Tuesday, May 28, 2013

မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

Photo: မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

--------------------------------------------
ဆေးသုတေသနစစ်တမ်းများအရ လူ ၁၀ ဦးလျှင်တစ်ဦး အသည်းရောင်အသားဝါ ဘီပိုး 
ကူးစက်ခံနေရသောကြောင့် မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ လူခြောက်သန်းခန့် ရောဂါကူးစက်ခံရ

------------------------
ရေးသားသူ- ၀တ်ရည်အောင်

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့်အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များ အကြောင်းတစ်ခုခုဖြင့် သူ့မြေးကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

“သူတို့နေထိုင်မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွားသလားဆိုပြီး အရမ်းကိုထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေးထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါစစ်တာပါ တွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြောသည်။

မည်သို့သောနည်းလမ်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှန်း ဒေါ်မီမီမသိသော်လည်း ရောဂါပိုးရှိကြောင်း သိရှိသည့် လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ဆေးဝါးကုသမှု မှန်မှန်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ ဆေးစစ်သည့် အဖြေများကြောင့် ဒေါ်မီမီတွင် အသည်းထိခိုက်မှုတော့ မရှိသေးချေ။

ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ လူ ၁၀ ဦးတွင် တစ်ဦး အသည်းရောင်အသားဝါဘီပိုးကူး စက်ခံနေရကြောင်း တွေ့ရှိခဲ့ကြသဖြင့် ခန့်မှန်းခြေအားဖြင့် ပြည်တွင်းတွင် ရောဂါပိုးကူးစက်ခံထားရသူ ခြောက်သန်းခန့်ရှိနေသည်။

မြန်မာနိုင်ငံရှိ လူထုအား သေဆုံးစေသည့်ရောဂါများအနက် အသည်းခြောက်ရောဂါသည် နံပါတ်ရှစ်နေရာတွင် ရှိနေကြောင်း GBD  2010 တွင်  ဖော်ပြထားပြီး အခြားနိုင်ငံများနှင့်မတူ မြန်မာနိုင်ငံသည် အသည်းရောင်ဘီပိုးကြောင့် အသည်းခြောက်ရောဂါ အများဆုံးဖြစ်ပွားသည့် နိုင်ငံလည်းဖြစ်သည်။

ပြည်တွင်းရှိ အသည်းအထူးကုဆရာဝန်များထံသို့ ရောက်ရှိလာသည့် လူနာအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်သည် အသည်းရောင်အသားဝါဘီပိုးကြောင့် နောက်ဆက်တွဲ ရရှိလာသည့် ရောဂါများဖြင့် ရောက်ရှိလာသည့် လူနာများဖြစ်နေကြောင်း အသည်းအထူးကုသမားတော်ကြီးများက ပြောသည်။

ခုခံအားကျဆင်းသည့်ရောဂါ (အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်)ကူးစက်ခံရမှုကို အထူးတလည်ကြောက်ရွံ့နေသည့်အချိန်တွင် အိတ်ခ်ျအိုင်ဗီနှင့် ကူးစက်ပုံတူညီသည့် အသည်းရောင် အသားဝါဘီပိုးသည် အိတ်ခ်ျအိုင်ဗီထက် အဆငါးဆယ်ပိုမိုကူးစက်နိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြထားသည်။

ရောဂါပိုးသည် သွေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်များထဲတွင် ပမာဏများစွာပါဝင်နေပြီး အနည်းငယ်ထိရှမိရုံဖြင့် ရောဂါပိုးကူးစက်နိုင်သည်။ ရောဂါပိုးသည် ပမာဏနည်းနည်းဖြင့် တံတွေး၊ နို့ရည်၊ ချွေးစသည်တို့တွင်လည်း ပါဝင်နေပြီး အခြားဗိုင်းရပ်စ်ပိုးများနှင့်မတူ ခန္ဓာကိုယ်ပြင်ပတွင်လည်း တစ်လခန့် အသက်ရှင်နိုင်သည်။

