိုပါ အခြေအနေဆိုးမှ ပေါက်ထွက်ရန် ‘ထွက်ပေါက် မဟာဗျူဟာ’ (Exit Strategy) တစ်ရပ် ချမှတ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
စဉ်းစားချက် နှစ်ရပ်အပေါ် အခြေခံပြီး ဆိုခဲ့ပါ ‘ထွက်ပေါက်မဟာ ဗျူဟာ’ ချမှတ်ခဲ့ဟန် ရှိပါသည်။ ဤသည်တို့မှာ -
၁။ မိမိတို့ အသက်ဆက် ရှင်သန်နိုင်ရန် အပြောင်းအလဲတစ်ခုကို ဖန်တီးပုံဖော်ဖို့ လိုလာပြီ။
၂။ အပြောင်းအလဲ နှင့်အတူ ထွက်ပေါ်လာနိုင်သော မိမိတို့အပေါ် ဒဏ်သင့်မှုများကို ကာကွယ်နိုင်ရန် အစီအမံ တစ်ခုတော့ အသေအချာရှိဖို့ လိုလိမ့်မည်ဆိုသော စဉ်းစားချက်များ ဖြစ်ပါသည်။
ပြောရလျှင် ၂၀၀၈ အခြေခံဥပဒေသည်ပင် ဆိုခဲ့ပါ စဉ်းစားချက် နှစ်ရပ်ဖြင့် ပုံဖော်လိုက်သော ‘ထွက်ပေါက် မဟာဗျူဟာ’ ဟု ဆိုချင်သည်။ ပထမစဉ်းစားချက် အရ အခြေခံဥပဒေတွင် ‘လှုပ်ရှားခွင်’ (Space) များ ဖန်တီးပေးခဲ့ရသလို ဒုတိယ စဉ်းစားချက်အရ တပ်မတော်ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်။ ဆိုခဲ့ပြီးသော ထွက်ပေါက် မဟာဗျူဟာကို အပြုသဘော တုံ့ပြန်ဖို့ဆိုလျှင် ‘ဆန္ဒ’ ထက် ‘အမြော်အမြင်’ က ပိုအရေးကြီးပါလိမ့်မည်။ ပထမ စဉ်းစားချက် (ပြောင်းလဲလိုသော ဆန္ဒ) ကို ဝိုင်းတွန်းပေးဖို့ လိုသလို ဒုတိယစဉ်းစားချက် (စိုးရိမ်သောက) ကို လျှော့ပါး သက်သာစေဖို့ လိုပါလိမ့်မည်။

အကဲဆတ် ‘ပွိုင့်’


လက်တွေ့ ဖြစ်ရပ်များအရ ဆိုခဲ့ပါ ‘ထွက်ပေါက် မဟာဗျူဟာ’ အလုပ် ဖြစ်သည်ဟု ယူဆရပါသည်။ အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသစ်မှာ နုနယ်သေးသော သက်တမ်း အတွင်းမှာပင် နိုင်ငံတကာ သိမှတ်လက်ခံမှု ရလာသည်။ ပြည်တွင်း တင်းမာမှုများကိုလည်း သိသိ သာသာ လျှော့ချနိုင်ခဲ့သည်။ သို့နှင့်တိုင် မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ စိတ်ချရသော အနေအထား မဟုတ်သေးပါ။ ‘ဖြေလျှော့ရေး’ အဆင့်မျှသာ ရှိသေးရာ ‘ကနဦးခြေလှမ်း’ (Political Opening) မျှသာ ရှိပါသေးသည်။
နိုင်ငံတကာ အတွေ့အကြုံများအရ ဤအဆင့်မှာ ကြာကြာမခံတတ်ပါ။ လွန်ရောကျွံရော ၁၀ နှစ်မျှသာ ရှိသည်။ မြန်မာ့ ဒီမိုကရေစီရေး ယခုအချိန်ထိ ကတိမ်းကပါး မဖြစ်သေးသည်မှာ အပြောင်းအလဲအတွက် ချမှတ် ထားခဲ့သော ထွက်ပေါက် မဟာဗျူဟာ အလုပ် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ ဒုတိယ စဉ်းစားချက်မှလာသော ‘လုံခြုံရေးအစီအမံ’ များ အထိပါး မခံ ရသေးသရွေ့ ပထမစဉ်းစားချက်မှ လာသော ‘အပြောင်းအလဲ’ တွင် ခြေမြဲလက်မြဲ ရှိနေပါလိမ့်မည်။
သို့တိုင်အောင် တဖြည်းဖြည်း အရှိန်မြင့်လာသော ၂၀၁၃ အခြေခံဥပဒေ ဒီဘိတ်ကြီးက လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကို ‘အကဲဆတ်ပွိုင့်’ တစ်ခုသို့ တွန်းပို့ ပေးနေသလို ရှိသည်။ လက်ရှိ ထွက်ပေါက် မဟာဗျူဟာမှ လုံခြုံရေး အစီအမံများ အချိန်မတိုင်မီ ဖယ်ရှားဖို့အထိ ဦးတည်လာရာ ထွက်ပေါက် မဟာဗျူဟာမှ နောက်ကြောင်းပြန် မဟာဗျူဟာသို့ အချိန်မရွေး ရွေ့သွားနိုင်သည်။ ဒီမိုကရက်တစ် ယဉ်ကျေးမှုဖြစ်သော စေ့စပ်ညှိနှိုင်း အဖြေရှာရေးမှ ထိပ်တိုက် ရင်ဆိုင်ရေးသို့ ပြန်လည် သွားနိုင်သည်။

