ယနေ့ မြန်မာနိုင်ငံရေးစနစ်သည် ဒီမိုကရေစီစနစ်ကို အခြေခံပြီး စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ကို အခြေခံမည်ဟု ဖော်ပြထားသော်လည်း ယင်းစနစ်နှစ်ခု၏ ဆက်စပ်မှု အနှစ်သာရများကို သိရှိသူ နည်းနေသေးသည်ကို တွေ့ရသည်။
ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ရေရှည်တည်တံ့စေရန် ဆိုလျှင် ပုံသဏ္ဌာန်မှန်သော ဈေးကွက်စီးပွားရေးစနစ် ကိုလည်း အောင်မြင်စွာ ဖော်ဆောင်ပေးနိုင်ရန် လိုအပ်ပေလိမ့်မည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကာလတွင် ဖြစ်တည်လာမည့် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေး တည်ငြိမ်မှု တို့သည်လည်းကောင်း၊ နိုင်ငံရေးရင့်ကျက်မှုနှင့် စီးပွားရေး
ရေရှည်ဖွံ့ဖြိုး တိုးတက်မှုတို့သည် လည်းကောင်း၊ ယင်းစနစ်နှစ်ခုတို့ သဟဇာတ ရှိရှိ အပြန်အလှန် ဆက်စပ်မှုနှင့် သက်ဆိုင်နေသည်ကို တွေ့ရပေလိမ့်မည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုပုံသဏ္ဌာန်ကို ပြန်ပြောင်းကြည့်လျှင် တရုတ်နိုင်ငံ ခေါင်းဆောင်များ၏ တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အနောက်နိုင်ငံများ၏ စီးပွားရေးထက် များစွာ နောက်ကျကျန်နေခဲ့သည့် အကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု စွမ်းအားစုများကို အပြည့်အဝ အသုံးမချနိုင်ခြင်းဟူသော အဓိကကျသော အခြေခံ အကြောင်းရင်းများ၏ အချက်တစ်ချက်ကို သိရှိခဲ့သော်လည်း ထိုသို့ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်မှု နှေးကွေးနောက်ကျ ကျန်ခဲ့ခြင်းအပေါ် အခြေခံကာ တရုတ်ပြည်တွင်း လူမှုတော်လှန်ရေးများ ပေါ်ပေါက်လာနိုင်သည်ကို ရိပ်မိစိုးရိမ်၍ သော်လည်းကောင်း၊ တရုတ်ခေါင်းဆောင် တို့သည် နိုင်ငံရေးစနစ်ကို မပြောင်းလဲဘဲ စီးပွားရေးစနစ်ကို ဗဟိုဦးစီးချုပ်ကိုင် စီးပွားရေးစနစ်မှသည် ဈေးကွက် အခြေခံစီးပွားရေးစနစ်ဆီသို့ ကူးပြောင်းစေခဲ့သည်။
နိုင်ငံရေးစနစ်ကို မပြောင်းလဲစေဘဲ စီးပွားရေးစနစ်ကိုသာ ပြောင်းလဲစေခဲ့သော တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သော်လည်း ယင်း၏ ဈေးကွက်စီးပွားရေးစနစ် ရေရှည်တည်တံ့စေမည့် နိုင်ငံရေးစနစ်ကိုမူ အပြောင်းအလဲ မလုပ်ခဲ့ပေ။
ဆိုလိုသည်မှာ ဈေးကွက်စီးပွားရေးစနစ်တွင် ကောင်းကျိုးများနှင့် ဆိုးကျိုးများရှိပြီး နိုင်ငံရေးအရ အပြန်အလှန် ပြိုင်ဆိုင်မှုမရှိခြင်းနှင့် နိုင်ငံရေးအရ ထိုဘေးထွက် ဆိုးကျိုးများ၏ ဘေးအန္တရာယ်များကို ဖြေရှင်းနိုင်ရန် အားနည်းခြင်း၊ ဈေးကွက်စီးပွားရေး စနစ်ကို မိမိနိုင်ငံ၏ ပကတိလိုအပ်ချက် များနှင့် လိုက်လျောညီထွေ ရှိစေမည့် မျှော်မှန်းထားသည့် လူမှုစီးပွားရည်မှန်း ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် အတူတကွ ထိုဘေးထွက် ဆိုးကျိုးများကို နည်းနိုင်သမျှနည်းစေခြင်း စသည်တို့ အတွက်မူ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများတွင် ပိုမိုအောင်မြင်သည်ကို တွေ့ရသည်။ (ဥပမာ-ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တရုတ်(တိုင်ပေ) စသည့်နိုင်ငံ များတွင် အထူးသဖြင့် သိသာစွာတွေ့ မြင်နိုင်သည်။)
ထို့ကြောင့် ယနေ့တရုတ်နိုင်ငံသည် ယင်း၏နှစ်ပေါင်း ၃၀ ကျော်ခန့် က စတင်ကျင့်သုံးခဲ့သော ဈေးကွက်စီးပွားရေး စနစ်၏ အရှိန်အဟုန်ဖြင့် (တစ်နည်းအားဖြင့် ရပ်ဆိုင်း၍ မရတော့သော သို့မဟုတ် နှေးကွေးသွား၍ မဖြစ်တော့သော) အရှိန်ကို ဆက်ထိန်းထားရသော တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေတွင် အဓိကအားဖြင့် တွေ့ မြင်ရသော ပြဿနာများ မှာ (၁) လေထုညစ်ညမ်းမှု၊ (၂) ရေသယံဇာတ ရှားပါးမှု (သောက်ရေ၊ သုံးရေ၊ လယ်ယာသုံးရေ အစရှိသည်)၊ (၃) ဝင်ငွေကွာဟမှုနှင့် လူတန်းစား ကွာဟမှုကြီးမြင့်လာမှု၊ (၄) အလုပ်အကိုင် အခွင့်အလမ်းများ မညီမျှမှု၊
