ရေးသားသူ- ထွန်းခိုင်၊ အေးသူစံ
၂၀၁၂ အတွင်းထုတ်ပြန်ခဲ့သည့် မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ မြေမြှုပ် မိုင်းအသုံးပြုမှုစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက်မှ ထက်ဝက်ကျော်တွင် နေထိုင်သည့် ပြည်သူများသည် မိုင်းအန္တရာယ်ကျရောက်နေသည်ဟုဆိုသည်။
ဆယ်စုနှစ်ပေါင်းများစွာ သက်ဆိုးရှည်ခဲ့သည့် ပြည်တွင်းစစ်၏ အမွေဆိုးအဖြစ် မြေမြှုပ်မိုင်းအန္တရာယ်ကို မြန်မာပြည်သားများ ခံစားခဲ့ရပြီးဖြစ်သည်။ ခံစားနေရဆဲလည်း ဖြစ်သည်။ (ICBL) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၁၉၉၉ မှ ၂၀၁၁ ခုနှစ်အတွင်း ၃၂ နာရီကြာတိုင်း လူတစ်ဦးနှုန်း မြေမြှုပ်မိုင်းဒဏ်ခံစားခဲ့ရကြောင်း ၎င်းတို့ စုဆောင်းမိသမျှ အချက်အလက်ပေါ်အခြေခံကာ ထုတ်ပြန်သည်။
ယင်းအရေအတွက်ကို အခြေခံပြီး တွက်မည်ဆိုပါက ပြည်တွင်းစစ်စတင်ခဲ့ချိန်မှ ယနေ့အထိ လူပေါင်း ၁၇၀၀၀ ထက်မနည်း မြေမြှုပ်မိုင်းဒဏ်ခံစားခဲ့ရပြီး ဖြစ်သည်ဟုဆိုနိုင်သည်။ အချို့ သော မြေမြှုပ်မိုင်းတားဆီးရေး တက်ကြွလှုပ်ရှားသူများက အရေအတွက် သည့်ထက်ပိုကောင်းပိုနိုင်သည်ဟု ဆိုသည်။
အသက် ၂၈ နှစ်အရွယ်ကို မောင်မောင်သည် အထက်ပါ ၁၇၀၀၀ ကျော်သော လူများအနက်မှ တစ်ယောက်ဖြစ်သည်။ သူသည် ၂၀၁၁ ခုနှစ်အတွင်း ကချင်ပြည်နယ်တစ်နေရာတွင် မြေမြှုပ်မိုင်းနင်းမိသောကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။
“ကိုယ့်ရှေ့မှာလူတစ်ယောက် မိုင်းနင်းမိသွားတာမြင်တဲ့အခါမှာ ကျန်တဲ့သူတွေက နောက်ထပ်ခြေတစ်လှမ်းလှမ်းဖို့တောင် သေလောက်အောင်လန့်နေကြတယ်။ ကိုယ့်ခြေလှမ်းကသာ မိုင်းပေါ်ကျသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့လေ” ဟု ကိုမောင်မောင်(အမည်လွှဲ)က ပြောသည်။
သူကဲသို့ပင် နောက်ခြေတစ်လှမ်းချဖို့အရေး ကြောက်ရွံ့တွေဝေနေသည့်သူများ မြန်မာနိုင်ငံတွင် ဒုနဲ့ဒေးရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အထိ ကမ္ဘာပေါ်တွင် လက်နက်ကိုင်တပ်ဖွဲ့များက မြေမြှုပ်မှိုင်းများကို လူသတ်မိုင်းအဖြစ် ပုံမှန်အသုံးပြုနေသည့် တစ်ခုတည်းသောနိုင်ငံအဖြစ်ရှိနေသောကြောင့်ဖြစ်သည်။
ICBL ကထုတ်ပြန်သော စာရင်းများအရ ပြည်သူများသည် မိုင်းအန္တရာယ်ကျရောက်နိုင်သော ပြည်နယ်ထဲတွင် သူနေထိုင်ရာ ရှမ်းပြည်နယ်လည်း အပါအ၀င်ဖြစ်သည်။ ရှမ်းပြည်နယ်နှင့်အတူ ကချင်၊ ကယား(ကရင်နီ)၊ မွန်၊ ရခိုင်စသည် ပြည်နယ်များနှင့် ပဲခူး၊
တနင်္သာရီစသည့် တိုင်းဒေသများတွင် နေထိုင်သူပြည်သူများသည် မိုင်းအန္တရာယ်ကျရောက်နေသည်ဟု ICBL အစီရင်ခံစာကဆိုသည်။
“အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအ၀င် အခွင့်အာဏာရှိသူတွေက မြေအောက်ထဲကမိုင်းတွေကို တူးဖို့ကို သယံဇာတ တူးဖို့လောက်စိတ်မ၀င်စားကြဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့အတွင်းနေထိုင်သည့် ပလောင်တိုင်းရင်းသားတစ်ဦးက ပြောသည်။
မိုင်းအန္တရာယ်ကျရောက်နေသည့် နေရာအများစုမှာ တိုင်းရင်းသား(သို့မဟုတ်)အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေးအရှိန် တင်းမာနေဆဲနေရာများ (သို့မဟုတ်)တင်းမာခဲ့သည့်နေရာများ ဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ရေးတင်းမာမှုအကြီးဆုံးဖြစ်နေသည့် ကချင်ပြည်နယ်အတွင်းတွင်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့သည်။
“မိုင်းတွေကြောင့် အခုချိန်ပြန်မယ်ဆို သိပ်လုံခြုံမှုမရှိဘူး။ ယူအန်ကလည်း ပါဝင်ဖို့လိုတယ်။ မိုင်းကိုဘယ်နေရာမှာဘယ်လို ထောင်ခဲ့သလဲ မသိကြတော့ ကိုယ်ထောင်တဲ့မိုင်းကို ကိုယ်ပြန်နင်းမိပြီး သေတာတွေလည်းရှိတယ်” ဟု ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား အစဉ်တစိုက်အကူအညီပေးနေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အထွေထွေအတွင်းရေးမှူးဒေါက်တာခလမ်ဆပ်ဆွန်က မေလ ၂၇ ရက်တွင် 7Day နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်သောစာရင်းဇယားတစ်ခုထဲကပင် တပ်မတော်နှင့်ကေအိုင်အိုတို့အကြား တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တိုက်ပွဲများအတွင်း ဒဏ်ရာရသူ၊ မိုင်းထိသူ ပြည်သူ ၁၇၇ ဦးကို ဆေးရုံများ၌ ကုသပေးနေရကြောင်း ထုတ်ပြန်သည်။
ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ပြည်သူများကို ထိခိုက်စေသည့် မြေမြှုပ်မိုင်း အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုကြောင်း တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။
သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတပ်ဖွဲ့များ စစ်ရေးတင်းမာနေသည့် ဒေသများတွင် “မြေမြှုပ်မိုင်း အသုံးပြုခြင်းကို ရှောင်ရှားဖို့” ဆိုသည်မှာ လက်ရှိအခြေအနေတွင် ဖြစ်နိုင်သောကိစ္စတစ်ခုဟု မထင်ကြောင်း မန်တုံဒေသခံပလောင်
တိုင်းရင်းသားကပြောသည်။
မြေမြှုပ်မိုင်းဆိုသည်မှာ အန္တရာယ်များလှသော်လည်း တစ်ဖက်ရန်သူ အနားကပ်မလာစေရေးအတွက် အဟန့်အတားအဖြစ် အသုံးဝင်နေဆဲဖြစ်ကြောင်း ၎င်းတို့ကပြောသည်။
“မြန်မာပြည်မှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ ကြိုတင်လေ့လာ ဆန်းစစ်ချက်တွေလုပ်နေပါတယ်။ အဲဒီဆန်းစစ်ချက်တွေထဲမှာ ဒေသခံတွေသဘောမတူရင် မိုင်းရှင်းလင်းရေးမလုပ်ဘူးဆိုတဲ့ အချက်ကိုလည်း ထည့်ထားပါတယ်” ဟု မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှမြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် လုပ်ဆောင်နေသည့် တာဝန်ရှိသူကပြောသည်။