ထိုင်း ဂယက်


တစ်လောက ကျင်းပခဲ့သော အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တစ်ရပ်တွင် မိတ်ဆွေတစ်ဦးက ယခုလောလောဆယ် ဖြစ်ပွားနေသော ထိုင်းနိုင်ငံ ဆန္ဒပြမှုများကို ဒီမိုကရေစီ စံနှုန်းတစ်ခုအဖြစ် ပြောဆိုသွားရာ စာရေးသူအတွက် စဉ်းစားစရာတွေ လျှံကျသွားသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ထိုင်းအဖြစ်အပျက်ကို စာရေးသူ မေးခွန်းထုတ်ကြည့် နေမိသည်မှာ ကြာပါပြီ။ လူထုဆန္ဒဖြင့် တက်လာသော အရွေးချယ်ခံ အစိုးရတစ်ရပ်ကို လူအုပ်ဖြင့် ဖိအားပေး နုတ်ထွက်စေသည်မှာ ဒီမိုကရေစီ ဟုတ်ပါ၏လော။ လူအများစုဖြင့် အနိုင်ကျင့်ရာ မရောက်ပါသလော။
ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ လူထုဆန္ဒကို အခြေခံရသည်မှာ မှန်သော်လည်း လှုပ်ရှားမှုတိုင်းသည် ‘ဒီမိုကရက်တစ်မူဘောင်’ အတွင်းမှ ဖြစ်ရ ပါလိမ့်မည်။ လူထုကိုယ်တိုင်က ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ် သို့မဟုတ် အစိုးရကို သက်ဆိုင်ရာလူထုက မနှစ်သက်တော့သည်မျိုး ရှိလာလျှင် ‘ပြန်လည် ရုပ်သိမ်းခွင့်’ (Right to recall) ဆိုသော ‘မူဘောင်’ ရှိသည်သာ ဖြစ်သည်။ တကယ့်လက်တွေ့တွင် ဤမူဘောင်ကိုပင် ချင့်ချင့် ချိန်ချိန် သုံးကြရသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးလို ဥပဒေပြုရေးနှင့် တိုက်ရိုက် သက်ဆိုင်သော ကိစ္စများ ဆိုလျှင်လည်း လွှတ်တော် လမ်းကြောင်းမှ သွားရသည်သာ ဖြစ်သည်။ ဒီမိုကရေစီ၏ အစွန်းတစ်ပါးမှ ‘အများစုဖြင့် ဗိုလ်ကျခြင်း’ (Tyranny of majority) ဖြစ်သည်ကို သတိချပ် ကြစေချင်သည်။
အနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ် ဖြစ်နေသော၊ နှစ်ပေါင်း ၅၀ နီးပါး ဒီမိုကရေစီနှင့် ဝေးနေခဲ့သော၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်း (မူဘောင်) များ အဆင်သင့် မရှိသေးသော မြန်မာနိုင်ငံ အနေနှင့် စံကိုက်ဒီမို ကရေစီချက်ချင်း ရနိုင်ဖွယ်ရာ မရှိပါ။ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရမည့် သဘောရှိပါသည်။ (Tyranny of majority) ဤအခင်းအကျင်းတွင် ဆန့်ကျင် ဘက်များကို သည်းခံနိုင်သော ဒီမိုကရက်တစ် ရင့်ကျက်မှု မရှိမဖြစ် လိုသလို ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှန် စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ် ယဉ်ကျေးမှု ထွန်းကားဖို့ အရေးကြီးသည်ဟု ထင်သည်။
Credit To The Voice Weekly

Related Articles:

Post a Comment