(၅) လောင်စာစွမ်းအင်လိုအပ်မှု ကြီးမြင့်လာမှု တို့ဖြစ်ပြီး သတင်းနည်းပညာ ဖွံ့ဖြိုးမှုနှင့်အတူ နိုင်ငံသားတို့၏ နိုင်ငံရေး နိုးကြားလာမှုနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများ ကြိုးကြားကြိုးကြား ဖြစ်လာမှုတို့ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် တရုတ်နိုင်ငံအနေနှင့် လွယ်လွယ်ကူကူ နှင့် ဈေးသက်သက်သာသာ ရရှိနိုင်သော စွမ်းအင်အရင်းအမြစ်များ၊ ကုန်ကြမ်းအရင်းအမြစ်များ၊ ရေအရင်းအမြစ်များ စသည်တို့ကို ကမ္ဘာ့နိုင်ငံအဝန်း (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ) မှ နည်းမျိုးစုံဖြင့် ရယူနိုင်ရန် ကြိုးပမ်း လာနေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
ယခု အမေရိကနှင့် အနောက်ဥရောပ နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု များ ရုပ်သိမ်းခြင်းများ၏ အကျိုးသက်ရောက်မှု အပေါ် မြန်မာ့ထုတ်ကုန်ပို့ကုန် အမျိုးအစားများနှင့် အရေအတွက် အပြောင်းအလဲများအပေါ် တွင် မည်ရွေ့မည်မျှ သက်ရောက်မှု ပေးနိုင်စေရန် လိုအပ်သော စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် သက်ဆိုင်လာပေ တော့မည်။
တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး ဖြစ်စဉ်ကို ပြန်ကြည့်လျှင် ၁၉၈၈ ခုနှစ်မှစ၍ (ထိုစဉ်က တပ်မတော်အစိုးရ)က ဈေးကွက် စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်လာစေရေး ဟူသော အချက်ကို စီးပွားရေး ဦးတည်ချက် လေးရပ်တွင် ထည့်သွင်းခဲ့သော်လည်း ဈေးကွက် စီးပွားရေး စနစ်ပီပြင်အောင် မဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး ယနေ့တိုင် ပြည်သူအများစုမှာ ဆင်းရဲတွင်း သံသရာမှ ရုန်းမထွက် နိုင်သေးသလို နိုင်ငံ၏ ဘဏ္ဍာရေး ပိုငွေပြမှုပြဿနာ၊ ပြည်ပနိုင်ငံများ၏ ကြွေးမြီပြဿနာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုပြဿနာ၊ ပြည်ပနိုင်ငံများအပေါ် မှီခိုနေရမှု ပြဿနာ စသော ပြဿနာများစွာနှင့် ရင်ဆိုင်နေရဆဲ ပင်ဖြစ်သည်။ နိုင်ငံရေး စနစ်အရ တပ်မတော်အစိုးရ လက်ထက် (ဗဟိုဦးစီးချုပ်ကိုင်သော နိုင်ငံရေး အခင်းအကျင်း) က ကျင့်သုံးခဲ့သော စီးပွားရေးစနစ် (ဈေးကွက်စီးပွားရေး စနစ်) မှာ မပီမပြင်ဖြစ်ခဲ့ခြင်းကို တွေ့မြင်နိုင်သည်။
ထို့ကြောင့် ယနေ့မြန်မာနိုင်ငံသည် သဘာဝတွင်းထွက် သယံဇာတများ၊ ကုန်ကြမ်းများနှင့် လယ်ယာသားငါး ကဏ္ဍ ထွက်ကုန်များမှ လွဲ၍ စက်မှုထုတ် ကုန်ထုတ်လုပ် တင်ပို့နိုင်ခြင်းမရှိခဲ့ပေ။
တစ်နည်းအားဖြင့် ယခင်တပ်မတော်အစိုးရ လက်ထက်က မရှိခဲ့သော နိုင်ငံရေးစနစ် (ဒီမိုကရေစီစနစ်) နှင့် စီးပွားရေးစနစ် (ပီပြင်သော ဈေးကွက် စီးပွားရေးစနစ်)သည် ယနေ့ကာလ အရပ်သားအစိုးရ လက်ထက်မှစ၍ နောင်အနာဂတ် ကာလထိ တိုင်အောင် တရုတ်နိုင်ငံ၏ သင်ခန်းစာနှင့် မြန်မာ နိုင်ငံ၏ သင်ခန်းစာတို့ကို ပေါင်းခြုံကာ စဉ်းစားသွားရန် လိုအပ်ပေလိမ့်မည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်၏ မဟာဗျူဟာပန်းတိုင် ဖြစ်သော နိုင်ငံသားအားလုံး၏ ဘုံအကျိုးစီးပွားကို ဖြစ်တည်စေမည့် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်ကို ပေါင်းခြုံစဉ်းစားသော မိမိ နိုင်ငံ ရေရှည်တည်တံ့စေရန်နှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်စေသော ပုံသဏ္ဌာန်ကို တည်ဆောက်သွားနိုင်ရန် လိုအပ်ပေလိမ့်မည်။
ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
Credit To The Voice Weekly
Post a Comment