ဒေသခံအများစုက မြေမြှုပ်မိုင်းများမရှိခြင်းက ပိုကောင်းသည်ဟု လက်ခံသော်လည်း အချို့ကမူ လက်နက်ကိုင်တပ်ဖွဲ့များ၏ အနိုင်ကျင့်မခံရစေရေး၊ မိမိတို့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို ကာကွယ်စေရေးတို့အတွက် မဖယ်ရှားစေလိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
မြေအောက်ထဲက မြေမြှုပ်မိုင်းများ ပြန်လည်ဖော်ရေးအတွက် အရေးအကြီးဆုံးအချက်မှာ လက်နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်ပြီးခိုင်မာသောအာမခံချက်ရရှိရန်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကပြောသည်။ တိုင်းရင်းသားလက်နက်ကိုင်များအတွက် မြေမြှုပ်မိုင်းများ ပြန်ဖော်ရေး၏ နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အကြောင်းတရားများ ရှိနေသေးကြောင်း လက်နက်ကိုင်များကပြောသည်။
“အပစ်အခတ်ရပ်စဲထားတာလေ။ အခုငြိမ်းချမ်းရေးဆိုတာက လမ်းခုလတ်မှာပဲ ရှိသေးတယ်။ ကိုယ်ပိုင်အချုပ်အခြာပြဋ္ဌာန်းခွင့်နဲ့ အလုံးစုံငြိမ်းချမ်းရေးရမှ မိုင်းတွေအားလုံးပြန်ဖော်ချင်တယ်” ဟု ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဦးလောဟိန်းစိုးက ပြောသည်။
လက်ရှိတွင် အမေရိကန်အပါအ၀င် နိုင်ငံအချို့က မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး၊ ဖယ်ရှားရေးအတွက် ကမ်းလှမ်းကူညီမှုများ ရရှိနေသော်လည်း အလုံးစုံအပစ်အခတ်ရပ်စဲရေးသာမက ငြိမ်းချမ်းရေးမရရှိသေးသရွေ့ မိမိတို့တပ်များ၏ လုံခြုံရေးအရမိုင်းဖယ်ရှားပေးရန် အလိုမရှိသေးကြောင်း ၎င်းကပြောသည်။
အခြားတိုင်းရင်းသားအင်အားစုများကလည်း အဆိုပါအချက်ကို သဘောတူကြသည်။ ကယန်းပြည်သစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ကလည်း မြေမြှုပ်မိုင်းပြန်လည်ရှာဖွေဖော်ထုတ်ရေးသည် နိုင်ငံရေးဖြစ်စဉ်များနှင့် ဆက်နွှယ်နေကြောင်းထောက်ခံ ပြောဆိုသည်။
နိုင်ငံရေးအရ ဆွေးနွေးပွဲများ အောင်မြင်ပြီး စိတ်ချရသော အခြေအနေရောက်ပါမှ မြေမြှုပ်မိုင်းဘက်သို့ ခြေဦးလှည့်မည်ဟုဆိုသော်လည်း အမှန်တကယ်မြေမြှုပ်မိုင်းဖော်ရေး အကောင်အထည်ဖော်ပါက အခက်တွေ့မည့် အချက်က လက်နက်ကိုင်အဖွဲ့ပေါင်း သောင်းခြောက်ထောင်က မည်သည့်နေရာတွင် မြေမြှုပ်မိုင်း မြှုပ်နှံခဲ့သည်ကို တိကျသည့် မြေပုံမှာ ရှားပါးလွန်းခြင်းဖြစ်ကြောင်း မြေမြှုပ်မိုင်းဆန့်ကျင်ရေး လှုပ်ရှားသူများကပြောသည်။
ရှိသောမြေပုံများမှာလည်း တစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ လက်ထဲမရောက်စေရေးအတွက် အထူးလျှို့ဝှက်ထားကြသည်။