အသည်းရောင်အသားဝါဘီကြောင့် ဆေးရုံ၊ ဆေးခန်းရောက်လာသည့် လူနာများတွင် ကလေးငယ်မှစတင်ပြီး သက်ကြီးရွယ်အိုအထိ အရွယ်စုံပါဝင်ကာ ထိုရောဂါသည် ပျောက်ကင်းအောင် ကုသရန် မလွယ်ကူသည့် နာတာရှည်ရောဂါမျိုးဖြစ်သည်။

ရောဂါပိုးသည် သွေးအတွင်း၌ ပျံ့နှံ့နေပြီး အခြားသူတစ်ဦးထံသို့ သွေး၊ ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်နှင့်ရောဂါရှိသော မိခင်မှ ကလေးသို့ မီးဖွားချိန်များတွင် ကူးစက်ပျံ့နှံ့သည်။ များသောအားဖြင့် သွေးမကြာခဏသွင်းသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ မူးယစ်ဆေးဝါးအကြောထဲသွင်းသူများ၊ လိင်အပျော်အပါးများသူများ၊ ခန္ဓာကိုယ်တွင် အပေါက်ဖောက်သူများ ဆေးမင်ကြောင်ထိုးသူများတွင် ရောဂါကူးစက်နိုင်ခြေများပြားသည်။

“ဒီနိုင်ငံထဲမှာ ကူးတာကတော့ ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို ကူးတာများတယ်” ဟု အသည်းအထူးကုသမားတော် ဒေါက်တာသံစစ်က ပြောသည်။

ရောဂါပိုးကူးစက်ခံထားရသူများမှာ ဆေးဝါးကုသမှုများဖြင့် ပုံမှန်ရှင်သန်နိုင်သော်လည်း အခြားသော နိုင်ငံများမှ နိုင်ငံတွင်းလာရောက် အလုပ်လုပ်မည့်သူများ၊ ပညာသင်မည့်သူများအား အသည်းရောင်အသားဝါပိုးမရှိမှသာ ပြည်တွင်းဝင်ရောက်ခွင့်ပြုထားသည်။

“အခုဆိုရင် နိုင်ငံတကာမှာ အခွင့်အရေးတွေရှိလာပေမယ့် ဘီပိုးရှိလို့ အလုပ်မရကြတာတွေ၊ ပိုးရှိနေလို့ ကျောင်းသွားမတတ်နိုင်တာတွေလည်း အများကြီးရှိလာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

“အိမ်ထောင်ပြုသည့် အသက်အရွယ်တွေကို အိမ်ထောက်ဖက်ကို ပြောသင့်သလားဆိုပြီး တိုင်ပင်ကြတာတွေလည်းရှိတယ်။ အချို့ဆိုလည်း အိမ်ထောင်ပြုပြီးမှသိသွားလို့ ပြဿနာတွေ တက်ကြတာတွေလည်းရှိတယ်” ဟု ဒေါက်တာသံစစ်က နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာကိုပြောသည်။

ဘီပိုးသည် မသန့်ရှင်းသော သောက်ရေ၊ မသန့်ရှင်းသည့် အစားအသောက်တို့မှ ကူးစက်တတ်သည့် ရောဂါမဟုတ်သော်လည်း ဘီပိုးရှိသူများတွင် မသန့်ရှင်းသည့် အစားအသောက်ကြောင့် အသည်းရောင်အသားဝါ A, E ကဲ့သို့သော ပိုးများထပ်ဝင်လျှင် ရောဂါများရရှိပြီး ရောဂါအခံရှိသည့်သူများတွင် ရောဂါပိုးဆိုးသွားနိုင်ကြောင်းလည်း သတိပြုသင့်သည်။

ဘီပိုးကူးစက်ခံရပြီးနောက် အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ နုံးခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ချင်ခြင်း၊ အဆစ်နာခြင်း လက္ခဏာများပြသလေ့ရှိသော်လည်း ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနှင့် ကလေးသူငယ်များတွင် ထိုကဲ့သို့ ရောဂါလက္ခဏာ မပြသဘဲ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာများအဖြစ် ပြောင်းလဲသွားကြသည်။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူတစ်သန်းခန့် အသည်းရောင်အသားဝါဘီပိုး၏ နောက်ဆက်တွဲအသည်းရောဂါများဖြင့် သေဆုံးနေကြပြီး မြန်မာနိုင်ငံတွင်လည်း သေဆုံးမှု စာရင်းအတိအကျမရှိသော်လည်း World life expectancy ၏ တွက်ချက်မှုအရ မြန်မာသည် ကမ္ဘာပေါ်တွင် အသည်းရောဂါဖြင့် သေဆုံးနှုန်း နံပါတ် ၂၀ နေရာတွင် ရှိနေသည်။

အသည်းရောင်အသားဝါဘီပိုးကို ကာကွယ်ရန် နည်းလမ်းအမျိုးမျိုးအနက် ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံးကာကွယ်နိုင်မှုပင် ဖြစ်သည်။ ကာကွယ်ဆေးတစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀ ၀န်းကျင်ဖြင့် သုံးကြိမ်ထိုး၍ကာကွယ်နိုင်သည်။

ဘီပိုးကူးစက်မှုလျှော့ချနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်းအချို့မှ ရည်မှန်းထားသည့် လူအနည်းငယ်အား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၀ ပြည့်နှစ်ကျော်မှ စတင်၍ ကလေးငယ်များ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသည်းရောင်အသားဝါဘီပိုးကာကွယ် ဆေးကိုပါ ထည့်သွင်းထိုးနှံမှုများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းက ဆေးဝါးထုတ်လုပ်သည့်စက်ရုံမှ ညွှန်ကြားရေးမှူး အငြိမ်းစားများ၊ အသည်းအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်အသင်းမှ ဆရာဝန်များစသည်ဖြင့် ဖွဲ့စည်းထားသည့် အသည်းဖောင်ဒေးရှင်းတစ်ခုဖွဲ့စည်း၍ တရားဝင်
မှတ်ပုံတင်ရရှိရန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်မှုများအတွက် ပထမဆုံးသော ဖောင်ဒေးရှင်းတစ်ခုလည်း  ဖြစ်လာမည်ဖြစ်သည်။

မှတ်ပုံတင်ပြီးပါက ကမ္ဘာ့အသည်းရောင် မဟာမိတ်အဖွဲ့ (World Hepatitis Alliance) ကဲ့သို့ အဖွဲ့များနှင့်ဆက်စပ်ပြီး ပြည်တွင်းတွင် ရောဂါကူးစက်မှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အဆိုပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခု ၁၀ ရာခိုင်နှုန်းဆိုတာကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စာရင်းတွေ။ အခု ဘယ်လောက်အထိ ကူးစက်နေလဲဆိုတဲ့ စာရင်းမရှိဘူး။ ဖြစ်ပွားနှုန်းကိုသိမှ တားဆီးနိုင်မယ်။ ရည်မှန်းချက်တစ်ခုထားပြီး လျှော့ချနိုင်မယ်။ ပြီးတော့ တစ်ဦးချင်းကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်း ပညာပေးတွေလုပ်နိုင်ဖို့ နိုင်ငံတကာအသည်းဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ဖို့လုပ်မှာပါ” ဟု ထို အဖွဲ့တွင်ပါဝင်သည့် အသည်းအထူးကုဆရာဝန်တစ်ဦးက ပြောသည်။