ဒေသတွင်းလုံခြုံရေးနှင့် တပ်ဘက်ဆိုင်ရာလုံခြုံရေးအတွက် အစိုးရနှင့် အပစ်အခတ်မရပ်စဲမီ ယနေ့အထိ မိမိတို့တပ်စခန်းမှ ထောင်ထားသည့် မြေမြှုပ်မိုင်းများ၏ မြေပုံကိုစနစ်တကျသိမ်းဆည်းထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်သေးသရွေ့ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုအဖြစ် ယင်းမြေပုံများကို ဆက်လက်သိမ်းဆည်းထားဦးမည်သာဖြစ်ကြောင်း ဦးလောဟိန်းစိုးကဆိုသည်။
မြေပုံမရှိဘဲ မိုင်းမြှုပ်ထားသည့် ဖြစ်စဉ်များသည် အခြားလက်နက်ကိုင်များသာမက အစိုးရ၏ တပ်ဖွဲ့ဝင်များပင်ပြုလုပ်လေ့ရှိကြောင်း စွပ်စွဲမှုများလည်းရှိသည်။
တပ်မတော်က အများဆုံး မိုင်းထောင်ခြင်းမှာ မိမိတို့စခန်းတွေကို ကာကွယ်ရန်အတွက် စခန်းအနီးကတောင်ကုန်းနှင့် စခန်းခြံစည်းရိုး အရှေ့ဘက်များတွင် ထောင်လေ့ရှိကြောင်း၊ စွန့်လွှတ်မိုင်းထောင်ခြင်းမှာ နည်းပါးကြောင်း၊ တစ်ခါတစ်ရံ တစ်ဖက်အဖွဲ့နယ်မြေထဲကို ၀င်ရောက်စစ်ဆင်ရေးလုပ်ပြီး ပြန်ထွက်လာသည့်အခါ နောက်ကလိုက် မတိုက်နိုင်အောင် ကာကွယ်သည့်အနေဖြင့်စွန့်လွှတ် မိုင်းထောင်ခဲ့သည်က လွဲပြီး စွန့်လွှတ်မိုင်းထောင်လေ့မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
“နိုင်ငံတကာ ကျင့်စဉ်များအရ ပဋိပက္ခတစ်ခုပြီးဆုံးသွားရင် မိုင်းရှင်းလင်းရေး (De Mining) ကို လုပ်ရပါတယ်။ အဲဒီမှာအခက်ခဲဆုံးက စွန့်လွှတ်မိုင်းများပဲဖြစ်ပါတယ်။ များသောအားဖြင့် တစ်ဖက်အဖွဲ့အစည်းများက ပြောက်ကျားစနစ်နဲ့ ထောင်ခဲ့တာဆိုတော့ မှတ်တမ်းမရှိသလောက်ဖြစ်ပါတယ်” ဟု တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးရဲထွဋ်က ပြောသည်။
တစ်ပြည်လုံးရှိ မြေမြှုပ်မိုင်းများကို အလုံးစုံဖယ်ရှားရေးမှာ အလွန်ထိလွယ်ရှလွယ်ဖြစ်နေပြီး နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပေါ်တွင် မူတည်နေကြောင်း MPC မှ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် လုပ်ဆောင်နေသည့် တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ကမြှုပ်နှံခဲ့သော မိုင်းအရေအတွက်မည်မျှရှိသည် မည်သည့်နေရာများတွင် ရှိနေကြောင်း ပြောဆိုရန်မှာခက်ခဲသကဲ့သို့ အဆိုပါမိုင်းများကို မည်သည့်အချိန်တွင် အလုံးစုံပြန်လည်ဖော်ထုတ် ဖယ်ရှားနိုင်မည်ဆိုသည်မှာလည်း အဖြေရှာခက်ခဲလှသော မေးခွန်းတစ်ရပ်ဖြစ်သည်။
သို့သော်လည်း စာရင်းဇယားများ၏ ဖော်ပြချက်များအရဆိုလျှင် အနည်းဆုံး နောက်ထပ် ၃၂ နာရီ ကြာတိုင်း လူတစ်ယောက်မှာ မိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်ရဦးမည်ဖြစ်သည်။

Credit To 7D News Journal
Post a Comment