ရောဂါဖြစ်ပွားလာလျှင် ပျောက်ကင်းအောင် ကုသနိုင်ရန်ခဲယဉ်းပြီး နှစ်ရှည်လများ ဆေးသောက်ကာ အမြဲမပြတ်ဆေးထိရောက်မှုရှိ၊ မရှိနှင့် ပိုးကောင်ရေစစ်ဆေးရခြင်းလုပ်ငန်းများသည် ငွေကြေးကုန်ကျမှုလည်း များပြားသည်။

“ဆေးတွေ၊ အသည်းအားဆေးတွေနဲ့ တစ်လတစ်လကို အနည်းဆုံး သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ကုန်တယ်”ဟု ဒေါ်မီမီက ပြောသည်။

ကူးစက်နိုင်သည့် ရောဂါဖြစ်သည့်အတွက် ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှုလည်း ခံစားကြရပြီး တကယ်တမ်းဘီပိုးသည် ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ ရောဂါပိုးရှိသူများမှာ သွေးစသွေးနစွန်းနိုင်သည့် ပစ္စည်းများအား သီးသန့်အသုံးပြုခြင်းများ၊ ရောဂါရှိသူနှင့် အိမ်ထောင်ပြုရန် စီစဉ်ထားသူများမှာလည်း  အချိန်ယူပြီး ကာကွယ်ဆေးသုံးကြိမ်ထိုးပြီး သီးသန့်အသုံးအဆောင်လေးများဖြင့် အခြားသူများသို့ ရောဂါပိုးမကူးစက်စေရန် ကာကွယ်နိုင်ကြသည်။

အပြည့်အ၀ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူအများကို ကာကွယ်ဆေးထိုးနှံပေးခြင်းသည် အသည်းရောင် အသားဝါဘီပိုးကူးစက်မှုလျှော့ချရာတွင် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

“ကုသနိုင်တဲ့ဆေးက ရောဂါပျောက်ဖို့မလွယ်ဘူး။ ပိုးကောင်ရေ မများလာအောင်သာ ထိန်းသိမ်းနိုင်မယ်။ တစ်သက်လုံးဆေးသောက် နေရမယ်။ တစ်လကို လေး၊ငါးသောင်းလောက်ကျတော့ အများစုက မကုသနိုင်ဘူး” ဟု ဒေါက်တာသံစစ်က ပြောသည်။

လက်ရှိလုပ်နိုင်သည့် ပညာပေးလုပ်ငန်းများတွင် ရေဒီယို၊ ကျန်းမာရေးစာစောင်များ၊ ရုပ်သံမီဒီယာများတွင် အသည်းရောင်အသားဝါနှင့် ပတ်သက်၍ ဆောင်းပါးအမျိုးမျိုး ရေးသားကာ အများပြည်သူဖတ်ရှုပြီး သတိပြုမိစေရန်သာ ဆောင်ရွက်နေ၍ ထိရောက်မှုလည်းရှိနေကြောင်း သိရသည်။

ထို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ အသည်းရောင်အသားဝါဘီပိုး ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် လုံလောက်သည့် ဆေးဝါးထုတ်လုပ်ပြီး ရောဂါကူးစက်နိုင်သည့် အခွင့်အရေးရှိသူများ ကာကွယ်ဆေးထိုးခြင်းကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ခြင်းဖြင့်သာ ရောဂါကူးစက်မှုကျဆင်းနိုင်မည်ဖြစ်ကြောင်း အကြံပေးပြောကြားကြသည်။

“ထိရောက်တဲ့ ကာကွယ်မှုလည်းမရှိဘူး။ ဖြစ်လာရင်လည်း တစ်သက်လုံး မကုသနိုင်ဘူးဆိုရင်တော့ ပိုးတွေ ဆက်ကူးဖို့ပဲရှိတော့တာပေါ့။ ကိန်းဂဏန်းအတိအကျမရှိပေမယ့် ဒါတွေကြည့်ပြီး ကူးစက်ဖို့ ပိုများလာနိုင်တယ်ဆိုတာကတော့ သေချာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

Credit To 7Day News Journal 

Related Articles:

Post a Comment